Home မေးမြန်းခန်း ဘုန်းကြီးသုံးပါးအပါ ပအိုဝ်းလူမျိုး ၃၀ခန့် အစုလိုက်အပြုံလိုက်သတ်ခံရမှုဖြစ်စဉ်အား ဒေသခံတစ်ဦးကိုမေးမြန်းချက်    

ဘုန်းကြီးသုံးပါးအပါ ပအိုဝ်းလူမျိုး ၃၀ခန့် အစုလိုက်အပြုံလိုက်သတ်ခံရမှုဖြစ်စဉ်အား ဒေသခံတစ်ဦးကိုမေးမြန်းချက်    

ခွန်းမေးမြန်းသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်အကြားမှာ ဖေဖော်ဝါရီလနောက်ဆုံးပတ်မှစတင်ပြီး ယနေ့ အချိန်ထိ တိုက်ပွဲတွေပြင်းထန်လျက်ရှိပါတယ်။ စစ်ကောင်စီတပ်များမှ လက်နက်ကြီးလက်နက်ငယ်တွေအပြင် တိုက်လေ ယာဥ်တွေပါ အသုံးပြုထိုးစစ်ဆင်လာတဲ့အတွက် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အထူးသဖြင့် ပအိုဝ်းလူမျိုးများနေထိုင်ကြတဲ့ တောင်မဲသင်းကျေးရွာ၊ လုံးပြင်ကျေးရွာ၊ နန်းနိမ့်ကျေးရွာအပြင် အခြားသော ကျေးရွာက ပြည်သူတွေဟာ ဖယ်ခုံမြို့နဲ့ပင်လောင်းမြို့နယ်တွေအထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

တိုက်ပွဲများဖြစ်ပွားလေ့မရှိတဲ့ ပအိုးဝ်လူမျိုးများနေထိုင်ရာ ပင်လောင်းဒေသများအတွင်း ဖေဖော်ဝါရီလနောက်ဆုံးပတ်မှ စတင်ကာ တိုက်ပွဲများကြောင့် ပြည်သူပိုင်အိုးအိမ်များပျက်စီးခဲ့ရသလို ပအိုဝ်းပြည်သူတွေရဲ့ အသက်တွေ ပေးဆပ်လိုက်ရ ပါတယ်။

ထိုသို့အသက်အိုးအိမ်တွေ ဆုံးရှုံးရတဲ့ဖြစ်စဉ်တွေထဲ ပအိုဝ်းပြည်သူတွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု လည်း ဖြစ်ပွားခဲ့ပါတယ်။  မတ်လ ၁၁ ရက် ည ၄ နာရီ အချိန်က ပင်လောင်းမြို့နယ် ၊နန်းနိမ့်ကျေးရွာက ဘုန်းကြီးကျောင်း မှာ ပုန်းခိုနေကြတဲ့ ဘုန်းကြီးသုံးပါးအပါ ဒေသခံပအိုဝ်းလူမျိုး ၃၀ ခန့် ရက်စက်စွာအသတ်ခံခဲ့ရတာပါ။  

စစ်ကောင်စီလော်ဘီများက မီဒီယာကိုအားကိုးပြီး ထိုအဖြစ်အပျက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရဲ့ လက်ချက်သာ ဖြစ်ကြောင်း Telegram မှတစ်ဆင့် အသတ်ခံခဲ့ရတဲ့ ပအိုဝ်းပြည်သူများရဲ့ဓာတ်ပုံတွေကို ဖြန့်ဝေခဲ့ပါတယ်။ ထို့အပြင် စစ်ရှောင်ပြည်သူများအား ကူညီနေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရဲ့ဓာတ်ပုံတွေကိုလည်း အသုံးပြုပြီး ပြည်သူပိုင် စည်းစိမ်များခိုးယူနေကြကြောင်း ဝါဒဖြန့်ခဲ့ကြတယ်။ ထိုမှားယွင်းစွာဝါဒဖြန့်မှုကြောင့် ပအိုဝ်းပြည်သူများနဲ့ ကရင်နီပြည်သူ များအကြား သဘောထားကွဲလွဲမှုနဲ့ အခြေအနေတင်းမာမှုတွေ စတင်ဖြစ်ပေါ်လာခဲ့တယ်။

လူမျိုးရေးပဋိပက္ခအသွင်ဆောင်လာတဲ့ ပအိုဝ်းလူမျိုးများရဲ့ ဝေဖန်တိုက်ခိုက်မှုကြောင့်ပဲ ​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထုတ်ပြန်ကြေငြာချက် ထုတ်ပြန်ခဲ့ရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်များရဲ့ ထုတ်ပြန်ချက်အရ နန်းနိမ့်ကျေးရွာအတွင်း ဖြစ်ပွားခဲ့တဲ့ ပအိုဝ်းပြည်သူများ ရက်စက်စွာသတ်ခံရခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီရဲ့လက်ချက်သာဖြစ်ကြောင်း အချက်အလက်များနဲ့ ရှင်းပြခဲ့သော်လည်း ပအိုဝ်းပြည်သူများအကြား အမုန်းပွားမှုက ဆက်လက်မြင့်တက်နေဆဲပါ။

ထို့ကြောင့် ထိုအဖြစ်အပျက်အား ကြားသိခဲ့ရတဲ့ ပင်လောင်းမြို့နယ်အတွင်းနေထိုင်တဲ့ ဒေသခံပအိုဝ်းတိုင်းရင်းသူတစ်ဦး ဖြစ်တဲ့ မထွေခမ်း(အမည်လွဲ)ကို ဖြစ်စဉ်နှင့်ပတ်သက်ပြီး Hi က မေးမြန်းထားပါတယ်။

မေး – ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာမှာ ဒီလူအစုလိုက် အပြုံလိုက်သတ်တာ ဘယ်သူတွေလုပ်တယ်ထင်ပါသလဲ

မထွေခမ်း – အဖြေကရိုးရှင်းပါတယ်ရှင်။ စကစတွေက Telegramမှာ အရင်တင်ထားတာ ကြည့်ခြင်းအားဖြင့် အဖြေက ရှင်းနေပါပြီ။ ဒီနေရာမှာ ပြောချင်တာက စကစနဲ့PNOနဲ့ပေါင်းတာကို စကစကသတ်ပါ့မလား မေးခွန်းတွေပေါ့။ PNO တွေ ပါနေတာ ကိုယ့်လူမျိုးကိုပြန်သတ်ပါ့မလားဆိုပြီး တချို့လူတွေမေးခွန်းတွေရှိပါတယ်။ PNOကအဖွဲ့အစည်းတစ်ခုပဲ။ပအိုဝ်း တစ်မျိုးသားလုံးကို ကိုယ်စားမပြုဘူးဆိုတာ အရင်နှစ်ကပဲ ပအိုဝ်းလူငယ်ငါးဦးကို ပစ်သတ်လိုက်တာက သက်သေပါပဲ။  

မေး – PDF တွေ လုပ်တယ်လို့ထင်သလား

မထွေခမ်း –  PDFတွေ သတ်တာလားမေးရင်တော့ တော်လှန်ရေးသမားတိုင်း လူကောင်းမဟုတ်ပေမဲ့ ဒီလိုရက်ရက် စက်စက်သတ်ဖြတ်တာကိုတော့ မလုပ်လောက်ဘူးထင်တာပဲ။ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်သွားတာ ခုနန်းနိမ့်ရွာက ပဲ မဟုတ်ပါဘူး။ အာဏာသိမ်းပြီးကတည်းက စကစတွေ နေရာအနှံ့အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတာမြင်ရမှာပါ။ ထို့နည်းအတူ တစ်ရက်ခြားလောက်မှာပဲ အရှေ့ဖက်ကမ်းကရွာကိုလဲ သတ်ဖြတ်မီးရှို့သွားတာပဲ။ (၁၂..၂၀၂၃ ဖယ်ခုံမြို့ နယ် အရှေ့ဖက်ကမ်းကျေးရွာမှာ စစ်ကောင်စီနှင့် PNOပေါင်းပြီး လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသော အသက် ၈၁ နှစ်နှင့် အသက်၇၈နှစ်အရွယ် သက်ကြီးရွယ်အိုနှစ်ဦး မီးရှို့အသတ်ခံခဲ့ရပြီး ခုနစ်တန်းကျောင်းသားတစ်ဦးလည်း သတ်ဖြတ် ခံခဲ့ရပါတယ်။) ဒါတွေ ကြည့်ခြင်းအားဖြင့်  PDFတွေမလုပ်ဘူးလို့ပြောရမှာပေါ့။

မေး – ဒီလုပ်ရပ်ကို စကစကလုပ်တယ်လို့ထင်ပါသလား

မထွေခမ်း –  စကစတွေလုပ်တယ်လို့ ဘာလို့ထင်လည်းဆို စကစတွေအဲ့ရက်မတိုင်ခင် အကျအရှုံးများတယ်။ အဲဒါကြောင့် ဒေါသထွက်ပြီး အပစ်မဲ့ပြည်သူကိုသတ်တာလို့ပဲထင်ပါတယ်။ ပြီး စကစတွေက ဒါကို PDF တွေက သတ်တာပါလို့ လွှဲချချင် လို့ သတ်တာလို့ပဲ မြင်ပါတယ်။ ပြီးတော့ ဘုန်းကြီးတွေကိုပါသတ်တာကိုတော့ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ ပြောနေကြတာတော့ စကစနဲ့အပေါင်းအပါတွေက ဗုဒ္ဓဘာသာမို့သူတို့မလုပ်ဘူး။ PDFတွေက ဘာသာခြားခရစ်ယာန်မို့ သတ်ရဲတာလို့ ပြောနေကြတာပဲ။ တကယ်တမ်းဘာသာရေး ခုတုံးလုပ်ပြီး အကျိုးအမြတ်တွေရသွားတာလည်း စကစနဲ့ အပေါင်းအပါတွေပဲ ရှိတယ်။

မေး – ပအိုဝ်းတစ်ယောက်အနေနဲ့ ကိုယ့်လူမျိုးတွေ ဒီလိုအသတ်ခံရတာ ဘယ်လိုခံစားရပါသလဲ

မထွေခမ်း –  ပအိုဝ်းတစ်ယောက်အနေနဲ့ ပြည်သူတစ်ယောက်အနေနဲ့ပြောရရင် တော်တော်ကိုစိတ်မကောင်းဖြစ်မိတယ်။ လူကိုလူလို မမြင်တဲ့အတွက်လည်း စက်ဆုပ်ရွံမုန်းမိတာပေါ့။ အသတ်ခံရတဲ့လူနေရာမှာ ကိုယ့်မိဘကိုယ်မောင်နှမ မဟုတ် ပေမဲ့ အပြစ်မဲ့ပြည်သူထဲကမို့ တော်တော်ဝမ်းနည်းမိတယ်။ သတ်ဖြတ်သွားတဲ့လူတွေ အမြန်ဆုံးကျဆုံးပါစေ။  လူကိုလူလို မြင်ပေးနိုင်ပါစေလို့ပဲ ပြောချင်တယ်။

မေး – လက်ရှိလူမျိုးရေးပဋိပက္ခဖြစ်ဖို့အခြေအနေရှိသလား တစ်ဖက်နဲ့တစ်ဖက် ဘယ်လိုတွေပြောဆိုတာရှိကြသလဲ

မထွေခမ်း – လူမျိုးရေးပဋိပက္ခတွေ ဖြစ်မလားဆိုတော့ မပြောတတ်ဘူးပေါ့နော်။ တစ်ဇွတ်ထိုးတဇောက်ကန်းတွေ များရင် တော့ ဖြစ်နိုင်ချေရှိမယ်လို့ပြောရမှာပေါ့။ လူမျိုးရေးတွေအမုန်းပွားမလားဆိုရင် ခုဖြစ်နေတဲ့ပြသနာက ပအိုဝ်းတွေ တော် တော်များများက ဒါဟာ ကယန်း(ပဒေါင်)နဲ့ကယားကိုပဲ ဝိုင်းဆဲနေတာမြင်နေရတယ်။

တကယ်တမ်း အဲဒီ PDFထဲမှာ ကယားနဲ့ကယန်းပဲရှိတာလားဆိုတာသူတို့မလေ့လာကြဘူး။ တော်လှန်ရေးထဲမှာ ကိုယ့် ပအိုဝ်းလူမျိုးတွေပါနေလားဆိုတာ မသုံးသပ်တတ်ကြဘူး။ အဲ့တော့  ကယန်းကယားကိုပဲ ဆဲထည့်လိုက်တယ်။ သဘောက ငါတို့ကယန်းကယားလို့အမည်တပ်ဆဲလိုက်မယ်။ အဲ့ကျရင် ကယန်းကယားတွေက ဒေါသထွက်မယ်လို့ သူတို့ထင်နေမှာ ပေါ့။
မေး – လူမျိုးရေးအဖြစ် မှိုင်းတိုက်နေသူတွေကို ဘာပြောချင်သလဲ

မထွေခမ်း – ဒီကာလမှာ စကစအတွက် အလွယ်ဆုံးလမ်းက လူမျိုးရေးမှိုင်းတိုက်တာပါပဲ။ စကစက ပအိုဝ်းတွေနဲ့ပေါင်းပြီး ကရင်နီကို တိုက်ခိုင်းမယ်။ လူမျိုးကြီးဝါဒဖြန့်မယ်။ အဲဒီထဲမှာ မသိနားမလည်တဲ့ ပအိုဝ်းပြည်သူတွေကခံရတာပါပဲ။  Facebook တွေမှာ လူမျိုးရေး ပြစ်တင်ဆဲဆိုကြမယ်။ တချို့ဆိုရေးသားကြတာ ကရင်နီပြည်ကစစ်ရှောင်တွေကို အကုန် ပြန်လွှတ် ဒီဖက်ပြေးလာရင် လက်မခံနဲ့ဆိုတဲ့အထိပါပဲ။ တစ်ကယ်အဲ့လိုတွေမြင်တော့ ပအိုဝ်းတစ်ယောက် ပြည်သူ တစ် ယောက်အနေနဲ့ တစ်ကယ်ကို စိတ်မကောင်းဖြစ်မိတယ်။  

ပြည်သူထဲက ပြည်သူပဲမို့ ခံရတာခြင်းအတူတူ စစ်ရှောင်ရတာခြင်းအတူတူ။ ကျမတို့ကရင်နီပြည်ကလူတွေကို ဘာလို့ အဲလိုဆက်ဆံသလဲပေါ့ ။ ပအိုဝ်းတွေက အကြီးအကဲစကားဆို တစ်သဝေမတိမ်း လိုက်နာနေကြရတာမို့ ခုအခြေနေခု ကာလကိုပဲ ကြည့်ပါ။ PNOတွေ စကစနဲ့ပေါင်းပြီးတိုက်ခိုက်နေချိန်မှာ အကျအရှုံးတွေမြင်တဲ့အခါ အကုန်လုံးနီးပါးက  PNO တပ်သားတွေပဲ။ စကစ သေတာ မမြင်ရသလောက်ပဲ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် စကစ ဟာ PNO တွေကို လက်ပါးစေ အလား ခိုင်းစားတာပါပဲ။ ဒါကိုသိသိရဲ့နဲ့ စကစနဲ့ပေါင်းနေတဲ့ အကြီးအကဲကိုလည်း တစ်ကယ်ကိုအံ့သြမိပါတယ်။

ဒါကိုသိသိရက်နဲ့ လူမျိုးရေးမှိုင်းတိုက်နေကျတဲ့  လူမျိုးရေးဝါဒဖြန့်နေတဲ့ ပအိုဝ်းမီဒီယာတွေ၊ နာမည်ကြီး Page တွေကို လည်း တစ်ခုပြောချင်ပါတယ်။  ‘အသားသာမပုပ်ပွရင်လောက်ကောင်ဆိုတာရှိမလာဘူး’ (ယာမိဉ်တသေိမ်တဝ်းက လုံးအီး ထန်ခရာအဝ်နဲ့) လို့ပဲပြောချင်ပါတယ်။ ပအိုဝ်းပြည်သူကိုချစ်ရင် လူမျိုးရေးမိုင်းတိုက်မဲ့အစား အမှားအမှန်ကိုရဲရဲထောက်ပြ သင့်တယ် လို့ပြောချင်ပါတယ် ။

လူမျိုးရေး မှိုင်းတိုက်တာကလည်း တော်တော်များများနာမည်ကြီး Pageတွေ နာမည်ကြီးပအိုဝ်းအဆိုတော်တွေကပဲ အရင် လူမျိုးရေးစဖြန့်ကြတာ။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့က နာမည်ကြီးတဲ့လူတွေပြောရင် ယုံတယ်ဆိုတဲ့သဘောပေါ့။ အဲဒီ နာမည်ကြီးတွေက စစ်လော်ဘီတွေဆိုတာ ပြည်သူတွေကမသိကြဘူး။ တချို့ကသိပါတယ်။ မပြောရဲကြဘူး။ လူမျိုးရေး တိုက်ခိုက်နေတဲ့ pageတွေကို ပြောချင်တာက ကိုယ့်လူမျိုးတွေ ဒီထက်ပိုဒုက္ခရောက်မှ အမှန်တရားကိုချပြမလားပေါ့။

မေး – ပအိုဝ်းလူမျိုးတစ်ယောက်အနေနဲ့ PNO အပေါ်ဘယ်လိုမြင်ပါသလဲ

မထွေခမ်း – ပအိုဝ်းဒေသတွေမှာ တော်လှန်ရေးစတင်ကတည်းက အသက်အရွယ်ရ ယောင်္ကျားလေးတွေကစ စစ်သင်တန်း ခေါ်ယူတယ်။ ပြည်သူတွေကိုလည်း တစ်အိမ် သုံးသောင်းကောက်ခံတယ်။ ပြောတာကတော့ စစ်ကူတွက်ပေါ့။ အခု ပြသနာထပ်ဖြစ်ရော စစ်ကူတွက်ဆိုပြီး တစ်အိမ်တစ်သိန်းနူန်းနဲ့ ပင်လောင်း၊ နောင်တရားဖက်မှာ မထည့်မနေရ ထပ် ကောက်ပြန်ရော။ ပြောချင်တာက ပြည်သူတွေ ဒီလောက်ဒုက္ခရောက်နေတာ စစ်ရှောင်ပြေးနေရတာကိုတောင် ပိုက်ဆံ ထပ်ကောက်နေတာကိုက PNO အသုံးမကျတာ ပြည်သူတိုင်းသိသင့်ပြီလို့ထင်ပါတယ်။

မေး – တော်လှန်ရေး ဘယ်တော့လောက်ပြီးဆုံးပြီး ပဋိပက္ခတွေ ချုပ်ငြိမ်းနိုင်မယ်ထင်သလဲ

မထွေခမ်း – တော်လှန်ရေးဘယ်တော့ပြီးမလဲဆိုရင် အစကတည်းက တစ်သံတည်းအသံထွက်ရင် ခုချိန်တော်လှန်ရေးပြီး လောက်ပြီထင်ပါတယ်။  ပြီးလည်းပြီးစေချင်ပါပြီ။ ပြည်သူတွေလဲ တော်တော်ကိုဆုံးရှုံးနေပါပြီ။

မေး – တိုင်းပြည်ကို ဒုက္ခဆင်းရဲတွင်းထဲ ရောက်အောင် အာဏာသိမ်းခဲ့တဲ့စစ်ကောင်စီကိုရော ဘယ်လိုမြင်သလဲ 

မထွေခမ်း – ခွေးထက်ယုတ်တယ်လို့ပဲ မြင်မိတယ်။

မေး – ပအိုဝ်းလူမျိုးတစ်ယောက်အနေနဲ့ နိုင်ငံရေးအပေါ်ထားတဲ့ ခံယူချက်သဘောထား ပြောပြပေးပါ။

မထွေခမ်း – နိုင်ငံရေးအမြင်အရဆို တစ်နိုင်ငံလုံးက စနစ်ဆိုးကြီးကို အတူတိုက်ထုတ်နေတာ မြင်နေရပါတယ်။ ကျွန်မတို့ ပအိုဝ်းလူမျိုးတွေက အဲဒီဖက်မှာ အားနည်းနေတယ်လို့ပြောရမှာပေါ့။ ခေတ်ပညာတတ်တွေပေါများပါရက်နဲ့ စနစ်ဆိုးကြီး အောက်မှာ စိတ်ချလက်ချအိပ်ပျော်နေကြတာပါ။ နိုင်ငံ့ရဲ့မတည်ငြိမ်မူကြောင့် ပြည်သူတွေ အိုးပစ်အိမ်ပစ်နေရတာလည်း နှစ်နှစ်ကာလ ရှည်ခဲ့ပြီ။ တချို့ဆို ပြန်ဖို့အိမ်မရှိသလို တချို့ကျလည်း ခေါ်စရာမိဘမရှိ လူမစုံတဲ့ထမင်းဝိုင်းတွေနဲ့ ပြေးရင်း လွှားရင်း တောင့်ခံနေကြရတယ်။

ဒီကနေပဲ ကျမတို့လူမျိုးအတွက် ပအိုဝ်းပြည်သူအတွက် ဖွဲ့စည်းတည်ဆောက်ထားတဲ့ Pa-O National Federal Council (PNFC) နဲ့ Pa-O National Defence Force Kham Koung (PNDF) ကိုလည်း ပအိုဝ်းပြည်သူတစ်ရပ်လုံးတွက် အမှန် တရားဘက်တော်သားဖက် ရပ်တည်နေတဲ့ ပအိုဝ်းပြည်သူများအားလုံး အကျအရှုံးမရှိ တော်လှန်ရေးပြီးဆုံးသည်တိုင် တိုင်းရင်းညီအစ်ကိုများနဲ့အတူ စစ်အာဏာရှင်ကို အတူတွန်းလှန်နေကြတဲ့အတွက် ပအိုဝ်းသူလေးကျွန်မက  လေးစားဂုဏ် ယူရပါတယ်ရှင်(ကေဇူတင်ငါသြ)လို့ပြောချင်ပါတယ် ။

Author:

Related Articles