Home ဆောင်းပါး ဝမ်းရေးအတွက် ရုန်းကန်နေရတဲ့ ရန်ကုန်က အစားအသောက်ပို့သူ အမျိုးသမီးများ

ဝမ်းရေးအတွက် ရုန်းကန်နေရတဲ့ ရန်ကုန်က အစားအသောက်ပို့သူ အမျိုးသမီးများ

Honest Information (HI)
စစ်တပ်ကအာဏာသိမ်းပြီး တစ်လခွဲအကြာမှာ မိုဘိုင်းအင်တာနက်တွေနဲ့ ဝိုင်ဖိုင်တွေကို ဖြတ်တောက်လိုက်တာဟာ အခု ဆိုရင် ရက်ပေါင်း ၄၆ ရက် (ဧပြီ ၃၀ထိ) ရှိနေပါပြီ။

မိုဘိုင်းအင်တာနက်တွေဖြတ်တောက်ထားတဲ့အတွက် အင်တာနက်အသုံးပြုပြီးလုပ်ကိုင်ရတဲ့ လုပ်ငန်းတော်တော်များများ အဆင်မပြေဖြစ်ခဲ့ရပြီး အဲ့ဒီလုပ်ငန်းတွေကိုမှီခိုလုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေလည်း စားဝတ်နေရေး ခက်ခဲနေရပါတယ်။

အဲ့ဒီအထဲမှာ Food Panda မှာ အစားအသောက်ပို့တဲ့အလုပ်ကိုလုပ်ကိုင်တဲ့ မမိုးမိုးအောင်လည်းပါဝင်ပါတယ်။ အသက် ၁၈ နှစ်အရွယ် မမိုးမိုးဟာ တက္ကသိုလ်ဝင်တန်းတက်နေရင်းက ကိုဗစ်ရောဂါကြောင့် ကျောင်းတွေပိတ်လိုက်တဲ့အခါမှာတော့ မိသားစုစားဝတ်နေရေးအတွက် အစားအသောက်ပို့တဲ့အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပါတယ်။

အစားသောက်ပို့တဲ့အလုပ်ဟာ ပို့တဲ့အခေါက်ရေပေါ်မူတည်ပြီး လုပ်အားခရတဲ့အတွက် အဆင်ပြေတဲ့အပြင် ကိုယ်တိုင် လည်း စက်ဘီးနင်းရတာ ဝါသနာပါတဲ့အတွက် မမိုးမိုးအောင်က ဒီအလုပ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

လူဦးရေထူထပ်ပြီး ယာဉ်ကြောရှုပ်ထွေးလှတဲ့ ရန်ကုန်မြို့မှာ အစားအသောက်တွေကို သတ်မှတ်ချိန်အတောအတွင်း စက်ဘီးနင်းပြီးပို့နိုင်ဖို့က မလွယ်ကူလှပါဘူး။

“ စစလုပ်တုန်းကအရမ်းခက်တယ်။ လူတွေနဲ့စကားပြောရမှာလည်းရှက်တယ်။ လမ်းကြောင်းတွေမသိတော့ ငိုတောင်ငို ရတယ်။ ငိုနေလို့လဲဘာရမှာလဲ၊ ကိုယ်ရှာမှကိုယ်စားရမှာဆိုတော့လုပ်ရတာပဲ” လို့မမိုးမိုးအောင်က အလုပ်စလုပ်တုန်းက အခက်အခဲတွေကိုပြောပြပါတယ်။

ငယ်စဉ်ကတည်းက ဖခင်ဆုံးသွားတဲ့အတွက် မိခင်နဲ့အသက် ၈နှစ်အရွယ် ညီမလေးရဲ့ စားဝတ်နေရေးတာဝန်ကို ယူနေရ သူ ဖြစ်တဲ့အတွက် အခက်အခဲတွေကိုမမှုနိုင်တော့ပါဘူး။

အင်တာနက်မဖြတ်ခင် ဆန္ဒပြပွဲတွေနဲ့ သပိတ်စစ်ကြောင်းတွေကို ဖြိုခွင်းတဲ့ကာလတွေမှာလည်း မမိုးမိုးအောင်တစ်ယောက် ကြောက်စိတ်တွေကို ဘေးချိတ်ကာ စားဝတ်နေရေးအတွက်ရုန်းကန်ခဲ့ရပါတယ်။

“ အဲ့တုန်းကသူများတွေနားကြတယ်။ ညီမကတော့အဲ့အချိန်လည်းပို့တယ်။ ဘာလို့လဲဆိုတော့ အမေ့ဆေးဖိုးအတွက် အလုပ်နားလို့မရဘူး။ ကိုယ့်ရှေ့မှာပစ်ခတ်နေတာတွေ့လည်း မကြောက်နိုင်တော့ဘူး။ သေမှာလည်းမကြောက်တော့ဘူး” လို့ မမိုးမိုးအောင်ကဆိုပါတယ်။

ဒါပေမယ့် အင်တာနက်တွေဖြတ်ခံရပြီးတဲ့အချိန်မှာတော့ အခက်အခဲအကြပ်အတည်းတွေ ပိုကြုံတွေ့လာရတယ်လို့ မမိုးမိုး အောင်ကဆိုပါတယ်။ ပို့ခရတာနည်းသွားတဲ့အပြင် အော်ဒါလည်းပါးကာ တချို့ရက်တွေမှာ ထမင်းဖိုးရအောင် မနည်းရှာရ တယ်လို့ မမိုးမိုးအောင်က သူ့အခက်အခဲကိုပြောပြပါတယ်။

မမိုးမိုးအောင်လိုပဲ ရန်ကုန်မှာရှိတဲ့ အစားအသောက်ပို့တဲ့သူတွေဟာ အင်တာနက်ဖြတ်ထားတာကြောင့် ဒုက္ခရောက်နေကြ ရပါတယ်။ ရန်ကုန်မြို့အတွင်း Food Panda မှာ လုပ်ကိုင်တဲ့ rider အရေအတွက် တစ်ထောင်ကျော်အနက် အမျိုးသမီး ဦးရေ ၁၅၀ ဝန်းကျင်ရှိပါတယ်။

အစားအသောက်ပို့သူတွေဟာ မိုဘိုင်းအင်တာနက်တွေ ဖြတ်တောက်ထားမှုကြောင့် Wifi ရတဲ့ ဆိုင်တွေနဲ့သာချိတ်ဆက်ပြီး ပို့ဆောင်ရတဲ့အတွက် ဝင်ငွေနည်းသွားတဲ့အပြင် လမ်းမှာစစ်တပ်နဲ့ရဲတွေရဲ့ စစ်ဆေးမှုတွေ ရှိတာကြောင့် အန္တရာယ်ကြား က ရုန်းကန်နေကြရပါတယ်။

မိုဘိုင်းအင်တာနက်တွေမရတဲ့အတွက် အလုပ်နားထားရသူတွေ အများအပြားရှိသလို တချို့ကတော့ နီးစပ်ရာမြို့နယ်မှာ လိုအပ်တဲ့ အသုံးအဆောင်နဲ့အစားသောက် ဝယ်ယူပို့ဆောင်ပေးပါမယ်ဆိုပြီး သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာ ကာ စားဝတ်နေရေးအတွက် ဖြေရှင်းနေကြပါတယ်။

Food Panda မှာ အစားအသောက်ပို့တဲ့ အသက်၂၄နှစ်အရွယ် မထက်ထက်ပိုင်ဦးက “ ဖုန်းနံပါတ်လေးချပေးထားတယ်။ အဲ့မြို့နယ်တွေပို့ပေးတယ်။ အဆင်ပြေသလိုပေးပါပေါ့။ ဘယ်လောက်ပဲရရ လုပ်ရတယ်လေ။ အခုကာလကအော်ဒါက ဘယ်ဆီလာမယ်မှန်းမသိဘူး။ အကုန်လုံးကလည်း အမြဲတမ်းမှာမနေဘူး”လို့ ပြောပါတယ်။

မထက်ထက်ပိုင်ဦးဟာ စက်ရုံတွေမှာ အလုပ်လုပ်ရာကနေ ကိုဗစ်ကြောင့် စက်ရုံအချို့ ပိတ်သိမ်းသွားတဲ့အခါ ပြီးခဲ့တဲ့နှစ် မေလကစတင်ကာ Food Panda မှာအလုပ်စဝင်ခဲ့တာဖြစ်ပြီး စမ်းချောင်းမြို့နယ်မှာအဆောင်နေကာ မိဘနှစ်ပါးကို လုပ် ကျွေးနေသူ ဖြစ်ပါတယ်။

ခုချိန်မှာတော့ မိဘတွေကိုတောင်ပြန်မထောက်ပံ့နိုင်တော့တဲ့အပြင် အဆောင်လခနဲ့စားဖို့ကိုတောင် ခက်ခက်ခဲခဲရှာဖွေ နေရပါတော့တယ်လို့ သူကညည်းပါတယ်။

အရင်ကဆို အစားအသောက်ပို့ခအနေနဲ့ အကွာအဝေးပေါ်မူတည်ပြီး အော်ဒါတစ်ခေါက်ကို အနည်းဆုံးတစ်ထောင်မှ စရ တာဖြစ်ပြီး ကိုယ်ပို့နိုင်ရင်ပို့နိုင်သလောက် ဝင်ငွေရကြတာဖြစ်ပါတယ်။ အလုပ်ချိန်ကိုလည်း မိမိအဆင်ပြေမယ့် အချိန်ကို ချိန်ညှိလို့ရတဲ့အပြင် လုပ်အားခကိုလည်း တစ်ပတ်တစ်ခါပေးတာဖြစ်တဲ့အတွက် ခန့်မှန်းခြေတနေ့ကို တစ်သောင်းဝန်းကျင် လောက်ရတာဖြစ်လို့ဒီအလုပ်ကိုရွေးချယ်ကြတာဖြစ်ပါတယ်။

ဒီလိုရပေမယ့်လည်း လမ်းမတွေပေါ်မှာနေပူမရှောင် မိုးရွာမရှောင် စက်ဘီးနင်းပြီး ပစ္စည်းတွေပို့ရတာဟာ လွယ်ကူတဲ့ အလုပ်တော့မဟုတ်ပါဘူး။ ယာဉ်တိုက်မှုမဖြစ်အောင်လည်း အမြဲသတိထားနေရပါတယ်။ ယာဉ်တိုက်မှုနဲ့ မတော်တဆ မှုတွေဖြစ်လာရင်တော့ ကိုယ်တိုင်ဖြေရှင်းကြရတာဖြစ်ပါတယ်။

“ တက္ကစီနဲ့ချိတ်မိတာဖြစ်ဖူးတယ်။ ညီမက အော်ဒါယူမယ့်ဆိုင်ကိုအဝင်ကားက ထွက်တဲ့အခါ ခြေထောက်နဲ့ညှပ်ဖူးတယ်။ ကားခေါင်းနဲ့ စက်ဘီးနဲ့ချိတ်သွားတာရှိတယ်။ နောက်တခါကျတော့ကားက အရှိန်ပြင်းပြင်းနဲ့လာပြီး ကိုယ့်ကိုဝင်တိုက်တော့ မလိုဖြစ်ဘူးတယ်” လို့ မခြူးခြူးဝေက သူ့အတွေ့အကြုံကိုပြောပြပါတယ်။

အသက် ၂၉နှစ်အရွယ် မခြူးခြူးဝေဟာ မွေးရပ်ဇာတိမြိတ်မှာ စားဝတ်နေရေးအဆင်မပြေတဲ့အတွက် ရန်ကုန်မှာအလုပ် လုပ်ဖို့ ရောက်လာခဲ့တာဖြစ်ပါတယ်။ အဆောင်ငှားနေရင်းတခြားအလုပ်တွေ လျှောက်ခဲ့ပေမယ့် အလုပ်မရတာကြောင့် Food Pandaမှာ အလုပ်ဝင်ကာ အစားအသောက်ပို့တဲ့အလုပ်ကို လုပ်ကိုင်နေသူဖြစ်ပါတယ်။

ကားအန္တရာယ်အပြင် မိန်းကလေးတွေအနေနဲ့ ပစ္စည်းလိုက်ပို့တဲ့အခါ စနောက်ခံရတာတွေလည်း ရှိနေပါသေးတယ်။

“ အော်ဒါပို့တဲ့အခါ လူပြတ်တဲ့နေရာတွေမှာတချို့ကကားပေါ်ကနေစတာတွေရှိတယ်။ ပင်ပန်းနေပြီလား ကားနဲ့လိုက်ပို့ပေး မယ် အဲ့လိုတွေစတဲ့ ကားသမားတွေရှိတယ်။ ညဘက်တွေ ၇ နာရီ ၈ နာရီ ပစ္စည်းပို့ရင်လည်း လူပြတ်တဲ့နေရာရောက်ရင် အမြန်နင်းရတာရှိတယ်”လို့ မခြူးခြူးဝေက သူကြုံတွေ့ရတဲ့အကြောင်းကိုပြောပြပါတယ်။

ဒီလိုအခက်အခဲတွေကြားကနေ မိဘတွေကို ထောက်ပံ့နိုင်ဖို့ လုပ်နေခဲ့ပေမယ့် စစ်အာဏာသိမ်းပြီး အင်တာနက်တွေ ဖြတ် တောက်ခံရချိန်မှာတော့ မိဘကို ပြန်မထောက်ပံ့နိုင်တော့တဲ့အပြင် ကိုယ်တိုင်စားသောက်ဖို့အတွက် မနည်းရုန်းကန်နေရ တယ်လို့ မခြူးခြူးဝေကဆိုပါတယ်။

မခြူးခြူးဝေဟာ အစာအိမ်၊ ကျောက်ကပ်ရောင်တာနဲ့ သွေးအားနည်းရောဂါ ခံစားနေရပေမယ့်လည်း စားဝတ်နေရေးနဲ့ အဆောင် စရိတ်အတွက် ဒီအစားသောက်ပို့တဲ့လုပ်ငန်းကိုလုပ်ရင်း ဖြေရှင်းနေရတာဖြစ်ပါတယ်။

“ လောလောဆယ် ပို့စ်တင်ပြီး အပြင်ဆိုင်တွေ၊ ပို့ပေးတာတွေလုပ်နေတယ်။ ပို့ခလည်းအဆင်ပြေသလိုပေးပါပေါ့” လို့ သူက ပြောပါတယ်။

လတ်တလောမှာ စစ်တပ်နဲ့ရဲတွေရဲ့ စစ်ဆေးမှုတွေကြောင့်လည်း အစားအသောက်ပို့တဲ့အခါ လမ်းတွေကိုရှောင်ကွင်း ပို့ရ တာတွေ လမ်းပိတ်ထားတာတွေကြောင့် အခက်အခဲတွေ ပိုလာတယ်လို့ သူကဆိုပါတယ်။

“ လမ်းတွေပိတ်ထားတာ သူတို့(စစ်သားနဲ့ရဲ)ရှိတယ်ဆိုရင်ကို သွားလို့မရဘူး။ ယောကျာ်းလေးတွေတောင်နားတဲ့အချိန်မှာ ညီမနင်းသေးတယ်။ တခုခုဖြစ်မှာတော့စိုးရိမ်တယ်။ မလုပ်မဖြစ်တော့လည်း စိတ်အရမ်းစိုးရိမ်နေ အရမ်းပင်ပန်းနေရင် လည်းမဖြစ်ဘူးလေ၊ အားပြန်တင်းပြီးအလုပ်လုပ်ရတယ်”လို့ အသက်၂၉နှစ်အရွယ် မရွှေစင်အောင်က ဆိုပါတယ်။

အသက် ၂၉နှစ်အရွယ် မရွှေစင်အောင်ဟာ မြို့ထဲမှာအဆောင်ဌားနေရင်း ၂၀၂၀ခုနှစ် မေလကစတင်တာ အလုပ်ဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအလုပ်က မရွှေစင်အောင်အတွက် အချိန်ပိုင်းလုပ်လို့ရတဲ့အပြင် သင်တန်းလည်းတက်လို့ရတဲ့အတွက် ဒီအလုပ်ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။

“ ဒီလောက်ကြမ်းကြမ်းတမ်းတမ်းတခါမှမလုပ်ဖူးဘူး။ မိသားစုအတွက်ဆိုတဲ့စိတ်ကပဲကိုယ့်ကို ခွန်အားအဖြစ်ပြောင်းပြီး လုပ်ဖြစ်သွားတာ” လို့ မရွှေစင်အောင်က ဆိုပါတယ်။

အင်တာနက်မရတဲ့အခါမှာတော့ တစ်လနီးပါးအလုပ်လက်မဲ့ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အစားသောက် ပို့ပေးပါတယ်ဆိုပြီးဖုန်းနံပါတ်နဲ့ ကြေညာလိုက်တော့မှသာ အလုပ်ပြန်ရပြီး ဝင်ငွေအနည်းငယ်ပြန်ရတယ်လို့ မရွှေစင်အောင် ကဆိုပါတယ်။

လက်ရှိမှာတော့ စစ်အာဏာသိမ်းမှုကြောင့် ဂျပန်စကားပြောနဲ့ ဆူရှီလုပ်နည်းသင်တန်းတက်ထားတဲ့ မရွှေစင်အောင်ရဲ့ စိတ်ကူးအိပ်မက်ဟာ မှေးမှိန်သွားပါပြီ။

“ နိုင်ငံရေးရော စီးပွားရေးရော အဆင်မပြေတော့ စိတ်တွေထွေပြီးတော့ စာဘက်လည်းလှည့်လို့မရတော့ဘူး။ စားဖို့ အနိုင် နိုင်ရုန်းနေရတာ။ အရင်လိုပဲအေးအေးချမ်းချမ်းနဲ့ ပွင့်လင်းမြင်သာတဲ့အနေအထားနဲ့ ကိုဗစ်လည်းပျောက်ပြီး လည်ပတ်တဲ့ အနေအထားပဲရောက်စေချင်တယ်။” လို့ သူကဆိုပါတယ်။

သူ့လိုပဲ မခြူးခြူးဝေကလည်း အရေးတော်ပုံအောင်မြင်ပြီး အင်တာနက်တွေပြန်ရကာ တိုင်းပြည်တိုးတက်ဖို့အတွက် မျှော် လင့်နေတယ်လို့လည်း ယခုလိုဆိုပါတယ်။

“ နိုင်ငံရေးတော့ နားမလည်ပေမယ့်လည်း တတ်သလောက်မှတ်သလောက်လေး သတင်းတွေလိုက်ကြည့်ပြီးတော့ ဒီမို ကရေစီလေးတော့သဘောကျတယ်။ တရားမျှတတယ်၊ အလုပ်သမားခေါင်းပုံဖြတ်မှုလည်းမရှိဘူး၊ အဂတိလိုက်စားမှု လည်းမရှိဘူး၊ ကိုယ်မကျေနပ်ရင်လည်းတိုင်လို့ရတယ်။ မုဒိမ်းမှုတို့ မတရားမှုတို့ရှိရင်လည်း သူများနိုင်ငံလို ထိထိရောက် ရောက် အရေးယူပေးနိုင်တယ် ။ အဲ့လိုဒီမိုကရေစီရတဲ့ နိုင်ငံလေးဖြစ်စေချင်တယ်။”

Related Articles