Home မေးမြန်းခန်း “တကယ်ဆုံးဖြတ်ချက်ချတဲ့ နေရာအဆင့်ဆင့်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် ပအိုဝ်းအမျိုးသမီး ပါဝင်လာတာ မရှိခဲ့ဖူးဘူး”

“တကယ်ဆုံးဖြတ်ချက်ချတဲ့ နေရာအဆင့်ဆင့်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် ပအိုဝ်းအမျိုးသမီး ပါဝင်လာတာ မရှိခဲ့ဖူးဘူး”

ကြည်ဖြူ။ ။

နန်းကြယ်စင် (ခ) နန်းခံချို ဟာ ပြည်ထောင်စုပအိုဝ်းအမျိုးသားများအဖွဲ့ချုပ် ကို ကိုယ်စားပြုပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။ တောင်ကြီးတက္ကသိုလ်က သမိုင်းဘာသာရပ်နဲ့ ဘွဲ့ရခဲ့တဲ့ ပအိုဝ်းတိုင်းရင်းသူ နန်းကြယ်စင် (ခ) နန်းခံချို ဟာ ရွေးကောက်ပွဲမှာ မဲရလာဒ် ၇,၀၀၀ ကျော်ရခဲ့ပေမယ့် ရွေးကောက်ပွဲတော့ အနိုင်မရခဲ့ပါဘူး။

အမျိုးသမီးတွေ နိုင်ငံရေးလောကမှာ ပါဝင်ပတ်သက်မှု မရှိသလောက်နည်းနေတဲ့ ပအိုဝ်းဒေသမှာ ရွေးကောက်ပွဲဝင်ခဲ့တဲ့ အမျိုးသမီးတယောက်ရဲ့ အတွေ့အကြုံကို သိရှိနိုင်ဖို့ နန်းကြယ်စင် (ခ) နန်းခံချိုကို မေးမြန်းခဲ့ပြီး ထိုအထဲမှအချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

မေး။ ။၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားတွေနဲ့ တန်းတူဝင်ရောက် အရောက်အရွေးခံရတဲ့ အချိန်မှာ အဓိက စိန်ခေါ်မူတွေက ဘာတွေ ရှိပါသလဲ။
ဖြေ။ ။ပထမ တချက်က အမျိုးသမီးဖြစ်လို့မဟုတ်ဘူး ကိုဗစ် ဖြစ်လို့လေနော်။ ကိုဗစ်က ဘာလို့ထည့်ထည့်ပြောနေရ တာလဲဆိုတော့ စိန်ခေါ်မှုအကြီးမားဆုံးဖြစ်တယ်။ ဒါက မဲသွားဆွယ်တဲ့အချိန်မှာ လူနည်းတာက အဆင်ပြေတယ်။ တခါတလေကျတော့ လူအရမ်းနည်းလည်း စည်းရုံးရေးလုပ်ရတာ အားမရှိဘူး။ လူများမယ်ဆိုရင်လည်းအခက်အခဲရှိတယ်။

ကျမက အမျိုးသမီးဖြစ်တယ်။ ကျမ campaign team တွေကလည်း အမျိုးသမီးတွေချည်းပဲဖြစ်တယ်ဆိုတော့ တခါတလေကျွန်မတို့သွားတာ လုံခြုံရေး အရမ်းအရမ်းစိုးရိမ်ရတယ်။ တချို့နေရာမှာ ခဲ နဲ့ပေါက်တာမျိုးတွေ(ရှိခဲ့တယ်)။

တစ်ချို့ရွာတွေမှာဆိုရင် ကိုဗစ် ကျန်းမာရေးအရမို့လို့ ဝင်ခွင့်မပြုဘူးဆိုတာကို ကျွန်မတို့ နားလည်တယ်။ တကယ်လို့ ကျွန်မတို့ ဝင်လို့မရဘူးဆိုရင် ဘယ်အဖွဲ့ ဘယ်ပါတီမှ ဝင်လို့မရဘူးလေ။ ကျွန်မတို့ကိုပဲ ဝင်ခွင့်မပြုတာကိုပဲ မလုပ်ဘဲ ဘယ်အဖွဲ့ ဘယ်ပါတီ ပဲ လာလာ ဝင်ခွင့်မပေးနဲ့လေ။

နောက်တချက် ကျမအနေနဲ့ဆိုရင်တော့ စိန်ခေါ်မှုက ဒီဓလေ့ထုံးတမ်းကလည်း အရမ်းကြီးကို ထည့်ပြောစရာလိုတယ်ပေါ့။ “ အမျိုးသမီးတွေက အိမ်မှာနေပြီး အိမ်မှုကိစ္စတွေပဲ လုပ်ရမှာ။ နိုင်ငံရေး လုပ်ရတဲ့အမျိုးမှ မဟုတ်တာ” ဆိုတဲ့ စကားလုံးတွေ အများကြီးထွက်လာတယ်။ ကျွန်မက အမျိုးသမီးဖြစ်တယ်။ ကျွန်မက လူငယ်တစ်ယောက်ဖြစ်တယ် အဲ့ကြောင့်မို့ ဒီဟာကလည်း ဓလေ့ထုံးတမ်းအရပြန်ကြည့်မယ်ဆိုရင်လည်း အဟန့်အတားတခုဖြစ်တယ်။

နောက်တချက်ကျတော့ ကျမရဲ့ တစ်ဦးတယောက် အခက်အခဲကြောင့်ပါ။ ကျမက ဆီဆိုင်မှာ ဝင်ပြိုင်တယ် ဒေသခံမဟုတ်ဘူးဆို‌တော့ အတိုက်အခံအရမ်းများတယ်။ “ဆီဆိုင်သူ ဆီဆိုင်သားတွေကို ကျမထက် သာတဲ့လူ တစ်ပုံကြီး ရှိတယ်” ဆိုတဲ့စကားတွေကအစ၊ “သူ့ထက်သာတဲ့ ရွေးစရာ ဆီဆိုင်သူ ဆီဆိုင်သားတွေ မရှိတော့ဘူးလား” အဲ့လိုမျိုးတွေပေါ့။

မေး။ ။ရွေးကောက်ပွဲမှာ အရွေးမခံရတာ ဘာကြောင့်လို့ သုံးသပ်မိပါသလဲ။
ဖြေ။ ။မဲရလာဒ်ကတော့ ၇,၀၀၀ တော့ကျော်တယ်။ … ရှုံးတဲ့ထဲမှာလည်း တခုမြင်တာက ကျမ တဦးတယောက်ရဲ့ အမြင်ပါ “တံဆိပ်ကြောင့်လို့လည်း ပြောလို့ရတယ်ပေါ့လေ။ ဥပမာ ကျွန်မတို့တံဆိပ်ကိုလူထုတွေက မသိဘူး။ အဲ့ကြောင့်မို့လို့ တံဆိပ်ကြောင့် ရှုံးတယ်ဆိုတာထက် အဲ့လိုပဲ ပြောချင်တယ်။ ဒါပေမယ့် ဘာကြောင့် တံဆိပ်ကြောင့်လို့ ကျမတို့ ပြောရတာလဲဆိုရင် နောက်ကွယ်မှာ ပြန်ကြည့်လိုက်မယ်ဆိုရင် ပြည်သူလူတွေရဲ့ နိုင်ငံရေး ရေချိန်မမြှင့်ဘူး။

လူထုတွေရဲ့ နိုင်ငံရေး ရေချိန်မမြှင့်ဘူးလို့ ပြောလို့ရတာကလဲ မဲပေးတဲ့လူ အများစုက ဒီကိုယ်စားလှယ်ကို သူတို့ကြိုက်လို့ ရွေးခဲ့တာ မဟုတ်ဘူး။ နဂါးဝိဇ္ဇာတွေရဲ့ သားသမီးမို့လို့ သူတို့က နဂါးကို ပေးရတယ် ဆိုတဲ့ အယူအဆနဲ့မဲပေးကြတာများတယ်။ ဆိုတော့ အဲ့ဒီ logo ကို လူတိုင်းသိတယ်။ ကျွန်မတို့ logo ကို လူတိုင်းမသိဘူးဆိုတဲ့ဟာတော့ ဖြစ်တယ်ပေါ့။

နောက်တချက်က ကျွန်မတို့ရဲ့ အတိုက်အခံပါတီက အရမ်းအားကောင်းပြီးသားအစိုးရဖြစ်ခဲ့ဖူးတယ်ဆို‌တော့ သက်ဆိုင်ရာ ဌာနဆိုင်ရာမှာ အကုန်လုံးက ရှင်းရှင်းပြောမယ်ဆိုရင် ယန္တရားတခုလုံးက သူ့လူတွေပဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကလည်း ကျွန်မတို့ရှုံးရတဲ့အချက်တချက်ကြောင့်လို့ မြင်တယ်‌။

ရှင်းရှင်းပြောရမယ်ဆိုရင် မဲ ပေးခါနီးတောင်မှ ဥပမာ – မနက်ဖန် ကြိုတင်မဲ ပေးရတော့မယ်။ သက်ဆိုင်ရာ ရွာမှာရှိတဲ့ လူတွေက ဆော်သြလိုက်တယ်. မဲ ဘယ်လို ပေးရမယ်ဆိုတာကို ဒီညမှာကို လူစုပြီးတော့ ‘နဂါး’ တံဆိပ်နဲ့ လူတိုင်း လူတိုင်း ထုပေးဖို့ သင်ပေးတယ်။

“ကျမက အမျိုးသမီးဖြစ်တယ်။ ကျမ campaign team တွေကလည်း အမျိုးသမီးတွေချည်းပဲဖြစ်တယ်ဆိုတော့ တခါတလေကျွန်မတို့သွားတာ လုံခြုံရေး အရမ်းအရမ်းစိုးရိမ်ရတယ်။ တချို့နေရာမှာ ခဲ နဲ့ပေါက်တာမျိုးတွေ(ရှိခဲ့တယ်)… ”

မေး။ ။ရွေးကောက်ပွဲ ရလဒ်ထွက်ရှိလာတဲ့ အပေါ်မှာ အမျိုးသမီးတစ်ယောက် အနေနဲ့ စိတ်ဓာတ်ကျသွားတာမျိုးရော ရှိလား။ ကိုယ်ရဲ့ စိတ်အင်အားကို ဘယ်လိုမြှင့်တင်ထားပါသလဲ။
ဖြေ။ ။ရလာဒ်အပေါ်မှာ စိတ်ဓာတ်ကျတာမျိုးတော့ တခါမှ မရှိဖူးဘူး။ ဒါပေမယ့် စပြိုင်တုန်းကတော့ စိတ်ဓာတ်ကျဖူးတယ်ပေါ့လေ။ စိတ်ဓာတ်ကျဖူးတယ်ဆိုတာ ခုနက ပြောတဲ့ စိန်ခေါ်မှုကြီး တပြိုင်ထဲကြုံရတာကိုး။ ပြီး‌တော့လည်း ဒါက ကျမရဲ့ ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ဝင်ပြိုင်ဖူးတာဖြစ်တယ်။ .. ရွေးကောက်ပွဲဝင်ပြိုင်တာ ပထမဆုံးအကြိမ် ကြုံရသလို ဖြစ်သွားတော့ ဒီအတိုက်အခံတွေလည်း များတဲ့ကြားထဲမှာမှ စိန်ခေါ်မှုတွေလည်း အရမ်းမြင့်တဲ့အချိန်မှာမို့ တခါတလေ စိတ်ဓာတ်ကျတာမျိုးတွေရှိတယ်။

နောက်တချက်က ဘာကြောင့် ငါဒီလမ်းကိုရွေးချယ်ရတဲ့ အကြောင်းအရင်းကိုမြင်နေရတယ်။ လူထုရဲ့အကျိုးကို သယ်ပိုးပေးချင်လို့၊ လူထုရဲ့အသံကို သယ်ပိုးပေးချင်လို့ တကယ်ကို အပြောင်းအလဲ လိုချင်လွန်းလို့ ဒီရွေးကောက်ပွဲကို ဝင်ပြိုင်တာ။ သို့ပေမယ့် ရွေးကောက်ပွဲရလာဒ်ထွက်လာတဲ့အချိန်မှာတော့ အစကတော့ ဝမ်းနည်းတာပေါ့လေ။

မေး။ ။ကိုယ်ကိုယ်တိုင် ရွေးကောက်ပွဲမှာ အရွေးမခံရပေမယ့် အမျိုးသမီးရေးနဲ့ နိုင်ငံရေးတွေကို ဘယ်လိုဆက်လက် လုပ်ဆောင်သွားမယ်လို့ စိတ်ကူးထားပါသလဲ။
ဖြေ။ ။အမျိုးသမီးတွေရဲ့ နိုင်ငံရေးတွေမှာ ပါဝင်လို့ရတာက အဖွဲ့အစည်းမှာ ဝင်ရောက်တာကတစ်ပိုင်း အဖွဲ့အစည်းမှာ ပြန်မရောက်ရင်တောင်မှ ကိုယ်လုပ်လို့ရတယ်လေ ။ ဥပမာ လူငယ်မှာဆိုရင် လူငယ်မူဝါဒမထွက်သေးဘူး အမျိုးသမီးတွေ ဆိုလည်း အမျိုးသမီးမူဝါဒ မရှိသေးဘူး။ သူတို့ရဲ့ Capacity ကို မြှင့်ပေးရမှာ တစ်ပိုင်း ဖြစ်တယ်။ အမြင်ဖွင့်ပေးရမယ်။

မေး။ ။အမျိုးသမီးတွေက အမျိုးသားတွေလောက် အလုပ်မလုပ်နိုင်ဘူး။ ရင်ဘောင် မတန်းနိုင်တဲ့ အမြင်တွေ ရှိနေတော့ ကိုယ်စားလှယ်လောင်း ရွေးချယ်သွားတဲ့ အပေါ်မှာရော ဒီအချက်က သက်ရောက်မူ ရှိတယ်လို့ ထင်ပါသလား။
ဖြေ။ ။ကျမ အတွေ့အကြုံ အရ ပြောမယ်ဆိုရင် အရည်အချင်းတွေတောင် အမျိုးသမီးကိုမတိုင်းဘူး။ ဥပမာ ကျမတို့လူထုအရဆို ဒီအမျိုးသမီး က အမျိုးသားလောက်တောင်မလုပ်နိုင်ဘူး ဆိုတဲ့ အရည်အချင်းတွေတောင် မပြောသေးဘူးနော်။“အမျိုးသမီး သည် နိုင်ငံရေးကိုမလုပ်သင့်ဘူး ”ဆိုတဲ့ စကားကိုအရင်ပြောတာ။

“အမျိုးသမီးတွေက အိမ်မှာပဲနေရမှာ” ဆိုတဲ့စကား အရင်ထွက်တော့ အရည်အချင်းဆိုတာ ဝေလာဝေး။ အဲ့တော့ အမျိုးသမီးသည် ကိုယ့် မှာ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ ကိုယ့်ရဲ့ အရည်အချင်းကို သူတို့မမြင်ဘူး။ အမျိုးသမီးပဲ အိမ်မှာနေရမှာပေါ့ အမျိုးသမီးပဲ အိမ်မှာပဲ နေသင့်တာပေါ့၊ ဘာလို့နိုင်ငံရေးမှာ ပါနေလဲဆိုတဲ့စကားက အရင်ပြောတာမို့လို့ ဒါကလည်း နိုင်ငံရေးလုပ်နေတဲ့အမျိုးသမီးတွေအတွက်ကလည်း နိုင်ငံရေးစိန်ခေါ်မှု ဖြစ်တယ်။

မေး။ ။အခု ရွေးကောက်ပွဲက နိုင်တာ ရှုံးတာ အဓိက မဟုတ်ဘဲ ဖြတ်သန်းမူတစ်ခုကို အတွေ့အကြုံယူတယ်လို သဘောထားမယ်ဆိုရင် အစ်မအနေနဲ့ ကိုယ်အတွက် မှတ်မှတ်ရရရှိစေမယ့် ကိုယ်အတွက် ဘယ်လို အတွေ့အကြုံ ရခဲ့ပါသလဲ။
ဖြေ။ ။ကျွန်မတို့ဝင်ပြိုင်ကတည်းကိုက ပြိုင်တဲ့စိတ်ကိုက အနိုင်လိုချင်လို့ ပြိုင်တာ။ အစကတည်းက ငါတို့ နိုင် နိုင်တယ်ဆိုတာထက် ငါတို့က ယှဉ်ပြိုင်တယ်လေနော့်။ ယှဉ်ပြိုင်တယ်ဆိုတာက ဒီမိုကရေစီရဲ့သဘောတရား က သူတို့က ပြိုင်ဆိုင်ရမှာပဲလေနော်။ ဒါပေမယ့် မှတ်မှတ်ရရ ဖြတ်သန်းမှုတခုလို့ ပြောရမယ်ဆိုရင် ဒီနှစ်က ပြန်ကြည့်မယ်ဆိုရင် ဆီဆိုင်မှာဆိုလို့ရှိရင် နိုင်ငံရေးက စိတ်ဝင်စားဖို့အရမ်းကောင်းတယ်။ ဘာလို့လဲဆိုတော့ အပြိုင်အဆိုင်ရှိလာတော့ ကိုဗစ်ကာလနဲ့တိုးတာလားတော့မသိဘူး။ ၂၀၁၅တုန်းကဆိုလို့ရှိရင် ရှင်းရှင်းပြောရရင် အခြားအဖွဲ့တွေက ဝင်ပြိုင်တဲ့ အခြားအဖွဲ့တွေပေါ့နော် ပြီးခဲ့တဲ့နှစ်မှာ သူတို့စည်းရုံးရေးမသွားဘူး။

စည်းရုံးရေးမသွားဘူးဆိုတော့ ဘယ်လိုဖြစ်လဲဆိုတော့ သူတို့က ဘုန်းကြီးကျောင်းမှာပဲ စုပြီးတော့ ရွာသူကြီးတွေကိုခေါ်ပြီးတော့ လူထုတွေနဲ့ စုပြီးတော့ ခနလေးပဲ ဟောပြောတယ် အဲတာလောက်ဘဲ။ ဒီနှစ်မှာကျတော့ ဘယ်လိုဖြစ်လဲဆို‌တော့ ကျွန်မတို့ ပါတီရော ကျားခေါင်းပါတီရော NLD ရော စည်းရုံးရေးဆင်းပုံ အတူတူဘဲ တစ်ရွာဝင်တစ်ရွာထွက်ဘဲ အဲလိုလုပ်ကြတယ်။ အဲတော့ PNO ပါတီကလည်း အဲလိုလုပ်လာတယ်။ ပြန်ကြည့်လိုက်မယ်ဆိုရင် အပြောင်းအလဲတွေ ရှိလာတာကို တွေ့ရတယ်။ ဆို‌တော့ ဒီနှစ်မှာ ကျွန်မဝင်ပြိုင်ရတာ အနိုင်မရဘူးဆိုပေမယ့် သူတို့မှာ အပြောင်းအလဲတွေ လုပ်လာတယ်။ လူထုတွေရဲ့ အမြင်လည်း အပြောင်းအလဲတွေ များလာတယ်။ ကျွန်မတို့က မပြောင်းလဲနိုင်ပေမယ့် ပြောင်းလဲလာအောင် လုပ်လိုက်တာပဲပေါ့နော်။

ကျမက ဆီဆိုင်မှာ ဝင်ပြိုင်တယ် ဒေသခံမဟုတ်ဘူးဆို‌တော့ အတိုက်အခံအရမ်းများတယ်… “ဆီဆိုင်သူ ဆီဆိုင်သားတွေကို ကျမထက် သာတဲ့လူ တစ်ပုံကြီး ရှိတယ်” ဆိုတဲ့စကားတွေကအစ၊ “သူ့ထက်သာတဲ့ ရွေးစရာ ဆီဆိုင်သူ ဆီဆိုင်သားတွေ မရှိတော့ဘူးလား” အဲ့လိုမျိုးတွေပေါ့…

မေး။ ။ရွေးကောက်ပွဲ မကျင်းပခင်မဲဆွယ်ကာလမှာကို အမျိုးသမီးလွတ်တော် ကိုယ်စားလှယ်လောင်းတွေကို အွန်းလိုင်းပေါ်က ဖြစ်စေ လှောင်ပြောင်တာတွေ တွေ့ရပါတယ်။ ဒါမျိုးနဲ့ရော တွေ့ကြုံခဲ့ရသလား။ အခုရွေးကောက်ပြီးသွားတဲ့ အချိန်မှာကော် ရလာဒ်ပေါ်ကို မူတည်ပြီး လှောင်ပြောင် ပြောဆိုတာမျိုးတွေ တွေကြုံနေရလား။
ဖြေ။ ။ကျမတို့ ရှုံးသွားတဲ့ အချိန်မှာ ဆဲဆိုတာထက် လှောင်တာပိုများလာတယ်။ ကိုယ်ကို ဆဲတာ လှောင်တာမျိုးတွေလည်း ရှိတယ်။ တစ်ဖက်ပါတီကိုလည်း ဂုဏ်ပြုတယ်။ ကျမတို့ဆက်လက် ဆောင်သွားစရာတွေ အများကြီးရှိတယ်လို့တင်ထားတာ HaHa လာပေးသွားတဲ့ သူတွေ အများကြီးဘဲ။ စိတ်ဓာတ်တွေကို တမင်သက်သက် ရိုက်ချိုးနေသလားတောင် ထင်ရတယ်။

မေး။ ။ဒီနှစ်မှာ အမျိုးသမီးအမတ်တွေ ဝင်ပြိုင်တာ ရွေးချယ်ခံရတာ များလာတဲ့အပေါ်မှာကော် ဘယ်လိုမြင်လဲ ရှင့် နည်းနည်းသုံးသပ်ပေးနိုင်မှာလားရှင့်။
ဖြေ။ ။အမျိုးသမီးအသံ ခံစားချက်တွေကို အမှန်တကယ်နားထောင်ပေးတာသည် အမျိုးသမီးဖြစ်တယ်။ သိုပေမယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်းတိုင်းကို ဆိုလိုချင်တာ မဟုတ်ဘူး။ အဓိကကတော့ အမျိုးသမီးအရေးကို ထဲထဲဝင်ဝင် လုပ်တဲ့ အမျိုးသမီး အမျိုးသမီး အသံကို ကိုယ်စားပြုပေးနိုင်တဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်း ဖြစ်ဖို့တော့ လိုတယ်။

ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ ကိုယ်စားလှယ်လောင်း အမျိုးသမီးကိုယ်စားလှယ်သည်လည်း အမျိုးသမီးအရေး အမျိုးသမီးတွေရဲ့ ခံစားချက် အမျိုးသမီးတွေရဲ့ အသံကို တကယ်ကိုယ်စားပြုပေးနိုင်ရင်တော့ ကျွန်မ အရမ်းဝမ်းသာတယ်။ ပြန်ကြည့်လိုက်မယ်ဆိုရင် အမျိုးသမီးရွာသူကြီး မရှိခဲ့ဖူးဘူး။ တကယ်ဆုံးဖြတ်ချက်တဲ့ နေရာအဆင့်ဆင့်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် ပအိုဝ်းအမျိုးသမီး ပါဝင်လာတာ မရှိခဲ့ဖူးဘူး၊ အခုကတော့ ပအိုဝ်းအမျိုးသမီးတွေ နေရာတစ်စုံတစ်နေရာ ရလာပြီ။

ပအိုဝ်းအမျိုးသမီးတွေက ဓလေ့ထုံးတမ်းအရပဲ ဖြစ်ဖြစ် အဖိနှိပ်ခံခဲ့ရတယ်။ လွှတ်တော်မှာ ပအိုဝ်းအမျိုးသမီးတွေရဲ့ ခံစားချက်ကို ပြောပေးတဲ့သူ မရှိဘူး တကယ်ပြောပေးတဲ့သူ မရှိဘူး။ တကယ်အဆိုတင်သွင်းပေးတဲ့ သူမရှိဘူး။ အဲ့အတွက်ကြောင့်မို့လို့ပထမဆုံးအကြိမ် သမိုင်းမှာ ရှိခဲ့ဖူးတဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်း ရှိလာတဲ့ အတွက်ကြောင့် အမျိုးသမီးတွေရဲ့ ခံစားချက်ကတော့ အနည်းနဲ့ အများတော့ ရှိမှာပဲ။ ဘယ်လောက်အတိုင်းအတာထိ ဘယ်လောက်ကိုယ်စားပြုနိုင်တာလဲဆိုတဲ့ အတိုင်းအတာပဲရှိတယ်ပေါ့နော်။ နေရာတစ်ခုတော့ ရှိလာပြီ လူတစ်ယောက်တော့ ရှိလာပြီး တကယ်လည်း ဂုဏ်ယူတယ်။

Related Articles