Home မေးမြန်းခန်း ကရင်တော်လှန်ရေးအမျိုးသမီးကြီးရဲ့ရွေးကောက်ပွဲခရီး

ကရင်တော်လှန်ရေးအမျိုးသမီးကြီးရဲ့ရွေးကောက်ပွဲခရီး

မိုးမိုး။ ။
စစ်အစိုးရလက်ထက်ကတည်းကနေစတင်ပြီး ယနေ့အချိန်အထိ ဆယ်စုနှစ် သုံးခုကြာ အဖိနှိပ်ခံပြည်သူတွေ၊ လယ်သိမ်းခံ လယ်သမားတွေရဲ့ ရှေ့ကရပ်တည်ရင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကြီးနိုင်ငယ်ညှဉ်းပြဿနာတွေကို မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုနေသူတွေထဲမှာ နော်အုန်းလှ ဟာထင်ရှားတဲ့အမျိုးသမီးဖြစ်ပါတယ်။

အန်တီနော်လို့ လူသိများတဲ့ အသက် ၅၈ နှစ်အရွယ် ကရင်တိုင်းရင်းသူအမျိုးသမီးဟာ ရှစ်လေးလုံးကာလကတည်းက နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ဝင်ရောက်လာသူဖြစ်ပါတယ်။ သူမဟာ နှစ်၃၀ ကျော်ကြာနိုင်ငံရေးသမားဘဝမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အကြိမ် ၂၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အစိုးအဆက်ဆက်မှာ ၁၁ကြိမ်ထက်မနည်း ထောင်ဒဏ်အပြစ်ပေးခံခဲ့ရပါတယ်။

တော်လှန်ရေးသမားဘဝကနေ လွှတ်တော်နိုင်ငံရေးသမားအဖြစ် ၂၀၂၀ ရွေးကောက်ပွဲကနေ နော်အုန်းလှ ဟာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ ကိုယ်စားပြုပြီး ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက်အရွေးခံခဲ့ပါတယ်။ ရွေးကောက်ပွဲရလာဒ်အရ အနိုင်မရခဲ့ဘူးဆိုပေမယ့် သူ့ရဲ့လှုပ်ရှားမှုတွေကတော့ ရပ်တန့်သွားမှာမဟုတ်ဘူးလို့ နော်အုန်းလှကဆိုပါတယ်။ ရွေးကောက်ပွဲကာလ အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး နော်အုန်းလှကို မေးမြန်းထားသည်များထဲမှ အချို့ကိုကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားတွေနဲ့ တန်းတူ ဝင်ရောက် အရွေးခံရတဲ့ အချိန်မှာ အဓိက စိန်ခေါ်မှုတွေက ဘာတွေ ရှိပါသလဲ။
ဖြေ ။ ။ စိန်ခေါ်မှုက ရောဂါကာလဖြစ်နေတဲ့ ပြဿနာ ဖြစ်တယ်။ ရောဂါ ကာလ ဖြစ်တော့ UEC (ရွေးကောက်ပွဲ ကော် မရှင်) ကလည်း စည်းရုံးရေးအရ ရန်ကုန်တိုင်းမှာ ၂၈ မြို့နယ်မှာ Stay at home လုပ်လိုက်တော့ ဘာမှ လုပ်လို့ မရဘူး။ တစ်ယောက်ချင်း တစ်ယောက်ချင်းလည်း လက်ကမ်းစာစောင်ဝေလို့ မရပါဘူး။

အဲ့ဒီအချိန်မှာ စဉ်းစားတယ် လုပ်လို့ ရမရ။ တခြားအာဏာရ ပါတီကြီးတွေကတော့ သွားတာလာတာ ရှိတယ်။ သူတို့ လှည့်တာတွေ ရှိတော့ အန်တီတို့လည်း လှည့်ဖို့ စဉ်းစားတယ်။ လူ ၅၀ ခွင့်ပြုတယ်လို့ ပြောပေမယ့် အဲ့ဒီ ကာလက ဒေသခံ ပြည်သူတွေက လက်မခံခဲ့တာလည်း ရှိတယ်။

ကွမ်းခြံကုန်း မြို့နယ်မှာ ဒေသခံတွေက လှည့်ချင်တယ်။ လှည့်ချင်ရင် UEC ကိုသွားပြောပါ။ မြို့နယ် ဥက္ကဌကို သွား ပြောတဲ့ အခါကျတော့ကွမ်းခြံကုန်း UEC က ကိုဗစ်ကာလမို့လို့ လူဦးရေ ၃၀ ထက်ပိုလို့ မရဘူး။ လှည့်လို့ မရဘူး သူတို့ ပြောတယ်။

လှည့်လို့ မရဘူးဆိုရင် အဲ့ဒီအချိန်က NLD နဲ့ ကြံ့ခိုင်ရေး ပါတီက လှည့်နေတဲ့ အချိန်ဖြစ်တော့ လှည့်ချင်တော့ လှည့် ကိုယ်စားလှယ် မပါစေနဲ့ ဆိုတော့ ဒါကလည်း သဘာဝ မကျဘူးလေ။ ဒါကတော့ UEC နဲ့ ပတ်သက်တဲ့ ကိစ္စပေါ့။

လက်ရှိ အခြေအနေမှာ အာဏာရ ပါတီတွေကတော့ အကြီးအကျယ် လုပ်နေပြီးတော့မှ အန်တီတို့ ပါတီငယ် ကတော့ ကန့်သတ်မှုတွေနဲ့ သွားတယ်။ အခက်အခဲ အများကြီးဖြစ်လာတယ်။ ဒါတွေက စိန်ခေါ်မှုတွေပေါ့။

မေး ။ ။ ရွေးကောက်ပွဲမှာ အရွေးမခံရတာ ဘာကြောင့်လဲလို့ သုံးသပ်မိတာ ရှိပါသလဲ။
ဖြေ ။ ။ ပါတီအသစ်လည်း ဖြစ်တဲ့ အတွက် လူတစ်ချို့လည်း မသိသေးဘူးပေါ့နော်။ ဒါကတော့ ရွေးကောက်ပွဲ အနေ အထားအရ စည်းရုံးရေးလည်း မလုပ်နိုင်ဘူး။ ကမ်ပိန်းကာလမှာ အိမ်မှာ Stay at home နေရတယ်။ လူထုက သိပ်မသိတဲ့ ပါတီဖြစ်တယ်။

ပြိုင်ပွဲက အနိုင်၊ အရှုံးရှိတယ်။ မနိုင်ရင် ရှုံးမယ်။ စိတ်ဓာတ်ကတော့ လုံးဝ မကျပါဘူး။

မေး ။ ။ ရွေးကောက်ပွဲ ရလဒ် ထွက်ရှိလာတဲ့ အပေါ်မှာ အမျိုးသမီးတစ်ယောက် အနေနဲ့ စိတ်ဓာတ် ကျသွားတာမျိုးရော ရှိလား။ ကိုယ်ရဲ့ စိတ်အင်အားကို ဘယ်လို မြှင့်တင်ထားပါသလဲ။
ဖြေ ။ ။ ပြိုင်ပွဲဖြစ်တဲ့ အတွက် ဒါက ပြိုင်ပွဲတစ်ခုပဲလေ။ အဲ့ဒီအခါမှာ လူထု ထောက်ခံမှု မရရင်၊ ပြည်သူဆုံးဖြတ်မှာဖြစ် တဲ့အတွက် ကျမတို့ ဘာမှ ပြောစရာမရှိပါဘူး။ အမြဲပြောခဲ့ပါတယ်။ အခုရွေးကောက်ပွဲက နိုင်ခြင်း၊ ရှုံးခြင်းဆိုတာထက် ကျမတို့ လုပ်နေရတာတွေ အများကြီး ရှိပါတယ်။ နဂိုတည်းကလည်း လယ်သမား ကိစ္စ၊ အမျိုးသမီး ကိစ္စတွေ ၊ လူ့ အခွင့် အရေးကိစ္စတွေ ကျမတို့ လုပ်နေတာတွေ ရှိတယ်။ ကျမတို့ အလုပ်တွေ အများ ကြီး ရှိပါတယ်။

မေး ။ ။ အမျိုးသမီးတွေက အမျိုးသားတွေလောက် အလုပ် မလုပ်နိုင်ဘူး။ ရင်ဘောင် မတန်းနိုင်တဲ့ အမြင်တွေ ရှိနေတော့ ကိုယ်စားလှယ်လောင်း ရွေးချယ်သွားတဲ့ အပေါ်မှာရော ဒီအချက်က သက်ရောက်မှု ရှိတယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ရွေးချယ်မှုက ပါတီကို ကြည့်သွားတယ်။ အမျိုးသမီး အမျိုးသားရယ်လို့ မဟုတ်ဘူး။ လက်ရှိ ကျမတို့ ပါတီက အသစ်ဖြစ်တဲ့ အတွက် မသိကြတာက တစ်ကြောင်း၊ စည်းရုံးရေး အရ မလုပ်နိုင်တာက တစ်ကြောင်း ၂ လ ကာလမှာ စည်းရုံးရေး ကောင်းကောင်းလုပ်နိုင်ရင်တော့ အဆင်ပြေနိုင်တယ်။ စည်းကမ်းချက်က ဘာမှ မလုပ်နိုင်ဘူး။ ကန့်သတ် ချက်တွေ၊ ဖိနှိပ်မှုတွေနဲ့ မို့လို့ ကျမတို့ မလုပ်နိုင်ဘူး။ လူထုကြားထဲသွားဖို့ ရောဂါတွေနဲ့ဆိုတော့ အဆင်မပြေတဲ့ အတွက်ကြောင့် ဒါကြောင့်လို့ပဲ ကျမမြင်ပါတယ်။

မေး ။ ။ အခုရွေးကောက်ပွဲက နိုင်တာ ရှုံးတာ အဓိက မဟုတ်ဘဲ ဖြတ်သန်းမှု တစ်ခုကို အတွေ့အကြုံယူတယ်လို့ သဘောထားမယ်ဆိုရင် အမ အနေနဲ့ ကိုယ့်အတွက် မှတ်မှတ်ရရ ရှိစေမယ့် ဘယ်လို အတွေ့အကြုံ ရခဲ့ပါသလဲ။
ဖြေ ။ ။ ရှိပါတယ်။ ကျမ အနေနဲ့ လက်ရှိ နိုင်ငံရေး ဖြတ်သန်းမှု နှစ် ၃၀ ကျော်ပြီပေါ့နော်။ နိုင်ငံရေး ရပ်တည်ချက်နဲ့ ကျမတို့ သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲမှာ ကျမတို့ ဘာဖြစ်လဲ ဆိုတော့ ကျမကို ပညာမတတ်တာတို့၊ ထောင် ခဏခဏ ကျတာတို့ ပြောခံရတယ်။ ဒီအပေါ်မှာလည်း ကျမတို့ ဘာဖြစ်လို့ ဒီလို ဖြစ်တယ်ဆိုတာတော့ ဒါကတော့ ရွေး ကောက်ပွဲမှာ ကိုယ်စားလှယ်တွေရဲ့ ရွေးချယ်ခံတဲ့၊ ထောက်ပံ့ပေးတဲ့ ဝိုင်းရံပေးတဲ့ လူရဲ့ အာဘော်ဖြစ်သလို သူတို့ရဲ့ ညွှန်ကြားချက် ဖြစ်တာ မဖြစ်တာ ကျမ မသိနိုင်ဘူး။ ဒါပေမယ့် ဒီဟာကတော့ သူတို့ကိုယ်တိုင်က ဒီလိုမျိုးလေးတွေ ဖြစ်တယ်ဆိုတာ သိသာတာပေါ့။

ကျမတို့ က နိုင်ငံရေး လုပ်တဲ့ အခါမှာ (ဥပမာ) ဆိုရင် နိုင်ငံရေး လုပ်ရင် ဘာပညာတတ်ရမယ်ဆိုတာ ကန့်သတ်ချက် မရှိဘူးပေါ့နော်။ နိုင်ငံရေးဆိုတာ ယုံကြည်ချက်၊ ခံယူချက် ရှိရမယ်ဆိုတာကိုတော့ နားလည်စေချင်ပါတယ်။

ကျမသည် ထောင် ခဏခဏ ကျတယ်ဆိုတာ ကျမရဲ့ အကျိုးကြောင့် ထောင်ကျတာ မဟုတ်ပါဘူး။ ကျမသည် ပြည်သူကို ကူရင်းနဲ့မှ မတရား တရားစွဲ ထောင်ကျခံရတာဖြစ်တဲ့ အတွက် ပြန်ပြီးတော့ တုန်လှုပ်မှု မရှိပါဘူး။ ဒါပေမယ့် ဒီအပေါ်ကို တိုက်ခိုက်ခံရတာ ရှိတာပေါ့နော်။

မေး ။ ။ ရွေးကောက်ပွဲ မကျင်းပခင် မဲဆွယ်ကာလမှာကို အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို တချို့ အွန်လိုင်းပေါ်က ဖြစ်စေ လှောင်ပြောင်တာတွေ တွေ့ရပါတယ်။ ဒါမျိုးနဲ့ရော တွေ့ကြုံခဲ့ရပါသလား။
ဖြေ ။ ။ ကျမ အစောနက ပြောတဲ့ ကိစ္စတွေပေါ့။ ကျမဆိုရင် ဝတယ်။ မသွားနိုင် မလာနိုင်ပေါ့။ ပြီးတော့ ကျမက ပညာ မတတ်ဘူး။ အဲ့ဒီဟာတွေက ကျမကြုံတွေ့ရတယ်။ ဒါပေမယ့် ဒါတွေကို ခေါင်းထဲလည်း မထည့်ပါဘူး။ သူတို့ပြောတာ သည် သူတို့ ပြောစကားပဲ ဖြစ်တဲ့ အတွက် ဘာမှတော့ မဖြစ်ပါဘူး။ တိုက်ခိုက်မှု ဆိုတာကတော့ သစ်ပင်မြင့်ရင် လေ တိုက်မှာပဲ ဒီလိုပဲ ခံယူပါတယ်။

မေး ။ ။ ဒီနှစ်မှာ အမျိုးသမီး အမတ်တွေ ဝင်ပြိုင်တာ ရွေးချယ်ခံရတာ များလာတဲ့ အပေါ်ကိုရော ဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ ကောင်းပါတယ်။ အဓိကတော့ အမျိုးသမီးတွေဆိုတာ မိခင်တွေ ဖြစ်တဲ့ အတွက် မိခင်စိတ် အပြည့်ရှိတယ်လို့ ကျမမြင်တယ်။ မိခင်ဆိုတာက ဘာပဲပြောပြော အောက်ခြေသိမ်း အကုန်လုပ်နိုင်တယ်။ ကျမဒီလိုမြင်တယ်။ အဲ့ဒီအတွက် လည်း အမျိုးသားတွေဦးဆောင်ပြီး လုပ်တဲ့နေရာမှာ အမျိုးသမီးတွေကလည်း ဦးဆောင်ပြီး ပါဝင်နိုင်တယ်ဆိုတာ ပြခြင်း ဖြစ်တဲ့ အတွက် ဘာပဲ ပြောပြော အမျိုးသမီးတွေကနေပြီးမှ လက်ရှိ နိုင်ငံရေး အပေါ်မှာ မှန်မှန်ကန်ကန် သုံးသပ် ဆုံးဖြတ် နိုင်မယ်လို့ မြင်ပါတယ်။

မေး ။ ။ ဖြည့်စွက် ပြောချင်တာရှိရင်လည်း ပြောပေးပါဦးရှင့်။
ဖြေ ။ ။ ကျမတို့ပါတီကဆိုရင် ဥပဒေ အသစ်ရေးမယ်ပေါ့နော်။ ဥပဒေ အသစ်ကို ရေးတဲ့ အခါမှာ ကျမတို့ မရေးရဘူးလို့ ဥပဒေက မရေးထားဘူးပေါ့နော်။ ကျမတို့ လွတ်လပ်ခွင့်အရ၊ အခွင့်အရေးအရ ရေးပိုင်ခွင့် ရှိတယ်။ အဲ့ဒါကို ဥပဒေ အသစ်ရေးမှာမလို့ မဖြစ်နိုင်တာ ပြောတာတို့ဘာတို့ ဒါတွေက ကျမတို့ ကြုံတွေ့ရတာတွေ ဖြစ်တယ်။

အဲ့အတွက် ကျမတို့ကတော့ လက်ရှိနိုင်ငံရေး လုပ်တဲ့ သူတစ်ယောက် ဖြစ်တဲ့အတွက် နိုင်ငံ့အခြေအနေ၊ ပြည်သူတွေ သိ သင့်တာတွေကို ကျမတို့က ချပြမယ့် တာဝန်ရှိလို့ ကျမတို့ ချပြခြင်း ဖြစ်တယ်။ အခွင့်အရေးရှိတယ်ဆိုတာကို ကျမတို့ ပြောခြင်းဖြစ်တယ်။

Related Articles