Home ဆောင်းပါး အကျပ်အတည်းတွေအောက်က စေတနာ့ဝန် ထမ်းနေကြသူများ

အကျပ်အတည်းတွေအောက်က စေတနာ့ဝန် ထမ်းနေကြသူများ

ခင်ဘုန်းမို့။ ။

မလှိုင်းနဒီကျော်တစ်ယောက် လှုမှုကွန်ရက်ကိုအသုံးပြုနေစဉ်မှာ COVID-19 စောင့်ကြပ်ကြည့်ရှုမှု အခြေအနေကို ထုတ်ပြန်တဲ့ ပိုးတွေ့လူနာစာရင်းကို တွေ့လိုက်ရတဲ့အခါမှာတော့ ထိတ်လန့်တုန်လှုပ်သွားတော့ပါတယ်။

ကိုဗစ်ရောဂါကူးစက်မှုနှုန်းဟာ ဇွန်လအကုန် ဇူလိုင်လအစပိုင်းမှာ တစ်ကျော့ပြန်မြင့်တက်လာခဲ့ပြီး ဇူလိုင်လ ၁၂ရက်နဲ့ ၁၃ ရက်အတွင်း ဓာတ်ခွဲအတည်ပြုလူနာလေးထောင်ကျော် တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ် ပြန်ထားတာပါ။

ဒီလိုအခြေအနေမျိုးမှာ အရင်ကလိုဆို မလှိုင်းနဒီကျော်တစ်ယောက် အဝတ်အစားထုပ်ပြင်ပြီး လူနာတွေကို ကူညီဖို့ Volunteer အဖြစ် ကိုဗစ်စင်တာကို ချက်ချင်းသွားမှာဖြစ်ပေမယ့် အခုအခြေအနေမှာတော့ ဒီအတွေးကိုမတွေးမိခဲ့ပါဘူး။

သူက အရင် ကိုဗစ်လှိုင်းမှာ စေတနာ့ဝန်ထမ်းအဖြစ် ကိုဗစ်စစ်တာတစ်ခုမှာ နှစ်လကျော်ကြာ လုပ်ကိုင်ခဲ့ဖူးသူပါ။ ဒါပေမယ့် စစ်ကောင်စီလက်အောက်မှာတော့ သူက လုပ်ဖို့အတွေးမရှိဘဲ နိုင်သလောက်သာ အခက်အခဲတွေ့နေသူတွေကို ကူညီ ဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိကိုဗစ် တတိယလှိုင်းမှာတော့ ပိုးတွေ့လူနာဦးရေများပြားလာပေမယ့် လူနာတွေကိုစောင့်ရှောက်ပေးမယ့် ကျန်းမာ ရေးသူရဲကောင်းတွေကတော့ အရင်ကလို အဆင်သင့်ရှိမနေနိုင်တော့ပါဘူး။

စစ်ကောင်စီဟာ CDM ပြုလုပ်တဲ့ဆရာဝန်ကြီးတွေ၊သူနာပြုတွေ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေကို ဖမ်းဆီး ထောင်ချတာတွေရှိတဲ့အပြင် ကွာရန်တင်းစင်တာတွေကိုလည်း စစ်ကောင်စီက လက်ဝါးကြီးအုပ်လိုက်တဲ့အတွက် ဆရာဝန်တွေ၊ကျန်းမာရေးဝန်တွေ၊ Volunteer တွေဟာ ဒီစင်တာတွေမှာအရင်ကလိုလုပ်အားပေးဖို့မဖြစ်နိုင်ကြတော့ပါဘူး။

စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလကတည်းကကိုဗစ်နဲ့ပတ်သက်ပြီး စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်နေတဲ့ အဖွဲ့ တွေဟာ စစ်ကောင်စီနဲ့လက်မတွဲလိုတဲ့အတွက် သူတို့ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းထားခဲ့တာပါ။

စစ်ကောင်စီဘက်ကလည်း COVID-19 တတိယလှိုင်းအတွက်လိုအပ်တဲ့ ဆရာဝန်တွေ၊ Volunteerတွေကို ကန်ထရိုက် စနစ် နဲ့ ငှားရမ်းသွားမယ်လို့ပြောဆိုထားပါတယ်။

အချို့သော စေတနာ့ဝန်ထမ်းတွေနဲ့ ကျန်းမာရေးအဝိုင်းအသိုင်းကလည်း အာဏာရှင်လက်အောက်မှာ PPE ပြန်မဝတ်ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်တွေရှိနေကြပါတယ်။ ဒီလိုဆုံးဖြတ်ချက်တွေရှိနေပေမယ့်လည်း ဆရာဝန်တွေနဲ့ စေတနာ့ဝန်ထမ်းတွေ ဟာ ကိုယ့်ပတ်ဝန်းကျင်အနီးအနားက သူတွေကို လက်လှမ်းမီသလောက် ကူညီပေးနေကြပါတယ်။

ဧရာဝတီစင်တာမှာ နှစ်လအကြာစေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့ အသက် ၂၄ နှစ်အရွယ် မလှိုင်းနဒီကျော်ဆိုရင် လည်း Volunteer အဖြစ်လုပ်ကိုင်ခဲ့တဲ့အတွေ့အကြုံတွေနဲ့ တစ်နိုင်တစ်ပိုင် အကူညီပေးနေသူပါ။

အောက်စီဂျင်လိုအပ်တဲ့ လူနာအိမ်တွေကို ကိုယ်တိုင်အောက်စီဂျင်လိုက်ပို့ပေးတာ၊ လူနာအခြေအနေနဲ့ပတ်သက်ပြီး ဖုန်းနဲ့ မေးမြန်းမှုမှန်သမျှကိုပြန်လည်ဖြေကြားပေးတာ၊ အောက်စီဂျင်ရနိုင်မယ့်နေရာတွေကို လိုက်လံချိတ်ဆက်ပေးတာ၊ ဆေးရုံ ပို့ဖို့ လိုအပ်တဲ့လူနာတွေကို ဆေးရုံပို့ပေးတာ တွေကို တစ်နိုင်တစ်ပိုင်ပြုလုပ်ပေးနေပါတယ်။

“ လူနာရဲ့ နောက်ဆုံးအချိန်မှာ ဆွေမျိုးတွေကိုတွေ့ချင်တယ်ဆိုလို့ လူနာစိတ်ချမ်းသာရအောင် ညဘက်ကြီး ဆွေမျိုးတွေ ကိုသွားခေါ်ပေးတာအထိ လုပ်ပေးဖူးတယ်”လို့ မလှိုင်းနဒီကျော်ကဆိုပါတယ်။

ဆေးရုံမလုံလောက်မှု အောက်စီဂျင်မလုံလောက်မှုကြောင့်လူနာအသက်ကို အသက်လုနေရတဲ့ အခက်အခဲတွေအပြင် ညရေးညတာသွားလာရတဲ့အခါမှာလည်း ညမထွက်ရအချိန်ဖြစ်တဲ့အတွက် အစစ်အဆေးတွေကြားထဲက ရင်တ ထိတ် ထိတ်နဲ့ သွားလာနေရတယ်လို့ သူကပြောပါတယ်။

“ သူတို့ကားတားတာကို ကိုယ်မ‌တွေ့မိလိုက်ရင် ဒါကမောင်းပြေးတယ်ထင်ပြီးပစ်ခံရမှာလေ။ မျက်စိရှင်ရှင်နဲ့ထားပြီးတော့ မောင်းရတယ်။ သူတို့ဟောက်လည်းအတတ်နိုင်ဆုံးသည်းခံပြီးတော့ပြန်ပြောရတယ်”လို့ မလှိုင်းနဒီကျော်က သူ့အတွေ့ အကြုံကို ပြောပြပါတယ်။

ညမထွက်ရအချိန်အတွင်း လူနာတင်ကားနဲ့ပရဟိတအသင်းတွေက သက်ဆိုင်ရာရပ်ကွက်ထောက်ခံစာနဲ့ သွားလာကြရ တာဖြစ်ပြီး တစ်နိုင်တစ်ပိုင်ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေအနေနဲ့တော့ ရပ်ကွက်ထောက်ခံစာမပါတဲ့အခါမှာ အခက်အခဲတွေရှိတယ်လို့ မလှိုင်းနဒီကျော်ကဆိုပါတယ်။

စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုတွေအောက်မှာ အလုပ်မလုပ်လိုကြပေမယ့်လည်း ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာတော့ စေတနာ့ဝန်ထမ်းတွေဟာ မနေနိုင်ကြတော့ပါဘူး။

မန္တလေးမှာနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် မဟေသာ (အမည်လွဲ) ကတော့ ကိုဗစ်ဒုတိယလှိုင်းတုန်းက စေတနာ့ဝန်ထမ်းလုပ်ဖူးတဲ့ အတွေ့အကြုံတွေကို ပြန်လည်ဝေမျှဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ကိုဗစ်စင်တာတွေမှာ ကူညီပေးဖို့အဆင်မပြေတဲ့အတွက် ရောဂါနဲ့ပတ်သက်ပြီး ဖုန်းနဲ့ဖြေကြားပေးတာ၊ စာနဲ့ဖြေကြားပေး တာတွေ ကူညီပေးနေပါတယ်။

“ ရောဂါနဲ့ပတ်သက်ပြီး သတင်းအမှားတွေကလည်းတက်နေတယ်။ တချို့ပြုစုနည်းတွေဆို ညီမဖတ်မိတာမှားတာတွေ လည်းရှိ တယ်။ ဘယ်လိုပဲဖြစ်ပါစေ။ သေချာလေးပြောပြပေးမယ်ဆိုပြီး fb မှာတင်လိုက်တယ်” လို့ မဟေသာကဆိုပါတယ်။

သူ့ဆီမှာ နေ့စဉ် ရောဂါနဲ့ပတ်သက်ပြီး မေးမြန်းသူ အယောက် ၄၀ နီးပါးရှိတယ်လို့သူကပြောပါတယ်။

တတ်နိုင်သလောက်ကူညီပေးနေပေမယ့်လည်း အောက်စီဂျင်မရလို့သေဆုံးသွားသူတွေ ဆေးရုံမရောက်ဘဲ သေဆုံးသွား သူတွေတွေ့တဲ့အခါ ယူကြုံးမရဖြစ်မိတယ်လို့ မဟေသာကပြောပါတယ်။

“ အရင်ကဆို စင်တာတွေမှာအောက်စီဂျင်ဆိုလည်း ပေါပေါသီသီရတာတွေ။ အခုကတော့ အဲ့လိုဖြစ်နေတော့စိတ်မကောင်း ဘူး။ ကိုယ်တိုင်လည်းသွားမလုပ်ပေးနိုင်ဘူး။ ဒီလူနာက စင်တာမှာသာ သေသေချာချာကုသပေးနိုင်ရင်ပြန်ကောင်းနိုင်တဲ့ လူနာတွေရှိတယ်”လို့ သူ့အတွေအကြုံကိုပြောပြပါတယ်။

စေတနာ့ဝန်ထမ်းတွေနည်းတူ ပရဟိတအသင်းအဖွဲ့တွေလည်း ကိုဗစ်တတိယလှိုင်းမှာ အကျပ်အတည်းတွေနဲ့ရင်ဆိုင် နေကြရပါတယ်။

စေတနာဝန်ထမ်းလုံလောက်မှုမရှိတာ၊ လိုအပ်တဲ့ပစ္စည်းကိရိယာတွေ၊ လူနာတင်ကားတွေ မလုံလောက်တဲ့ အခက်အခဲတွေ ရှိတယ်လို့ ရန်ကုန်က ပရဟိတအသင်းတစ်ခုရဲ့ ဥက္ကဌတစ်ဦးဖြစ်သူ ဒေါ်တင်တင်(အမည်လွဲ)ကပြောပါတယ်။

“ရှိတဲ့ဟာတွေနဲ့ပြည်သူတွေကိုအသက်ကယ်ပေးနေတာပါ။ လူနာအရမ်းများတယ်။ အမတို့ရဲ့စေတနာ့ဝန်ထမ်း အရမ်းနည်း တယ်။နေ့တိုင်းဖြစ်လာတဲ့အတွက်နားရက်မရှိဘူး။ အရမ်းပင်ပန်းကြတယ်”လို့ ပရဟိတလုပ်ငန်းကိုနှစ် ၂၀ ကျော်လုပ်ကိုင် လာ တဲ့ ဒေါ်တင်တင်ကဆိုပါတယ်။

ကိုဗစ်ပထမလှိုင်းမှာ ကာကွယ်ထိန်းချုပ်ရေးနိုင်နင်းခဲ့တဲ့အပြင် ဒုတိယလှိုင်းမှာလည်း ဆေးရုံဆေးခန်းနဲ့ ကွာရန်တင်း စင်တာတွေ အလုံအလောက်ရှိတဲ့အတွက်ပရဟိတ အသင်းတွေအနေနဲ့ အခုလောက်ဝန်မပိခဲ့ပါဘူး။

အခုတတိယလှိုင်းမှာတော့ လူနာအင်အားနဲ့ ဆရာဝန်အင်အားမမျှတာ၊ အစိုးရဆေးရုံတွေမှာ လူနာပြည့်နေတာ၊ အပြင် ဆေးရုံတွေက လူနာလက်မခံတာ စတဲ့ အခက်အခဲတွေရှိနေတယ်လို့ ဒေါ်တင်တင်ကဖွင့်ဟပါတယ်။

“ လူနာတွေ အရေးပေါ်ဖြစ်လာတဲ့အနေအထားမှာလည်း အသက်မကယ်နိုင်ဘူး။ အသက်မကယ်နိုင်တဲ့အတွက် ဆေးရုံ ဆေးခန်းမရောက်ဘဲနဲ့သေဆုံးသွားနိုင်တယ်။ ကားပေါ်မှာလည်းသေနိုင်တယ်။ အိမ်ထဲမှာလည်းလုပ်ရင်းကိုင်ရင်းသေနိုင် တယ်။ အဲ့အခက်အခဲတွေရှိတယ် ”လို့သူကဆိုပါတယ်။

ဒီလိုအခက်အခဲတွေအပြင် ညဘက်တွေသွားလာရတဲ့အခါမှာလည်း စိတ်လုံခြုံမှုမရှိဘူးလို့ ဒေါ်တင်တင်ကဆိုပါတယ်။ လူနာအရေးပေါ်ဖြစ်လို့ ညဘက်သွားလာရတဲ့အခါမှာတော့ ယာဉ်မောင်းအမည် ၊ကားနံပါတ်စတာတွေသက်ဆိုင်ရာ အဖွဲ့ အစည်းတွေကို အကြောင်းကြားပြီးသွားလာရတယ်လို့ဆိုတယ်။

“ စိတ်ပိုင်းဆိုင်ရာကတော့ စိုးရိမ်တယ်။ကားလုံခြုံရေး လူတွေရဲ့လုံခြုံရေးပတ်ဝန်းကျင်လုံခြုံရေး အားလုံးသတိထား ရ တယ်။ လိုတဲ့သူလည်းရှိတယ် မလိုတဲ့သူလည်းရှိတယ်။ ပြောလို့မရဘူးပေါ့၊ လုပ်နေကိုင်နေရင်း ဘယ်ဘက်ကနေဘယ်လို လာမလဲ မမြင်ရဘူး”လို့ အသက် ၄၆ နှစ်အရွယ်ဒေါ်တင်တင်က ဖွင့်ဟပါတယ်။

ဒေါ်တင်တင်လိုပဲ ပရဟိတအဖွဲ့တစ်ခုကိုဦးစီးနေတဲ့ ဒေါ်စိုးစိုး(အမည်လွဲ)ကလည်း ကိုဗစ်တတိယလှိုင်းမှာ သူတို့ပရဟိတ အဖွဲ့တွေနဲ့ ရုန်းကန်နေရတယ်လို့ဆိုပါတယ်။

ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ပြင်ပအလှူရှင်တွေပေါများတဲ့အတွက် အဖွဲ့အတွက်လိုအပ်တဲ့ ပစ္စည်းတွေပြည့်စုံခဲ့ပေ မယ့် အခုအခါမှာတော့ ကိုယ်ထူကိုယ်ထလည်ပတ်နေရပါတယ်။

“ အရင်တုန်းကလူတွေလည်းစီးပွားရေး မကျပ်တည်းကြတဲ့အခါကျတော့ လုပ်ငန်းတွေကအဆင်ပြေကြတဲ့အတွက် PPE တွေ Mark တွေလိုအပ်ရင်လည်းလာထောက်ပံ့ကြတယ်။ အခုက မလှူနိုင်ကြဘူး။ ကျပ်တည်းကြတော့အလှူမခံရဲလောက် အောင်ဖြစ်နေတယ်။ ရောဂါအကူးခံပြီးလုပ်နေရတဲ့သဘော”လို့ ဒေါ်စိုးစိုးကဖွင့်ဟပါတယ်။

ဒေါ်စိုးစိုးတို့အသင်းအနေနဲ့ နိုင်သလောက်ဝန်ကိုထမ်းနေပေမယ့် ဆေးရုံမလုံလောက်တာ၊ ကွာရန်တင်းစင်တာတွေ မလုံ လောက်တာကြောင့် လူနာတိုင်းရဲ့ အသက်ကိုကယ်ဖို့ မကူပေးနိုင်ဘူးဖြစ်နေပါတယ်။

“ အခုကစိတ်ပိုပင်ပန်းတယ်။ ဘာကြောင့်ပိုပင်ပန်းတာလဲဆိုတော့ လူတိုင်းကိုမကယ်နိုင်တော့ဘူး။ အရင်တုန်းကဆို စောင့်ရှောက်မှုကလည်းအားကောင်းတယ်လေ။ အခုကျအောက်စီဂျင်ကျတဲ့လူနာ ဆေးရုံသွားလည်း ကုတင်မရှိလို့ အိမ် ပြန်လာတယ်၊ လမ်းပေါ်မှာပဲဆုံးသွားတယ် ဒါမျိုးတွေကြုံနေရတယ်”လို့ဒေါ်စိုးစိုးကသူ့အတွေ့အကြုံကိုပြောပါတယ်။

ညမထွက်ရအချိန်တွေမှာ လူနာတင်ယာဉ်သွားလာဖို့အတွက်သက်ဆိုင်ရာတွေကို ခွင့်တောင်းရတာ၊ အစစ်အဆေးခံရတာ တွေလည်းကြုံတွေ့ရတယ်လို့ဆိုပါတယ်။

“ ညဘက်ဆိုလည်းအောက်စီဂျင်သွားဖြည့်နေရတယ်၊ အဲ့လိုအချိန်မျိုးမှာ တစုံတခုမပေါ်ပေါက်ဘူးဖို့မမြင်နိုင်ဘူးလေ။ အန္တရာယ်ဆိုတာက လုပ်နေတဲ့အတိုင်းအတာမှာ လိုတဲ့သူရှိတယ်။ မလိုတဲ့သူရှိတယ်။ အဲ့ဒါတွေအတွက်လည်း ကြောက်ရ တာတွေရှိတယ်”လို့ စိုးရိမ်စွာပြောပါတယ်။

ဒီလိုအခက်အခဲတွေရှိနေပေမယ့်လည်း ပရဟိတအဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ သူတို့တတ်အားသမျှ ပြည်သူ တွေကို ကူညီပေးနေကြပါတယ်။ ကူညီပေးတဲ့နေရာမှာလည်း စစ်ကောင်စီရဲ့ အန္တရာယ်ကို စိုးရိမ်နေရပါသေးတယ်။

ပြီးခဲ့တဲ့ မတ်လကဆိုရင် စစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေကိုကူညီဖို့လာရောက်တဲ့ ပရဟိအဖွဲ့ က အသင်းသားတွေကိုရိုက်နှက်တာတွေပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်နာရေးကူညီမှုအသင်းရုံးကို ဝင်ရောက်ပြီး အကြမ်းဖက်ဖျက်စီးမှုတွေပြုလုပ်ခဲ့တာတွေကြောင့်ပါ။

ဒါကြောင့် စေတနာ့ဝန်ထမ်းနဲ့ ပရဟိတသမားတွေဟာ လူနာကယ်တဲ့အလုပ်ကိုတောင်စိုးတထိတ်ထိတ်နဲ့ လုပ်နေကြရတဲ့ အခြေအနေဖြစ်နေပါတော့တယ်။

မလှိုင်းနဒီကျော်ကတော့ လူနာတွေကို ကူညီတဲ့အခါ ဖမ်းဆီးစစ်ဆေးခံရမယ့်အခြေအနေနဲ့ပတ်သက်ပြီး ယခုလိုဆိုတယ်။

“ သူတို့ခေါ်ပြီး စစ်မယ်ဆိုရင်တောင်လုပ်ခဲ့တဲ့ အလုပ်တွေအတိုင်း ပြောမယ်။ ပြည်သူကို တစ်ဖက်တစ်လမ်းကကူညီနေတဲ့ အတွက်လိပ်ပြာလည်းသန့်တယ်။လိပ်ပြာလည်းလုံတယ်”

Related Articles