Home မေးမြန်းခန်း “အင်အားကြီး ပါတီတွေ ရသွားတဲ့ မဲ ၁၀၀၀ နဲ့ ကျမရ တဲ့ မဲတစ်မဲက ညီမျှတယ်”

“အင်အားကြီး ပါတီတွေ ရသွားတဲ့ မဲ ၁၀၀၀ နဲ့ ကျမရ တဲ့ မဲတစ်မဲက ညီမျှတယ်”

မိုးမိုး။ ။
တရားလွှတ်တော် ရှေ့နေ ဒေါ်စုရည်ဖြိုးအောင်ဟာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ( NDF) ကို ကိုယ်စားပြုပြီး နေပြည်တော် လယ်ဝေးမြို့နယ်မှ ၂၀၂၀ ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပါတယ်။

၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါ်စုရည်ဖြိုးအောင်ဟာ နေပြည်တော် ပြည်ထောင်စုနယ်မြေဟာ အားအကောင်းဆုံးဖြစ်တဲ့ အင်အားကြီးပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့နဲ့ယှဉ်ပြိုင်မဲဆွယ် ရတာဖြစ်ပါတယ်။

လက်ရှိ ရွေးကောက်ပွဲမှာလည်း အနိုင်မရလို့ လွှတ်တော်ထဲ မဝင်ရောက်နိုင်ခဲ့သော်လည်း လွှတ်တော်ပြင်ပကနေ သူမနေထိုင်တဲ့ ဒေသခံ ပြည်သူများအတွက် အထူးသဖြင့် အမျိုးသမီးများအတွက် တတ်နိုင်သမျှ မည်သို့ကြိုးစားဆောင်ရွက်သွားမည်ဆိုသည်ကို ဒေါ်စုရည်ဖြိုးအောင်၏ ရွေးကောက်ပွဲအပြီး သူ၏ နိုင်ငံရေးလှုပ်ရှားမှုအကြောင်း မေးမြန်းထားသည်မှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားတွေနဲ့ တန်းတူ ဝင်ရောက် အရွေးခံရတဲ့ အချိန်မှာ အဓိက စိန်ခေါ်မှုတွေက ဘာတွေ ရှိပါသလဲ။
ဖြေ ။ ။ အမျိုးသားတွေနဲ့ ဝင်ယှဉ်ပြိုင်တဲ့ အမျိုးသမီးတွေ အတွက်ကတော့ အဓိက စိန်ခေါ်မှုက တိုက်ခိုက်ခံရတာပေါ့။ မိန်းကလေး ကိုယ်စားလှယ်လောင်း ဖြစ်တဲ့ အတွက်ကြောင့် အမျိုးသားအများစုက လှောင်တာ၊ ပြောင်တာတွေ ကြုံရတယ်။ ကျမတို့ ဝင်ပြိုင်တာက အင်အားကြီးပါတီကနေ ဝင်ပြိုင်တာ မဟုတ်ဘဲ ပါတီငယ် ကနေဝင်ပြိုင်တာကြောင့်လည်း ဒီလို လှောင်ပြောင်တာလည်း ပါမယ်ထင်ပါတယ်။ အမျိုးသား အများစုက လှောင်ပြောင်တာ၊ ရန်ပြုတာတွေပါ ကြုံရပါတယ်။

မေး ။ ။ ရွေးကောက်ပွဲမှာ အရွေးမခံရတာ ဘာကြောင့်လဲလို့ သုံးသပ်မိတာ ရှိပါသလဲ။
ဖြေ ။ ။ အဓိကနယ်မြေဒေသခံတွေက သူတို့ကိုယ်တိုင် မဲဘာကြောင့်ပေးရလဲဆိုတာ သူတို့ မသိဘူး။ သူတို့ပေးရတဲ့ မဲက ကိုယ့်မြို့နယ်က ကိုယ်စားလှယ်ကိုရွေးချယ်ရတာပါ ဆိုတာ သူတို့ မသိတဲ့ အတွက်ကြောင့် ကိုယ့်မြို့နယ်မှာ ကိုယ်စားလှယ် ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ သူတို့ မသိကြဘူး။

သူတို့ ပေးရသည့် မဲသည် သမ္မတ ရွေးချယ်ရတဲ့ မဲလို့ပဲ ထင်တယ်။ ပါတီလို့ ပြောလိုက်လို့ရှိရင် NLD ၊ ပြည်ခိုင်ဖြိုး၊ ဒီ အင်အားကြီး ပါတီ ၂ ခုသာ သူတို့ သိတယ်။ သူတို့ မဲပေးရမှာက ဒီ ၂ခုထဲက ၁ ခုကိုရွေးရမယ်လို့ သူတို့စိတ်ထဲမှာ မှတ်ထားကြတာ။

သူတို့ ဦးနှောက်ထဲမှာ ရိုက်သွင်းထားတာက အင်အားကြီး ပါတီတွေက တအိမ်တက်ဆင်း စည်းရုံးရေး လိုက်ဆင်းတယ်။ မဲပေးတယ်ဆိုတာ ဒီပုံလေးကို မှတ်ထား၊ ဒီပုံလေးမှာ တံဆိပ်တုံးထု။ အဲ့လိုပြောထားတာ။ တစ်ချို့ ကိုယ်စားလှယ်တွေ ကိုယ်တိုင်ကလည်း ကျနော့်ကို ယုံကြည်ရင် မဲပေးပါဆိုတာထက် အမေ့ကို ချစ်လား၊ အမေ့ကို ချစ်ရင် ဒီ ဒေါင်းပုံလေးကို မှတ်ထား။ ဒီပုံဘေးမှာ တံဆိပ်တုံးထု။ အဲ့လိုမျိုးတွေနဲ့ တစ်အိမ်တက်ဆင်းသွားနိုင်တယ်ပေါ့။

ကျမတို့ အနေနဲ့ ကိုဗစ်ကာလ ဖြစ်တဲ့ အတွက် လူထု တွေ့ဆုံပွဲက မလုပ်ရဘူး။ ရတဲ့ ကမ်ပိန်းကာလ ၂ လနဲ့ သွားရတဲ့ ရွာနဲ့ လုပ်ရတာ အားမရဘူးပေါ့။ ပါတီငယ်တွေ အနေနဲ့ ချပြခွင့်လည်း နည်းတယ်။

ကိုယ့်မြို့နယ်ရဲ့ ကိုယ်စားလှယ် ဘယ်သူဆိုတာ မသိဘူး။ နောက် ၃/၄ ရက်နေရင် မဲပေးရတော့မယ်။ ဒီလယ်ဝေးမြို့ နယ်မှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ် ဘယ်နှစ်ဦးရှိတယ်ဆိုတာ ဘယ်သူမှမှကို မသိတာ။ သူတို့ သိတာသည် အမေ ဒေါ် အောင်ဆန်းစုကြည်နဲ့ အဘ ဦးသိန်းစိန်ပေါ့။ အဲ့လိုမျိုး ဖြစ်သွားရတဲ့ အကြောင်းအရင်းကလည်း အပွင့်အလင်းဆုံးပြောရင် အင်အားကြီး ပါတီ အနေနဲ့ ပြည်သူတွေရဲ့ ဦးနှောက်ကို အမှောင်ချတယ်လို့ ခံစားမိတယ်။ ကိုယ်ပိုင်အရည်အချင်းနဲ့ စည်းရုံးတာထက် အမေ့ကို ချစ်တယ် မဟုတ်လား။ အမေ့ကို ချစ်ရင် မဲပေးကြပါ။

ကျမဆို မဲမနိုင်ဘူး။ ဒါပေမယ့် အဲ့ဒီရွာတွေကို သွားပြီး ကျေးဇူးတင်စကား သွားပြောတယ်လေ။ လာတွေ့ကြတယ်။ ဆရာမလေးတဲ့ ကျမ မဲပေးလိုက်တယ်နော်တဲ့။ ဆရာမကို ကျမ ခမောက်လေး မဲပေးပြီးတော့ ပယ်မဲ ဖြစ်မှာစိုးလို့ အောက်က ဒေါင်းရုပ်လေးကိုလည်း ထုလိုက်ရသေးတယ်တဲ့…။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အိမ်ကို လာပြောတာလေတဲ့ မဲပေးရင် ဒါကို ထုရမယ်။ ဒါကို မထုရင် ပယ်မဲ ဖြစ်တယ်လို့ ပြောတော့ ကျမက ဆရာမလေးကိုလည်း ပေးချင်၊ တော်ကြာ ပယ်မဲ ဖြစ်မှာ စိုးလို့ ဒေါင်းလေးကိုလည်း ထုလိုက်ရတယ်တဲ့။

တကယ်တမ်းတော့ ပါတီစုံဒီမိုကရေစီ ဖြစ်ဖို့ဆိုရင် သူတို့ အနေနဲ့ ပါတီငယ်တွေကို လက်တွဲပြီး ခေါ်သင့်တယ်။ ပါတီငယ် တွေ မလုပ်နိုင်တဲ့ အရာမျိုးကို သူတို့က အင်အားသုံး၊ ငွေအားသုံးပြီး၊ အချိန်ပါဝါ သုံးပြီးတော့ လုပ်သွားတဲ့အတွက်ကြောင့် ကျမတို့ ပါတီငယ်တွေ ကိုယ်စားလှယ် အသစ်တွေ အနေနဲ့ မဲရှုံးနိမ့်ခြင်း ခံရတယ်လို့လည်း မြင်ပါတယ်။

မေး ။ ။ ရွေးကောက်ပွဲ ရလဒ် ထွက်ရှိလာတဲ့ အပေါ်မှာ အမျိုးသမီးတစ်ယောက် အနေနဲ့ စိတ်ဓာတ် ကျသွားတာမျိုးရော ရှိလား။ ကိုယ်ရဲ့ စိတ်အင်အားကို ဘယ်လို မြှင့်တင်ထားပါသလဲ။
ဖြေ ။ ။ စိတ်ဓာတ်ကျတာမျိုးတော့ မရှိဘူးရှင့်။ ဘာလို့လဲ ဆိုတော့ ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ်လေ။ အခုအင်အားကြီး ပါတီတွေ ရသွားတဲ့ မဲ ၁၀၀၀ နဲ့ ကျမရ တဲ့ မဲတစ်မဲက ညီမျှတယ်။ တန်ဖိုးချင်း ညီမျှတယ်လို့ ခံစားရတယ်လေ။ ဘာလို့လဲ ဆိုတော့ ကိုယ်ရောက်တဲ့ နေရာတိုင်းမှာ ကိုယ့်မျက်နှာ၊ ကိုယ့်ပုံစံနဲ့ ကိုယ့် အရည်အချင်းကို ချပြပြီး စည်းရုံးရတယ်။

အခု အင်အားကြီး ပါတီတွေ အနေနဲ့ကျတော့ အန်တီ အမေ့မျက်နှာ၊ အဘ မျက်နှာ ရှိပြီးသား ။ ပါတီကလည်း အရှိန် ကောင်းပြီးသားဆိုတော့ သူတို့တွေ အနေနဲ့က မစည်းရုံးဘဲ ငုပ်တုတ် ထိုင်နေလည်း မဲက အလိုလို ရနေပြီးသားပဲလေ။ ဒါကြောင့် ကိုယ်ရတဲ့ မဲ တစ်မဲနဲ့ အင်အားကြီး ပါတီက ရတဲ့ မဲ ၁၀၀၀ က ညီမျှတယ်။

မေး ။ ။ ကိုယ်ကိုတိုင် ရွေးကောက်ပွဲမှာ အရွေးမခံ ရပေမယ့် အမျိုးသမီးရေးနဲ့နိုင်ငံရေးတွေကို ဘယ်လိုဆက်လက် လုပ်ဆောင်သွားမယ်လို့ စိတ်ကူးထားပါသလဲ။
ဖြေ ။ ။ ဆက်လုပ်သွားမှာပါ။ ကျမတို့ အနေနဲ့က နိုင်ငံရေးလုပ်တယ်ဆိုတဲ့ အကြောင်းအရင်းကလည်း ပြည်သူ အများ စုအတွက် အကျိုးဖြစ်စေမယ့် အလုပ်တွေကို လွှတ်တော်အတွင်းက အကျယ်တဝင့် လုပ်ချင်လို့ နိုင်ငံရေး အလုပ်ကို ဝင် လုပ်တာလေ။ လွှတ်တော်ထဲ မရောက်ပေမယ့်လည်း လွှတ်တော် ပြင်ပကနေပြီးတော့ ကျမတို့ နေထိုင်တဲ့ ဒေသခံ ပြည် သူတွေ အတွက် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်သွားမယ်။

အထူးသဖြင့် အမျိုးသမီးတွေကို ပိုပြီးတော့ လက်တွဲခေါ်မယ်။ နိုင်ငံရေးနဲ့ မိန်းကလေး မသက်ဆိုင်ဘူး ဆိုတာတွေ၊ မိန်းကလေး ကိစ္စတွေဟာ မိန်းကလေးတွေသာလျှင် ခံစားလို့ ရတဲ့ အတွက် ဒါမျိုးတွေကို မိန်းကလေး အချင်းချင်းကသာ ကာ ကွယ် လို့ရမယ်။ ဒီလို မိန်းကလေး အချင်းချင်း ကာကွယ်လို့ ရဖို့ အတွက် မိန်းကလေး အများစုက ဒီလို လွှတ်တော် နိုင်ငံရေးတွေမှာ ပါဝင်သင့်တယ်။

အရာရာမှာ မိန်းကလေးတွေလည်း ဦးဆောင်နိုင်စွမ်းရှိတယ်။ လုပ်နိုင်စွမ်းရှိတယ်ဆိုတာကိုလည်း ပြောပြမယ်။ စည်းရုံးမယ်။ ရှေ့ဆက်ပြီး ဒီနိုင်ငံရေး လမ်းကြောင်း အပေါ်မှာရော၊ အခြားသော နေရာတွေမှာပါ မိန်းကလေးတွေ ပါဝင်ဖို့က ပိုများလာ အောင် ဖော်ဆောင်ပေးမယ်။ ကိုယ်ကိုတိုင်လည်း ဒီထက် ပိုပြီး ကြိုးစားသွားမယ်။

မေး ။ ။ အမျိုးသမီးတွေက အမျိုးသားတွေလောက် အလုပ် မလုပ်နိုင်ဘူး။ ရင်ဘောင် မတန်းနိုင်တဲ့ အမြင်တွေ ရှိနေ တော့ ကိုယ်စားလှယ်လောင်း ရွေးချယ်သွားတဲ့ အပေါ်မှာရော ဒီအချက်က သက်ရောက်မှု ရှိတယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့နေရာမှာတော့ အမျိုးသမီး ဖြစ်ခြင်း၊ အမျိုးသား ဖြစ်ခြင်း အဲ့ဒါတွေကို စီစစ်ပြီး ရွေးချယ်တာ မဟုတ်ဘူး။ ပြည်သူ အများစုက အမျိုးသမီးမလို့ မဲမပေးတာတော့ မဟုတ်ဘူး။ အဓိကတော့ သူတို့ မဲပေးတာသည် သမ္မတ ရွေးရတာပဲလို့ ထင်ကြတာက တစ်ကြောင်း၊ အင်အားကြီး ပါတီ အနေနဲ့ ပြည်သူတွေရဲ့ ဦးနှောက် ကို အမှောင်ချထားတာလည်း တစ်ကြောင်းပေ့ါ။ ဒီကိစ္စတွေကြောင့်သာ သူတို့ ရွေးချယ်ကြတာပါ။

အမျိုးသမီးတစ်ယောက် အခုလို နိုင်ငံရေးလောကထဲဝင်ပြီး အခုလို ဝင်ပြိုင်တာ အများစုက အံ့သြ ကြတယ်။ လုပ်နိုင်တယ်။ သွားနိုင်တယ်ပေါ့။ ကျမကိုယ်တိုင်လည်း ဒီနှစ် ကိုယ်စားလှယ် ၈ ဦးထဲမှာ ပြည်သူနဲ့ ထိတွေ့မှု အများဆုံး ကျမပဲ လုပ်နိုင် တယ်။ ဒါလယ်ဝေး မြို့နယ်ထဲမှာပေါ့နော်။

ကမ်ပိန်းကာလမှာ ကျမနောက်က စည်းရုံးရေးအတွက် ပံ့ပိုးဖို့ လိုက်ပေးနေတဲ့ ယောကျာၤးတွေ သူတို့သာ လူလဲသွားတယ်။ ကျမ လူမလဲဘူး။ တနေ့ ၇ ရွာဆို ၇ ရွာလုံးသွားတယ်။လုပ်တယ်။ ဒီလို လုပ်နိုင်ခြင်းဖြင့် ပြည်သူလူထုက အသိအမှတ်ပြု တယ်။ ဒါကြောင့် မဲပေးခြင်းသည် မိန်းကလေး၊ ယောကျာ်းလေး မခွဲခြားပါဘူး။

“ကျမကိုယ်စားလှယ်လောင်းဝင်ပြိုင်တော့ ကျမတို့ကို မီဒီယာ ၄ ခုက မေးတယ်။ မေးတဲ့ မီဒီယာတွေရဲ့ နောက်က ကော်မန့်တွေ လိုက်ရေးတာ ပက်ပက်စက်စက်ပဲ။ သူတို့က ကိုယ်စားလှယ် တစ်ယောက်လို့ မမြင်ဘဲနဲ့ ဘာနဲ့ သွားမြင်လည်း ဆိုတော့ အမေ ဒေါ်စုနဲ့ပဲ သွားသွားယှဉ်တယ်။ ယှဉ်ပြီးတော့မှ ပက်ပက်စက်စက် ပြောတာ။ ဘယ်လောက်တောင် ရိုင်းရိုင်းစိုင်းစိုင်းပြောကြလဲဆိုရင် နောက်ဆုံးကုန်ကုန်ပြောလိုက်မယ်။ …ဈေးဦး မပေါက်မယ့် ရုပ်၊ ဘာဖြစ်တယ်။ ညာဖြစ်တယ်ပါ့…”

မေး ။ ။ အခုရွေးကောက်ပွဲက နိုင်တာ ရှုံးတာ အဓိက မဟုတ်ဘဲ ဖြတ်သန်းမှု တစ်ခုကို အတွေ့အကြုံယူတယ်လို့ သဘောထားမယ်ဆိုရင် အမ အနေနဲ့ ကိုယ့်အတွက် မှတ်မှတ်ရရ ရှိစေမယ့် ဘယ်လို အတွေ့အကြုံ ရခဲ့ပါသလဲ။
ဖြေ ။ ။ ကမ်ပိန်းကာလမှာ ပထမ ဦးဆုံး စည်းရုံးရေး သွားလိုက်တယ်။ သွားတော့ အဘကြီး တစ်ယောက်က ၈၂ နှစ် ရှိပြီ။ သူက ဘာပြောလဲ ဆိုတော့။ ကျမ အနေနဲ့ မဲဘာကြောင့်ပေးတယ်ဆိုတာ ရှင်းပြတယ်။ ကိုယ်စားလှယ် ၈ ဦး ရှိတယ်။ ကျမတို့ မဲပေးတယ်ဆိုတာ ဒီ ကိုယ်စားလှယ် ၈ ဦးထဲက ၁ ဦးကို ရွေးချယ်ပြီး မဲပေးရမှာ။ အဲ့ဒီ ၈ ဦးထဲမှာ အဘဦးသိန်း စိန် ပါလား၊ အမေ ဒေါ်အောင်ဆန်းစုကြည် ပါလား။ မပါဘူးနော်။

ကျမတို့ တကယ်ရွေးရမှာ ဒီ၈ ဦးထဲက ၁ ဦးကို ရွေးရမှာ။ ၁ ဦးကို ရွေးရမှာ ဖြစ်တဲ့ အတွက် အဲ့ဒီလူ ၈ ဦးထဲက တစ်ဦးကို ရွေးရမှာ ဖြစ်တဲ့ အတွက်ကြောင့် အဲ့ဒီလူတွေရဲ့ ကိုယ်ကျင့်တရား၊ စိတ်၊ စာရိတ္တ၊ ပညာအရည်အချင်း ဒါတွေ ပြည့်ဖို့ လို တယ်။ ဒါတွေ ရှင်းပြပြီးတော့ ကျမကိုတော့ ယုံကြည်တယ်ဆိုရင် ဒီမှာ တံဆိပ်တုံးလေး ထုပြီးတော့ မဲပေးပါပြောတော့ အဲ့ဒီ အဘကြီးက ဘာပြောလဲ ဆိုတော့ သူ့ အသက် ၈၀ ကျော်ပြီ။ မဲ ၂ ကြိမ်ပေးပြီးပြီ။ အခု ၃ ကြိမ်မြောက်ပေးရမှာ။

သူတို့ပေးတဲ့ မဲက သမ္မတကို ပေးရတယ်လို့ပဲ ထင်တာတဲ့။ သမီး လိုလည်း ကိုယ်စားလှယ်ကြားကို ဝင်ပြီး၊ ဘယ်သူမှ လိုက်မရှင်းပြဘူး။ တိုးတက်ချင်လား။ တိုးတက်ချင်ရင် အမေ့ကို မဲပေး၊ အဘကို မဲပေးပဲ ပြောတာ။ ဒါကြောင့် သမီးကို အဘ မဲထည့်ပါမယ်တဲ့။ ဒါမဲ့ သမီးလေးရယ်တဲ့ ဟိုး…အရှေ့ဘက်ကရွာကိုလည်း မသွားပါနဲ့တဲ့။ ဟိုး… အနောက်ဘက်က ရွာကိုလည်း မသွားပါနဲ့တဲ့။ ဘာလို့လဲ အဘ ဆိုတော့ အရှေ့ဘက်ရွာက တစ်ရွာလုံးနီတာ။ အနောက် ဘက်ရွာက တစ်ရွာလုံး စိမ်းတာတဲ့။

အဲ့ဒါလေးကတော့ ကိုယ့် အတွက် အမှတ်တရ ဖြစ်စေတာပေါ့နော်။ အဲ့မှာ တချက်ပေါ့။ ရတယ်အဘ… သမီးက လယ် ဝေးမြို့နယ်ကို တာဝန်ယူထားတာ ဖြစ်တဲ့ အတွက်ကြောင့် နီနီ၊ စိမ်းစိမ်း သွားရမယ့် တာဝန်က သမီးတာဝန် ပါဆိုတော့ အေ့ပါ…တဲ့။ ဒါဆိုလည်း ငါလိုက်ပို့မယ်ဆိုပြီးတော့ ဓားလေး ခါးကြားထိုးပြီး လိုက်ပို့တာ။

တကယ့် အမှတ်တရ ဖြစ်စေတာပါ။ သွားလိုက်တော့ လည်း တကယ်ပဲ အဘ ပြောသလို တရွာလုံး နီတာ။ ဘယ်လောက် တောင် နီလည်း ဆိုရင်လေ.. အိမ်တိုင်းမှာ အလံတိုင်အကြီးကြီးက ၃ တိုင်ရှိတယ်။ သေးသေးလေးတွေကလည်း မွစိလို့ ။ အောင်နိုင်ရေး ဆိုင်းဘုတ်တွေကလည်း အိမ်တိုင်းရှိတယ်။ တရွာလုံးနီတာ။

မေး ။ ။ ရွေးကောက်ပွဲ မကျင်းပခင် မဲဆွယ်ကာလမှာကို အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို တချို့ အွန်လိုင်း ပေါ်က ဖြစ်စေ လှောင်ပြောင်တာတွေ တွေ့ရပါတယ်။ ဒါမျိုးနဲ့ရော တွေ့ကြုံခဲ့ရပါသလား။
ဖြေ ။ ။ ရှိတယ်ရှင့်။ ကျမကိုယ်စားလှယ်လောင်းဝင်ပြိုင်တော့ ကျမတို့ကို မီဒီယာ ၄ ခုက မေးတယ်။ မေးတဲ့ မီဒီယာ တွေရဲ့ နောက်က ကော်မန့်တွေ လိုက်ရေးတာ ပက်ပက်စက်စက်ပဲ။ သူတို့က ကိုယ်စားလှယ် တစ်ယောက်လို့ မမြင်ဘဲနဲ့ ဘာနဲ့ သွားမြင်လည်း ဆိုတော့ အမေ ဒေါ်စုနဲ့ပဲ သွားသွား ယှဉ်တယ်။ ယှဉ်ပြီးတော့မှ ပက်ပက်စက်စက် ပြောတာ။

ဘယ်လောက်တောင် ရိုင်းရိုင်းစိုင်းစိုင်းပြောကြလဲဆိုရင် နောက်ဆုံးကုန်ကုန်ပြောလိုက်မယ်။ ဖာခံထွက်ရင်တောင် ဈေးဦး မပေါက်မယ့် ရုပ်၊ ဘာဖြစ်တယ်။ ညာဖြစ်တယ်။ အဲ့ဒီလောက်ထိအောင် နှမချင်းမစာနာပြောကြတာ။

ဖတ်လိုက်တိုင်း၊ ဖတ်လိုက်တိုင်း သူတို့ရေးတဲ့ စာက အားပေးစကားဆိုတာထက် လူတစ်ယောက်ကို နွံထဲ နစ်သထက်နစ် အောင် နင်းနေတဲ့ ပို့စ်တွေက များနေတာ။ အဲ့လို များလာတဲ့ အချိန်မှာ ကိုယ်က အကောင်းဘက်ကပဲပြန်ကြည့်တယ်။ သူတို့ကို တုပြောနေရင်လည်း သူတို့ဆဲသလို ကိုယ်လိုက်မဆဲရဲဘူး။ ဒါ အမှန်ပြောတာ။

သူတို့ ဆဲတာတွေလည်း အမှန်တိုင်းပြောရရင် ခံစားရတယ်။ ရင်ထဲမှာ ပူနေတယ်။ အဲ့ဒီခံစားချက်ကို မပြောပြတတ်ဘူး။ တစ်မျိုးကြီးပဲ တော်တော်လေးကို ခံစားရတယ်။ ထွက်ပြေးချင်စိတ် ဖြစ်လောက်အောင်ထိအောင် ကော်မန့်တွေက ရေးကြ တယ်။

မေး ။ ။ ဒီနှစ်မှာ အမျိုးသမီး အမတ်တွေ ဝင်ပြိုင်တာ ရွေးချယ်ခံရတာ များလာတဲ့ အပေါ်ကိုရော ဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ အမျိုးသားတွေ မလုပ်နိုင်တဲ့ အရာမျိုးတွေမှာ အမျိုးသမီးတွေက လုပ်နိုင်တယ်လို့လည်း ယုံကြည်တာက တချက်ပေါ့။ အမျိုးသမီး နဲ့ ကလေးသူငယ် ကိစ္စတွေမှာ အမျိုးသားတွေထက် အမျိုးသမီးတွေက သိစွမ်းနိုင်တယ်။ အဲ့ ဒါကြောင့် အမျိုးသမီးတွေ အနေနဲ့ ဒီနိုင်ငံရေး လောကထဲကို ယောကျာ်းတွေနဲ့ ယှဉ်ဘောင်တန်းပြီးတော့ ကိုယ်တိုင် ဝင် ရောက်လာကြတယ်။

အမှန်တိုင်းပြောရရင် ကျမဆိုရင် နိုင်ငံရေး လုပ်ရတာ ဆွေမျိုးသားချင်း ၊ မိဘ အသိုင်းအဝိုင်း အားလုံးနဲ့ တိုက်ခိုက် ခြေစုံ ကန်ပြီးတော့ လုပ်ရတာလေ။ နိုင်ငံရေးလုပ်ရင် အိမ်ပေါ်ကဆင်း။

အများအမြင်မှာတော့ နိုင်ငံရေးက မိန်းကလေးနဲ့ မသက်ဆိုင်ဘူးလို့ ထင်ကြတယ်။ ဒါပေမယ့် ကျမရဲ့ အမြင်ကျတော့ ဘယ် အလုပ်ပဲ ဖြစ်ဖြစ် မိန်းကလေးနဲ့လည်း သက်ဆိုင်တယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေ ထက်တောင် ပိုလုပ် နိုင်စွမ်းရှိတယ်လို့တောင် မြင်တယ်။

ဒါကြောင့် အမျိုးသမီးတွေ အခုလို နိုင်ငံရေး လောကထဲကို ရောက်လာတဲ့ အပေါ်မှာ အမှန်တိုင်းပြောရရင် အားရတယ်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ များများရောက်ရင် ပိုပြီးတော့လည်း အမျိုးသမီး ကဏ္ဍ အတွက် ဖွံ့ဖြိုးမယ်လို့ မျှော်လင့်ပါတယ်။

မေး ။ ။ ဖြည့်စွက် ပြောချင်တာရှိရင်လည်း ပြောပေးပါဦးရှင့်။
ဖြေ ။ ။ ကျမတို့ ပြည်သူတွေသည် မဲဘာကြောင့်ပေးရမှန်းမသိတဲ့ အတွက် ကိုယ့်မြို့နယ်မှာ ကိုယ်စားလှယ် ဘယ်နှစ်ယောက်ရှိတယ်ဆိုတာကို ပြည်သူအများစု ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းက မသိကြဘူး။

ဒါကြောင့် ပါတီတိုင်းက ပြည်သူကို မဲဘာကြောင့်ပေးရတယ်ဆိုတာ အလျဉ်းသင့်ရင် သင့်သလို ရှင်းပြစေချင်တယ်။

Related Articles