Home ဆောင်းပါး ATM မှာ ငွေထုတ်ကူပေးတဲ့ ပရဟိတမောင်မယ်တွေ

ATM မှာ ငွေထုတ်ကူပေးတဲ့ ပရဟိတမောင်မယ်တွေ

ဒေဝီ။ ။

ပုံမှန်အချိန်ဆို လူအများကြီး တန်းစီစောင့်ဆိုင်းစရာမလိုဘဲ မိနစ်ပိုင်းနဲ့ အလွယ်တကူငွေထုတ်နိုင်တဲ့ ATM စက်တွေမှာ ခုဆို ရာဂဏန်းခန့်တန်းစီစောင့်ဆိုင်းနေတဲ့ လူတန်းရှည်ကြီးကို ရန်ကုန်၊ မန္တလေးနဲ့ နယ်မြို့တွေ တော်တော်များများမှာ တွေ့မြင်လာရတာက စစ်ကောင်စီအာဏာသိမ်းမှု နောက်ပိုင်း မထူးဆန်းတော့တဲ့ မြင်ကွင်းတစ်ခုပါ။

အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် ပုဂ္ဂလိကဘဏ်တွေ အားလုံးပုံမှန်ဖွင့်လှစ်ခြင်းမရှိသေးတာ၊ ဖွင့်တဲ့ဘဏ်တွေက လည်း အပ်နံှထားတဲ့ငွေကို အကန့်အသတ်နဲ့သာ ထုတ်ခွင့်ပြုတာ၊ ATM စက်တွေမှာ အလုံအလောက် ငွေဖြည့် သွင်းနိုင်ခြင်း မရှိတာတွေကြောင့် ဘဏ်တွေမှာ ငွေထုတ်ဖို့ စုပြုံနေတာ၊ ATM မှာငွေထုတ်ဖို့ တန်းစီရတာတွေက နိစ္စဒူ၀ အလုပ်တစ်ခုလို ဖြစ်လာပါတယ်။

မနက်ကိုးနာရီမှာ ငွေဖြည့်ပေးမယ့် ATM စက်က ငွေထုတ်ယူရဖို့ကို မနက် ၂နာရီကတည်းက တန်းစီစောင့် ဆိုင်းရသလို၊ ရာဂဏန်းခန့်ရှိတဲ့ လူတန်းနောက်မှာနေ့တစ်ဝက်နီးပါး တန်းစီစောင့်ဆိုင်းရင်း ကိုယ့်အလှည့်ရောက်မှ ငွေကုန်သွားလို့ တစ်ပြားတစ်ချပ်မှ ထုတ်မရဘဲ ပြန်လှည့်ရသူလည်း တစ်ပုံတစ်ပင်ပါ။

အရင်က ATM စက်ကနေ မိနစ်အနည်းငယ်အချိန်အတွင်း ငွေထုတ်နိုင်ပေမယ့် အခုအခါမှာတော့ အချိန် ၇နာရီ ကနေ ၁၀နာ ရီနီးပါး စောင့်ဆိုင်းတန်းစီနေရပါတယ်။ ဒီလိုအချိန်ကြာမြင့်စွာတန်းစီရတာက လူငယ်တွေအတွက် ခံနိုင်ရည်ရှိပေ မယ့် သက်ကြီးရွယ်အိုတွေအတွက်ကတော့ မလွယ်ကူပါဘူး။

ဒါ့အပြင် ATM စက်တွေမှာ အချိန်ကြာမြင့်စွာ တန်းစီရတာမလုပ်ချင်တဲ့အတွက် ငွေထုတ်တဲ့ကိုယ်စားလှယ်တွေဆီမှာ ပိုက်ဆံ အပိုပေးပြီးလဲလှယ်တာ ၊ ATM ကိုတန်းစီပေးတဲ့ လူငှားဈေးကွက်တွေပေါ်လာတာတွေလည်း ဖြစ်လာပါတယ်။

ကိုယ်စားလှယ်တွေဆီမှာ ပိုက်ဆံအပိုပေးပြီး လဲလှယ်တာကလည်း ငွေကျပ်တစ်သိန်းဆို တစ်သောင်းကနေ တစ် သောင်းခွဲအထိ အပိုပေးရတာ၊ ကိုယ်စားတန်းစီပေးဖို့အတွက်ဆိုရင်လည်း တန်းစီပေးတဲ့ သူကို ငွေကျပ်ငါးထောင်ကနေ တစ်သောင်းအထိ ပေးရပါတယ်။ ငွေကြေးအပိုမရှိတဲ့သူတွေကတော့ မပေးနိုင်တဲ့အတွက် ATM စက်တွေမှာ ပင်ပန်းကြီး စွာနဲ့ တန်းစီစောင့်ဆိုင်းရပါတော့တယ်။

ဒီလိုအခက်အခဲတွေ ကျော်လွှားဖို့ တောင်ကြီးမြို့က လူငယ်လေးတွေက စာဖတ်ရင်း ATM တန်းစီတဲ့ အစီအစဉ် တစ်ခု ပြုလုပ်ခဲ့ပါတယ်။ သူတို့ရည်ရွယ်ချက်က ငွေကြေးအကျိုးအမြတ်မယူဘဲ သက်ကြီးရွယ်အိုတွေနဲ့ ရပ်နားခံရတဲ့ ဝန်ထမ်းတွေ ကို ကိုယ်စား ငွေထုတ်ကူညီပေးတာပါ။
အစီအစဉ်ကို စတင်တဲ့ တောင်ကြီးမြို့က လူငယ်တစ်ဦးဖြစ်သူ ကိုအောင်အောင် (အမည်လွှဲ)က ပိုက်ဆံထုတ်ယူဖို့ တန်းစီ ရင်း အသက်ငါးဆယ်၊ ခြောက်ဆယ်ကျော်အရွယ် အဘိုးအဘွား တစ်ချို့တွေပါ တန်းစီတာ တွေ့မြင်ခဲ့ရပြီး ဒီအခက် အခဲကို ဖြေရှင်းဖို့ စာဖတ်ရင်း ATM တန်းစီတဲ့ အစီအစဉ်ကို စိတ်တူကိုယ်တူ သူငယ်ချင်းတစ်ချို့နဲ့ မေလ ပထမပတ်မှာ စလုပ်ခဲ့ပါတယ်။

” မနက်၆နာရီထတန်းစီတာ နေ့လည် ၃နာရီတာ ထိုးလိုက်တယ် ငွေမရဘူး ၊ငါတို့တောင် ပင်ပန်းတယ်ဆိုရင် သက်ကြီး ရွယ်အိုတွေဘယ်လိုနေမလဲဆိုပြီး စဉ်းစားတယ်၊ သူတို့အတွက် ဘယ်လောက်များခက်ခဲနေမလဲပေါ့ ” ဟု ကိုအောင်အောင် က စလုပ်ဖြစ်ခဲ့ဖို့ စဉ်းစားခဲ့ပုံကို ပြန်ပြောပြပါတယ်။

ဒီအစီအစဉ် လုပ်ဆောင်ဖို့အတွက် သူငယ်ချင်း လေးဦးနဲ့စတင်အကောင်အထည်ဖော်ခဲ့ပြီး ၊ စောင့်ဆိုင်းရတဲ့အခါ အချိန် အလဟ သမဖြစ်အောင် စာဖတ်တဲ့ အစီအစဉ်ကိုပါ လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

” စာအုပ်တွေကတော့ နင်တို့လည်းစာမဖတ်ဖြစ်ဘူး ငါလည်းစာမဖတ်ဖြစ်ဘူး ကိုယ့်စာအုပ်နဲ့ဖတ်ကြရအောင်ဆိုပြီးတော့ လုပ်ဖြစ်တယ်၊ တချို့ volunteer တွေကျတော့လည်း စာအုပ်မပါတော့ အိမ်ကနေ စာအုပ်ယူပြီးပေးတယ်။” လို့ ကိုအောင် အောင်က ပြောပါတယ်။

သက်ကြီးဘိုးဘွားတွေဆို အချိန်ကြာမြင့်စွာစောင့်ဆိုင်းတန်းစီရတာ၊ ရပ်နားခံရတဲ့ ဝန်ထမ်းတွေကလည်း ရတဲ့ ငွေကြေးကို အေးဂျင့်တွေဆီမှာ ငွေပြန်ထုတ်တဲ့အခါ ရာခိုင်နှုန်းအလိုက်ပြန်ပေးရတာတွေက အဆင်မပြေဖြစ်စေတဲ့အတွက် သက်ကြီး ရွယ်အိုနဲ့ ရပ်နားဝန်ထမ်းတွေကို ဦးစားပေး ငွေထုတ်ပေးခဲ့တာပါ။

ကိုအောင်အောင်တို့အဖွဲ့ဝင်တွေထဲက ယောကျ်ားလေးတွေက မနက်၂နာရီအရောက် သွားတန်းစီရင်း ကျန်အဖွဲ့ဝင်တွေ အတွက် နေရာဦးပေးထားပါတယ်။ အဖွဲ့က မိန်းကလေးတွေကိုတော့ မနက် ၇နာရီဝန်းကျင်မှာလာစေပြီး တစ်စုတစ်စည်း တည်း စာဖတ်ရင်း တန်းစီစောင့်ဆိုင်းတာပါ။

သူတို့အဖွဲ့တွေ မနက် ၂နာရီတန်းစီတဲ့အခါ အမှတ်စဉ်တွေက ၁၀ ကျော် ၂၀ အတွင်းရပါတယ်။ ဘဏ်က ပုံမှန်နံနက် ၉နာရီဆို ငွေဖြည့်ပါတယ်။ ငွေဖြည့်ပြီးတဲ့အချိန် နောက်ပိုင်းစထုတ်တဲ့အခါ ၁၁နာရီကျော်ကျော်ဆို ထုတ်ယူပြီးပါတယ်။ တခါတရံ မနက် ၃နာရီအချိန်မှ ရောက်သွားရင်တော့ ရှေ့မှာ စောင့်ဆိုင်းတဲ့လူများပြီး ကိုယ့်အမှတ်စဉ်က ငါးဆယ်ကျော် ဖြစ်သွားတဲ့အတွက် နေ့လည် ၂နာရီဝန်းကျင်မှ ငွေထုတ်ပြီးစီးတာလည်းရှိပါတယ်။

ငွေထုတ်တဲ့အခါမှာ အဖွဲ့ဝင်တွေရဲ့ MPU ကဒ် ၊ ဖုန်းအက်ပ်လီကေးရှင်းကတစ်ဆင့် ထုတ်ယူလို့ရတဲ့ k-pay သာမက သူငယ်ချင်းမိတ်ဆွေတစ်ချို့ရဲ့ ကဒ်တွေ k-payတွေ ငှားရမ်းပြီး ငွေထုတ်ရပါတယ်။ ထုတ်ပြီးတဲ့ အခါမှာတော့အဖွဲ့ကို ကြို တင်ဆက်သွယ်ထားတဲ့ သက်ကြီးရွယ်အိုအဘိုးအဘွားနဲ့ ရပ်နားဝန်ထမ်းတွေဆီ ငွေကြေးတစ်စုံတစ်ရာမယူဘဲ သွား ရောက်ခွဲဝေပေးပါတယ်။

” ကျွန်တော်တို့အတွက် risk များတယ်။ ပိုက်ဆံကြိုတောင်းပြီး မပေါ်လာတဲ့ ဖြစ်စဉ်တွေလည်းရှိနေတော့ ဒါတွေ စဉ်းစားရတယ်။ ကျွန်တော့်တို့ဆီကို ဆက်သွယ်ထားတဲ့သူတွေကို ငွေပေးပြီးမှ သူတို့က k-pay က လွှဲပေးရုံပဲ၊ သူတို့ဆီက ကဒ်လည်းမတောင်းဘူး၊ k-payလည်း မတောင်းဘူး၊ ဒီလိုထုတ်ပေးလို့လည်း ကျွန်တော်တို့ကို ပိုက်ဆံတစ်ပြားမှ ပေးစရာ မလိုဘူးလို့” ကိုအောင်အောင်ကပြောပါတယ်။

သက်ကြီးရွယ်အိုနဲ့ ရပ်နားဝန်ထမ်းတွေကို ငွေထုတ်ကူတဲ့ အစီအစဉ်စလုပ်စဉ်က ATM စက်တွေမှာ ကဒ်နဲ့ဆို နှစ်သိန်း ၊k-pay နဲ့ဆို နှစ်သိန်း စုစုပေါင်းလေးသိန်းထုတ်ယူလို့ရပြီး အဖွဲ့ဝင်ခုနှစ်ဦးတန်းစီးထုတ်ယူတဲ့အတွက် တစ်နေ့ကို ၂၈သိန်းရပါ တယ်။ ဒီရတဲ့ငွေကို သက်ကြီးရွယ်အိုနဲ့ ရပ်နားဝန်ထမ်း၁၄ ဦးကို နှစ်သိန်းဆီနဲ့ နေ့စဉ်ထုတ်ယူပေးနိုင်ပါတယ်။

ATM တန်းစီးတဲ့အဖွဲ့ဝင်တစ်ဦးဖြစ်သူ မဆုဆု(အမည်လွှဲ)ကတော့ စာဖတ်ရင်း ATM တန်းစီတဲ့ အစီအစဉ်ကို သဘော ကျတဲ့အတွက် အစီအစဉ်စတင်ကတည်းက ပါဝင်ခဲ့တာလို့ဆိုပါတယ်။

” ပထမဆုံးစီတဲ့နေ့ကဆို အတွေ့အကြုံမရှိတာ့ ၇နာရီရောက်သွားပြီးတန်းစီတယ်။ အရှေ့မှာ ရာကျော်တယ် စောင့်နေတာ။ တနေကုန်တန်းစီတာ ၄နာရီလောက်ကျတော့ ရှေ့မှာ ၂၀ လောက်ရှိသေးတယ်။ ပိုက်ဆံကုန်သွားပြီဆိုတော့ ပြန်လာ ခဲ့လိုက်ရတယ်။ အစောကြီးသွားရမှန်းလည်းမသိဘူး၊ပိုက်ဆံလည်းမရခဲ့ဘူး။” လို့ ပထမဆုံးတန်းစီပေးတဲ့နေ့က အဖြစ် အပျက်ကို မဆုဆုက ပြန်ပြောပြပါတယ်။

စာဖတ်ရင်း ATM တန်းစီတဲ့ အကျိုးရလဒ်တစ်ခုအနေနဲ့ စာဖတ်တာ ဝါသနာပါလာတယ်လို့လည်းမဆုဆုက ပြောပါတယ်။

” ညီမက စာဖတ်အားနည်းတယ်။ ပထမဆုံးနေ့က စာအုပ်လည်းမပါသွားဘူး။ ဒါပေမဲ့ စာအုပ်ဖတ်ရမယ်ဆိုတော့ အိမ်ကနေ စာအုပ်ယူလာတယ်။ တခြားအချိန်ထက်ပိုဖတ်ဖြစ်တယ်။ အကုန်လုံးက စာဖတ်နေတော့ အဖော်ရှိတယ်ပေါ့။ သူတို့ဖတ်လို့ ပိုဖတ်ဖြစ်တယ်။ အရှိန်ရသွားတော့ အိမ်မှာဖတ်ဖြစ်တယ်။” မဆုဆုကပြောပါတယ်။

ATM တန်းစီးစောင့်ဆိုင်းရတဲ့အချိန်အတွင်း အနည်းဆုံးစာအုပ်တစ်အုပ်တော့ဖတ်ဖြစ်တယ်လို့ မဆုဆုက ပြောပါတယ်။ ATM စက်ထဲ ငွေမဖြည့်ခင် အစောပိုင်းအခြေအနေမှာတော့ စာအုပ်ကို သေချာဖတ်ဖြစ်ပြီး ငွေဖြည့်ပြီးနောက်ပိုင်း ရှေ့က ထုတ်ယူတဲ့ အခါ နေရာရွှေ့နေရတဲ့အတွက် အဲ့ဒီအချိန်မှာတော့ သေချာမဖတ်ဖြစ်ဘူးလို့ ဆိုပါတယ်။

အဲ့လိုအချိန်တွေမှာဆို မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေ၊ COVID-19 ပညာပေးအကြောင်းအရာ တွေကိုအချင်းချင်း စကားဝိုင်းလေးလုပ်ရင်းနဲ့ အချိန်ကုန်ဆုံးစေပါတယ်။

စာဖတ်ရင်း ATM တန်းစီတဲ့ အစီအစဉ်ကို စိတ်ပါဝင်စားတဲ့အတွက် လာရောက်ပူးပေါင်းလိုသူတွေလည်း များပြားလာပြီး လူ လေးဦးနဲ့ စတင်ခဲ့ပေမဲ့ လက်ရှိမှာ ခုနှစ်ဦးထိပါဝင်လုပ်ဆောင်လာပြီဖြစ်ပါတယ်။

” သက်ကြီးတွေကိုကူညီတန်းစီတာက ညီမတို့ကငယ်တဲ့သူဆိုတော့ တန်းစီးစောင့်နိုင်ပေမဲ့ လူကြီးတွေကတော့ ဘယ်လိုမှ အဆင်မပြေဘူးလေ။ သူတို့အစီအစဉ်ကိုလည်း ကြိုက်လို့ရယ်၊ အိမ်မှာနေရင် တကူးတက စာမဖတ်ဖြစ်ဘူး ။ စောင့်နေရင်း စာဖတ်ဖြစ်တော့ သဘောကျတာနဲ့ ပါဝင်ခဲ့တာ” လို့ ATM တန်းစီပေးသူတစ်ဦးဖြစ်တဲ့ မသက်ထားက ပြောပါတယ်။

မသက်ထားကတော့ မေလဒုတိယပတ်မှ volunteer အနေနဲ့ ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပြီး၊ နေ့တိုင်းနီးပါး မဟုတ်ပေမဲ့ ရက်ခြားတော့ ပါဝင် တန်းစီပေးဖြစ်တယ်လို့ဆိုပါတယ်။

” တန်းစီတာ အစောကြီးထသွားရတယ်။ ကံမကောင်းရင် ၁နာရီ ၂ နာရီမှပြီးတယ်။ ကံကောင်းရင်တော့ မနက်အစောပိုင်း ပြီးတယ်။”လို့ မသက်ထားကပြောပါတယ်။

စာဖတ်ရင်း ATM တန်းစီတာ စလုပ်ပြီး နှစ်ပတ်ကျော်ကျော် ကာလအတွင်းမှာအဆင်ပြေနေပေမဲ့ ဘဏ်စည်းမျဉ်း စည်း ကမ်းပြောင်းပြီး လူတစ်ဦးကို တစ်ပတ် တစ်ကြိမ်ပဲ ထုတ်ပေးတာ၊ ဘယ်ဘဏ်က ATM စက်မှာငွေဖြည့်မလဲဆိုတာ မသိရ တာတွေက သူတို့ကိုအခက်အခဲဖြစ်စေပါတယ်။

” ဘဏ်က စနစ်ပြောင်းနေတာတော့ခက်တယ်။ အစက လေးသိန်းရတယ်။ အခုကတော့ တစ်ပတ်တယောက်ပဲ ပေးထုတ် တော့ ညီမတို့လည်း ပြန်ထုတ်ပေးတဲ့သူနည်းသွားတယ်။ အခုကတော့ ဘဏ်ဘဏ်ထုတ်ပေးမပေး ကြိုမပြောတော့ လူခွဲ စောင့်ရတယ်၊ စောင့်တဲ့ဘဏ်ကလည်း ထုတ်ပေး မပေးမသေချာဘူးလေ။” ဟုမဆုဆုကပြောတယ်။

” ထုတ်ပေးတဲ့ ပမာဏနည်းသွားတော့ အခုဆို တစ်နေ့သုံးယောက်လောက်ပဲ ထုတ်ပေးနိုင်တော့တယ်။ ငွေထုတ်စည်းမျဉ်း တွေ ကန့်သတ်တာရယ်။ ဘယ်ဘဏ်ထုတ်ပေး၊ မပေး ကြိုမပြောတော့ လူခွဲစောင့်ရတဲ့အခါ ထုတ်ပေးရတဲ့ပမာဏ နည်း သွားတာပေါ့။” လို့မဆုဆုက ဆိုပါတယ်။

ဘဏ်စည်းမျဉ်းတွေ မကြာခဏပြောင်းလဲတာကြောင့် ငွေထုတ်ယူနိုင်မှု နည်းလာတာအပြင် နည်းပညာပိုင်းဆိုင်ရာ အခက် အခဲတွေလည်း ကြုံတွေ့ရပါသေးတယ်။ ငွေထုတ်ပေးဖို့ ဆက်သွယ်သူ အများစုက k-pay မရှိတာ၊ Joint Account (နှစ်ဦး ပိုင်ဘဏ်အကောင့်) ဖွင့်ထားတာတွေကြောင့် MPU ကဒ်မရှိတာ၊ Mobile Banking မရှိတာတွေကိုလည်း ကူညီရသေး တယ်လို့ ကိုအောင်အောင်က ပြောပါတယ်။.

” အဘိုးအဘွားတွေဆိုတော့ K-pay တွေဘာတွေမရှိဘူး အဲ့ဒီလိုဆိုရင် လုပ်ပေးရတယ်။ ပြီးတော့ Joint Account တွေ ဖြစ်တော့ ဒါတွေလည်းကူညီရသေးတယ်လို့ “လို့ ကိုအောင်အောင်ကဆိုတယ်။

ဒါ့အပြင် လက်ရှိအချိန်ထိ COVID-19 ကူးစက်ရောဂါ ရှိနေသေးတာ၊ ဗုံးပေါက်ကွဲတာတွေ ကြားနေရတဲ့အတွက် လုံခြုံ ရေးပိုင်းကိုတော့ စိုးရိမ်ပူပန်ရတာတွေရှိတယ်လို့ သူတို့ကပြောပါတယ်။

” ကိုယ်သွားတဲ့အချိန် မဖြစ်ပါစေနဲ့ ဆုတောင်းနေရတယ်။ လူများတဲ့နေရာဆိုတော့ကြောက်တယ်။ ပြီးတော့ နေကလည်းပူ လူကြားထဲလည်းဖြစ်တော့ နေ့လည်ပိုင်းဆိုပိုဆိုး၊ အိမ်သာတွေကလည်း ဝေးတဲ့နေရာတွေ ဆိုတော့ အပေါ့အပါးသွားချင် ပေမဲ့ ကိုယ့်အလှည့်ရောက်တော့မှာမလို့ မသွားနိုင်တာတွေလည်းရှိတယ်၊ ဒါပေမဲ့ ပင်ပန်းပေမဲ့ ပင်ပန်းရကျိူးနပ်တယ်” လို့ မဆုဆုကပြောပါတယ်။

အပြင်မှာ ပိုက်ဆံကို ရာခိုင်နှုန်းအလိုက်ပေးပြီးလဲလှယ်နေတာ၊ ကိုယ်စားတန်းစီပေးတဲ့သူကို ငွေကြေးပေးအပ်ရ တာတွေ ကြား ဒီလိုလူငယ်တွေရဲ့ ကိုယ်ကျိုးမပါဘဲ စေတနာအရ လုပ်ဆောင်ပေးတဲ့အပေါ် သိရှိတဲ့သူတိုင်းက အသိအမှတ်ပြု ချီးကျူးစကားတွေကို ပီတိဖြစ်ရတယ်လို့ ယင်းတို့ကပြောတယ်။

” ချီးကျူးတဲ့အခါ ပီတိဖြစ်တယ်။ ပြောမပြတက်ဘူး အရမ်းကို သဘောကျတယ်။ ကိုယ်လဲလှယ်ပေးလိုက်တဲ့ အဘိုးအဘွား တွေက ဆုတွေတောင်းပေးတယ်။ ဝန်ထမ်းတွေကလည်း သူတို့အခက်အခဲပြောပြတော့ သူတို့ဘဝကိုစာနာတာပေါ့။ ဒီခံစား ချက်လေးနဲ့ပဲ ပင်ပန်းရကျိုးနပ်တယ်ပေါ့” လို့မဆုဆုကပြောပါတယ်။

စာဖတ်ရင်း ATM တန်းစီတဲ့ အစီအစဉ်က လူမှုကွန်ရက်မှာပျံ့နှံ့သွားတဲ့အခါ အခြားသူတွေကလည်း ကူထုတ်ပေးဖို့ ဆက် သွယ်လာတာ၊ ဒီအစီအစဉ်ကို ကြိုက်နှစ်သက်တဲ့အတွက် အဖွဲ့ဝင်တွေဖတ်ဖို့ စာအုပ်တွေကို လှုတာ၊ တန်းစီစောင့်ဆိုင်း နေစဉ်စားဖို့ မုန့်၊အအေးနဲ့ စားစရာတွေ လာရောက်ပေးလှုတာတွေလည်း ရှိလာပါတယ်။

” တန်းစီတာသိတာနဲ့ တချို့တွေက မုန့်တွေလာပေး အအေးတွေလာပေးနေတယ်။၊ ထုတ်ပေးတဲ့သူတွေကလည်း ကျေးဇူး တင်လို့အအေးတွေမုန့်တွေကျွေးချင်တယ်။ အဲ့လိုဆိုညီမတို့က အကျိုးအမြတ်ယူတယ်ဖြစ်မှာဆိုးလို့ မစားပါဘူး။” လို့ မသက်ထားက ပြောပါတယ်။

စာဖတ်ရင်း ATM တန်စီးပေးတဲ့ လူငယ်လေးတွေကတော့ အရင်လိုပုံမှန်အတိုင်း မိမိပိုက်ဆံကို အလွယ်တကူထုတ်ယူ နိုင်တဲ့အခြေအနေရောက်ဖို့ မျှော်လင့်ထားသလို၊ ထုတ်ယူနိုင်တဲ့ပမာဏက ဒီထက်မနည်းဖို့ ဘဏ်စည်းမျဉ်းစည်းကမ်းတွေ မကြာခဏပြောင်းလဲတာတွေမရှိဖို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။

” တခြားနေရာတွေမှာ မကူညီနိုင်ပေမဲ့ ဒါလေးကိုဆက်လုပ်သွားမယ်၊ သူတို့ပြောတဲ့စကားတွေ ဆုတွေနဲ့တင်ကျေနပ်တယ်” လို့ မဆုဆုက ဆိုပါတယ်။

Related Articles