Home ဆောင်းပါး ဖွဲရာကုန်းကအမျိုးသမီးများအတွက်တရားမျှတမှုရှာပုံတော်

ဖွဲရာကုန်းကအမျိုးသမီးများအတွက်တရားမျှတမှုရှာပုံတော်

သန့်ရှင်းထွန်း။ ။

ချမ်းသာကုန်း (ခေါ်) ဖွဲရာကုန်း ဒုက္ခသည်စခန်းဟာ ရခိုင်ပြည်နယ် ၊စစ်တွေမြို့ အနောက်မြောက်ဘက်အစွန်ဆုံး ပင်လယ် ကမ်း ခြေအနီးက မွတ်ဆလင် ဒုက္ခသည်စခန်းတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၁ နှစ်လောက်က ရခိုင်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ တွေကြောင့် အိုးပစ်အိမ်ပစ်ထွက်ပြေးလာခဲ့ကြရတဲ့ စစ်တွေမြို့က နာဇီ၊ ကုန်တန်း၊ အောင်မင်္ဂလာ၊ ရွှေပြားစတဲ့ ရပ်ကွက်က အရပ်သား တွေနေထိုင် နေကြတာပါ။

ဒုက္ခရောက်လို့ ဒုက္ခသည်စခန်းထဲ အသက်လုပြေးလာကြရတဲ့ စခန်းအတွင်းက ဒုက္ခသည်အမျိုးသမီးတချို့ဟာ ၁၀ စုနှစ်တစ်ခု နီးပါးကြာ မျိုသိပ်ထားရတဲ့ အဖြစ်အပျက်တွေရှိနေပါတယ်။ အဲ့ဒါကတော့ စခန်းတာဝန်ခံအမျိုးသားက စခန်းအတွင်းက အမျိုး သမီးတွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုလုပ်နေတယ်ဆိုတဲ့ အရာဖြစ်ပါတယ်။ အရေအတွက်အားဖြင့် အမျိုးသမီး လေး ဆယ်ကျော်ကို အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ဆိုပြီး သားကောင်တွေထဲမှာ အပျို၊ မသန်စွမ်း၊ အိမ်ထောင်သည် အမျိုးသမီးတွေပါဝင် ပါတယ်။

“ကျမကို သူ့လက်နဲ့ပါးစပ်ပိတ်ပြီးတော့ ခြင်ထောင်ထဲက ဆွဲထုတ်တယ်” လို့ အသက် ၃၀ ကျော်အရွယ် မလိုင်လာ (အမည်လွှဲ) က ရင်ဖွင့်ပါတယ်။

အဲဒီလို ခြင်ထောင်ထဲက ဆွဲထုတ်ခံရပြီး အသံထွက်မလို့လုပ်တဲ့အခါ အဓမ္မပြုကျင့်သူမှာ အသင့်ပါလာတဲ့ စူးနဲ့ အထိုးခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

“ဗိုက်ကိုလည်း စူးတချောင်းနဲ့ထိုးတယ်။ ကျမကြောက်ပြီး သတိလစ်သလိုဖြစ်တဲ့အခါ အဓမ္မကျင့်တာ။”လို့ အလိုမတူဘဲ အဓမ္မပြု ကျင့်ခံ ရပုံကို မလိုင်လာက ရဲရဲဝံ့ဝံ့ ပြန်ပြောပြပါတယ်။

စစ်တွေမြို့နယ်အတွင်းရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများ

အဲဒီလို အဓမ္မပြုကျင့်ခံနေရတာဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းကနေဖြစ်ပြီးတော့ ပြီးခဲ့တဲ့နှစ်က အမျိုးသမီးတစ်ဦးကို အဓမ္မ ပြုကျင့်ချိန် အော်ဟစ်အကူညီတောင်းရာမှ စခန်းတာဝန်ခံကို ဝိုင်းဝန်းဖမ်းဆီးကာ ရဲလက်သို့ အပ်နှံနိုင်ခဲ့တယ်လို့ မလိုင်လာက ပြောပါတယ်။

ဒုက္ခသည်စခန်းတာဝန်ခံကို ရဲစခန်းက ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ မုဒိမ်းမှုပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်တရားစွဲထားရာ ဒုက္ခ သည် စခန်းတာဝန်ခံက အမှုကလွတ်မြောက်ဖို့အတွက် ဖွဲရာကုန်းဒုက္ခသည်စခန်းမှာရှိနေတဲ့ သူ့အစ်ကိုအကူညီနဲ့ အမှုဖွင့်တိုင်တန်း ထားသူ အမျိုးသမီးကို အမှုကျေအေးဖို့အတွက် အမျိုးမျိုးခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ မွတ်ဆလင်အမျိုးသမီးတွေက ပြော ပါတယ်။

“ သူ့အစ်ကိုက နင်တို့မိသားစုတွေပါ စခန်းကမောင်းထုတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။”လို့ အဓမ္မပြုကျင့်ခံခဲ့ရသူ နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီလို ဖိအားအမျိုးမျိုးကြောင့် အမှုဖွင့်တိုင်တန်းထားတဲ့အမျိုးသမီးဟာ အမှုကိုပြန်လည်ပိတ်သိမ်းပေးဖို့ ပြင်ဆင်တဲ့အချိန်မှာ ကျန်တဲ့အမျိုးသမီးကိုးဦးက သူတို့ကိုးဦးအပါအဝင် တခြားအမျိုးသမီးတွေဟာလည်း စခန်းတာဝန်ခံရဲ့ အဓမ္မပြုကျင့်တာကို ခံခဲ့ ရတဲ့အကြောင်း ရခိုင်အမျိုးသမီးများအဖွဲ့ချုပ်သို့ သွားရောက်တိုင်တန်းခဲ့တာဖြစ်ပါတယ်။

“ပထမစစဦးဆုံး လာတိုင်တဲ့အမျိုးသမီးက သူ့မှာကလေးလေးယောက်ရှိတယ်။ ဒီအမှုကိုလုပ်ပေးပါလို့ လာတိုင်ခဲ့တာဖြစ်ပါတယ်။” လို့ မွတ်ဆလင်အမျိုးသမီးတွေကို အကူညီပေးနေတဲ့ ရခိုင်အမျိုးသမီး အဖွဲ့ချုပ် နာယက ဒေါ်မပုစိန်က ပြောပါတယ်။

အဲဒီလိုအနေအထားမှာ လာတိုင်တဲ့ အမျိုးသမီးကို လုံခြုံတဲ့နေရာတစ်ခုမှာ ယာယီနေရာချပေးထားချိန်မှာပဲ အဲဒီမွတ်ဆလင် အမျိုး သမီးက အခုလို အဓမ္မပြုကျင့်ခံခဲ့ရတာဟာ သူတစ်ဦးတည်းမဟုတ်ဘဲ နောက်ထပ်ကိုးဦးလည်းရှိနေသေးတယ်ဆိုပြီး အဲဒီအမျိုး သမီးကိုးဦးပါ လာရောက်တိုင်တန်းခဲ့တာလို့ ဒေါ်မပုစိန်က ဆက်ပြောပါတယ်။

အခုလိုမျိုး အမျိုးသမီးဦးရေအများကြီးကို အဓမ္မပြုကျင့်ခဲ့ကြောင်း စွပ်စွဲချက်တွေထွက်နေပေမယ့် အမှုမှန်မပေါ်ပေါက်နိုင်ဘဲ အချိန် အကြာကြီး ကြာနေတာဟာ နစ်နာခဲ့တဲ့ အမျိုးသမီးတွေက အမည်မဖော်လိုတာ၊ ရှေးရိုးစွဲအမြင်တွေအရ လူသိရှင်ကြားဖြစ်ပြီး အရိပ်မည်းတစ်ခုလိုကျန်ခဲ့မှာကို စိုးရိမ်တာနဲ့ သူတို့လုံခြုံရေးအရ စိုးရိမ်တာတွေကြောင့်ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

စစ်တွေမြို့နယ်အတွင်းရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများ

အခုလို အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး စခန်းတာဝန်ခံမှာ နှစ်အကြာကြီး ကင်းလွတ်နေခဲ့တာဟာ သက်ဆိုင်ရာကို ထုတ် ဖော်တိုင်ကြားမှုမရှိခဲ့တဲ့အတွက်ဖြစ်ပြီး ထုတ်ဖော်တိုင်ကြားရင်လည်း စခန်းတာဝန်ခံက သူတို့နေထိုင်တဲ့ ဒုက္ခသည် မိသားစုတွေကို မောင်းထုတ်တာ၊ သတ်ပစ်ဖို့ခြိမ်းခြောက်တာတွေကြောင့် ဖြစ်တယ်လို့ မလိုင်လာက ပြောပါတယ်။

လက်ရှိမှာတော့ ဖွဲရာကုန်းဒုက္ခသည်စခန်းက အမျိုးသမီးတွေကို အဓမ္မပြုကျင့်ခဲ့တဲ့ စခန်းတာဝန်ခံကို စစ်တွေထောင်ချုပ်မှာ ဖမ်းဆီးထားပြီး တရားစီရင်ရေးကိစ္စများကို ဆောင်ရွက်နေပြီဖြစ်တယ်လို့ ရခိုင်အမျိုးသမီးကွန်ယက်က ဒေါ်ညိုအေးက ပြောပါ တယ်။

စခန်းတာဝန်ခံကို တိုင်တန်းခဲ့သူ အမျိုးသမီးကိုးဦးနှင့် တရားလိုပြသက်သေ ရှစ်ဦးကို စစ်ဆေးပြီးစီးနေပြီလို့ သူက ပြောပါတယ်။

“သူတို့တွေ တရားမျှတမှုရဖို့အတွက် ရခိုင်ကအမျိုးသမီးအဖွဲ့တွေ ဝိုင်းဝန်းပံ့ပိုးနေပါတယ်။”လို့ ဒေါ်ညိုအေးက ပြောပါတယ်။

လူမျိုးရေးပဋိပက္ခတွေ၊ ဆူပူအကြမ်းဖက်မှုတွေ တိုက်ပွဲတွေနဲ့ ပြသနာပေါင်းစုံဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေ အပါအဝင် ပြည်နယ်တွင်းနေထိုင်နေကြတဲ့ ပြည်သူတွေဟာ ကိုယ့်အိမ်ကိုယ့်ယာမှာ လုံလုံခြုံခြုံ မနေထိုင်ရဘဲ လုံခြုံမှုမရှိတဲ့ စစ်ဘေး‌ ရှောင်စခန်းတွေ၊ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရပါတယ်။

အဲဒီလိုနေထိုင်နေရတဲ့အထဲမှာ အမျိုးသမီးတွေအတွက် လုံခြုံရေးဟာ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နေတယ်လို့ စစ်ဘေး ရှောင်တွေကို ကူညီပေးနေသူ ကိုနေဝင်းက ပြောပါတယ်။

“ စခန်းတွေမှာ အမျိုးသမီးတွေ ရေချိုးမယ့်နေရာမရှိဘူး။ နေရတဲ့အခန်းတွေကကျဉ်းတော့ သူတို့ရဲ့လုံခြုံမှုက လုံးဝမရှိဖြစ်နေ တယ်။ နောက်တစ်ခုက အိမ်သာတွေကို စုပေါင်းပြီးတက်နေရတာကလည်း အမျိုးသမီးတွေအတွက် မလုံခြုံမှုတစ်ခုပါပဲ။”လို့ သူက ပြောပါတယ်။

အခုလို စစ်ဘေးရှောင်စခန်းတွေနဲ့ ဒုက္ခသည်စခန်းတွေကို လုံခြုံမှုမကောင်းဘဲ အမျိုးသမီးတွေအတွက် ထည့်သွင်း မစဉ်းစားဘဲ တည်ဆောက်ပေးထားတာက မုဒိမ်းမှုတွေကို ဖြစ်မြောက်အောင် လုပ်ပေးထားသလို ဖြစ်နေတယ်လို့ ကိုနေဝင်းက ဆက်ပြော ပါတယ်။

အခုလို အမျိုးသမီးလေးဆယ်ကျော်ကို ဒုက္ခသည်စခန်းတာဝန်ခံက ၁၀ စုနှစ်တခုကြာအောင်ထိ တစ်စုံတစ်ရာ အသံမထွက်ခဲ့တာ ဟာ ဖိုဝါဒကြီးစိုးမှု၊ အမျိုးသမီးအဖွဲ့တွေနဲ့ အချိတ်အဆက်မရတာတွေကြောင့် ဖြစ်တယ်လို့ သံတွဲမြို့က ကမန်တိုင်းရင်းသူတစ်ဦး က ပြောပါတယ်။

“သူတို့မှာ ဘာသာတရားအရ လွှမ်းမိုးမှုတွေရှိတယ်။ အမျိုးသမီးတွေက အပျိုဖြစ်ပြီဆိုတာနဲ့ သူတို့မှာ တစ်ကိုယ်လုံး ဘူရကာခြုံပြီး တော့ အိမ်ထဲမှာထားလိုက်တယ်။ အပြင်ကိုထွက်ခွင့်မရှိတော့ဘူး။ ပတ်ဝန်းကျင်နဲ့ဆက်သွယ်ခွင့်မရှိတော့ဘူး။”လို့ သူကပြောပါ တယ်။

အဲဒါကြောင့် မွတ်ဆလင်အမျိုးသမီးတွေလည်း သူများနည်းတူ ရှေ့ထွက်ကြဖို့ လိုအပ်နေပြီး မွတ်ဆလင် အမျိုးသမီးတွေကြားမှာ ခေါင်းဆောင်နိုင်စွမ်း၊ ပြောနိုင်စွမ်းရှိတဲ့သူတွေလိုအပ်နေတယ်လို့  သူက ဆက်ပြောပါတယ်။

နောက်တစ်ခုက သူတို့နေထိုင်နေရတဲ့ ဒုက္ခသည်စခန်းဟာ တခြားလူနေရပ်ကွက်တွေနဲ့ ဝေးကွာခြင်း၊ ဒုက္ခသည်စခန်းက အပြင်ကို ထွက်ဖို့ခက်ခဲ့ခြင်းစတာတွေကလည်း ဒုက္ခသည်စခန်းက အမျိုးသမီးတွေအတွက် စိန်ခေါ်မှုတွေဖြစ်နေတယ်လို့ ဖွဲရာကုန်းဒုက္ခသည် စခန်းက အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်တွေမြို့နယ်အတွင်းရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများ

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် မွတ်ဆလင်တစ်သိန်းနှစ်သောင်းခန့်မှာ ပြည်နယ်အတွင်းရှိ ဒုက္ခ သည်စခန်းတွေမှာ ကန့်သတ်ချက်တွေနဲ့ နေထိုင်နေရတယ်လို့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင် ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသမီးတွေအတွက် ရင်ဘတ်ချင်းတူပြီး အလုပ်လုပ်ဖို့လိုအပ်တယ်လို့ ရခိုင်အမျိုးသမီးအဖွဲ့ချုပ် နာယက ဒေါ်မပုစိန်က ပြောပါတယ်။

“ ကျမတို့ကို သူတို့ငိုပြီးတိုင်တဲ့အခါ ကျမတို့လည်းတကယ်ခံစားချက်ဖြစ်ပြီး ကျမတို့ဝိုင်းရံကူညီနေပါတယ်” လို့ သူက ပြောပါ တယ်။

အခုလို ဒုက္ခသည်စခန်းထဲမှာ ဆင်းရဲကျပ်တည်းမှုများစွာတဲ့ နေထိုင်နေကြရတဲ့ အမျိုးသမီးတွေ သက်ဆိုင်ရာ တာဝန်ရှိသူတွေ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ဖေးမကူညီပေးဖို့ လိုအပ်နေတယ်လို့ မလိုင်လာက ပြောပါတယ်။

အဲဒါအပြင် ဖွဲရာကုန်းဒုက္ခသည်စခန်းက အမျိုးသမီးတွေကို အဓမ္မပြုကျင့်ခဲ့တဲ့ စခန်းတာဝန်ခံကို ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ် ပေးဖို့လိုသလို ဒီဖြစ်စဉ်ကို ကြည့်ပြီးတော့ နောက်ထပ် ပြစ်မှုကျူးလွန်ဖို့ ကြံစည်နေသူတွေလည်း လူတွေလည်း သင်ခန်းစာရသွား အောင်ထိ လုပ်ပြဖို့လိုမယ်လို့ အမျိုးသမီးအဖွဲ့အစည်းက တာဝန်ရှိသူတွေက ပြောပါတယ်။

အလားတူပဲ ငွေများတရားနိုင်စနစ်ကျင့်သုံးမှုရှိနေတဲ့ စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေမှာ အမှုစစ်ဆေးတာတွေကို သေချာ လေ့လာမှတ်တမ်းယူထားသင့်တယ်လို့ ဥပဒေဘွဲ့ရထားတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

“ ဒီကိစ္စနဲ့ပတ်သက်ရင် ကူညီပေးနေတဲ့အဖွဲ့တွေက အမြဲတမ်းစောင့်ကြည့်နေသင့်တယ်။ ကျနော်တို့ တရားရေးစနစ်ကလည်း စိတ်ချမရဘူး”လို့ သူက ပြောပါတယ်။

ဖွဲရာကုန်းစခန်းက အမျိုးသမီးတွေကို အဓမ္မပြုကျင့်ခဲ့တဲ့ စခန်းတာဝန်ခံ အမျိုးသားကို ကြီးလေးတဲ့ပြစ်ဒဏ်မချမှတ်ပေးရင် မိမိ ကိုယ်ကိုအဆုံးစီရင်ဖို့ စဉ်စားထားတဲ့ အမျိုးသမီးတွေရှိနေတယ်လို့ ရခိုင်အမျိုးသမီးအဖွဲ့ချုပ် နာယက ဒေါ်မပုစိန်က ပြောပါတယ်။

Author:

Related Articles