Home ဆောင်းပါး အမတော်ကြေး အတင်းအကျပ် ပြန်တောင်းခံရမှာ စိုးရိမ်နေတဲ့ လယ်သမားတွေ

အမတော်ကြေး အတင်းအကျပ် ပြန်တောင်းခံရမှာ စိုးရိမ်နေတဲ့ လယ်သမားတွေ

ကြာညိုသင်း။ ။

စစ်ကောင်စီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံအနှံ့ က တောင်သူလယ်သမားတွေကို မိုးကာလစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးမှာဖြစ်တဲ့အတွက် ယခင်နှစ်က ချေးယူထား တဲ့ ကြွေးဟောင်းကို ပြန်ဆပ်ဖို့ ဒီလ ၁၉ ရက်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃၀ တုန်းက စစ်ကောင်စီက ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ မိုးရာသီချေးငွေကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက် နေ့အစား ဇူလိုင်လ ၃၁ ရက်နေ့ထိ ချေးငွေ ပြန်ဆပ်ရမယ့်ရက်ကို တိုးပေးခဲ့ရာမှ အခုတစ်ခါ မေလ ၂၆ ရက်မှ စပြီး မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးမှာဖြစ်တဲ့အတွက် ကြွေးဟောင်းပြန်ဆပ်ဖို့ ထုတ်ပြန်လိုက်တာပါ။

အကြွေးဟောင်းကို တောင်သူတွေအနေနဲ့ ဘယ်နေ့ပြန်ဆပ်ရမယ်လို့ သတ်မှတ်မထားပေမယ့် နှစ်စဉ်ထုတ်ပေးတဲ့ စိုက်ပျိုး စရိတ်ချေးငွေ (အမတော်ကြေး) ကတော့ မူလ ကြွေးဟောင်းဆပ်ပြီးမှသာ အစိုးရက ကြွေးသစ်ကိုချပေးတာ ဖြစ်ပါတယ်။

စစ်ကောင်စီက အဲ့ဒီလိုကြေငြာထားပေမယ့် တချို့လယ်သမားတွေကတော့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ ချေးငွေ ပြန်လည်ပေးဆပ်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စိုက်ပျိုးသီးနှံဈေးကွက် ပျောက်ဆုံးတာတွေ၊ တိုင်းပြည်ရဲ့ ငွေကြေးအကြပ်အတည်းနဲ့ ရာသီဥတုမကောင်းလို့ ဈေးကောင်းနဲ့ လွဲခဲ့တာတွေ၊ ဈေးကွက်ပျက်ခဲ့တာတွေ၊ နောက်ပြီး ကုန်ဈေးနူန်းမြင့်တက်တာတွေ ကြောင့် စားဝတ်နေရေး ကြပ်တည်းလာတဲ့ဒုက္ခတွေကို ခံနေရချိန်မှာ စိုက်စရိတ်ချေးငွေ ပြန်တောင်းတာက တစ်ပူပေါ် နှစ်ပူဆင့်သလို တောင်သူလယ်သမားတွေအတွက် အခက်အခဲတွေ ဖြစ်ခဲ့တာပါ။

CRPH ကတော့ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးစရိတ်ချေးငွေ ပေးဆပ်မှုကို တစ်နှစ်နောက်ဆုတ်ပေးပြီး အတိုးနူန်း ငါးရာခိုင်နူန်းကိုလည်း ဆိုင်းငံ့ပေးမယ်လို့ ပြီးခဲ့တဲ့ မတ်လဆန်းက ကြေညာထားတာပါ။

ဒါကြောင့်လည်း လယ်သမားတွေအနေနဲ့ အခြေအနေကို ကြည့်ပြီးမှ ချေးငွေကို ဆပ်နိုင်ရင်တောင် မဆပ်သေးဘဲ ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီက အာဏာနဲ့ အတင်းအကျပ် ချေးငွေတွေကို ပြန်လည်တောင်းယူလာမှာတော့ ကြောက်နေရတယ် လို့ မြန်မာနိုင်ငံရဲ့ စပါးကျီလို့တင်စားခံရတဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်း နေထိုင်တဲ့ လယ်သူမကြီးဒေါ်မြရင်က စိုးရိမ်စွာ ပြောပါတယ်။

“ မနှစ်က ရာသီဥတုမကောင်းတော့ အရင်းမရတဲ့အပြင် မျိုးခပါရူံးတယ်။ အခု နွေစပါးကျတော့လည်း မိုးမိတော့ စပါးတွေ က မဲပြီးဈေးကောင်းမရဘူး။ နောက်ပြီး နွေစပါးပေါ်တဲ့အချိန်မှာမှ အာဏာသိမ်းတာနဲ့ကြုံပြီး ဘဏ်လုပ်ငန်းတွေက ငွေထုတ် မရ အခက်အခဲဖြစ်တော့ စပါးဝယ်တဲ့ စက်ပိုင်တွေက ဈေးနှိမ်ဝယ်တာခံရတယ်။ ဘာလုပ်ကိုင် စားသောက်ရမှန်း မသိဖြစ် နေတယ်”လို့ သူက ပြောပြပါတယ်။

ဒေါ်မြရင်တို့မှာ မိသားစုမှာ သားသမီးခြောက်ယောက်ရှိပြီး စိုက်ပျိုးမြေလယ် ၁၀ ဧက ဝန်းကျင်ရှိကာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတာလည်း ဖြစ်ပါတယ်။

ချေးငွေပြန်ဆပ်ဖို့ကတော့ အခြေအနေကိုစောင့်ကြည့်ပြီး လောလောဆယ်တော့ လက်ထဲမှာ ဆပ်စရာပိုက်ဆံမရှိလို့ စား သောက်ဖို့ ဟင်းစားကို လယ်ထဲမှ အရွက်၊ အသီးအနှံများခူးကာ ရှာဖွေစားသောက်နေရကြောင်း ဒေါ်မြရင်က ဆိုပါတယ်။

ဒီလိုအချိန်မှာမှ စိုက်စရိတ် ပြန်တောင်းနေပြီဆိုတော့ အာဏာနဲ့ အတင်းအကျပ်လုပ်ပြီး ဖမ်းမယ်၊ ဆီးမယ်ဆိုတာမျိုးတွေ ကြုံလာရမှာကို ဒေါ်မြရင်တို့ မိသားစုအပါအဝင် တောင်သူလယ်သမားတွေက စိုးရိမ်နေကြပါတယ်။

ကိုဗစ်ကာလမှာလည်း သီးနှံတွေ သယ်ယူပို့ဆောင်ရတဲ့အခါ အစိုးရရဲ့ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေ မညီတာ ကြောင့် လမ်းခရီးမှာ အခက်အခဲဖြစ်ပြီး သီးနှံများ ပျက်စီးခြင်း၊ ပို့ရမယ့်ရက် အချိန်မီမရောက်တာတွေကြောင့် ဈေးကောင်း မရတာတွေ၊ ကုန်တင်ယာဉ်မောင်းရှားပါးတာတွေ၊ သယ်ယူပို့ဆောင် စရိတ်ကြီးမြင့်တာတွေ၊ နယ်စပ်ကုန်သွယ်ရေးမှာ လည်း တဖက်နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် ကုန်တင်ပို့မှု ကြန့်ကြာလို့ သီးနှံတွေ စွန့်ပြစ်ရတာတွေက အခြေခံ လယ်သမားတွေအတွက် ဝင်ငွေလျော့ကျခဲ့တာပါ။

ကိုဗစ်ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရဆဲအချိန်မှာပဲ အာဏာသိမ်းခြင်းရဲ့ နောက်ဆက် တွဲ ဆိုးကျိုးများကိုပါ ထပ်မံခါးစီးကာ တောင်သူလယ်သမားတွေ ခံစားနေရတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရှိ လယ်သမားတစ်ဦးက “ အခုက စီးပွားရေး၊ လူမှုရေး အားလုံး ကြပ်တည်းတဲ့ကာလကြီး ပြေလည် တဲ့သူက ရှိမှမရှိတာ။ အဲ့ဒီအတွက် ဘယ်လိုမှပြန်မဆပ်နိုင်ဘူး။”လို့ ဆိုပါတယ်။

တောင်သူတွေရဲ့ အခုအကြပ်အတည်းက “ငပိနဲ့လောက် ရွှေနဲ့ကျောက်” ဆိုသလို တောင်သူနဲ့ အကြွေးဆိုတာက ခွဲလို့မရ ဖြစ်နေတဲ့အပြင် အကြွေးရှိမှ တောင်သူအစစ်ဖြစ်တယ်လို့ပဲ ယူဆရမလို ဖြစ်နေပြီလို့ သူက ပြောပြပါတယ်။

လတ်တလော နိုင်ငံရေး မတည်ငြိမ်တာကြောင့်လည်း စိုက်ပျိုးထားတဲ့ သီးနှံတွေကို ရောင်းချရမယ့် ဈေးကွက်တွေ ပျောက် ပြီး ဈေးကျတာတွေ ၊ ရောင်းထားပြီးတဲ့ သီးနှံကျတော့လည်း ဘဏ်တွေရဲ့ ငွေထုတ်မရတာကို အကြောင်းပြပြီး လုပ်ငန်း ရှင်၊ ကုန်သည်၊ ပွဲစားတွေဆီက တောင်သူက ပိုက်ဆံမရတော့ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးက တောင်သူဒေါ်လှနွယ်က “ ငွေမပေးတာကို ပြန်ပြောမယ်ဆိုရင်လည်း နောက်နှစ်မှာ မဝယ်တော့ မှာစိုးတဲ့ စိုးရိမ်ထိတ်လန့်မှုက တောင်သူတိုင်းမှာရှိတယ်။ ဝယ်တဲ့လုပ်ငန်းရှင်နဲ့ ပြဿနာတခုခု ဖြစ်လိုက်တာနဲ့ နောက်နှစ် ကျရင် ဒီတောင်သူဆီက မဝယ်ချင်တော့တာလိုလို၊ ဦးစားပေးဝယ်တဲ့အထဲ မပါတော့ဘူးဆိုတော့ တောင်သူတွေက ခံနေရမှန်းသိပေမယ့် ကြိတ်မှိတ်ပြီး ခံနေရတယ်”လို့ လက်ရှိ အခက်အခဲကို ပြောပြပါတယ်။

အာဏာသိမ်းတာရဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ယခုနှစ်မှာ စပါးအပါအဝင် စိုက်ပျိုးသီးနှံတွေကို ဝယ်နေကျ ကုန်သည်တွေက အရင်ကလို လွယ်လွယ်ကူကူ ဘဏ်က ငွေထုတ်မရတာကို အကြောင်းပြကာ သီးနှံပေါ်ချိန်တွင် ငွေသား လက်ဝယ်ရှိတဲ့ သူတွေက ပေးတဲ့ဈေးနဲ့သာ တောင်သူတွေက ရောင်းခဲ့ရတာပါ။

ဒါကြောင့်လည်း ဒီနှစ်မှာ ဝယ်သူဈေးကွက်ဖြစ်ပြီး တောင်သူလယ်သမားတွေ အထိနာခဲ့ရပါတယ်။ ဒီနှစ်မှာ စပါးပေါက် ဈေးက စပါးတင်းတစ်ရာကို ငွေကျပ်ခြောက်သိန်းလောက်ဆိုရင် ပိုက်ဆံပေးနိုင်တဲ့ ဝယ်လက်ကိုပဲ ထိုးရောင်းရတဲ့အခါ ငါးသိန်းလောက်သာဈေးရပြီး ကျပ်တစ်သိန်းလောက်အထိ နစ်နာခဲ့တာပါ။

NLD အစိုးရ တာဝန်ယူခဲ့တဲ့ ငါးနှစ်တာအတွင်း စပါးပေါ်ချိန် ဈေးကျခြင်းမဖြစ်စေရန် အစိုးရမှ အခြေခံစပါးဈေးနူန်း သတ် မှတ် ဝယ်ယူပေးခဲ့တာကြောင့် စပါးပေါ်ချိန်ဈေးကျသည့် အလေ့အထကို အတန်အသင့်ထိန်းနိုင်ခဲ့ကြောင်း လယ်သမား တွေက ပြောပါတယ်။

ဘုရင်နောင်ဆန်ကုန်စည်ဒိုင် လုပ်ငန်းရှင် ဦးသန်းက စပါးစပေါ်တဲ့ ဖေဖော်ဝါရီလလောက်မှာ စစ်အာဏာသိမ်းမှုဖြစ်တာ ကြောင့် ဈေးကွက်ပြိုသွားတာဖြစ်ပြီး အဲ့ဒီအချိန်မှာတော့ စပါးတင်းတစ်ရာကို ကျပ်ငါးသိန်းဝန်းကျင်လောက်ပဲ ရခဲ့တာလို့ ရှင်းပြပါတယ်။

“ စပါး‌ပေါ်စမှာ အိတ်စပို့တင်ပို့တာတွေ ဘာတွေရပ်သွားတယ်။ အခုတော့ ဘင်္ဂလားဒေရှ့်တစ်နိုင်ငံပဲပို့ရတယ် ။ ပုံမှန်တော့ မဖြစ်သေးဘူး။ မြန်မာကျပ်ငွေမပေါတဲ့အတွက် အရောင်းအဝယ်တွေ နှောင့်နှေးသလို ဆန်စပါးကုန်စည်ဒိုင်မှာလည်း ငွေလက်ငင်းပေးချေမှု အားနည်းသွားတယ်။ ကုန်သည် ၁၀ ဦးမှာ နှစ်ဦးလောက်ပဲ ငွေအကြေပေးနိုင်တယ်။ ကျန်တဲ့သူ တွေက တစ်ပတ်ဆိုင်း၊ နှစ်ပတ်ဆိုင်း အဲ့လိုမျိုး စောင့်ရတဲ့ အခါကျတော့ ရောင်းတဲ့ဝယ်တဲ့အခါမှာ ယုံကြည်မှုအားနည်းပြီး ငွေလက်ငင်းပဲ ရအောင် ရောင်းပါဆိုတော့ လက်ငင်းပေးနိုင်တဲ့ ဒီနှစ်ဦးကိုပဲ ရောင်းရတော့ ဝယ်ယူသူရဲ့ စစ်တဲ့ဈေးနဲ့ ရောင်းရတာပေါ့။ အဲ့ဒီတော့ ဈေးက တက်လို့မရဘူး။ ဈေးကွက်က ပြိုခဲ့ရတာ”လို့ ဆိုပါတယ်။

အခုကာလ အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေး ယိုယွင်းနေချိန်မှာ လုပ်ငန်းရှင်တွေ၊ လယ်ပိုင်ရှင်တွေ အခက်အခဲ ဖြစ်သလို သူတို့ကို မှီခိုနေရတဲ့ ဒေါ်တင်နွဲ့တို့လို လယ်ယာလုပ်သားတွေရဲ့ ဒုက္ခကလည်း မသေးလှပါဘူး။

ဧရာဝတီတိုင်း ကျိုက်လတ်မြို့က ဒေါ်တင်နွဲ့တို့မိသားစုဆိုရင် လယ်ပိုင်မရှိတာကြောင့် အခြားသူတွေရဲ့ လယ်မှာ ယောကျ်ားဖြစ်သူက သူရင်းငှားဝင်လုပ်သလို မိမိကိုယ်တိုင်ကလည်း ကောက်စိုက်၊ပျိုးရိတ် အငှားဝင်လုပ်ကာ သားသမီး ငါးယောက်ကို ရှာဖွေကျွေးမွေးနေတာပဲ ဖြစ်ပါတယ်။

“ လယ်သမားတွေက လယ်လုပ်ရအဆင်မပြေတော့ ကျွန်မတို့လို လယ်သမားကို မှီခိုနေတဲ့ သူတွေက အလုပ်က မရှိတော့ ဘူး။ ရရစားစားနဲ့လုပ်ရတာဆိုတော့ အခုဆိုရင် တစ်နေ့လုံးနေမှ ထမင်းတစ်နပ်တောင် နပ်မှန်အောင် မနည်းရှာစားရတဲ့ ဘဝတွေ ဖြစ်နေပြီ။ အရပ်တကာလှည့်ပြီး ကြုံရာလုပ်ရတဲ့ဘဝတောင် ထမင်းက နပ်မမှန်ချင်တော့ဘူး” လို့ ကြုံတွေ့ရတဲ့ အခက်အခဲကို ဒေါ်တင်နွဲ့က ပြောပြပါတယ်။

ဧရာဝတီတိုင်းအတွင်းရှိ အသက် ၇၀ ကျော်လူကြီးတောင်သူလယ်သမား အများစုက မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ကို မီခဲ့သူများဖြစ်တာကြောင့် စစ်ရဲ့ဆိုးကျိုးကို ခါးသီးစွာ ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေလည်း ရှိနေတာပါ။

ဧရာဝတီတိုင်းဒေသကြီး အသက် ၇၅ နှစ်ကျော်အရွယ်ရှိတဲ့ ဦးသိန်းအောင်က “လွတ်လပ်ရေးရပြီးခါမှာ ရောင်စုံသူပုန် သောင်းကျန်းမှုတွေကလည်းရှိ၊ စီးပွားရေးကလည်း ကြပ်တည်းတော့ စောင်တောင်ခြုံစရာမရှိလို့ ဦးတို့ငယ်ငယ်က ဂုံနီအိတ် တောင်ခြုံပြီး အိပ်ခဲ့ရတာ။ ဒီလိုအနေအထားမျိုးတွေ အထိ ရောက်ခဲ့တယ်”လို့ ဆိုပါတယ်။

ဒါကြောင့်လည်း အခု နိုင်ငံရေးအခြေအနေအရ ပြည်တွင်းစစ်ကြီး ဖြစ်ပေါ်လာမှာကို လယ်သမားတွေက စိုးရိမ်နေပါတယ်။ ဒီလို စိုးရိမ်မှုတွေကြားကပဲ စိုက်ပျိုးရာသီရောက်လာတဲ့အခါ တောင်သူလယ်သမားတွေ မိုးစပါးစိုက်ဖို့ ပြင်ဆင်နေကြပါပြီ။

လယ်သမားဆိုတာက လယ်လုပ်တာက လွဲပြီးလည်း တခြားအလုပ်မလုပ်တတ်တာကြောင့် ချေးငှားပြီး လယ်စိုက်ဖို့ ပြင်နေ ကြတာပါ။ အခုရက်ပိုင်းဆိုရင် မုန်တိုင်းမိုးတွေ ရွာနေပေမယ့် စပါးစိုက်ဖို့ ပြင်နေကြပါတယ်။ တချို့ကလည်း ပေါင်းမြက် ပေါက်ပြီးမှ ပျိုးကျဲဖို့ စောင့်နေကြသလို ရေနိမ့်တဲ့ ဒေသတွေကတော့ အခုချိန်မှာ ပျိုးစကျဲနေကြပါပြီ။

ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့နယ်မှ လယ်သူမ ဒေါ်အေးမြင့်က “အခုလို စိုက်ပျိုးဖို့ ပြင်နေတဲ့ အချိန်မှာပဲ စက်သုံးဆီတွေ၊ စားသောက်ကုန် ဈေးနူန်းတွေက တရှိန်ထိုးတက်လာနေပါတယ်။ ဒါ့အပြင် သွင်းအားစုလို့ခေါ်တဲ့ ဓာတ်မြေသြဇာနဲ့ ပိုးသတ်‌ဆေးတွေကလည်း တက်လာနေပါတယ်။ ဒါကြောင့် အရင်ကမှ နူနေတဲ့အထဲ ဝဲစွဲပြီး အခုတော့ သူခိုးထောင်းတဲ့ ဘဝကို ရောက်နေပြီ” လို့ ညည်းတွားပါတယ်။

လက်ရှိမှာတော့ တောင်သူလယ်သမားတွေအနေနဲ့ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ဒုက္ခပင်လယ်ဝေနေပြီး ချေးငွေတွေ မပေးဆပ်နိုင်တာကြောင့် စစ်ကောင်စီက အမတော်ကြေး အတင်းအကျပ် ပြန်တောင်းမှာကို ရတတ်မအေး ဖြစ်နေရပါတယ်။

အမည်မဖော်လိုတဲ့ လယ်သမားကြီးတဦးကတော့ ချေးငွေဆပ်ရင် ပေးမယ်ဆိုတဲ့ စိုက်စရိတ် ချေးငွေအသစ်ဆိုတာက လည်း မသေချာတာကြောင့် ချေးငွေပြန်ဆပ်ဖို့ကိစ္စကို ယခုလိုဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

“ ချေးငွေပြန်ဆပ်မယ့် လယ်သမား တစ်ယောက်စ နှစ်ယောက်စ ရှိနိုင်ပေမယ့် အများစုကတော့ အခြေအနေကို စောင့် ကြည့်ပြီးမှ ချေးငွေ ပြန်ဆပ်ဖို့ မဆပ်ဖို့လုပ်မယ်။ ဒါမှမဟုတ်လည်း ချေးငွေမဆပ်ဘဲ သပိတ်မှောက်သွားမယ်။ ပြည်သူ့ အစိုးရတက်မှပဲ ချေးငွေပြန်ဆပ်မယ်”

Related Articles