Home မေးမြန်းခန်း “အမျိုးသမီးတွေမပါရင် ဒီတော်လှန်ရေးဟာ ဒီအထိခရီး မရောက်ခဲ့ပါဘူး”

“အမျိုးသမီးတွေမပါရင် ဒီတော်လှန်ရေးဟာ ဒီအထိခရီး မရောက်ခဲ့ပါဘူး”

ဒေါက်တာတေဇာဆန်းနှင့် မေးမြန်းခြင်း။ ။

ရှင်ငြိမ်း။ ။

ဆရာဝန်တစ်ယောက်ဖြစ်တဲ့ အသက် ၃၃နှစ်အရွယ် ဒေါက်တာတေဇာဆန်းကို “နွေဦးတော်လှန်ရေးရဲ့ပဲ့ကိုင်ရှင်”လို့ တင်စားခေါ်ဝေါ်ရလောက်အောင် အာဏာရှင်ဆန့်ကျင်ဖို့ ပထမဆုံးလမ်းပေါ်ထွက်လာခဲ့သူဖြစ်တယ်။

စစ်တပ်က နိုင်ငံတော်အာဏာကို ရယူပြီးနောက်မှာတော့ ဒေါက်တာတေဇာဆန်းဟာ မန္တလေးမြို့မှာ ကျောင်းသားလူငယ် တွေကို ဦးဆောင်ကာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ တော်လှန်ရေးသပိတ်စစ်ကြောင်း စတင်ထွက်ခဲ့ပါတယ်။

သူဟာ နွေဦးတော်လှန်ရေးဆိုတဲ့လူထုလှုပ်ရှားမှုကြီးဖြစ်လာဖို့ လှုံ့ဆော်ခဲ့သူဖြစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ငွေကျပ် သိန်း တစ်ရာ ဆုငွေထုတ်ခံထားရသလို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ပါ အမှုဖွင့်ခံထားရပါတယ်။

လက်ရှိအချိန်အထိ ဒေါက်တာတေဇာဆန်းကို မဖမ်းမိသေးပေမယ့် သူရဲ့နေအိမ်၊ ရပ်ရွာတွေနဲ့ သူခိုလှုံခဲ့တဲ့နေရာတွေကို တော့ စစ်တပ်က အကြိမ်ပေါင်းများစွာ ပိုက်စိပ်တိုက်ရှာဖွေနေဆဲဖြစ်တယ်။

သူရဲ့စွမ်းရည်တွေကြောင့် ဒေါက်တာတေဇာဆန်းဟာ ၂၀၂၁ ခုနှစ်၊ဇွန်လမှာ ပတ်ဂျုံချောလူ့အခွင့်အရေးဆုကို ရရှိခဲ့တယ်။
ခုအချိန်မှာ သူဟာ အာဏာသိမ်းစစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား အပြင်းအထန်တိုက်ပွဲဖြစ်နေတဲ့မြန်မာပြည် အထက်ပိုင်းနဲ့ အညာမြေပြန့်ဒေသလို့ဆိုနိုင်တဲ့ အလယ်ပိုင်းရှိ တော်လှန်ရေးအင်အားစုတွေ၊ စစ်ရှောင်တွေနဲ့တွေ့ဆုံကာ တော်လှန်ရေးရဲ့လက်ရှိအခြေအနေကို လေ့လာနေတာဖြစ်တယ်။

ဒေါက်တာတေဇာဆန်းအနေနဲ့ အခုလိုခရီးတွေထွက်ပြီး တော်လှန်ရေးအခြေအနေလေ့လာရာမှာ အမျိုးသမီးတော်လှန်ရေး သမားတွေရဲ့အခြေအနေတွေနဲ့ပတ်သက်လို့ Hiသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။ အဲ့ဒီမေးမြန်းချက်တွေ ထဲက အမျိုးသမီးတော်လှန်ရေးသမားတွေရဲ့အခြေအနေတွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မေး ။ ။ ခေတ်အဆက်ဆက်တော်လှန်ရေးမှာ အမျိုးသမီးတွေဟာ အသက်အရွယ်မရွေး၊ နေရာဒေသမရွေး အာဏာရှင်ကို တော်လှန်ရေးမှာပါဝင်နေတဲ့အပေါ် ကိုတေဇာဆန်းအနေနဲ့ ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

ဖြေ ။ ။ မြန်မာနိုင်ငံရဲ့သမိုင်းတစ်လျှောက် လွတ်လပ်ရေးမတိုင်မီစပြောမလား ။ လွတ်လပ်ရေးရပြီးတဲ့နောက် အာဏာရှင် စနစ်ဆန့်ကျင်ရေး၊ တော်လှန်ရေးအဆက်ဆက်ကိုပဲကြည့်မလား။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ အတူတူပါဝင်ခဲ့တာ က နေရာတိုင်းမှာပါပဲ။

အမျိုးသမီးတွေ ခေတ်အဆက်ဆက်နိုင်ငံရေးမှာ ပါဝင်ခဲ့တယ်ဆိုတာ နိုင်ငံရေးအကျဉ်းသူတွေ၊ တော်လှန်ရေးအဆက်ဆက် မှာကျဆုံးခဲ့ရတဲ့ အမျိုးသမီးတွေရဲ့စွန့်စားမှုတွေ ဒါတွေကသက်သေတွေပဲပေါ့။ လက်ရှိနွေဦးတော်လှန်ရေးမှာဆိုလည်း အမျိုးသမီးတွေဟာ နေရာမရွေး၊ အသက်အရွယ်မရွေး ပုံစံမျိုးနဲ့ပါဝင်နေတယ်ဆိုတာ အားလုံးမြင်တွေ့နေရတာပဲ။

နောက်သူတို့ပါဝင်မှုတွေက တစ်ကယ့်ကို အံမခန်းလောက်စရာပါ။ တော်လှန်ရေးခရီးဟာ ကြာရှည်တာနဲ့အမျှ လက်ပန်းကျ မသွားဖို့ ခုထိစိတ်လှုပ်ရှားစရာကောင်းတဲ့တော်လှန်ရေးဖြစ်နေတာက အမျိုးသမီးတွေရဲ့အင်အားကြောင့်ပါပဲ။

ကျနော့်အနေနဲ့ကတော့ သူတို့အင်အားကိုယုံကြည်တယ်။ လေးစားတယ်။ သူတို့ကြောင့်ပဲ နွေဦးတော်လှန်ရေးဆိုတာ ဖြစ် လာခဲ့တာပါ။ နောက်ဒီတော်လှန်ရေးဟာ အမျိုးသမီးတွေချည်းမဟုတ်ဘဲ အားလုံးပါဝင်တဲ့အတွက် ကျနော်တို့အနိုင်ရမယ့် တော်လှန်ရေးဖြစ်တယ်။

မေး ။ ။ နိုင်ငံရေးအပြောင်းအလဲဖြစ်တိုင်း စစ်အာဏာရှင်တွေဟာ အမျိုးသမီးတွေကို ပိုမိုဖိနှိပ်လေ့ရှိတယ်။ အထူးသဖြင့် တော်လှန်ရေးမှာ ပါဝင်လို့မရအောင် မိသားစုဝင်တစ်ဦးဦးကို ဖမ်းဆီးရိုက်နှက်၊ သတ်ဖြတ်ပြတာမျိုးအထိလုပ်ပြလေ့ရှိတတ် ကြတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အာဏာရှင်တိုင်းက အမျိုးသမီးတွေ တော်လှန်ရေးမှာပါဝင်မှာစိုးလို့ ကြောက်အောင် ခြောက်တဲ့သဘောလို့ အမျိုးသမီးအများစုကတော့ မှတ်ချက်ပေးနေကြတယ်။ ဒီအပေါ်မှာ ကိုတေဇာဆန်းရဲ့အမြင်နဲ့ အယူ အဆကဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ဟုတ်ပါတယ် ။ အာဏာရှင်တိုင်းကတော့ အမျိုးသမီးတွေရဲ့အင်အားကို ပိုကြောက်ကြတယ်။ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေဆိုရင် အာဏာရှင်တွေက ပိုတောင်ဖိနှိပ်လေ့ရှိတယ်။ ပြောရရင် အာဏာရှင်တွေက အမျိုးသမီးနဲ့ နိုင်ငံရေးဘာဆိုင်လဲဆိုတာမျိုး၊ အမျိုးသမီးတွေဆိုတာ မီးဖိုခန်းမှာနေရမယ့်သူလို့ အဲ့လိုအစွန်းရောက်တဲ့ ဝါဒရှိတဲ့သူတွေဖြစ် တယ်။

အာဏာရှင်လို့ပြောရရင် မင်းအောင်လှိုင်စစ်အုပ်စုပေါ့။ ယခင်ကလည်း မြန်မာနိုင်ငံရဲ့ခေတ်အဆက်ဆက် အာဏာရှင်တွေ ရဲ့ဝါဒကို ကြည့်မယ်ဆိုရင် ဖက်ဆစ်ဝါဒ၊ လက်ယာအစွန်းရောက် ဖက်ဆစ်ဝါဒဖြစ်တယ်။ ဒီလက်ယာအစွန်းဝါဒဆိုတာက အမျိုးသားတွေကပဲ ကြီးစိုးချင်တဲ့စိတ်တို့၊ လိင်စိတ်ခံယူမှုအပေါ်မှာ မတူကွဲပြားမှုရှိတဲ့ LGBTတွေကို မုန်းတီးတဲ့စိတ်တို့၊ သူတို့နဲ့လူမျိုး၊ ဘာသာ၊ အသွေးအရောင်မတူရင် မုန်းတီးတဲ့စိတ်တွေက ဖက်ဆစ်ဝါဒီတွေရဲ့သန္ဓေမှာကို အဲ့လိုစိတ်တွေ ရှိတယ်။
နိုင်ငံရေးဆိုတာ အမျိုးသားတွေနဲ့ပဲဆိုင်တယ်တို့၊ မိသားစုကိုဦးဆောင်နိုင်တာ အမျိုးသားဆိုတဲ့စိတ်တွေရှိတယ်။ လွန်ခဲ့တဲ့ ၁၈ ရာစု၊ ၁၉ ရာစုတွေမှာ ကျန်ခဲ့တဲ့အစွန်းရောက်ဝါဒီတွေအတိုင်း ဖက်ဆစ်ဝါဒီတွေမှာ အဲ့လိုရှိတယ်။ သူတို့တွေက နိုင်ငံ ရေး၊ စစ်ရေးတွေအမြဲပဲ အမျိုးသမီးတွေကို ချန်လှပ်ထားလေ့ရှိတယ်။

ဘာလို့လဲဆိုတော့ အမျိုးသမီးတွေက ခေတ်အဆက်ဆက်တော်လှန်ရေးတွေမှာလည်းပါဝင်ခဲ့တယ်။ နောက် သူတို့ရဲ့အခွင့် အရေးတွေဖြစ်တဲ့ကျန်းမာရေးစောင့်ရှောက်ခွင့်တို့၊ ပညာသင်ကြားခွင့်တို့စတဲ့ကျား၊ မတန်းတူညီမျှရေးတိုက်ပွဲတွေမှာလည်း ရှေ့ကနေဦးဆောင်တိုက်ပွဲဝင်ခဲ့သူတွေဖြစ်နေတာကြောင့်ဖြစ်တယ်။

အာဏာရှင်တွေ၊ အစွန်းရောက်ဖက်ဆစ်ဝါဒရှိသူတွေကတော့ ဒီလိုအမျိုးသမီးတွေကို သူတို့ရဲ့နိုင်ငံရေး၊ စစ်ရေးတွေမှာ မပါ ဝင်စေချင်ကြဘူး။ စစ်ဆိုတာ ယောကျာၤးချင်းတိုက်တဲ့တိုက်ပွဲလို့ခံယူထားတော့ အမျိုးသမီးတွေက ဖယ်ထားတဲ့သဘော ပေါ့။ တကယ်တော့ အမျိုးသမီးတွေဟာ သူတို့တွေးထင်မထားလောက်တဲ့ တော်လှန်ရေးတိုက်ကွက်မျိုးစုံနဲ့ တော်လှန်နေ ကြတယ်ဆိုတာ ဒီနွေဦးတော်လှန်ရေးမှာဆိုလည်း အားလုံးတွေ့မြင်နိုင်တာပဲလေ။

မေး ။ ။ အမျိုးသမီးတွေရဲ့အင်အားကို စစ်အာဏာရှင်တွေက ကြောက်ကြတယ်ဆိုတဲ့စကားအပေါ် ကိုတေဇာဆန်းအနေနဲ့ ဘယ်လို မှတ်ချက်ပြုချင်ပါသလဲရှင့်။

ဖြေ ။ ။ မြန်မာနိုင်ငံမှာဆိုရင် အမျိုးသမီးတွေဟာ လူအများစုထဲမှာပါတယ်။ ၁၀၀မှာဆိုရင် ၅၃ လောက်က အမျိုးသမီးတွေ ဖြစ်တယ်။ ဆိုတော့ လူအများစုဖြစ်တဲ့အမျိုးသမီးတွေကိုယ်တိုင် တော်လှန်ရေးမှာပါဝင်တယ်ဆိုရင် စစ်အုပ်စုဘက်က ပိုကြောက်မှာပါ။

ကျနော်ထင်တာက ဖက်ဆစ်စစ်အုပ်စုဘက်က တော်လှန်ရေးမှာ အမျိုးသားချည်းမဟုတ်ဘဲ လူူအများစုဖြစ်တဲ့အမျိုးသမီး တွေမပါဝင်နိုင်အောင် နည်းမျိုးစုံနဲ့တားနေတယ်လို့မြင်တယ်။ အဲ့တော့ အမျိုးသမီးတွေတော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်တာကို သူတို့ပိုကြောက်ပါလိမ့်မယ်။

ဘာလို့ဆို အမျိုးသမီးတွေရဲ့စည်းရုံးနိုင်တဲ့၊ လုပ်ကိုင်နိုင်တဲ့ကဏ္ဍတွေ၊ နယ်ပယ်တွေအများကြီးရှိလို့ဖြစ်တယ်။ အမျိုးသား တွေ၊ အမျိုးသမီးတွေအားလုံးစုပေါင်းပါဝင်မယ်ဆိုရင် သူတို့ရဲ့ဖက်ဆစ်တွေရဲ့ရန်မီးက ပိုကြီးလာမယ့်အခြေအနေရှိတော့ ဒါကိုလည်း သူတို့တွေးပြီး ပိုကြောက်တဲ့သဘောလည်းဖြစ်နိုင်ပါတယ်။

မေး ။ ။ အခုကိုတေဇာဆန်းအနေနဲ့တောထဲက PDF စခန်းတွေကို သွားနေတာတွေ့ရတယ်။ အဲ့ဒီမှာအမျိုးသမီးတွေနဲ့ တွေ့ ဆုံမေးမြန်းထားတာတွေကို ဖေ့ဘွတ်မှာတင်ထားတာတွေ့တယ်။ ကျမတို့ Hi အနေနဲ့လည်း လက်ရှိလက်နက်ကိုင် တိုက်ပွဲမှာပါဝင်နေတဲ့အမျိုးသမီးတွေအကြောင်းကို တောက်လျောက်ရေးသားခဲ့တာရှိပါတယ်။ တစ်ချို့လည်း သူတို့အနေနဲ့ သူတို့ကို တန်းတူနေရာပေး တန်းတူတာဝန်တွေပေးခံရတာရှိသလို တချို့ကျတော့လည်း အမျိုးသမီးအခွင့်အရေးအနေနဲ့ ကြည့်ရင် ခွဲခြားမှုတွေရှိနေသေးတယ်ဆိုတာမျိုးတွေကို ကျမတို့သိရပါတယ်။ ဆိုတော့ တောထဲရောက်နေတဲ့ အမျိုးသမီး တွေနဲ့ပတ်သက်ပြီး အကိုကြုံတွေ့ခဲ့တဲ့အခြေအနေလေးတွေကို ဖလှယ်ပေးစေချင်ပါတယ်။

ဖြေ ။ ။ ကျနော့်ရဲ့အတွေ့အကြုံအရ ခုခံစစ်ဖြစ်တဲ့လက်နက်ကိုင်တော်လှန်ရေးမှာဖြစ်ဖြစ် လူထုသပိတ်တိုက်ပွဲတွေမှာဖြစ် ဖြစ်တော်လှန်ရေးရဲ့ကျရာကဏ္ဍတွေဖြစ်တဲ့ကြားကာလပညာရေးတို့၊ ကြားကာလကျန်းမာရေးစောင့်ရှောက်မှုစတဲ့ နယ်ပယ် စုံမှာ ကျား၊ မ ညီတူမျှတူအလုပ်လုပ်နေကြတာတွေ့ရတယ်။

ပြည်သူအားလုံးက ပုံစံမျိုးစုံနဲ့ ကျရာကဏ္ဍကနေ အင်နဲ့အားနဲ့ ပါဝင်နေတယ်။ လက်နက်ကိုင်တော်လှန်ရေးမှာ ကျနော် ရောက်သမျှ ဒေသကာကွယ်ရေးတပ်(PDF)စခန်းတွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမှာလည်း အမျိုးသမီးတွေပါဝင်နေ တာတွေ့ရတယ်။

အမျိုးသမီးတွေလည်း နိုင်တဲ့တာဝန်ကိုထမ်းနေကြတယ်။ ရုံးလုပ်ငန်းကနေ နောက်ဆုံးလက်နက်ကိုင်တော်လှန်တဲ့အထိ ပါဝင်နေကြတယ်။ နောက်ဆုံးကျေးရွာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေဦးဆောင်နေတဲ့ရွာတွေ အများကြီး တွေ့ခဲ့ရတယ်။ အမျိုးသမီးအုပ်ချုပ်ရေးမှူးတွေ၊ အဖွဲ့ဝင်စသဖြင့် အများကြီးကျနော်တွေ့ခဲ့ရတယ်။

အမျိုးသမီးသပိတ်ခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ အများကြီးပဲ။ နောက်လိင်စိတ်ခံယူမှုကွဲပြားတဲ့LGBTစသဖြင့် အများကြီးပဲ။ ပြောချင်တာက မြေပြင်မှာ ကျား၊မရယ်လို့မခွဲခြားဘဲ တော်လှန်ရေးမှာပုံစံမျိုးစုံနဲ့ ခုခံတော်လှန်စစ်မှသည် လူထုတိုက်ပွဲအထိ ဒိုးတူပေါင်ဖက်ဆောင်ရွက်နေတာကို ကျနော်တွေ့မြင်ခဲ့ရပါတယ်။

နောက် ကျနော်ဒေသတစ်ခုက PDF စခန်းတစ်ခုကို အလည်ရောက်သွားတော့ သူရဲကောင်းစစ်သည်တော်များနဲ့ စကား စမြည် ပြောဖြစ်တယ်။ အဲ့ဒီမှာ PDF စစ်မေတွေကို ကျနော်တို့ တော်လှန်ရေးက လက်နက်ခဲယမ်းကလည်း မပြည့်စုံသေး။ လူထုသပိတ်တိုက်ပွဲတွေမှာလည်း အချို့ပြည်သူတွေကလည်း သွေးအေးသလိုဖြစ်လာနဲ့။ အချိန်ဘယ်လောက်ကြာဦးမယ် ဆိုတာ မသိနိုင်ပါဘူး။ ခင်ဗျားတို့ တော်လှန်ရေးဒဏ်ခံနိုင်ပါ့မလားလို့ မေးဖြစ်တယ်။

အဲ့တော့ စစ်မေတစ်ဦးက တော်လှန်ရေးကြီး အချိန်ဘယ်လောက်ကြာမယ်ဆိုတာက သူ့ကိစ္စ၊ ပြောရရင် အဲ့ဒါက ဆရာတို့ နဲ့ ပိုဆိုင်တယ်။ ကျမတို့က ဒီတော်လှန်ရေးကြီးမှာ အဆုံးထိအတူလိုက်ဖို့ပဲ၊ အတူတိုက်ဖို့ပဲ။ အိမ်နဲ့လည်း အဲ့လိုပြောပြီးမှ PDF ထဲဝင်ခဲ့တာ။ စိတ်ချ၊ တော်လှန်ရေးအောင်ပြီးမှ အိမ်ပြန်မှာတဲ့။

မေး ။ ။ တောထဲလက်နက်ကိုင်တိုက်ပွဲမှာ ကျရာတာဝန်(ရှေ့တန်း၊ နောက်တန်း၊ ထောက်ပို့)ထမ်းဆောင်နေတဲ့အမျိုးသမီးတွေ သူတို့မှာဘာတွေအခက်အခဲဖြစ်နေလဲ။ ဘာတွေလိုအပ်ချက်တွေနဲ့ ကြုံတွေ့နေရသလဲဆိုတာတွေကိုလည်း ဖလှယ် ပေးစေချင်ပါတယ်။

ဖြေ ။ ။ ဒါကိုတော့ ကျနော်အနေနဲ့ အသေးစိတ်တော့မသိဘူး။ ဒါပေမဲ့တော်လှန်ရေးတစ်ရပ်ဆင်နွဲတယ်ဆိုတာ အားလုံးက တော့ အဆင်ပြေနေတာမဟုတ်ဘူး။ ပန်းခင်းလမ်းမဟုတ်တဲ့ ဆူးခင်းလမ်းဆိုတော့ လိုအပ်ချက်တွေ၊ အဆင်မပြေတာတွေ၊ အားနည်းချက်တွေကတော့ ကိုယ်စီရှိနေကြတာပဲ။ အမျိုးသမီးအတွက်ရယ်လို့ ကျနော်အနေနဲ့သီးသန့်စူးစမ်းဖြစ်တာတော့ မရှိပါဘူး။

သို့သော်လည်း ဘယ်လောက်အခက်အခဲတွေရှိရှိ ဘယ်စိတ်နဲ့ဖြတ်သန်းနေလဲဆို ငါတို့တော်လှန်ရေးခရီးဖြစ်တယ်။ ငါတို့ ပင်ပန်းမယ်၊ ဆင်းရဲမယ်၊ ဒုက္ခတွေရောက်မယ်။ ဒါပေမဲ့ ဒီတော်လှန်ရေးသည် ငါတို့ မတော်လှန်လို့ မဖြစ်တဲ့အနေအထား ဆိုတာကို အားလုံးက ယုံယုံကြည်ကြည်သိတယ်။ အဆုံးတစ်နေ့မှာ ဓမ္မနဲ့ အဓမ္မတိုက်ပွဲဖြစ်တဲ့အတွက် ဓမ္မက နိုင်ကိုနိုင်ရ မယ်ဆိုတဲ့ယုံကြည်တဲ့စိတ်နဲ့ ဆင်နွှဲနေတာကို တွေ့ရပါတယ်။

အမျိုးသမီးတွေဆိုလည်း ကျနော်မေးကြည့်တယ်။ အိမ်ကသဘောတူရဲ့လား။ အိမ်ကပြန်မခေါ်ဘူးလားလို့ မေးမြန်းကြည့် တဲ့အခါမှာတော့ သူတို့မိဘတွေကိုယ်တိုင်က အားပေးတယ်ဆိုတာသိရတော့ ပီတိလည်းဖြစ်ရတယ်။ မိဘတွေလည်း ဒီတော်လှန်ရေးမှာပါဝင်တဲ့အတွက် အားတက်ရတယ်။

အခက်အခဲတွေကတော့ ကျား၊ မ မခွဲခြားပဲ အတူတူပဲလို့တော့ ကျနော်မြင်တယ်။ ဒါပေမဲ့အမျိုးသမီးတွေရဲ့သီးသန့်လိုအပ် ချက်တွေဖြစ်တဲ့လစဉ်ဓမ္မတာလာတဲ့ကိစ္စတွေ၊ ကျန်းမာရေးပြဿနာတွေကတော့ ရှိကောင်းရှိနိုင်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ သူတို့လိုအပ်ချက်တွေ၊ အခက်အခဲတွေ မေ့ထားပြီး တော်လှန်ရေးအတွက် အင်တိုက်၊ အားတိုက်နဲ့ ကြိုးစားနေကြ တာကို တွေ့ရပါတယ်။

မေး ။ ။ အမျိုးသမီးတွေ PDFထဲပါဝင်လာတဲ့ အကြောင်းအရင်းနဲ့ပတ်သက်လို့ ဘယ်လိုတုံ့ပြန်ကြသလဲ။

ဖြေ ။ ။ ကျနော်တွေ့ရသလောက်ကတော့ ဒေသတိုင်းမှာ အမျိုးသမီးတွေဟာ တက်တက်ကြွကြွနဲ့ လက်နက်ကိုင်တွေထဲ မှာပါဝင်တယ်။ တစ်ချို့ကတော့ ကျေးရွာအခြေပြု၊ မြို့နယ်အခြေပြုပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တစ်ချို့ဆို ပြည်သူ့လုံခြုံရေး အဖွဲ့မှာပါတယ်။ တစ်ချို့ဆိုအုပ်ချုပ်ရေးအဖွဲ့မှာပါတယ်။

လက်နက်ကိုင်သည်ဖြစ်စေ၊ လက်နက်မကိုင်သည်ဖြစ်စေ လက်နက်ကိုင်တော်လှန်ရေးမှာ အမျိုးသမီးတွေပါဝင်နေကြ တယ်။ အမျိုးသမီးတွေဟာ သူတို့ကိုဖိနှိပ်ထားတဲ့ဘယ်အရာမဆို တွန်းလှန်နိုင်စွမ်းရှိတယ်လို့ ကျနော်မြင်တယ်။

“ Women can do it.” အမျိုးသမီးတွေဟာ အရာအားလုံးကိုဆောင်ရွက်နိုင်စွမ်းရှိတဲ့သူတွေပေါ့။ လက်တွေ့မှာလည်း ကဏ္ဍအသီးသီးမှာလုပ်နေကြတယ်။

မေး ။ ။ အမျိုးသမီးတွေဟာ အာဏာရှင်ကိုကိုယ့်လက်နဲ့ကိုယ်ခြေ တိုက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ သူတို့မိသားစုတွေ၊ စည်းစိမ်ဥစ္စာတွေ၊ ရာထူးတွေကိုစွန့်ပြီး လက်နက်ကိုင်ထဲဝင်လာခဲ့တယ်။ ဒါမဲ့စိုးရိမ်လို့ဆိုတဲ့စကားနဲ့ သူတို့ရဲ့လုပ်ပိုင်ခွင့် တွေကိုချပြခွင့်မရကြဘူး။ ဒီတော့အမျိုးသမီးတွေအတွက်လည်း တိုက်ပွဲမှာပါဝင်ဖို့ ဘယ်လိုအခွင့်အရေးတွေ၊ လမ်းကြောင်း တွေ လုပ်ပေးသင့်တယ်လို့ မြင်ပါသလဲရှင့်။

ဖြေ ။ ။ သေချာတာကတော့ အားလုံးသိပြီးသားပဲ ၊ကျနော်တို့တော်လှန်ရေးက တော်လှန်ရေးသမားတိုင်းကို လူတန်းစေ့ လက်နက် မတပ်ဆင်နိုင်ဘူး။ လက်နက်မရှိဘဲ စစ်မြေပြင်လွှတ်ဖို့ဆိုတာကတော့ သေတွင်းထဲပို့သလို ဖြစ်သွားနိုင်ပါတယ်။ အမျိုးသမီးတွေကို တိုက်ပွဲထဲမပါစေချင်လို့ တမင်ဖယ်ကျဉ်ထားတာတော့ မဟုတ်ပါဘူး။ နှိမ့်ချပြီး ချန်ထားတယ်လို့လည်း ကျနော် မမြင်ပါဘူး။ သက်ဆိုင်ရာစစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေအနေနဲ့ သူတို့မှာစဉ်းစားချက်ရှိနိုင်ပါတယ်။

ကျနော်တို့က အရပ်သားတွေဆိုတော့ အရပ်သားအတွေးတွေးမှာပေါ့။ စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေ၊ ကွပ်ကဲရေးမှူး တွေမှာ သူတို့ရဲ့လုပ်ထုံးလုပ်နည်းတွေ ရှိပါလိမ့်မယ်။ ဒါပေမဲ့တစ်ချို့နေရာတွေမှာဆိုရင် တိုက်ခိုက်ရေးတွေမှာ အမျိုးသမီး တွေပါဝင်နေတာကိုတွေ့ရတယ်။

တစ်ချို့အညာဒေသတွေမှာဆိုရင် တိုက်ခိုက်ရေးဆို အမျိုးသမီးတွေချည်း ဦးဆောင်နေတဲ့အဖွဲ့တွေလည်းရှိတယ်။ ကျနော် တို့ သတင်းသာကြားရပြီး လူချင်းမတွေ့ဖူးသေးတဲ့အမျိုးသမီးလေးတွေဆိုရင် ကိုယ်တိုင်တိုက်ပွဲဦးဆောင်နေတဲ့သူတောင် ရှိပါတယ်။

မေး ။ ။ တော်လှန်ရေးမှာ အာဏာရှင်ကိုသာမက ခေတ်အဆက်ဆက်က အမျိုးသမီးတွေကို ဖိနှိပ်လာတဲ့ အယူအဆတွေ ကို တိုက်ထုတ်နေကြတယ်။ အာဏာရှင်နဲ့အတူ အမျိုးသမီးတွေအပေါ်ခွဲခြားမှုတွေကို တစ်ပါတည်းတိုက်ထုတ်ပစ်ရမယ်ဆို ပြီးလည်း ပြောဆိုနေတာတွေရှိပါတယ်။ ဒီအပေါ် ကိုတေဇာဆန်းရဲ့သဘောထားက ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ ဒါကတော့ မကောင်းတဲ့အယူအဆတွေ၊ ရှေးထုံးတွေကလည်း ပယ်သင့်တာပယ်ကြရမယ်။ မကောင်းရင်တော့ ဖယ်ရှားရမှာပါ။ ကောင်းတာကတော့ ဆက်သယ်ရမယ်။ ကျနော်တို့နိုင်ငံက လွတ်လပ်ရေးရတာ နှစ်ပေါင်း ၇၀ ကျော်ရှိ တဲ့အထဲမှာ နှစ် ၆၀ လောက်က အာဏာရှင်စနစ်အောက်မှာပဲနေခဲ့ကြရတယ်။

အာဏာရှင်စနစ်အောက်မှာ ရှိခဲ့တဲ့ပညာရေးစနစ်တွေ၊ နိုင်ငံရေးစနစ်တွေ၊ အုပ်ချုပ်ရေးစနစ်တွေကတော့ မကောင်းတဲ့ အရာတွေအများကြီးရှင်သန်စေခဲ့တယ်။ နောက်ဆုံးပြောရရင် ကျောင်းပြဌာန်းစာအုပ်တွေကအစပေါ့။ အစိုးရခွင့်ပြုထားတဲ့ သတင်းစာတွေအဆုံး မကောင်းတဲ့အရာတွေ၊ လွဲမှားနေတဲ့အရာတွေရှိနေမှာ မလွဲပါဘူး။

အဲ့ဒါကြောင့် ကျနော်တို့က နိုင်ငံရေးစနစ်ကောင်းဖို့အရေးကြီးတာဖြစ်တဲ့အတွက် နိုင်ငံရေးစနစ်ကောင်းဖို့အတွက် အာဏာ ရှင်ကို တော်လှန်နေကြတာဖြစ်တယ်။ နောက် လူမျိုး၊ ဘာသာ၊ အသားအရောင်နဲ့ ဓလေ့တွေအပေါ် အခြေပြုခွဲခြားမှုတွေ ကတော့ ကျနော်တို့ဆက်ပြီးတွန်းလှန်ကြရမှာပါ။

ဒါတွေကလည်း “အရင်းစစ်တော့ အမြစ်မြေ”ကဆိုသလို နိုင်ငံရေးစနစ်မှန်ကန်ဖို့က အထူးအရေးကြီးတယ်။ ဒါ့ကြောင့် ကျနော်တို့က ဒီနွေဦးတော်လှန်ရေးကို ခေတ်ပြောင်း၊ စနစ်ပြောင်းတော်လှန်ရေးအဖြစ် ဆောင်ရွက်နေကြတာဖြစ်တယ်။

မေး ။ ။ ၂၀၂၁ အာဏာရှင်တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မူအားပိုကောင်းလာတယ်လို့ထင်ပါသလား။ သူတို့ တွေရဲ့ပါဝင်မှုက ဘယ်လိုသက်ရောက်မူတွေရှိစေသလဲ။

ဖြေ ။ ။ ဟုတ်ကဲ့။ ဒါကတော့ အားလုံးမျက်မြင်ပါပဲ။ အမျိုးသမီးတွေဟာ နိုင်ငံရေး၊ စစ်ရေး၊ လူထုတိုက်ပွဲတွေမှာ ပါဝင်နေ တာပဲလေ။ အမျိုးသမီးတွေမပါဘူးဆိုရင် ဒီတော်လှန်ရေးဟာ ဒီနေရာအထိရောက်လာမှာမဟုတ်ပါဘူး။ အမျိုးသမီးတွေရဲ့ တော်လှန်ရေးမှာပါဝင်မှုက အင်မတန်မှအရေးကြီးလှပါတယ်။ လူအများစုဖြစ်တဲ့အမျိုးသမီးတွေမပါဘဲနဲ့တော့ တော်လှန် ရေးက ဘယ်ခရီးရောက်ပါ့မလဲ။

မေး ။ ။ ဒီနွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ဘာသာခြားအမျိုးသမီးတွေရဲ့ပါဝင်မှု၊ စွန့်လွှတ် စွန့်စားမှုတွေအပေါ် ကိုတေဇာဆန်းအနေနဲ့ ဘယ်လိုများမှတ်ချက်ပေးချင်ပါသလဲရှင့်။

ဖြေ ။ ။ ကျနော်နိုင်ငံက အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်း ၆၀ ကျော်လောက်နေထိုင်ခဲ့ရတဲ့နိုင်ငံဖြစ်တယ်။ အဲ့ဒီ အာဏာရှင်စနစ်အုပ်ချုပ်တာရဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ပြည်သူတွေကြားထဲမှာ မှန်ကန်တဲ့အသိ၊ ပြည်သူ့နီတိတွေ အားနည်းနေတာတွေရှိခဲ့တယ်။
လူမျိုး၊ ဘာသာ၊ ကိုးကွယ်ရာ ဒါတွေကိုအခြေပြုပြီးတော့ ခွဲခြားဆက်ဆံခဲ့တာတွေရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့လူ ထုတော်လှန်ရေးနဲ့အတူ တွန်းလှန်နေကြရတာဖြစ်တယ်။

နောက် ဒီတော်လှန်ရေးဟာ လူမျိုးတစ်ခုရဲ့တော်လှန်ရေး၊ ဘာသာတရားတစ်ခုရဲ့တော်လှန်ရေးမဟုတ်ဘူး။ လူမျိုးစုံ၊ ဒေသအစုံ၊ ဘာသာအစုံတော်လှန်ရေးဖြစ်တယ်။ အဲ့လိုတော်လှန်ခဲ့လို့ ဒီအထိခရီးရောက်ခဲ့တာဖြစ်တယ်။ အဲ့လို စုစည်းပြီး စည်းလုံးညီညွတ်မှုနဲ့ဆက်ပြီး တော်လှန်ရမှာဖြစ်တယ်။ အဲ့တော့တော်လှန်ရေးမှာ ထည့်ဝင်နေတဲ့ပြည်သူတစ်ဦး တစ် ယောက်ချင်း အင်မတန်မှအရေးကြီးပါတယ်။ အင်မတန်မှတန်ဖိုးကြီးပါတယ်။ ဂုဏ်ယူချင်ပါတယ်။

မေး ။ ။ အခုမေးထားတာတွေအပြင် ကိုတေဇာဆန်းအနေနဲ့ ထပ်မံဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါဦး။

အမျိုးသမီးတွေဟာခေါင်းဆောင်နိုင်တယ်။ ဦးဆောင်နိုင်တယ်။ အမျိုးသမီးတွေမပါရင် ဒီတော်လှန်ရေးဟာ ဒီအထိခရီး မရောက်ခဲ့ပါဘူး။ သူတို့တွေဟာတော်လှန်ရေးသူရဲကောင်းတွေအဖြစ်နဲ့ကျနော်အမြဲလေးစားဂုဏ်ယူလျှက်ပါပဲ။ တစ်ခုတော့ ရှိတယ်။ ကျနော်တို့တော်လှန်ရေးခရီးဟာ တာတိုခရီး မဟုတ်ပါ။ ဒီအတွက်သက်လုံကောင်းဖို့ အထူးလိုအပ်ပါတယ်။

Author:

Related Articles