Home မေးမြန်းခန်း ဂျဲန်ဒါမူဝါဒဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC-Gender Policy)အဖွဲ့ဝင် နန်းဆမ်ပေါင်း(အမည်လွှဲ)နှင့်အင်တာဗျူး

ဂျဲန်ဒါမူဝါဒဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC-Gender Policy)အဖွဲ့ဝင် နန်းဆမ်ပေါင်း(အမည်လွှဲ)နှင့်အင်တာဗျူး

ခင်ဘုန်းမို့ မေးမြန်းသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ ဂျဲန်ဒါမူဝါဒဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC-Gender Policy) ကပြုစုပြီး NUCC က အတည်ပြုထားတဲ့ “ဂျဲန်ဒါတန်းတူရေး ရပ်တည်ချက်စာတမ်း” ဟာ ဇူလိုင် ၇ ရက်နေ့က ပေါ်ထွက်လာ ခဲ့ပါတယ်။

စာတမ်းမှာ နိဒါန်းနဲ့နောက်ခံအကျဉ်း၊ ဂျဲန်ဒါတန်းတူရေးနဲ့ မြန်မာနိုင်ငံ၊ နိုင်ငံတော်ရဲ့ အပြည်ပြည်ဆိုင်ရာ ကတိကဝတ်တွေ၊ ဂျဲန်ဒါတန်းတူရေးလုပ်ဆောင်ချက်၊ စံတန်ဖိုးနဲ့ရပ်တည်ချက်၊ ဂျဲန်ဒါတန်းတူရေးအတွက် ရပ်တည်ချက် စတဲ့ အချက်တွေပါဝင် ပါတယ်။

ဂျဲန်ဒါတန်းတူရေး ရပ်တည်ချက်စာတမ်း (Gender Equality Position Paper) ကို အာဏာရှင်စနစ် တိုက်ဖျက်ရေးသာမက အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာမှာလည်း ဂျဲန်ဒါတန်းတူရေးအတွက် အခွင့်အလမ်းတွေဖြစ် ထွန်းလာစေဖို့ လမ်းညွှန်မှုတစ်ရပ်အဖြစ် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

စာတမ်းမှာ ပါဝင်တဲ့အကြောင်းအရာတွေ၊ စာတမ်းဖြစ်ပေါ်လာပုံ၊ အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် ရာမှာ ဂျဲန်ဒါတန်းတူရေးအတွက် ဘယ်လောက်အထိအာမခံချက်ရှိနိုင်မလဲ စတဲ့အကြောင်းအရာတွေကို ဂျဲန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC-Gender Policy) အဖွဲ့မှာ အမျိုးသမီးမဟာမိတ်အဖွဲ့ WAC-M (Women Advocacy Coalition Myanmar) ကနေ ကိုယ်စားပြုပါဝင်ခဲ့တဲ့  နန်းဆမ်ပေါင်းကို ဆက်သွယ်မေးမြန်းထားတာ တွေထဲက ကောက်နူတ် ဖော်ပြပေးလိုက်ရပါတယ်။

မေး ။     ။ ပထမဆုံးအနေနဲ့ ဂျဲန်ဒါတန်းတူရေးရပ်တည်ချက်စာတမ်း (Gender Equality Position Paper) ဆိုတာဘာလဲ။ ဘာအတွက်ရည်ရွယ်ထားတာပါလဲ။ ပြည်သူလူထုအနေနဲ့ ဒီစာတမ်းကိုဘယ်လိုနားလည်နိုင်ပါသလဲရှင့်။

ဂျဲန်ဒါတန်းတူရေး ရပ်တည်ချက်စာတမ်းဆိုတာကတော့ပြောရမယ်ဆိုရင် မြန်မာ့နွေဦးတော်လှန်ရေးက စစ်အာဏာရှင် အပါ အဝင် အာဏာရှင်မှန်သမျှအဆုံးသတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးကို ကြိုးပမ်းနေတာပါ။ အဲ့လိုမျိုးကြိုး ပမ်းတဲ့နေရာမှာ အစဉ်တစ်စိုက်ကြိုးပမ်းနေတဲ့ အစုအဖွဲ့တွေရှိတယ်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေအပါအဝင်ပေါ့နော်။ နွေဦးတော်လှန်ရေးဟာ အာဏာရှင်စနစ်နဲ့အတူ ဖိုဝါဒကြီးစိုးမှုအဆုံးသတ်ရေးကိုပါ ရည်ရွယ်ပြီး လုပ်ဆောင်နေတာဖြစ်တယ် ။ အခုရပ်တည်ချက်စာတမ်းကို အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဖိုဝါဒအဆုံးသတ်ရေး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတွေမှာ ဂျဲန်ဒါတန်းတူရေးအတွက်အခွင့်အလမ်းတွေ ဖြစ်ထွန်းလာဖို့ လမ်းညွှန်မှုတစ်ရပ်အဖြစ် ရည်ရွယ်ပါတယ်။

မေး ။  ။ ဒီစာတမ်းပေါ်ပေါက်လာဖို့အတွက် ဆရာမအနေနဲ့ဘယ်လိုအပိုင်းတွေကို တာဝန်ယူဆောင်ရွက်ခဲ့ရလဲဆိုတာ ပြောပြပေးပါဦး။

ဒီရပ်တည်ချက်စာတမ်းကို ဂျဲန်ဒါတန်းတူရေးမူဝါဒဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC Gender Policy)က ရေးသား ပြုစုတာပါ။ ကျွန်မတို့အမျိုးသမီးမဟာမိတ်အဖွဲ့ WAC-M (Women Advocacy Coalition Myanmar) အနေနဲ့က ဂျဲန်ဒါ တန်းတူရေးမူဝါဒဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှာ အဖွဲ့ဝင်အနေနဲ့ပါနေတယ်။ ကျွန်မနဲ့ ဆရာမ ခေါင်နွေဦးက ဂျဲန်ဒါ တန်းတူရေးမူဝါဒဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဝင်တွေအနေနဲ့ WAC ကိုယ်စားပြုပြီးပါတာပါ။ ဒီရပ်တည်ချက်စာတမ်း ကို JCC-Gender Policy မှာပါဝင်တဲ့ (အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ် ရေးရာဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင် ကိုယ်စားလှယ်များအပါအဝင် အဖွဲ့ဝင်အဖွဲ့အစည်းတွေက ရေးသားပြုစု ပြီး တော့ NUCC အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီက အတည်ပြုထားတဲ့ရပ်တည်ချက်စာတမ်းဖြစ်ပါတယ်။

မေး ။    ။ ဂျဲန်ဒါတန်းတူရေး ရပ်တည်ချက်စာတမ်း (Gender Equality Position Paper) ပေါ်ပေါက်လာပုံအကြောင်း လေး လည်း ရှင်းပြပေးပါဦးရှင့်။

JCC – Gender Policy မှာဆိုရင်တော့ စုစုပေါင်းအဖွဲ့ဝင်အဖွဲ့အစည်း ၁၃ ဖွဲ့ပါဝင်ပါတယ်။ NUCC က အဖွဲ့တွေပါ တယ်။ CRPH ပါတယ်။ ပြီးရင် NUG ပါတယ်ပေါ့။  

NUCCမှာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဆိုပြီး ကိုးခုရှိတယ်။ အဲ့ကိုးခုမှာမှ ဂျဲန်ဒါကတစ်ခုသော ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဖြစ်တယ်။ ဂျဲန်ဒါပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှာ လုပ်ငန်းလမ်းညွှန်ရှိတယ်၊ ရည်ရွယ်ချက်ရှိတယ်။ JCC- Gender Policy ရဲ့မူရင်းရည်မှန်းချက်တွေကတော့ မူဝါဒဆိုင်ရာတွေလုပ်ဆောင်သွားဖို့ အကြမ်းဖက်မှုဆိုင်ရာပပျောက်ရေးတွေလုပ်ဆောင် သွားဖို့ ၊ ဂျန်ဒါတန်းတူရေးကိုဖက်ဒရယ်ဖွဲ့စည်းပုံမှာ ထည့်သွင်းဖို့နဲ့ စွမ်းရည်မြှင့်တင်ရေး၊ အကဲဖြတ်လုပ်ဆောင်သွားဖို့တို့ဖြစ် ပါတယ်။ အစပထမတော့ ဂျဲန်ဒါမူဝါဒရေးကြမယ်ဆိုပြီး ဆွေးနွေးကြတယ်။

ဒါပေမယ့် ကျွန်မတို့တွေ ဆွေးနွေးတဲ့အခါမှာ ဘာကိုတွေ့လဲဆိုတော့ မူဝါဒတစ်ခုရေးသား တယ်ဆိုရင် အဲ့ဒီမူဝါဒကို အကောင် အထည်ဖော်မယ့် တာဝန်ယူ၊ တာဝန်ခံမယ့် အဖွဲ့အစည်းအသီးသီးတွေ၊ ဌာနဆိုင်ရာတွေလိုမယ်။ အဲ့ဒီမူဝါဒကို အကောင် အထည်ဖော်ဖို့အတွက် လျာထားတဲ့ ဘဏ္ဍာရေး ရန်ပုံငွေရှိရမယ်။ ဘတ်ဂျက်ရှိရမယ်ပေါ့။ မူဝါဒအကောင် အထည် ဖော်တဲ့အခါ တိုင်းတာရမယ့် ညွှန်းကိန်းတွေလဲလိုမယ်။ မူဝါဒကိုလည်းစောင့်ကြည့်၊ အကဲဖြတ်သုံးသပ်တဲ့ စနစ်ကလည်း ရှိရမယ်။ မူဝါဒ တစ်ရပ်ကိုရေးဆွဲတဲ့ အဆင့်ဆင့်မှာဆိုရင်လည်း သက်ဆိုင်ရာ အစုအဖွဲ့တွေအကုန်လုံးက ဆွေးနွေးပွဲတွေ အပြန်ပြန် အလှန် လှန်လုပ်ရတယ်။ ညှိနှိုင်းမှုတွေလုပ်ရတယ်။ အချိန်ယူရတယ်ဆိုပါတော့။ အဲဒါကြောင့် အခုနွေဦးတော်လှန်ရေး အခင်းအကျင်း နဲ့ လိုက်လျောညီထွေဖြစ်ဖို့ဆိုရင် ပေါ်လစီရေးဆွဲတာထက် နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ အစုအဖွဲ့တွေက ဂျဲန်ဒါတန်းတူ ရေးအတွက် ဘယ်လိုမျိုးရပ်တည်ချက်တွေရှိတယ်။ ဘယ်လိုမျိုးတန်ဖိုးထားမှုတွေရှိတယ်ဆိုတာ လုပ်ရင်ပိုကောင်းမယ်။ လက်တွေ့ပိုကျမယ်ဆိုပြီးတော့မှ မြင်လာကြတယ်။

တခြားသောနိုင်ငံတွေက ဂျဲန်ဒါတန်းတူရေးမူဝါဒကို ဘယ်လို ရေးဆွဲကြလဲ၊ ရေးဆွဲတဲ့ အဆင့်ဆင့်တွေ ဘယ်လိုတွေရှိလဲ ဆိုတာတွေလည်းလေ့လာတယ်။ အဲ့ဒါပြီးတဲ့အခါ တော်လှန်ရေးကာလနဲ့ လိုက်လျောညီထွေရှိတဲ့ ရပ်တည်ချက်စာတမ်းကို လုပ်ကြမယ်ဆိုပြီးတော့ ရပ်တည်ချက်စာတမ်းကို ရေးသားပြုစုခဲ့တာဖြစ်ပါတယ်။

မေး ။   ။ ဂျဲန်ဒါတန်းတူရေး ရပ်တည်ချက်စာတမ်းပေါ်ပေါက်ဖို့ ဘယ်လိုညှိနှိုင်း၊ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ရလဲ။ အချိန် ဘယ် လောက်ကြာခဲ့လဲရှင့်။

ဂျဲန်ဒါမူဝါဒဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီရဲ့ လုပ်ငန်းလမ်းညွှန်ကိုဆွေးနွေးကတည်းကိုက ကျွန်မတို့လုပ်ဆောင်ရမယ့် လုပ်ငန်းတွေထဲမှာ ဂျဲန်ဒါပေါ်လစီ(သို့မဟုတ်) ဂျဲန်ဒါရပ်တည်ချက်စာတမ်းရေးဆွဲဖို့က အဲ့ဒါနံပတ်တစ်အနေနဲ့ပါတယ်။  အာဏာရှင်အမြစ်ဖြတ်ရေး၊ ဖိုဝါဒအဆုံးသတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ရှေ့ဆက်သွား မယ့် လုပ်ငန်းစဥ်တွေထဲမှာ ဂျဲန်ဒါတန်းတူရေးကို လုပ်ဆောင်တဲ့အခါ ကျွန်မတို့ကို Guide လုပ်ပေးမယ့်လမ်းညွှန်ပေါ့။ ဒီရပ် တည်ချက် စာတမ်းရှိတော့မှပဲ တခြားဟာတွေလည်း ဆက်ပြီးလုပ်နိုင်မယ်ဆိုတဲ့အတွက် ဒါကိုအရင်လုပ်တယ်ပေါ့နော်။ ညှိနှိုင်း ဆွေးနွေးမှုတွေကို ကျွန်မတို့က ၂၀၂၂ အစပိုင်းထဲက စပြီးဆွေးနွေးတယ်။ အပတ်စဉ်ပုံမှန်အစည်းဝေးတွေရော၊ အထူးဆွေးနွေး ပွဲ မျိုးတွေရော လုပ်ကြတယ်။ အချိန်ဘယ်လောက်ကြာလဲဆိုတော့ တစ်နှစ်လောက်ကြာတယ်လို့ပြောလို့ရတယ်။

မေး ။    ။ ဂျဲန်ဒါတန်းတူရေး ရပ်တည်ချက်စာတမ်းတစ်ရပ်အနေနဲ့ ပေါ်ထွက်လာနိုင်ဖို့ ဘယ်လိုအခက်အခဲတွေ ရှိခဲ့ပါလဲ။

ရပ်တည်ချက်စာတမ်းတစ်ရပ်အနေနဲ့ပေါ်ထွက်လာဖို့ အခက်အခဲကတော့ သိသိသာသာထင်ထင်ရှားရှား ကြီးကြီး မားမားတော့ မရှိဘူး။ နံပတ်တစ်က နိုင်ငံရေးစိတ်ဆန္ဒပေါ့။ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ JCC မှာပါနေတဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေအနေနဲ့ ဂျဲန်ဒါတန်းတူရေးဆိုတာကို တကယ်ကိုနှစ်နှစ်ကာကာယုံကြည်တယ်။ ကျွန်မတို့ JCC မှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာ ပြည်) Women’s League of Burma (WLB) လိုမျိုး အရင်စစ်အာဏာရှင်လက်ထက် (နဝတ၊နအဖ) ထဲကိုက အမျိုးသမီးအရေး လှုပ်ရှားမှုကို တစိုက်မတ်မတ်လုပ်ဆောင်လာတဲ့အဖွဲ့လည်းပါတယ်။ ရွေးကောက်ခံ အရပ်သားတစ်ပိုင်းအုပ်ချုပ်တဲ့ အစိုးရ နှစ် ဆက်မှာ ဂျန်ဒါအရေး၊ အမျိုးသမီးအရေး၊ နဲ့ LGBT အရေးတွေကိုလုပ်ဆောင်ခဲ့တဲ့ WAC လိုမျိုးအစုအဖွဲ့တွေလဲပါတယ်။ အလုပ်သမားအရေးအစဥ်တစိုက်လုပ်တဲ့အဖွဲ့ တွေလဲပါတယ်။ ဒီတော်လှန်ရေးမှာ တော်လှန်ရေးလုပ်ရင်း ဂျန်ဒါတန်းတူရေးကို အရေးတကြီးလုပ်ဆောင်ဖို့လို တယ်လို့ စိတ်အားထက်သန်တဲ့အဖွဲ့တွေလဲပါတယ်ဆိုတော့ ကျွန်မတို့မှာနိုင်ငံရေးစိတ် ဆန္ဒ ပြင်းပြမှုက ရှိနေတယ်။ အဲ့ဒါနံပတ်၁ အရေးကြီးဆုံးပဲ။ နိုင်ငံရေးစိတ်ဆန္ဒရှိတဲ့အတွက် ပေါ်ထွက်လာဖို့အတွက်ကတော့ ပြောပ လောက်စရာ အခက်အခဲမရှိဘူး။ အခက်အခဲထက်စာရင် အထောက်အကူပြုခဲ့တဲ့အပိုင်းတွေလည်းရှိတယ်။

ပြီးခဲ့တဲ့အရပ်သားတစ်ပိုင်းအစိုးရနှစ်ဆက်မှာ အမျိုးသမီးအဖွဲ့တွေ အမျိုးသမီးအခွင့်အရေးလုပ်ဆောင်တဲ့အဖွဲ့တွေ ဂျဲန်ဒါ တန်းတူရေးအတွက် လုပ်ဆောင်တဲ့အဖွဲ့တွေ LGBT နဲ့ပတ်သက်ပြီးတော့မှ အခွင့်အရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်တဲ့အဖွဲ့တွေ ဒီအဖွဲ့တွေက ဒီ ၁၀နှစ်တာကာလမှာလုပ်ခဲ့တာတွေတော့ တော်တော်လေးတော့များတယ်။ အဲ့လိုလုပ်ခဲ့တဲ့အထဲမှာ သုတေသန လုပ်ခဲ့တာမျိုးတွေလည်းရှိတယ်။ စာတမ်းတွေထွက်ခဲ့တာမျိုးတွေလည်း ရှိတယ်။ အဲဒီလို ရှိပြီးသားအရင်းအမြစ်တွေအပေါ်မှာ အခြေပြုတာဖြစ်တဲ့အတွက် အဲ့ဒါမျိုးတွေကလည်းအထောက်အပံ့တစ်ခုဖြစ်တယ်။ ဂျဲန်ဒါနဲ့ပတ်သက်တဲ့ မဟာဗျူဟာ မျိုး တွေ ဆိုရင် WLBမှာက စာတမ်းထွက်ပြီးသားတွေရှိတယ်။ ဖက်ဒရယ်နဲ့ပတ်သက်ပြီးလဲ စာတမ်းမျိုးတွေရှိတယ်။ ပြီးရင် အဲ့တုန်းက နိုင်ငံထဲမှာ ဂျန်ဒါအရေးကို ထဲထဲဝင်ဝင်လုပ်ခဲ့ကြတဲ့ Gender Equality Networkတို့ AGIPP တို့တွေမှာလဲ ပြုစုထားတဲ့ စာတမ်း တွေရှိတယ်။ ဒီလိုမျိုးရှိပြီးသား အရင်းအမြစ်တွေအပေါ်မှာမူတည်ပြီး ရပ်တည်ချက်စာတမ်းကို ပြုစုတဲ့အတွက် ဒါတွေကလည်း အထောက်အကူ အင်မတန်ဖြစ်ခဲ့တယ်။

မေး ။    ။  ဒီစာတမ်းအပေါ်မှာရော ဘယ်လောက်အထိမျှော်လင့်ထားလဲ။

ကျွန်မတို့အနေနဲ့ကကျတော့ စာတမ်းအပေါ်မှာ စင်ပေါ်မှာပဲရှိနေတဲ့ Sleeping Document အိပ်နေတဲ့ စာရွက်စာတမ်း တစ်ခု ထက် living Document အသက်ဝင်လုပ်ရှားနေတဲ့ လမ်းညွှန်ချက်တစ်ရပ်အနေနဲ့ ကိုယ်တွေလုပ်ဆောင်တဲ့ လုပ်ဆောင်ချက် တွေမှာ ဒီရပ်တည်ချက်စာတမ်းမှာ ကိုယ်ရပ်တည်ထားတဲ့ စံနှုန်းတွေနဲ့ ထိန်းညှိပြီးတော့မှ လုပ်ဆောင်ဖို့အတွက်ကို မျှော်လင့် ထားတယ်။

မေး ။    ။ စာတမ်းမှာဖော်ပြထားချက်တွေကို လက်တွေ့ကျင့်သုံးတဲ့အခါမှာ ဘယ်လိုစိန်ခေါ်မှုတွေရှိနိုင်မယ်လို့ ထင်လဲရှင့်။

ကျွန်မဒီရပ်တည်ချက်စာတမ်းမှာက ရပ်တည်ချက်အနေနဲ့ ခုနစ်ချက်ရှိတယ်။ အဲ့ ခုနစ်ချက်မှာကြည့်ရင် သုံးပိုင်းတွေ့ရမယ်။ ပထမတစ်ခုက လတ်တလောအရေးပေါ်လိုအပ်ချက်တွေအတွက်ကို ကျွန်မတို့ရပ်တည်ချက်ရှိမယ်။ ဒုတိယအနေနဲ့ ရေရှည် သွားရမယ့် တနည်းပြောရရင် ရှေ့ဆက်လျှောက်ရမယ့် ဖက်ဒရယ်ဒီမိုကရေစီအတွက်ကို ရပ်တည်တဲ့ရပ်တည်ချက်ရှိမယ်။ တတိယ အချက်ကကျတော့ အဲ့ဒီသွားတဲ့အခါ အမြဲတမ်းထည့်သွင်းစဉ်းစားရမယ့် အရာမျိုးပေါ့၊ ဥပမာ – ဂျဲန်ဒါတန်းတူရေးကို အစဉ် တစ်စိုက်အလေးထားတဲ့ အလေ့အထတွေတည်ဆောက်တာတို့၊ ဘဏ္ဍာရေးရေးမူဝါဒတွေချမှတ်တဲ့နေရာမှာ ဂျဲန်ဒါ တန်းတူရေးကို ထည့်သွင်းစဉ်းစားဖို့တို့ ဆိုတဲ့အရာတွေက လုပ်ဆောင်နေတဲ့ ဖြစ်စဉ်တစ်လျှောက်လုံးမှာ၊ အဆင့်တိုင်းမှာ ထည့်သွင်းစဉ်းစားရမှာ ဖြစ်တယ်။

ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ဒီရပ်တည်ချက်စာတမ်းကို NUCC ကအတည်ပြုလိုက်တယ်။ အစည်းအဝေးတခုမှာ ဘဏ္ဍာရေး ဆိုင်ရာဆွေးနွေးချက်တစ်ခု ဆွေးနွေးတဲ့အခါမှာ ဂျဲန်ဒါနဲ့ပတ်သက်တဲ့ အရာထည့်သွင်းဖို့ကျတော့ အငြင်းအခုံမဟုတ်ပေမယ့် ပြောရဆိုရတဲ့အပိုင်းတွေရှိတယ်။ အမှန်ဆို ဘာပဲလုပ်မယ်စဥ်းစားစဥ်းစား ဂျန်ဒါအရေး အရာကိစ္စတွေကိုထည့်သွင်း စဥ်းစားရ မယ်ဆိုတာက အလိုအလျှောက်ကို ဖြစ်နေရမှာ။ စိန်ခေါ်ချက်ဆိုတာ အဲဒါပါပဲ။

NUCC ကတော့ စာတမ်းကိုအသိအမှတ်ပြုလိုက်တယ်။ NUCC အနေနဲ့  ပေါ်လစီလိုမျိုး၊ ရပ်တည်ချက်စာတမ်းလိုမျိုးတွေက လည်းဒီတစ်ခုထဲမကဘူး။ အဲ့လိုဆိုတာမျိုးဖြစ်တဲ့အတွက်ကြောင့် အဖွဲ့ဝင် အဖွဲ့စည်းတွေက တော်လှန်ရေးကိုလည်း လုပ်ရ မယ်။ တချိန်ထဲမှာတော်လှန်ရေးနဲ့အတူတူတိုက်ဖျက်ရမယ့် အရာတွေအတွက်ကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်တဲ့အတွက် အဲ့ဒီအခါမှာမျက်စိလျှံသွားတာမျိုး၊ လွတ်သွားတာမျိုးပေါ့။ အဲ့ဒီစိန်ခေါ်ချက်ရှိတယ်။ ဂျဲန်ဒါတန်းတူရေးကိုတော့လက်ခံပါတယ်။ လောလောဆယ်မှာ တော်လှန်ရေးကိုအာရုံစိုက်ရမှာဖြစ်တဲ့အတွက် ကြောင့် ခဏထားလိုက်ပါမယ်ဆိုတဲ့ စဉ်းစားချက်ကလဲ စိန်ခေါ်ချက်ဖြစ်တယ်။  

အခုနွေဦးတော်လှန်ရေးမှာအရင်ထက်စာရင် ဂျဲန်ဒါတန်းတူရေးတို့ အမျိုးသမီးအခွင့်အရေးတို့ LGBT အခွင့်အရေး ဆိုတာမျိုးကို အသိအမှတ်ပြုလာတဲ့ ရေချိန်လေးကမြင့်လာတာတော့မှန်တယ်။ ဒါပေမယ့် တချို့တွေမှာတော့ အရိုးစွဲအမြစ်တွယ်နေတဲ့ ဖိုဝါဒအတွေးအခေါ်မျိုးတွေကရှိနေသေးတယ်။ အဲ့လိုရှိနေတာဖြစ်တဲ့အတွက်ကြောင့် တော်လှန်ရေးကအရေးကြီးတယ်။ ဒီကိစ္စ လေးတွေကတော့ တော်လှန်ရေးအရင်ပြီးမှပဲ ဒါကိုလုပ်ပါတော့ ဆိုတဲ့ဟာမျိုးပေါ့။ ဦးစားပေးမှုအစီအစဉ်ထဲကနေ ဖယ်ထုတ် ထားတာမျိုးကလဲ စိန်ခေါ်ချက်ဖြစ်တယ်။

မေး ။     ။ အကောင်အထည်ဖော်မယ့်အချက်တွေထဲက ဘယ်အချက်အလက်တွေကို အားရကျေနပ်မိလဲ။

အချက်တိုင်းအားရတယ်။ ကိုယ်တွေအားလုံးဆွေးနွေးပြီးမှ ရေးဆွဲထားတာဆိုတော့လေ။ တကယ်ကိုပဲအရေးကြီးတဲ့အပိုင်း တွေကို မလွတ်အောင်ထည့်သွင်းထားတာ။ ဥပမာဆိုရင် နိဒါန်းနဲ့နောက်ခံအကျဉ်းဆို ဒါကသမိုင်းကြောင်းပဲမို့ ပြောကိုပြောရ မယ်။ ပြီးရင် ဂျဲန်ဒါတန်းတူရေးနဲ့မြန်မာနိုင်ငံဆိုတာလည်း ချန်ထားလို့မဖြစ်ဘူး။ မြန်မာနိုင်ငံဟာ ဂျဲန်ဒါတန်းတူရေးနဲ့ ပတ် သက်ရင် ဘယ်လိုနေရာမှာရှိတယ်။ ကျွန်မတို့နိုင်ငံဟာ ဘယ်လို အပြည်ပြည်ဆိုင်ရာကတိကဝတ်တွေထားရှိနေလဲ။ အရင် တုန်းက ဘာတွေလုပ်ခဲ့တာလဲ။ အခုဘယ်လိုမျိုးရပ်တည်မလဲဆိုတဲ့ အရာမျိုးတွေပေါ့။ ရပ်တည်ချက်စာတမ်းဖြစ်တဲ့အတွက် ကျစ်ကျစ်လစ်လစ်လည်းလုပ်ရတယ်။ ဒါတောင် စုစုပေါင်းစာမျက်မှာ ၃၃ မျက်နှာရှိတယ်။ ဒီမှာပါတဲ့ရပ်တည်ချက်ဆိုတဲ့ ခုနစ် ချက်ဆိုလည်း ကျွန်မအနေနဲ့ကျေနပ်အားရတယ်။

အထူးသဖြင့်ကတော့ ပြစ်ဒဏ်ကင်းလွှတ်ခွင့်အလေ့အထကို အမြစ်ပြတ်ဖို့အတွက်ဆိုတဲ့ဟာကို ဒီထဲ မှာ Highlight လုပ်ထား တယ်။ ဖိုဝါဒအမြစ်ဖြတ်ရေးဆိုတာကိုလည်းထည့်သွင်းခဲ့တယ်။ အရင်တုန်းက ဖိုဝါဒအဆုံးသတ် ရေးဆိုတာကိုပြောဖို့ဆိုတာ တော်တော်လေးလက်ဝင်ခဲ့တာရှိတယ်။ အခုကတော့ တော်လှန်ရေးနဲ့ အတူ ဂျဲန်ဒါတန်းတူရေးကို အဟန့်အတားဖြစ်နေတဲ့ အကန့်အသတ်ဖြစ်နေတဲ့ ဖိုဝါဒကြီးစိုးရေးဆိုတဲ့ဟာကို အမြစ်ဖြတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကိုပါ လုပ်လိုက်နိုင်တယ်။ ထည့်လိုက် နိုင်တယ်။

မေး ။    ။ စာတမ်းမှာဖော်ပြထားတဲ့ အချက်တွေအနက် ဖိုဝါဒကြီးစိုးမှုအဆုံးသတ်ရေးဆိုတဲ့ အချက်ကိုလည်းတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်းပြောပြပေးပါဦး။

ဂျဲန်ဒါတန်းတူရေးလို့ပြောတဲ့အခါမှာ ဂျဲန်ဒါတန်းတူရေးအတွက်ကို အဟန့်အတားဖြစ်စေတဲ့၊ ဂျဲန်ဒါမညီမျှမှုကို ဖြစ်စေတဲ့ အရင်းခံအကြောင်းရင်းဆိုတာရှိတယ်။ ပံ့ပိုးနေတဲ့အကြောင်းအရင်းတွေဆိုတာရှိတယ်။ သစ်ပင်တစ်ပင်နဲ့ပြောမယ်ဆိုရင် အမြစ်ရှိတယ်၊ ပင်စည်ရှိတယ်။ အရင်းခံအကြောင်းအရင်းဆိုတာ အမြစ်ပဲ၊ စနစ်တခုကို ကြီးထွားစေတဲ့၊ အသက်ဆက်စေတဲ့ ရေသောက်မြစ်ပဲ။ (Patriarchy) ဆိုတဲ့ ဖိုဝါဒကြီးစိုးမှုဟာ ဂျန်ဒါမညီမျှမှုတွေရဲ့ အရင်းခံအကြောင်းအရင်း တနည်းပြောရရင် ရေသောက်မြစ်ပဲ။ ဒါကြောင့် ဖိုဝါဒကြီးစိုးမှုအဆုံးသတ်ရေးဆိုတဲ့ အချက်ကို ထည့်ရခြင်းဖြစ်ပါတယ်။

မေး ။    ။ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများအထူးလက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ၊ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ် မယားစနစ် ကျင့် သုံးခြင်းဆိုင်ရာ ဥပဒေစတဲ့ဥပဒေတွေကို ဖျက်သိမ်းမယ်လို့ဖော်ပြထားတာလည်းတွေ့ရပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ် သက်ပြီးလည်းရှင်းပြပေးပါဦးရှင့်။

အဲဒီဥပဒေလေးခုကို မျိုးစောင့်ဥပဒေလို့ခေါ်ကြတယ်။ အမျိုးသမီးအခွင့်အရေးကို လုပ်ဆောင်နေတဲ့အဖွဲ့တွေ၊ ဂျဲန်ဒါတန်း တူရေးကို လုပ်ဆောင်နေတဲ့အဖွဲ့တွေက အသည်းအသန် ကန့်ကွက်နေခဲ့တဲ့ကြားထဲက ၂၀၁၅ ခုနှစ် ဦးသိန်းစိန်အစိုးရ လက် ထက်မှာ ဇွတ်ကြီးကိုအတည်ပြုလိုက်တာ။ NLD အစိုးရလက်ထက်မှာလည်း တို့ထိနိုင်ခဲ့တာမျိုးမရှိဘူး။ မလုပ်ခဲ့ဘူး။ ဒီဂျဲန်ဒါ ရပ်တည်ရေးစာတမ်းမှာတော့ ကျွန်မတို့ကတိတိကျကျ ပြတ်ပြတ်သားသားကို ဖျက်သိမ်းမယ်ဆိုတာ ထည့်သွင်းထားတယ်။ ပြင်ဆင်မှာမဟုတ်ဘူး။ အဲဒီဥပဒေတွေက အမျိုးသမီးတွေအခွင့်အရေးကိုလည်းချိုးဖောက်တယ်။ လူနည်းစုအခွင့်အရေးကို လည်း ချိုးဖောက်တယ်။  

မေး ။     ။  ဂျဲန်ဒါတန်းတူရေး ရပ်တည်ချက်စာတမ်းရှိခြင်းက အမျိုးသမီးတွေအတွက် ဘယ်လိုအာမခံချက်တွေရှိနိုင်မယ်လို့ မှတ်ချက်ပေးချင်ပါသလဲ။

ဒီရပ်တည်ချက်စာတမ်းဟာ ပထမအဆင့်အနေနဲ့ ဂျန်ဒါတန်းတူရေးနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေအတွက် နိုင်ငံရေး စိတ်ဆန္ဒရှိမှုကို အတိအလင်းဖော်ပြလိုက်တာပါပဲ။ အမျိုးသမီးတွေရဲ့လိုအပ်ချက်တွေကိုပံ့ပိုးဖို့၊ အမျိုးသမီးတွေရဲ့နစ်နာချက် တွေကိုကုစားဖို့၊ အမျိုးသမီးတွေရဲ့စွမ်းရည်တွေကိုအသုံးချဖို့၊ အခွင့်အရေးနဲ့အခွင့်အလမ်းတွေကို ဖော်ဆောင်ဖို့အတွက်ထည့် သွင်းထားတယ်။ ဥပမာပြောမယ်ဆိုရင်  လူသားချင်းစာနာထောက်ထားမှုအကူအညီဆိုရင် လတ်တလောမှာ လိုအပ်နေတာကို ဖြည့်ဆည်းပေးဖို့ အတွက်ဖြစ်တယ်။ ဂျဲန်ဒါတန်းတူရေးနဲ့အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ဖက်ဒရယ်ဖွဲ့စည်းပုံထဲမှာ ထည့်ဖို့ ဆိုတာမျိုးက နိူင်ငံတည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုနဲ့ကိုယ်စားပြုမှုကို သေချာစေဖို့ပဲ။

ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေတိုက်ဖျက်ရေးနဲ့ အမျိုးသမီးငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆို အမျိုးသမီးတွေရဲ့ အကြမ်းဖက်မှု တွေကနေခံစားရတဲ့ ထိခိုက်နစ်နာမှုတွေအတွက် ကျုးလွန်သူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထအမြစ်ဖြတ်ဖို့ အတွက် လုပ်ဆောင်ဖို့တွေလည်းပါတယ်။ ကြားကာလတရားမျှတမှုဖော်ဆောင်ရေးအတွက်လည်း ထည့်သွင်းထားတယ်။ အမျိုးသမီး တွေအပေါ်မှာ နည်းမျိုးစုံနဲ့ခွဲခြားနေတဲ့ ခွဲခြားမှုပုံစံအားလုံးကို အဆုံးသတ်ဖို့လည်းပါတယ်။ ဆိုတဲ့အခါကျတော့ ဒီရပ်တည် ချက်စာတမ်းဟာ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်တဲ့နေရာမှာ အစုအဖွဲ့အသီးသီးအတွက် လမ်းညွှန်ချက်တစ်ရပ်ပဲ ဖြစ် တယ်။ နိုင်ငံရေးစိတ်ဆန္ဒရှိမှုကို ပြသလိုက်တာဖြစ်တယ်။ လတ်တလော အရေးပေါ်အခြေအနေတွေမှာ၊ ရေရှည်မှာနဲ့လုပ် ဆောင်မှုအဆင့်တိုင်းမှာ အမျိုးသမီးတွေအတွက်၊ ဂျန်ဒါတန်းတူရေးအတွက်ထည့်သွင်းစဥ်းစားလုပ်ဆောင်ကြဖို့ဖြစ်တယ်။ အမျိုးသမီးတွေအတွက် အာမခံချက်ရှိဖို့ဆိုတာက အစုအဖွဲ့အသီးသီးတွေရဲ့ နိူင်ငံရေးစိတ်ဆန္ဒနဲ့ ကတိကဝတ်တွေပေါ် မူတည် တယ်။ ထည့်သွင်းအကောင်အထည်ဖော်ဖို့ စွမ်းရည်တွေရှိနေဖို့ လိုအပ်ပါတယ်။

မေး ။      ။ တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦးရှင့်။

မူဝါဒတစ်ရပ်ပဲဖြစ်ဖြစ်၊ ရပ်တည်ချက်စာတမ်းပဲဖြစ်ဖြစ် တင်းပြည့်ကျပ်ပြည့်အကောင်အထည်ဖော်မယ်ဆိုရင် သုံးပိုင်းလိုတယ်။ အဲ့ဒီမူဝါဒ သို့မဟုတ် ရပ်တည်ချက်စာတမ်း ထွက်ပေါ်လာဖို့ နံပတ်တစ်လိုတယ်။ နှစ်ကတော့ အဲ့ဒီရပ်တည်ချက်ကို အဆင့် တိုင်းမှာ လက်တွေ့အကောင်အထည်ဖော်ဖို့အတွက်ထပ်လိုတယ်။ သုံးအချက်ကတော့ အဲ့ဒီရပ်တည်ချက်ကို အကောင်အထည် ဖော်ဖို့ နည်းနာနိဿယတွေ(စွမ်းရည်)လိုတယ်။

ပထမအဆင့်အနေနဲ့ကတော့ ကျွန်မတို့မှာ ဂျန်ဒါတန်းတူရေးရပ်တည် ချက် စာတမ်း အနေနဲ့ထွက်လာပြီ။ ဒုတိယကတော့ အကောင်အထည်ဖော်ဖို့အတွက် ကတိကဝတ်တွေရှိဖို့လိုတယ်။ အကောင်အထည်ဖော်ဖို့စွမ်းရည်ဆိုတဲ့နေရာမှာ သင်တန်း တွေ ချည်းသက်သက်ထက် အဓိကကတော့ ဂျဲန်ဒါမျက်စိနဲ့ကြည့်နေဖို့ပဲ။ ကိုယ့်ရဲ့အစုအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေမှာပဲ ဖြစ်ဖြစ်၊ မူဝါဒတွေမှာပဲဖြစ်ဖြစ်၊ ဂျဲန်ဒါတန်းတူရေးနဲ့ပတ်သက်ပြီးတော့ ထည့်သွင်းစဉ်းစားတယ်၊ ရပ်တည်ချက်စံနှုန်းတွေနဲ့ ဆန်းစစ်တယ် ဆိုတဲ့ အလေ့အထလေးရှိတယ်ဆိုရင် တဖြေးဖြေးလုပ်ရင်းနဲ့ သွက်လာမှာပါ။ နိုင်ငံရေးစိတ်ဆန္ဒနဲ့ ကတိကဝတ် ဟာ အရေးကြီးကြောင်းပြောချင်ပါတယ်။   

Author:

Related Articles