Home မေးမြန်းခန်း စစ်ကောင်စီက ကျောင်းများပြန်ဖွင့်မည်ဆိုသည့်အပေါ် မိဘများ၏အမြင်

စစ်ကောင်စီက ကျောင်းများပြန်ဖွင့်မည်ဆိုသည့်အပေါ် မိဘများ၏အမြင်

Honest Information (HI)
ပြည်သူက ဒီမိုကရေစီနဲ့အညီ စနစ်တကျရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို စစ်ကောင်စီက လက်နက် အားကိုးနဲ့ မတရားအနိုင်ကျင့် အာဏာသိမ်းယူခဲ့တာဟာ အခုဆိုအချိန်အားဖြင့် သုံးလကြာမြင့်ခဲ့ပါပြီ။ ပြည်သူလူထု ကလည်း နည်းမျိုးစုံနဲ့ဆန့်ကျင်ဆန္ဒပြနေဆဲပါ။

ထိုထဲမှာ ကျန်းမာရေး ဝန်ထမ်းတွေ ၊ ပညာရေးဝန်ထမ်းတွေ၊ ဘဏ်ဝန်ထမ်းနဲ့ အခြားဌာနဆိုင်ရာတွေဟာ အကြမ်းမဖက် အာဏာဖီဆန်တဲ့ (CDM) လူပ်ရှားမှုတွေလည်း ပြုလုပ်နေကြပါတယ်။ စစ်ကောင်စီကလည်း ထိုလှုပ်ရှားမှုတွေကို ရပ်တန့် အောင် နည်းမျိုးစုံနဲ့ဖိနှိပ်နေကြပါတယ်။ ဝန်ထမ်းတွေကို အလုပ်ပြန်ဆင်းအောင်လည်း ဖိအားနေကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့မှာတော့ စစ်ကောင်စီက ပညာရေးဌာနက CDM ဝင်နေကြတဲ့ ဆရာ၊ ဆရာမတွေကို မေလ ၃ရက်နေ့ နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်ဝင်ကြဖို့ ညွှန်ကြားချက်ထုတ်ပြန်လိုက်ပြီး ပြန်ဝင်ရောက်မယ့် ဆရာ၊ ဆရာမ တွေကိုလည်း အရေးယူတာတွေ မလုပ်ဘူးဆိုပြီး ထုတ်ပြန်ထားပါတယ်။

ဒီလိုဆရာမတွေနဲ့ဝန်ထမ်းတွေက ကျောင်းကိုပြန်လည်ဝင်ရောက်လာတဲ့အခါ ရှိတဲ့ဆရာ၊ ဆရာမဝန်ထမ်းတွေနဲ့ ကျောင်း အပ်လက်ခံတာတွေကို လုပ်ဆောင်ခိုင်းပြီး ကျောင်းတွေကို ရှိတဲ့ကျောင်းသားအင်အားနဲ့ ပြန်ဖွင့်မယ်လို့လည်း ကြားသိနေရပါတယ်။

ဒါကြောင့် စစ်ကောင်စီက ဖွင့်လှစ်မယ့်ကျောင်းတွေမှာ ကျောင်းသားမိဘတွေက မိမိတို့ကလေးတွေကို ကျောင်းအပ်ဖို့ အစီ အစဉ်ရှိ၊ မရှိနဲ့ပတ်သက်ပြီး HI က ကျောင်းသားမိဘတွေကို မေးမြန်းထားတာတွေကို ကောက်နုတ်ဖော်ပြပေးလိုက်ပါ တယ်။

ဒေါ်အေးအေး (အမည်လွှဲ) ၊ အလယ်တန်းပြကျောင်းဆရာမ
“ အစ်မက သားသားကို ဒီနှစ်တော့ လုံးဝကျောင်းမအပ်တော့ဘူး၊ ပြီးတော့အစ်မတို့က မီတာလည်း မဆောင်ဘူး၊ အစ်မ ကိုယ်တိုင်လည်း လုံးဝကျောင်းမသွားဘူး။ စစ်ကောင်စီကို ထောက်ခံအားပေးမှာ ဘာတစ်ခုမှကို လုံးဝမလုပ်ပါဘူး။

အစ်မတို့ကျောင်းက ထက်လယ်မူပြ (အထက်တန်း၊အလယ်တန်း၊မူလတန်း) ဆရာမတွေရော၊ တခြားဝန်ထမ်းတွေရော တစ်ယောက်မှ အစ်မတို့က CDM မဖျက်ဘူး။ အစ်မတို့ကိုလည်း ၅ရက်နေ့ ကျောင်းပြန်လာဖို့စာထုတ်ထားတယ်လေ။ အစ်မတို့တော့လုံးဝမသွားဘူး။ သားသားကိုလည်း အစ်မတို့ကျောင်းမှာပဲထားတာဆိုတော့ ဒီနှစ်ကျောင်းမအပ်ဘူး။

အစ်မတို့ဆရာမတွေတောင် ဘာလုံခြုံမှုရှိလို့ ကျောင်းသွားရမလဲ။ အခုသူတို့က CDM တွေပြန်လာရင် ခံဝန်ထိုးရမယ် ပြောတယ်။ နောက်မလုပ်ပါဘူးပေါ့။ အဲ့တော့အစ်မတို့လို ဆရာမတွေတောင် စိတ်မချနေရတဲ့အခြေနေမှာ ကလေးတွေကရော လုံခြုံပါ့မလား။ သားသားတို့ကို သူတို့စစ်သားတွေက ကျောင်းသွားကျောင်းပြန် လမ်းမှာအန္တရာယ်မပေးဘူးပြောနိုင်မလား။ စိတ်ပူနေရမယ့်တူတူ အစ်မရော၊ သားသားရော အိမ်မှာပဲနေတော့မယ်။

သားသားတို့ကျတော့ အရမ်းငယ်သေးတော့ သိပ်နားမလည်တော့ ကျောင်းသွားချင်တယ်လို့ တခါတလေပြောတာပေါ့။ အစ်မကိုလည်း မေမေကျောင်းမသွားဘူးလား ခဏခဏမေးတယ်။ သားသားက အဖော်လည်းမင်တတ်တော့ ကျောင်းသွား ချင်တာပေါ့။ အစ်မကတော့ သားသားအသက်ကြီးလာပြီးအတန်းက နောက်ကျတော့ စိတ်မကောင်းဘူးပေါ့။”

ဦးမောင်မောင် (ကျောင်းသားမိဘတစ်ဦး) ၊ လှိုင်သာယာမြို့နယ်
“ ကျွန်တော်ကတော့ ရှင်းရှင်းပဲပြောချင်ပါတယ်။ စစ်ကောင်စီကပြုလုပ်မယ့် ပညာရေးကို အယုံအကြည်မရှိလို့ပါပဲ။ ပြီးတော့ ကျွန်တော်က အဲဒီပညာရေးမှာ သင်ပြီး ကြီးပြင်းလာခဲ့ရတာပါ။ ဘာမှအသုံးမကျခဲ့သလို ဘာမှလည်းမတတ်ခဲ့ပါဘူး။ ကျွန်တော်ဆို WYTU မှာ ၂၀၁၃ လောက်က BE.EP ဘွဲ့ရခဲ့တာပါ။ ကျွန်တော်တို့ ဘာမှထူးခြားပြီး တတ်မြောက်လာ တာ ဘာမှမရှိပါ။ ဒါပေမယ့် အခုလွန်ခဲ့တဲ့နှစ်တွေက ပြင်ထားတဲ့ သင်ရိုးညွှန်းတမ်းတွေကို သဘောကျပါတယ်။ အားလုံး ဆရာ/မတွေ ကြိုးကြိုးစားစား ပြင်ဆင်နေတာပါ။ ဒါကို အခုလိုရာဆွဲသုံးမယ့် စစ်အာဏာရှင်ကိုတော့ လုံးဝအယုံအကြည်မရှိ ။ အဲတော့ ကိုယ့်သားသမီးရဲ့ပညာရေးကို စတေးမခံနိုင်ပါဘူး။

ပြီးတော့ COVID-19 က အခု ပိုပြီးပြင်းထန်လာပါပြီ။ အိန္ဒိယအပါအဝင် အိမ်နီးနားချင်းနိုင်ငံတွေမှာ ကျောင်းတွေ ပြန်ပိတ် နေပါပြီ။ ဒီအချိန် ကျောင်းသား/သူတွေ ကျောင်းတက်ခြင်းက ကောင်းကျိုးမရဘဲ ဆိုးကျိုးသာဖြစ်စေမှာပါ။ တစ်နှစ်အောက် ထားမယ့်အချိန်မှာသားသမီးတွေရဲ့ ပညာရေးအတွက်ကတော့ Quality မှီတဲ့ Teacher တွေ Guide တွေ အကူအညီနဲ့ပဲ Train in Home (အိမ်မှာသင်ကြားရေး) ကို လုပ်ဆောင်သွားမှာပါ။

မိဘပြည်သူတွေလည်း ကျွန်တော့်လို မိဘတွေထဲကတစ်ယောက်ပါပဲ။ တစ်နှစ်အောက်လိုက်လို့ သားသမီးရဲ့ ဘဝမပျက် သွားပါဘူး။ ကျွန်တော်တို့လိုချင်တာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ပညာရေးမျိုးပါ။ နိုင်ငံတကာကခေါ်နေတဲ့ အစည်း အဝေးတွေမှာ စကားပြန်မလိုတဲ့ ပညာရေးစနစ်ပါ။ အခု နိုင်ငံတကာအစည်းအဝေးတွေမှာကြည့်ပါ ၊ သိပ်ရှက်စရာကောင်း ပါတယ်။ တိုင်းပြည်ရဲ့အခြေအနေကို နားလည်ကြပါ။ နောက်ဆုံးတစ်ခေါက် အပြီးတိုင် တွန်းလှန်ကြဖို့ မေတ္တာရပ်ခံပါတယ်။”

ဦးဘ (ကျောင်းသားမိဘတစ်ဦး) ၊ မန္တလေးတိုင်း
“ ကျောင်းအပ်ဖို့တော့ အစီအစဉ်မရှိသေးပါဘူး။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ၊ အချိန်မရွေး လူထုအုံကြွမှုတွေ ဖြစ်ပေါ်လာ နိုင်တာကြောင့်ပါ။ နောက်ပြီး အာဏာသိမ်းစစ်ကောင်စီကလည်း မယုံကြည်ရဘူးလေ။

ပျော်ပျော်ပါးပါး ကျောင်းတဲ့နေရမယ့်အချိန်မှာ ကလေးက အိမ်တွင်းအောင်းနေရတယ်လေ။ အတန်းပညာပြီးမြောက်တော့လည်း လုပ်ငန်းခွင်စောမဝင်နိုင်တော့ ငွေကြေးဆုံးရှုံးရတာပေါ့။

ကလေးအတွက်ပညာရေးကတော့ Online Class တွေကိုထားပေးပါ့မယ်။ ကိုယ်တတ်နိုင်သလောက် အိမ်မှာသင်ကြားပေး သွားမှာပါ။ မူလတန်း၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူမိဘများ ကျောင်းမအပ်ကြပါနဲ့လို့ ပြောချင်ပါတယ်။ အကြောင်း တစုံတရာပေါ်ပေါက်ခဲ့ရင်၊ ကလေးအန္တရာယ် ကင်းအောင်လို့ပါ။”

ဒေါ်ခင်ခင် (ကျောင်းသားမိဘတစ်ဦး) ၊ မန္တလေးတိုင်း
“ ကျောင်းထားဖို့ အစီအစဉ်မရှိပါဘူးရှင်၊ လက်ရှိ စစ်ကောင်စီကိုမယုံလို့ကို ကျောင်းမထားမှာပါ။ ဘယ်လိုစိုးရိမ်မှုမှမရှိဘူး။ ဒီစာသင်နှစ်ကို ကလေးကို ပေးတက်လိုက်ရရင်သာ ကလေးအတွက်စိုးရိမ်နေရမှာပါ။

အချိန်ကတော့ အစားထိုးလို့မရဘူးဆိုမယ့် ဒီစစ်ကောင်စီရဲ့ ပညာရေးကိုသာ ခွင့်ပြုပေးလိုက်မယ်ဆိုရင် ကျွန်မတို့နိုင်ငံမှာ ကျွန်မတို့ခေတ်တုန်းကထက် ပညာမတတ်တဲ့သူ ပိုများလာမယ်၊ ပညာမတတ်တဲ့ဦးရေများလာရင် နိုင်ငံက အဘက်ဘက် ကနေ အခုထက်ပိုဆုတ်ယုတ်လာဖို့ပဲ ရှိတယ်။

စစ်ကောင်စီက ပေးမယ့်ပညာရေးမျိုးထက် ဒီအရေးတော်ပုံမှာ အထောက်အပံ့ အများကြီးပေးနေတဲ့ သူရဲကောင်း CDM ဆရာ/ဆရာမတွေပေးမယ့် ပညာရေးစစ်စစ်ကိုသာ အလိုရှိပါတယ်။ ကျွန်မတို့အပေါ်မှာ အကောင်းဆုံး လမ်းပြပေးနိုင်တဲ့ ခေါင်းဆောင်ရဲ့ လမ်းပြမှုအောက်မှာရှိတဲ့ သူရဲကောင်းဆရာ/ဆရာမတွေ ပြန်လည်သင်ကြားပေးနိုင်မယ့် နေ့မျိုးရောက်မှ ကျွန်မကလေးရဲ့ပညာရေးကို ပြန်စဉ်းစားပါမယ်။

အခု ကျွန်မသတင်းကြားရသလောက် အခြေခံမူလတန်းအဆင့်အနေနဲ့တောင် ကျောင်းအပ်ခ သောင်းဂဏန်းပေးသွင်း ရမယ်လို့ကြားနေရပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ ယုတ်မာတဲ့အကြံဆိုးလို့ ယူဆပါတယ်။ ကျွန်မတို့နိုင်ငံမှာ ပညာတတ် ဦးရေနည်းသွားအောင် အကြံဆိုးနဲ့ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တယ်လို့ပဲ ထင်ပါတယ်။ ဒီတစ်နှစ်ကျောင်းမတက်ရလို့ ကလေးအနေနဲ့ ဘာမှမထိခိုက်နိုင်ဘူးလို့ ထင်ပါတယ်။ စစ်ကောင်စီရဲ့ သတ်မှတ်တဲ့ ငွေကြေးနဲ့ ကျောင်းတက်ခွင့်ပေးလိုက်မှသာ သူတို့ရဲ့ ယုတ်မာမှုကို အထောက်အပံ့ပေးလိုက်သလိုဖြစ်မှာပါ။ အဲ့လိုအဖြစ်မျိုး လုံးဝအဖြစ်ခံလို့ မဖြစ်ပါဘူး။”

ဒေါ်မြမြ (မိဘတစ်ဦး) ၊ စမ်းချောင်းမြို့နယ်
“ ကျောင်းကတော့ ပြန်ဖွင့်လည်း သွားမအပ်တော့ပါဘူး။ ဒီလောက်အာဏာသိမ်းပြီး သေနတ်အားကိုးနဲ့ အနိုင်ကျင့်နေတာရော၊ ဒီလောက်လူတွေအများကြီး အသတ်ခံထားရတာရော ဘယ်လိုစိတ်နဲ့ ကျောင်းပို့ဖို့ တွေးနိုင်ပါ့မလဲ။ ကိုယ်တိုင်လည်း စိတ်မသန့်ဘူး၊ သမီးကိုလည်း စိတ်မချတော့ ကျောင်းတစ်နှစ်နားဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။

ဆရာမတွေလည်း CDM လုပ်ကြတယ်၊ ဆရာဝန်တွေရော၊ ပြီးတော့ မီးရထားဝန်ထမ်းတွေဆို လိုင်းခန်းကနေတောင် ဆင်းပြီး ရတဲ့နည်းနဲ့ သူတို့အုပ်ချုပ် မခံနေတာလေ။ ကျွန်မတို့လည်း ကြပ်တည်းနေတဲ့ကြားက အခုဆို သမီးအဖေရော၊ ကျွန်မရော CDM လုပ်ပြီး ကုမ္ပဏီမသွားဘူး။ အာဏာရှင်ကို ကိုယ့်အစိုးရလို့ကို မခံယူတာ၊ ဘာလို့သမီးကို သူတို့လက် အောက်မှာ ကျောင်းထားရမှာလဲ။ လုံးဝမထားနိုင်ဘူး။

အပြင်မှာ ဒီလောက်ရက်ရက်စက်စက် သတ်နေတာ၊ အခုသမီးကို ကျောင်းပို့လိုက်တယ် ထားဦး၊ ကျောင်းမှာ ကလေးတွေကို အနိုင်လာကျင့်တာမျိုး မရှိဘူး ပြောနိုင်မလား။ သမီးကို အသက်နဲ့ရင်းပြီးတော့ ကျောင်းထားတာလည်း မလုပ်ဘူး။ သူတို့ဆီမှာလည်း ကျောင်းမထားနိုင်ဘူး။

အခုက ကျောင်းမထားဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ သမီးကိုတော့ ပညာရေးနဲ့အဆက်မပြတ်အောင် ကျွန်မနဲ့သမီးအဖေနဲ့ နိုင်သလောက် ဖတ်စာအုပ်တွေနဲ့သင်ပေးမယ်။ ပြီးတော့ အင်္ဂလိပ် Speaking အတွက် အွန်လိုင်းကနေ ရသလောက် ကျွန်မရော၊ သမီးရော အိမ်မှာပဲ တူတူသင်မယ်။”

Related Articles