Home ဆောင်းပါး ဆေးဝါး ပြတ်လပ်မှုဒဏ် ခါးစည်းခံရတဲ့ ပြည်သူတွေရဲ့ ဒုက္ခ

ဆေးဝါး ပြတ်လပ်မှုဒဏ် ခါးစည်းခံရတဲ့ ပြည်သူတွေရဲ့ ဒုက္ခ

ဒေဝီ

ပန်းနာရင်ကျပ် ဝေဒနာ ခံစားနေရတဲ့ သားဖြစ်သူအတွက် မထူးထူး တစ်ယောက် Ventolin ဆိုတဲ့ ပန်းနာရင်ကျပ်ရှူဆေးကို ရန်ကုန်မြို့ထဲက ဆေးဆိုင်တော်တော်များများမှာ ခက်ခက်ခဲခဲ လိုက်လံ ရှာဖွေ ဝယ်ယူ နေရပါတယ်။

အဲဒီလို လှည့်ပတ်ရှာရင်း ရှားရှားပါးပါး ရခဲ့ပြန်တော့လည်း အိမ်ပြန်ရောက်တဲ့အခါ ရှိပြီးသား ဆေးဘူး အဟောင်းနဲ့ စာလုံးပုံစံ မတူတာကြောင့် သူအရင် စမ်းရှူကြည့်လိုက်တဲ့အခါ အရက်ပြန်အနံ့လို စူးရှရှ အနံ့တစ်ခု ရတာကြောင့် ဆေးအတုလားလို့ သံသယ ဖြစ်ခဲ့ပါတယ်။

ဒါနဲ့ ဆေးဘူးကို အွန်လိုင်းပေါ် တင်ပြီး လူမှုကွန်ရက် မီဒီယာပေါ်မှာ မေးမြန်းကြည့်တဲ့အခါ ဒီဆေးက မူရင်းဆေး မဟုတ်ဘဲ အခြားနိုင်ငံတစ်ခု တင်သွင်းလာတဲ့ ဆေးလိုလို၊ အောက်လမ်းက လာတဲ့ ဆေးလိုလို အဖြေ ရတာကြောင့် မသုံးမပြုတော့ဘဲ ဆေးဘယ်က ထပ်ရှာရမလဲလို့ ပူပန်ပြန်ရပါတယ်။

ဒါပေမဲ့ သူ့ရဲ့ သားလို ပန်းနာရင်ကျပ် ရှူဆေး သုံးစွဲနေရတဲ့ ကလေးတစ်ဦးရဲ့ မိခင်က ဆေးတစ်ဘူး ပြန်မျှတာကြောင့် သားဖြစ်သူရဲ့ ဝေဒနာအတွက် လတ်တလော အဆင်ပြေသွားခဲ့တယ်လို့ မထူးထူးက လွန်ခဲ့တဲ့ သုံးပတ်က ကြုံခဲ့ရတဲ့ ဆေးဝယ်ရတဲ့ ဖြစ်စဉ်ကို ပြန်ပြောပြပါတယ်။

မထူးထူးကတော့ ရန်ကင်းမြို့မှာ နေထိုင်တဲ့ ကလေးမိခင်တစ်ဦးဖြစ်ပြီး ပြည်တွင်းမှာ ဆေးဝါးအချို့ ဝယ်မရအောင် ပြတ်လပ်တဲ့ အခြေအနေ စကြုံနေရပြီလို့ သူက ဆိုပါတယ်။

စျေးကွက်ထဲမှာ ပြည်ပကနေ မှီခိုအားထားနေရတဲ့ ဆေးဝါး အများစု ပစ္စည်းပြတ်တဲ့အခါ ပုံမှန်သုံးစွဲနေရတဲ့ နာတာရှည်‌ ဝေဒနာသည်တွေ အခက်အခဲ ဖြစ်နေရပါတယ်။ 
  • ဆေးဝါး ပြတ်လပ်မှုက ရေရှည်မှာ ခက်ခဲနိုင်

ပုံမှန်သုံးနေကျ ဆေးဝါးတွေပြတ်လပ်ပြီး အရေးပေါ်လိုတဲ့အချိန်မှာ မိခင်အချင်းချင်း ပြန်လည် မျှဝေတဲ့အတွက် လတ်တလော အဆင်ပြေသွားပေမယ့် ကုန်သွားတဲ့အခါ စျေးကွက်မှာ ပစ္စည်း ပြတ်လပ်နေဆဲပဲဆိုရင် ဘယ်လိုလုပ်ရမလဲ မသိဘူးလို့ မထူးထူးက ညည်းတွားပါတယ်။

 “ဆေးက အခုလည်း မရသေးဘူးလို့ ပြောတယ်။ တခြားထက် ဒါက ပါးစပ်နဲ့ နှာခေါင်းကနေ တိုက်ရိုက် ရှူသွင်းရတော့ တခြားဟာ ပြောင်းသုံးရင် အာနိသင် အပြည့်အဝ ရပါ့မလား စိုးရိမ်လို့ ဒါကိုပဲ လိုက်ရှာနေတုန်း။ ဘာလို့အကြာကြီး ပြတ်နေလဲ မသိဘူး။”လို့  မထူးထူးက ပြောပါတယ်။

စျေးကွက်ထဲမှာ ဆေးဝါးအချို့ ပြတ်လပ်မှု ပြန်လည် ကြုံနေရပြီး ပြည်ပကနေ မှီခိုအားထားနေရတဲ့ ဆေးဝါး အများစု ပစ္စည်းပြတ်တဲ့အခါ ပုံမှန်သုံးစွဲနေရတဲ့ နာတာရှည်‌ ဝေဒနာသည်တွေ အခက်အခဲ ဖြစ်ရပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုအတွက် အဓိကကျတဲ့ ဆေးဝါးကုန်စည် မြင့်တက်မှုက နေ့စဉ်လူနေမှုဘဝကို တိုက်ရိုက် သက်ရောက်မှုရှိပြီး အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ အခြေခံလူတန်းစားတွေအတွက် အကြီးမားဆုံး ထိခိုက်မှုတစ်ခု ဖြစ်လို့ နေပါတယ်။

လတ်တလောမှာ ကလေးတွေ အသုံးပြုတဲ့ ပန်းနာရင်ကျပ်ရှုဆေး၊ နှာခေါင်းဖြန်းတဲ့ ဆေးနဲ့ ကိုယ်ခံအားကောင်းဖို့ သောက်ရတဲ့ ဖြည့်စွက်အားဆေးတွေ အပါအဝင် ကလေးဆေးဝါးတချို့ ပြတ်တောက်နေတာကြောင့် ကလေး မိခင်တော်တော်များများ ဒုက္ခရောက်ရတယ်လို့ မထူးထူးက ပြောပါတယ်။

 “ဒီဆေး (Ventolin) ကို လိုက်ရှာတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ ကလေး အမေတွေ တော်တော် များများပဲ။ ပြတ်နေတာက ၂ လလောက် ရှိပြီ။ တချို့ကလည်း ဒီဟာမရတော့ အရင်က အရည်အသွေး သိပ်မကောင်းလို့ အသုံးမများတဲ့ ရင်ကျပ်ရှူဆေးတွေကို ပြန်သုံးလာကြတယ်။”လို့ မထူးထူးက ပြောတယ်။

မထူးထူးဆိုရင်လည်း မကြာခဏ နေမကောင်းတတ်တဲ့ သားဖြစ်သူအတွက် လိုအပ်တဲ့ ဆေးဝါးတွေ မဖြစ်မနေ ဝယ်ယူရတာကြောင့် ဆေးတွေ ပြတ်လပ်တဲ့အခါတိုင်း စိတ်ဒုက္ခရောက်ရတယ်။

ပြီးခဲ့တဲ့တခေါက် ဆေးတွေ ပြတ်လပ်ချိန်ကလည်း ဘိုင်အိုဂျက်ဆစ်လို အိမ်သုံးဆေးဝါးတောင် ဝယ်ရခက်တဲ့ အထိ ဖြစ်ခဲ့တာကြောင့် ဆေးဝါးတွေ ကြိုတင်စုဆောင်းဖို့ အသိရှိခဲ့ပါတယ်။ ဒါပေမယ့် စျေးနှုန်း မများတဲ့ အဖျားပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးတို့လို့ အိမ်သုံးဆေးဝါးအချို့ကို ကြိုတင် ဝယ်ယူထားပေမယ့် စျေးနှုန်း ကြီးတဲ့ ဆေးတွေကိုတော့ ကြိုတင် စုဆောင်းဖို့ အဆင်မပြေဘူးလို့ ဆိုတယ်။

 “ဒီရင်ကျပ်ရောဂါအတွက် ရှူရတဲ့ဆေးနှစ်မျိုးက ၆ သောင်းလောက် ကျတယ်။ တစ်ဘူး ဝယ်ပြီး နောက်တစ်ဘူး အပို မဝယ်ထားနိုင်ဘူး။ ဒါတောင် နောက်ပိုင်း အိမ်သုံးစရိတ်ထက် ဆေးဖိုးကို ဦးစားပေးပြီး ဖယ်ရတာ။”လို့ မထူးထူးက ဆက်ပြောပါတယ်။

ဆေးဝါးပြတ်လပ်မှုကြောင့် အခက်အခဲဖြစ်နေသူက သူတစ်ဦးတည်းတော့ မဟုတ်ပါဘူး။ ရေရှည် သုံးစွဲရတဲ့ ဆေးတချို့ ပြတ်လပ်တာဆီးချိုသမားတွေ သုံးရတဲ့ အင်ဆူလင်ထိုးဆေး ပြတ်လပ်တာ၊ ဝမ်းအိတ်တွေ ပစ္စည်းပြတ်တာ စျေးနှုန်း ကြီးမြင့်တာတွေကိုလည်း ဆေးဝါပုံမှန်သောက်နေရတဲ့ နာတာရှည် ဝေဒနာရှင်တွေ ကြုံနေရပါတယ်။

ဆေးဝါးပြတ်လပ်မှုက အရင်တကြိမ်ကလောက် မဆိုးရွားပေမယ့်  နာတာရှည် စွဲသောက်ရမယ့် ဆေးဝါးတချို့ ပြတ်လပ်တာတွေ ရှိနေတဲ့အတွက် ပုံမှန်သောက်နေကျ ဝေဒနာရှင်တွေမှာ ခက်ခဲနေဆဲဖြစ်တယ်လို့ အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် မမေလွင်က ပြောပါတယ်။

မ‌မေလွင်ရဲ့ မိခင်ဖြစ်သူ သောက်သုံးနေတဲ့ နှလုံးသွေးကြောကျဉ်းရောဂါအတွက် ဆေးတမျိုးကလည်း စျေးကွက်မှာ ပြတ်နေတာ လဝန်းကျင် ရှိနေပါပြီ ဆိုင်တွေမှာ ပစ္စည်းပျက်နေတာကြောင့် မိခင်ဖြစ်သူက ဆက်မသောက်တော့ဘဲ အစားဆင်ခြင် စားသောက်ပြီး နေတာကနေ ရောဂါဝေဒနာတွေ ပိုတိုးလာတယ်လို့ ဆိုတယ်။

 “ဆေးမရတော့လည်း မပြောတော့ မသိဘူး။ ဆေးတွေ ပုံမှန်သောက်နေတယ်ပဲ ထင်တာ။ သူကတော့ ဆေးမသောက်တော့ အစားနဲ့ ထိန်းတယ်။ ဆီကြော်တွေ မစားဘူး။ နှလုံးသွေး ပျစ်တဲ့ အစာတွေ၊ အဆီမတက်တဲ့ အစာတွေ မစားပဲ ရှောင်ပြီး ထိန်းနေတယ်တဲ့လေ။”လို့ မမေလွင်က ပြောပါတယ်။

ဆေးမသောက်ဘဲ အစားအသောက် ဆင်ခြင်စားပေမယ့် ရောဂါဝေဒနာက ထိန်းချုပ်လို့မရဘဲ သွေးတက်တာ သွေးကျတာတွေဖြစ်ပြီး ရုတ်တရက် မူးလဲတဲ့အဆင့်အထိ ဝေဒနာတွေ တိုးခဲ့တယ်လို့ ဆက်ပြောတယ်။

 “ပြီးခဲ့တဲ့ တခေါက်တုန်းကဆို ရုတ်တရက် မူးလဲသွားတယ်။ သွေးပေါင်ချိန်ကြည့်လိုက်တော့ ၉၀-၅၀ ထိ ကျသွားတယ်။ သွေးတက်ရင်လည်း ၁၅၀- ၉၀ အထိ တက်သွားတာ။ ဆေးပုံမှန် မသောက်တော့ နှလုံးစည်းချက် မမှန်ဘဲ ပျက်သွားတာမျိုး ဖြစ်တဲ့ပုံပဲ။”လို့ မမေလွင်က ဆိုပါတယ်။

မိခင်ဖြစ်သူရဲ့ ဝေဒနာအရ ဆရာဝန်ညွှန်ကြားတဲ့ နှလုံးဆေးတွေကို ၃ လ၊ ၄ လ ဝန်းကျင် သောက်ကာ ဆေးခန်း ရက်ချိန်း ပုံမှန်ပြနေရတာဖြစ်ပြီး လိုအပ်တဲ့ဆေးကို ၁၀ ရက်စာဝန်းကျင်ပဲ ဝယ်ယူတဲ့အတွက် ဆေးကုန်ပြီးနောက် အလွယ်တကူ မဝယ်နိုင်တဲ့အခါ ဒုက္ခရောက်တယ်လို့ သူက ဆက်ပြောပါတယ်။

အခြားဆေးဝါးတွေက ပါဝင်တဲ့ဆေး တူညီပြီး ကုမ္ပဏီ မတူ၊ တံဆိပ် မတူတဲ့ ဆေးဝါးတွေ ရှိတဲ့အတွက် တံဆိပ်ပြောင်းလဲ သုံးစွဲလို့ အဆင်ပြေပေမယ့် သူ့မိခင် သောက်သုံးရတဲ့ Candelong 4 mg လို ဆေးဝါးအချို့က ဒီတစ်ခုတည်း ရှိတာကြောင့် ဒါကိုပဲ သောက်နေရသူတွေအဖို့ အဆင်မပြေဘူးလို့ ဆိုပါတယ်။

 “ဆေးက ပြီးခဲ့တဲ့ရက်က ပြန်ရတယ်။ သောက်နေတယ်။ အခုလို ဆေးတွေ မကြာမကြာ ပြတ်တာ စျေးတက်တာတွေရောဆို ရေရှည်မှာ ဆေးရှိတဲ့အခါ တလစာလောက် ဝယ်သင့်တယ်။”လို့ ဆက်ပြောတယ်။

  • ဆေးပြတ်တာ စစ်ကောင်စီကြောင့်လား

စျေးကွက်မှာ ဆေးပစ္စည်းတွေ ပြတ်လပ်နေတာ စစ်ကောင်စီရဲ့ ထိန်းချုပ်ကန့်သတ်မှုတွေအပြင် ဆေးကုမ္ပဏီကြီးတွေက စျေးကွက်ထိန်းတဲ့အနေနဲ့ ဆေးတွေ ထုတ်မရောင်းတာကြောင့်လည်း ဖြစ်နိုင်ပြီး ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ရောဂါမတိုးစေဖို့ သောက်သုံးနေရတာကြောင့် ပြည်သူလူထုအဆင်ပြေအောင် လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။

 “ဆေးဝါးပြတ်တဲ့ ပြဿနာကလည်း ကုမ္ပဏီနဲ့ စစ်ကောင်စီက တယောက်နဲ့ တယောက် လွှဲချပြီး ကုမ္ပဏီတွေကို ဒေါ်လာတွေ လဲပေးနေတယ်။ လိုင်စင်တွေ ချပေးနေတယ် ပြောတယ်။ ကုမ္ပဏီတွေကလည်း ဒေါ်လာတွေ မရဘူး၊ လိုင်စင်တွေက ကြန့်ကြာတယ်ဆိုပြီး ပစ္စည်းတွေကို လက်ဝါးကြီးအုပ်ပြီး ပုံမှန်အတိုင်း စျေးကွက်ကို မဖြန့်တာ၊ ထိန်းထားတာတွေကြောင့် ပြည်သူတွေက ပိုပြီးဒုက္ခရောက်ရတယ်။”လို့ မမေလွင်က ပြောပါတယ်။

ဆေးပြတ်တာက စစ်ကောင်စီ အုပ်ချုပ်တဲ့ ကာလပတ်လုံး မကြာခဏ ကြုံရမှာ ဖြစ်တာကြောင့် တတ်နိုင်ရင် တလစာလောက် ကြိုတင်ဝယ်ထားသင့်သလို အစားအသောက် အနေအထိုင် ဆင်ခြင်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေတာတွေ လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။

 “စစ်ကောင်စီ အုပ်ချုပ်တဲ့ ကာလပတ်မှာတော့ ဘယ်ပစ္စည်းပဲဖြစ်ဖြစ် ဆေးတွေကလည်း စျေးတက်မယ်စ်ခု မဟုတ် တစ်ခု ပြတ်လပ်နေမှာ။လို့ မမေလွင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၂  ဇူလိုင်လမှာတုန်းကလည်း ဆေးပစ္စည်းတွေ ပြတ်လပ်ကာ စျေးနှုန်းမြင့်တက်ခဲ့ပြီး အိမ်သုံး ဆေးဝါးတွေတောင် ဝယ်မရတဲ့အထိ ကြုံခဲ့ရပါသေးတယ်။

အဲ့ဒီအချိန်က စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ ကုန်သွယ်မှုနဲ့ နိုင်ငံခြားငွေ လဲလှယ်မှုဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ပြည်ပက တင်သွင်းတဲ့ ဆေးဝါးစျေးနှုန်းတွေ တဖြည်းဖြည်း မြင့်တက်လာပြီး ဆေးပစ္စည်း တော်တော်များများ ပြတ်လပ်ခဲ့တာပါ။

ဆေးဝါးပြတ်လပ်မှုကို လအနည်းငယ်ကြာ ကြုံတွေခဲ့ပြီး ကုမ္ပဏီတွေက ဆေးပစ္စည်း ပြန်လည် တင်သွင်းပြီးနောက် စျေးကွက်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ အရင်အကြိမ်လောက် မဆိုးရွားပေမယ့် ပြတ်လပ်တဲ့ ဆေးပစ္စည်းတစ်ချို့ ရှိနေဆဲပါ။ 

 “ဆေးတွေက မရှိတာမျိုး မဟုတ်ဘဲ ရှာရခက်တာမျိုး ဖြစ်နေတာ။ အလွယ်တကူ မရတော့ စိတ်ညစ်ရတယ်။”လို့ သုဝဏ္ဏမြို့နယ်မှာနေတဲ့ ကလေးနှစ်ယောက်ရဲ့ ဖခင် ကို‌အောင်အောင်က ပြောပါတယ်။

သူ့ကလေးတွေနဲ့ လူကြီးမိဘတွေအတွက် ဆေးဝယ်ရတဲ့အခါတိုင်း အရင်လို တစ်ဆိုင်ထဲမှာတင် အစုံအလင် မရတော့ဘဲ လိုအပ်တဲ့ ဆေးတွေကို ၃၊ ၄ ဆိုင် လှည့်ပတ်ရှာဖွေပြီး ဝယ်ယူရတယ်လို့ ဆိုတယ်။

အများအားဖြင့် ဆိုင်ကြီးတွေက ပစ္စည်း ပြတ်တာများပြီး၊ ရပ်ကွက်ထဲက ဆိုင်အချို့မှာ လက်ကျန်ဆေးတွေ ရတာမျိုးရှိတယ်လို့ သူက ဆိုပါတယ်။

 “ကလေးနှာပိတ်ရင် ထည့်တဲ့ဆေးက အပြင်ဆိုင်မှာ ဝယ်နေကျကနေ ပြတ်နေတာ အခုထိ မရဘူး။ ပါရမီဆေးရုံမှာ ကျတော့ ရခဲ့တယ်။ ရင်ကျပ်ရှူဆေး ဆိုရင်လည်း ပြီးခဲ့တဲ့လက ဆေးရုံမှာ ပြရင်း ဝယ်ခဲ့တာ။ မိတ်ဆွေတစ်ယောက်က ဒီဆေးက ပြတ်နေလို့ ရရင် ဝယ်ပေးပါဆိုလို့ နောက်ရက် သွားဝယ်တာ ပစ္စည်းက မရှိပြန်ဘူး။”လို့ ကိုအောင်အောင်က ပြောပါတယ်။

  • ဆေးဝါးတွေ အဆမတန် စျေးတက်

ဆေးဝါးပစ္စည်း ပြတ်သလို ဆေးတွေ စျေးနှုန်းကြီးတာကလည်း ပြဿနာတစ်ခု ဖြစ်ပြီး၊ ဆေးအရောင်းဆိုင် တစ်ချို့ကလည်း စျေးကွက် ပြတ်လပ်တာကို အကြောင်းပြုပြီး စျေးတင် ရောင်းချတာတွေလည်း ရှိတယ်လို့ သူက ဆက်ပြောတယ်။

သူ့ဖခင်အတွက် ဝယ်ယူရတဲ့ အဆုတ်အား ကောင်းဆေးတဲ့ ဆေးတစ်မျိုးဆို ပုံမှန် ၁၉၀၀၀ ဝန်းကျင် ရှိတာကနေ  လက်ရှိမှာ ၂၅၀၀၀ ကနေ သိန်းကျော်အထိ ရောင်းချတဲ့ ဆိုင်တွေလည်း ရှိတယ်လို့ ပြောတယ်။

 “Tiova ဆိုတဲ့ဆေး၊ ဆိုင်တစ်ဆိုင်မှာ ရတယ်ဆိုလို့ မေးလိုက်တာ သိန်းကျော်တဲ့ နားကြား မှားတာလားဆိုပြီး သောင်းလား၊ ၁ သိန်းလာသေချာအောင် မေးလိုက်သေးတယ် သိန်းကျော်တဲ့အဲ့ဒါနဲ့ အရင်လက ဘယ်ဆိုင်က ဝယ်တာ ၁၉၀၀၀ ပဲရှိတယ်လို့ပြောတာကို အဲ့ဒီကရရင် အဲ့ဒီကပဲဝယ် ဆိုပြီး ပြန်ပြောတယ်။ ဆိုင်တွေက စျေးကစားတာ ထင်တယ်။” လို့ ကိုအောင်အောင်က ပြောပါတယ်။

လက်ရှိမှာ နိုင်ငံရေးအခြေအနေကြောင့်ရော ဆေးပစ္စည်းပြတ်တာတွေကြောင့် အိမ်မှာ အမြဲသုံးစွဲနေရတဲ့ ဆေးဝါးတွေကို ရေရှည်အတွက် မဖြစ်မနေ အပိုဝယ်ယူထားသင့်တယ်လို့ သူက ဆက်ပြောတယ်။

ဆေးအရောင်းဆိုင်တွေမှာ ဆီးချိုဆေး၊ သွေးကျဆေး၊ ဝမ်းအိတ်နဲ့ ကလေးဆေးထဲက ဆေးဝါးတစ်ချို့ ပစ္စည်း ပြတ်လပ်နေပြီး အိမ်သုံးဆေးဝါးတွေကတော့ ပုံမှန်အတိုင်းပဲ ရှိတယ်လို့ ဗိုလ်ချုပ်စျေးသစ်က ဆေးအရောင်း ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

 “တချို့ဆေးတွေကတော့ ပြတ်တာကြာပြီ။ ပြန်မဝင်သေးတာ။ ဘယ်အချိန် ဝင်မလဲ မသိပေမယ့် ပြန်တော့ရမှာပါ။” လို့ ဆိုတယ်။

ဆေးကုမ္ပဏီက အရောင်းဝန်ထမ်းတစ်ဦးကတော့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဒေါ်လာစျေးနှုန်းကို သတ်မှတ်တာ၊ ကျပ်‌ငွေနဲ့ လဲလှယ်ဖို့ ညွှန်ကြားတာ၊ ပြည်ပကနေ တင်သွင်းတဲ့ ဆေးနှင့် ဆေးပစ္စည်းတင်သွင်းခွင့် ပါမစ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတင်မက စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွေကို အဆင့်ဆင့် တင်ပြရတာကြောင့် တင်သွင်းခွင့်ရရှိဖို့ ကြန့်ကြာနေတာလို့ ဆိုပါတယ်။

 “အဓိကက Import (သွင်းကုန်) လိုင်စင် ကန့်သတ်လိုက်တာ။ မချပေးဘူး။ အခုက သွင်းကုန်လိုင်စင် မချတာ ၄ လလောက် ရှိပြီ။ လိုင်စင်မချတော့ ကုမ္ပဏီတွေက ဆေးကို ထပ်သွင်းလို့မရဘူး။ ရှိတဲ့ ဆေးလေးတွေပဲ ရောင်းနေတာ။”လို့ ဆေးကုမ္ပဏီ ဝန်ထမ်းက ဆိုပါတယ်။

ဒေါ်လာစျေးနှုန်း သတ်မှတ်ချက်က အခက်အခဲတစ်ခု ဆိုပေမယ့်လည်း သွင်းကုန်လိုင်စင်ကိုသာ ပုံမှန်အတိုင်း ချပေးနေရင် ဆေးကုမ္ပဏီကြီးတွေကလည်း တင်သွင်းနေမှာဖြစ်ပြီး၊ လက်ရှိမှာတော့ ကုမ္ပဏီတချို့က ဆေးရှိနေပေမယ့် စျေးကွက် အခြေအနေကြည့်ပြီး ထုတ်မရောင်းတာတွေလည်းရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဆေးတွေ ပစ္စည်းပြတ်၊ စျေးနှုန်းတက်တာတွေကြောင့်  နာတာရှည် ရောဂါသည်တစ်ချို့ သောက်နေကျ ဆေးတွေ လျှော့သောက်တာ၊ အခြားဆေးဝါးတွေ ပြောင်းလဲ သုံးစွဲတာတွေ ကြုံလာရပါတယ်။

 “တချို့ အသက်ကြီးတဲ့သူတွေက အစွဲရှိတယ်။ ဆရာဝန်က ဒီဆေးပေးထားရင် ဒါပဲသောက်တာ။ ပါတဲ့ဆေးက အတူတူပဲ။ ကုမ္ပဏီတံဆိပ်ပဲ ကွဲတာဆိုတာ မသိဘူး။ ဒီဆေးမရှိဘူးဆို မသောက်ဘဲနေတဲ့သူတွေလည်း ရှိတယ်။”လို့ ဒေါပုံမြို့နယ်မှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် ဒေါ်ခင်ရီက ပြောပါတယ်။

ဒေါ်ခင်ရီဆိုလည်း အရင်သောက်နေကျ သွေးကျဆေးတွေက ပစ္စည်းတွေ ပြတ်တဲ့အတွက် ပါဝင်ပစ္စည်း တူညီတဲ့ ဆေးတွေကိုပဲ ရွေးချယ် သောက်သုံးဖြစ်တယ်လို့ ဆိုတယ်။ ဒါပေမဲ့ သူ့ပတ်ဝန်းကျင်က ရောဂါတူ မိတ်ဆွေ တစ်ချို့ကတော့ ဆေးမရှိလို့ မသောက်ဘဲ နေတာ၊ ရှိတဲ့ ဆေးကို မသောက်ဘဲ သိမ်းထားပြီး နေထိုင် မကောင်းမှ သောက်တာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။  

ဒါကြောင့် ဒေါ်ခင်ရီက မိတ်ဆွေတွေကို ဆေးနာမည် မတူလည်း သောက်လို့ ရတယ်ဆိုတာ ပြောဖြစ်သလို သူ့မှာရှိတဲ့ ဆေးတချို့လည်း မျှပေးတာတွေ လုပ်တယ်လို့ ဆက်ပြောပါတယ်။

 “အစားအသောက်က မရှိရင် ရှိတာ စားလို့ ရတယ်။ ဆေးက အဲ့လိုမရတော့ ဒီလူတွေ အထိအနာဆုံးပဲ။ ကလေးတွေဆို ပိုဆိုးတယ်။ ဒီနောက်ပိုင်း ရောဂါ ထူပြောပြီး ကလေးရောဂါတွေ ပိုအဖြစ်များတော့ သူတို့ဆေးတွေ ပြတ်ရင် ပိုခံစားလွယ်တယ်။”လို့ ဒေါ်ခင်ရီက ပြောပါတယ်။

  • ဆေးပြတ်လပ်မှု ကြို ပြင်ဆင်ဖို့လို

ဆေးပစ္စည်း ပြတ်လပ်တာတွေက ရှေရှည်မှာလည်း ကြုံလာနိုင်တဲ့အတွက် ဆရာဝန်က ညွှန်ကြားထားတဲ့ သောက်နေကျ ဆေးဝါးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်သုံးဘဲ နေတာ၊ ဆေးပမာဏ လျှော့သောက်တာမျိုး မလုပ်သင့်ဘူးလို့ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဆေးဝါးတွေ စျေးပိုမိုတက်လာပြီး ပစ္စည်းပြတ်လပ်သွားမယ်ဆိုရင် ရှေရှည်မှာ ကျန်းမာရေး အခက်အခဲ ဖြစ်လာနိုင်တဲ့အတွက် နာတာရှည် ဝေဒနာသည်တွေ ပိုစိုးရိမ်ရမှာဖြစ်ပြီး ဆေးရပ်လိုက်တဲ့အခါ အခြားရောဂါတွေ ဝင်လာမှာလို့ အထွေထွေရောဂါကု ဆရာဝန်က သတိပေးပါတယ်။

လတ်တလော ဆေးဝါးတွေ ပြတ်လပ်ချိန်မှာ ကိုယ်သောက်သုံးနေကျ တံဆိပ် မရှိပေမယ့်လည်း ပါဝင်ပစ္စည်း တူညီတဲ့ဆေးကို သောက်သုံးလို့ရသလို တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ပြသပြီး ညွှန်ကြားချက်ကို လိုက်နာ သင့်တယ်တယ်လို့ သူက အကြံပြုပါတယ်။

အခြားကုန်စည်ပစ္စည်းတွေ စျေးတက်တာ၊ ပစ္စည်းတွေ ပြတ်လပ်တဲ့အခါ လူတန်းစား အားလုံးကို ကြီးကြီးမားမား မရိုက်ခတ်ပေမယ့် ဆေးဝါးပစ္စည်းတွေက မသောက်ဘဲ နေလို့ မရတာကြောင့် ဆေးဝါး ပြဿနာ အမြန်ဆုံး ပြေလည် စေချင်တယ်လို့ ဆေးပုံမှန် သောက်သုံးနေရသူတွေက ဆိုပါတယ်။

ဆေးပစ္စည်းပြတ်လပ်မှုက ဘယ်အချိန် ပြေလည်မလဲ ဘယ်အချိန် ထပ်ပြတ်မလဲဆိုတာ မသိတဲ့အတွက် မရှိမဖြစ် သောက်သုံးရတဲ့ ဆေးဝါးတွေကို ဦးစားပေး ဝယ်ရမှာဖြစ်သလို အခုချိန်မှာတော့ ရောဂါမတိုးအောင် ကြိုးစား နေထိုင်နေရတယ်လို့ ပြည်သူတွေက ပြောဆိုလိုက်ပါတယ်။ ။

Author:

Related Articles