Home ဆောင်းပါး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် အမျိုးသမီးများရဲ့အသံ

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် အမျိုးသမီးများရဲ့အသံ

Honest Information (HI) ။ ။

“ နွေဦးတော်လှန်ရေးဟာ မျက်မှောက်မြန်မာ့ယဉ်ကျေးမှုတော်လှန်ရေးကာလပါပဲ။ ညီအစ်မတို့ဟာ လုပ်သင့်လုပ်ထိုက်တာကို ပိတ်လှောင်ထားတဲ့ အသိုင်းအဝန်းထဲက ဖောက်ထွက်ပြီးလုပ်နေကြတယ်။ သိတဲ့အတိုင်း မြန်မာနိုင်ငံ လူ့အသိုင်းအဝန်းက စစ်ဖိနပ်အောက် ၁၀ စုနှစ်အတော်ကြာ အသိဉာဏ်အဓမ္မပြုကျင့်ခြင်းကို ခံထားရတာဖြစ်လို့ အဆိပ်အတောက် တွေများတယ်။ လက်ရှိနွေဦးတော်လှန်ရေးနဲ့အတူ ဒီအဆိပ်အတောက် သံကြိုးတွေကိုပါ ဖြတ်တောက်ကြရမယ်။ စနစ် အပြောင်းအလဲအတွက် ဆက်ပြီး တိုက်ပွဲဝင်သွားကြပါစို့။”

မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပါတယ်။ အလုပ်သမားလှုပ်ရှားမှုကနေ စတင်ခဲ့တဲ့အပြည် ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ၁၉၇၅ ခုနှစ်မှာ ကုလသမဂ္ဂက တရားဝင်သတ်မှတ်ခဲ့ပြီး ဒီလိုနေ့တွေရောက်တိုင်း ဟော ပြောပွဲတွေ၊ အထိမ်းအမှတ်အခမ်းအနားမျိုးစုံနဲ့ စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်လေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာလည်း အမျိုးသမီးနေ့ရောက်လာတိုင်း ပွဲတွေကျင်းပလေ့ရှိပါတယ်။ ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ပိုင်း မြန်မာပြည်သူလူထုဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို စစ်အာဏာရှင်ကိုတွန်းလှန်ရင်း ဖြတ်သန်းနေရတာ ယခုနှစ်ဆိုရင် နှစ်နှစ်ရှိပါပြီ။

ပြီးခဲ့တဲ့နှစ်မှာတော့ အဖမ်းအဆီးတွေ၊ ဖိနှိပ်ပစ်ခတ်မှုတွေရှိနေတဲ့ကြားက အမျိုးသမီးများနေ့ကို ဖြစ်မြောက်အောင်မြင် အောင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်နိုင်ခဲ့ကြပါတယ်။ အမျိုးသမီးတွေရဲ့ပါဝင်မှုအင်အားနဲ့ ဦးဆောင်နိုင်မှုအင်အား တွေက ဘယ်လောက်ထိအရေးပါတယ်ဆိုတာ ပြီးခဲ့တဲ့နှစ်က အမျိုးသမီးတွေဦးဆောင်ပြီး ပြည်သူတရပ်လုံးပါဝင်ခဲ့ကြတဲ့ ထဘီတော်လှန်ရေးက သက်သေခံလျှက်ရှိတယ်။

ယခု၂၀၂၂ ခုနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို မနှစ်ကလိုကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်တာနဲ့ပတ်သက် လို့ စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့နယ်ပယ်အသီးသီးက အမျိုးသမီးတွေရဲ့အသံတွေကို စုစည်းကာ ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။

ချောစုဟန် – မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အလုပ်အမှုဆောင်၊ လက်ပံတန်းတောင် ပင်မသပိတ်စစ်ကြောင်းရဲ့ တက်ကြွလှုပ်ရှားသူ၊ အမျိုးသမီးမဟာမိတ်အင်အားစု(WAB)
“ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ မနှစ်ကတော့ လုပ်နိုင်ခဲ့တယ်။ လက်ရှိနိုင်ငံရေးအရ၊ သပိတ်တွေကလည်း အရင်လိုမြိုင်မြိုင်ဆိုင်ဆိုင်ထွက်လို့မရတဲ့ အနေအထားမှာရှိနေတယ်။ အဲ့တော့ကျနော်တို့က ရောက်တဲ့နေရာဒေသမှာ ရသ လိုမျိုးထွက်ရတယ်။ လူအုပ်အများကြီးနဲ့မထွက်ရတော့ဘူးဆိုတဲ့ခံစားချက်တော့မရှိဘူး။ ဒါပေမဲ့ကျနော်တို့က ရတဲ့နေရာမှာ ရသလို ရှိတဲ့လူနဲ့အာဏာရှင်ကိုတော်လှန်နေမယ်။ အရင်လိုမြိုင်မြိုင်ဆိုင်ဆိုင်မလုပ်ရလို့ စိတ်ထဲမှာအားမရတာမျိုးမရှိဘူး။

ကျနော်တို့ရတဲ့နေရာမှာတော့ ပြောက်ကြားသပိတ်တွေမှာအမျိုးသမီးသပိတ်အလံလွှင့်ပါမယ်။ အမျိုးသမီးတွေ ပါဝင်မှု အနေနဲ့ ထဘီအလံတွေ လွှင့်ထူမယ်။ အမျိုးသမီးတွေဟာ ရတဲ့နေရာမှာ အာဏာရှင်ကိုတော်လှန်နေတယ်ဆိုတာမျိုး လူထု ကိုလည်း ချပြလို့ရလိမ့်မယ်။ ရတဲ့နေရာမှာလည်းရသလို ကျနော်တို့အမျိုးသမီးထုတွေဟာလည်း အမျိုးသမီးအလံတွေ ကိုင်စွဲပြီးအာဏာရှင်ကို တော်လှန်မယ်။ ထဘီတော်လှန်ရေးလို အင်နဲ့အားနဲ့ တနိုင်ငံလုံးပါဝင်လှုပ်ရှားတဲ့ သပိတ်မျိုးတော့ မလုပ်နိုင်ပေမယ့် အာဏာရှင်ကို တော်လှန်နေတဲ့သွေးသားတွေနဲ့ ကျနော်တို့ခွန်အားတွေကတော့ တစက်လေးမှ လျော့ မသွားဘဲ အားပြည့်အင်ပြည့်နဲ့ ဆက်တော်လှန်သွားမှာပါပဲ။

မနှစ်ကလုပ်တဲ့ထဘီတော်လှန်ရေးကတော့ ထိရောက်မှုလည်းရှိခဲ့တယ်။ ဒီနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှုအားဟာ တစ်တပ်တစ်အားပဲဖြစ်ခဲ့တယ်။ ဒီတိုက်ပွဲဟာ အမျိုးသမီးတွေမပါရင် အောင်နိုင်ဖို့မရှိဘူး။ ဒီတိုက်ပွဲမှာအမျိုးသမီး၊ အမျိုးသားအားလုံး ပူးပေါင်းပါဝင်တာနဲ့အောင်နိုင်လိမ့်မယ်။ ဒါကြောင့်ကျနော်တို့ အမျိုးသမီး တွေကလည်း ဒီတိုက်ပွဲမှာ ပါကိုပါဝင်ရလိမ့်မယ်ဆိုတဲ့ အတွေးမျိုး ဒီထဘီတော်လှန်ရေးမှာ ထိရောက်မှုရှိခဲ့ပါတယ်။

ကျနော်တို့အမျိုးသမီးထုဟာ ခွန်အားအရာမှာတော့ အကြမ်းဖက်စစ်ကောင်စီထက် နည်းကောင်းနည်းလိမ့်မယ်။ သို့သော် ငြားလည်း တော်လှန်လိုစိတ်၊ သတ္တိတွေဟာ လုံးဝဘယ်သူမှမယှဉ်နိုင်တာမျိုးရရှိတယ်။ အမျိုးသမီးတော့ အမျိုးသမီးပဲ။ အမျိုးသားတွေထက်တော့ ကာယအားနည်းကောင်းနည်းလိမ့်မယ်။ မခံချင်စိတ်နဲ့ တော်လှန်လိုစိတ်ကတော့ မခေဘူး။ အမျိုးသမီးတွေရဲ့သတ္တိကပြင်းတယ်ဆိုတာလည်း ကျနော်တို့အမျိုးသမီးတွေမှာ ကိုယ်ပိုင်အစွမ်းအစတွေရှိတယ်။ အမျိုး သမီးတွေ ဒေါသကြီးရင် ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတဲ့အရာတွေကို တော်လှန်ရေးကနေရရှိတယ်။ အရင် ကတော့ အမျိုးသမီးတွေကို အိမ်အလုပ်နဲ့သာသင့်တော်တယ်ဆိုတဲ့အယူအဆတွေလွှမ်းမိုးခံထားရတော့ ကိုယ်တိုင်လည်း အခုလိုအစွမ်းအစတွေမရှိဘူးလို့ထင်တယ်။ ဒါပေမဲ့ ယုတ်မာရက်စက်တဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ ထိပ်တိုက်တွေ့ရတဲ့ အနေအထားမှာ ကျနော်တို့ကပိုပြီးတော့ သန်မာလာတယ်။ အစွမ်းအစတွေထွက်လာတယ်။ နောက်အချင်းချင်း နားလည် ပေးရတာတွေ၊ ကူညီရတာတွေရှိလာတဲ့အခါမှာ လူတွေကြားထဲမှာ ဆက်ဆံရတဲ့အနေအထားကအစ ပြောင်းသွားတယ်။

တော်လှန်ရေးမှာအသက်ပေးလိုက်ရတဲ့ မန္တလေးကမကြယ်စင်လင်း၊ မုံရွာမြို့မှာ ဦးခေါင်းခွံကျည်မှန်ပြီး ကျဆုံးသွားတဲ့ မကျော်နန္ဒာအောင်နဲ့ ကနီကသူနာပြုဆရာမလေးသဉ္ဇာဟိန်းအပါအဝင်တခြားသော ကျဆုံးသွားရတဲ့အမျိုးသမီးတွေ အတွက် သူတို့ထက်ပိုပြီးတော့ နှစ်ဆပိုတိုက်ပေးရလိမ့်မယ်။ သူတို့ရဲ့ဝိဉာဉ်တွေ ကျနော်တို့မှာ ပူးကပ်စွဲဝင်နေပြီးတော့ ဒီတော်လှန်ရေးကို အဆုံးစွန်အထိတိုက်သွားမယ်။

အကျဉ်းကျနေတဲ့အမျိုးသမီးတွေလည်း တောင့်ခံထားပေးပါ။ ကျနော်တို့နိုင်မှာ သူတို့လည်းလွှတ်မြောက်လိမ့်မယ်။ အကျဉ်း တံခါးတွေကတော့ သူ့အလိုလိုပွင့်လာမှာမဟုတ်ဘူး။ ကျနော်တို့ကတော့ အကျဉ်းတံခါးတွေဖွင့်ဖို့အရေး၊ အကျဉ်းထောင် ထဲမှာရှိနေတဲ့ကျနော်တို့ရဲ့ရဲဘော်တွေအားလုံးလွှတ်မြောက်အောင် ကျနော်တို့ဒီတိုက်ပွဲကို အောင်မြင် အောင်တိုက်ကြရ မယ်။ ကျနော်တို့နိုင်မှ ကျွတ်မယ့်သူတွေရှိတယ်။ ကျနော်တို့နိုင်မှ လွတ်မယ့်သူတွေရှိတယ်ဆိုတော့ ဒီတိုက်ပွဲကို နိုင်အောင် တိုက်သွားပါ့မယ် ”

နန်းမို့မို့ – အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)
“ နိုင်ငံတကာအမျိုးသမီးများနေ့က တကယ့်ကိုနေ့ထူးနေ့မြတ်ဖြစ်တယ်။ ဒီလိုနေ့တွေမှာ အမျိုးသမီးတွေသာမကဘဲ အမျိုး သားတွေပါ အမျိုးသမီးအခွင့်အရေး၊ ကျား၊ မ တန်းတူညီမျှရေးကိစ္စတွေ တကယ့်ကိုယုံကြည်လက်ခံတဲ့သူတွေအနေနဲ့ ဆိုရင် နေ့ထူးနေ့မြတ်အဖြစ် ပုံစံအမျိုးမျိုးနဲ့လုပ်ကြတယ်။ ဒီလိုလုပ်တယ်ဆိုတာက အမျိုးသမီးအခွင့်အရေးတွေက ဘယ် လောက်အထိအရေးကြီးလဲ။ ကျား၊ မတန်းတူရေးက ဘယ်လောက်အထိ အရေးကြီးလဲဆိုတဲ့ဟာတွေကို လူထုတွေ သိလာဖို့၊ အမြင်တွေပိုပြီးတော့ ပွင့်လာဖို့၊ ဒီလိုမျိုး လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေသာမကပဲ အမျိုးသားတွေပါ ပူးပေါင်း ပါဝင်ရှိလာဖို့ လှုပ်ရှားမှုပုံစံအမျိုးမျိုးလုပ်ခဲ့ကြတယ်။

အခုကမြေပြင်မှာ အမျိုးသမီးထုကြီးနဲ့ အမျိုးသမီးအခွင့်အရေးနဲ့ ကျား၊ မတန်းတူရေးကို ယုံကြည်တဲ့လူထုတွေနဲ့ အတူတူ မလုပ်နိုင်တာကိုတော့ အခွင့်အရေးတစ်ခုဆုံးရှုံးတယ်။ လုပ်တာတော့ရှိမယ်။ ဒါပေမဲ့မြေပြင်နဲ့ လူထူထပ်တဲ့နေရာတွေမှာ မလုပ်နိုင်ဘူး။ တချို့နေရာတွေမှာတော့ ကွက်ကြားလုပ်တာတော့ရှိတယ်။ အရင်ကတော့ ဒီလိုနေ့တွေရောက်တိုင်း ဒီနေ့ ဟာ ဘယ်လောက်နေ့ထူးနေ့မြတ်ဖြစ်တယ်ဆိုတာမျိုး ပေးနိုင်တဲ့အခွင့်အလမ်းလျော့သွားတယ်။

(အရင်နှစ်က) ထဘီတော်လှန်ရေးကတော့ အရမ်းအောင်မြင်တယ်လို့ ကျမအနေနဲ့သုံးသပ်ချင်တယ်။ မနှစ်တုန်းကဆိုရင် မတ် လ ၈ ရက်နေ့မှာက ထဘီအလံနဲ့ အောင်ပွဲခံမယ်ဆိုရင် အမျိုးသမီးတွေက တကယ့်နေရာအသီးသီးမှာ ထဘီသပိတ် စစ်ကြောင်းတွေထွက်ကြတယ်။ အမျိုးသားတွေရဲ့ပူးပေါင်းပါဝင်မှုလည်း အများကြီးရတယ်။ အဓိကက အဲ့ဒီမှာ အမျိုး သမီးတွေက ဦးဆောင်ဦးရွက်မှုလုပ်တယ်။ အမျိုးသားတွေကပံ့ပိုးမှု၊ ပါဝင်မှုနဲ့ တကယ်တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ကျယ် ကျယ်ပြန့်ပြန့် လုပ်နိုင်တာကို အောင်မြင်မှုလို့မြင်ပါတယ်။ ပြီးရင် ထဘီတော်လှန်ရေးမှာ မြေပြင်မှာပဲပါဝင်တာမကဘဲနဲ့ ဆိုရှယ်မီဒီယာမှာဆိုလည်း ထဘီအလံကမ်ပိန်းလုပ်ကြတဲ့ အခါမှာ အများကြီးပူးပေါင်းပါဝင်မှုရှိတယ်။ အဲဒီမနှစ်က လုပ်တဲ့ ထဘီတော်လှန်ရေးက သူကမသေသွားဘူး။ မနှစ်က ၂၀၂၁၊ မတ်လ ၈ရက်နေ့ကစလိုက်တဲ့ထဘီတော်လှန်ရေးက ဒီနေ့ အထိအသက်ရှင်နေသေးတယ်။ အဲဒါကိုလူထုက အမှတ်ရနေတယ်။

အမျိုးသမီးတွေက ဒီတော်လှန်ရေးမှာနည်းပေါင်းစုံနဲ့ ပါဝင်ကြတယ်။ နိုင်တဲ့ဘက်ကနေ ပုံစံမျိုးစုံနဲ့ပါဝင်တယ်။ အဲ့ဒီမှာ အမျိုး သမီးတွေရဲ့အကြောင်းအရာတွေအပြင် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကိစ္စ၊ တကယ့်အာဏာရှင်စနစ် အမြစ်ပြုတ်ဖို့ ကိစ္စတွေကို အမျိုးသမီးတွေက တကယ့်အသံကျယ်ကျယ်နဲ့အော်ခဲ့တယ်။ တောင်းဆိုခဲ့တယ်။ ဒီလိုပုံစံနဲ့ ပါဝင်နိုင်ခဲ့တယ်။ ဒါကလည်းအမျိုးသမီးတွေရဲ့ပူးပေါင်းပါဝင်မှုပေါ့။ နောက်တကယ့်မြေပြင်တွေမှာဆိုလည်း လူသားချင်းစာနာ ထောက်ထား တဲ့ အခြေအနေမှာ အမျိုးသမီးတွေက ရှေ့ကနေ မားမားမတ်မတ်ပေးနေတာတွေ အများကြီးရှိတယ်။ အခုဆိုရင်လည်း မြေပြင်သပိတ်စစ်ကြောင်းတွေမှာ အမျိုးသမီးတွေ အများကြီးကိုလုပ်နေတယ်။ ဒီနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေက ပုံစံမျိုးစုံဝန်ထမ်းနေပါတယ်လို့ ပြောချင်ပါတယ်။

နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားရတဲ့အမျိုးသမီးသူရဲကောင်းတွေရှိသလို အခုဆိုလည်း ဖမ်းဆီးထိန်းသိမ်းခံထားရ တဲ့အစ်မ၊ ညီမတွေ၊ အဒေါ်တွေ၊ အမေအရွယ်တွေလည်းရှိတယ်။ စစ်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့အမျိုးသမီးတွေလည်း ရှိတယ်။ သူတို့ရဲ့ပေးဆပ်မှုကို ကျမတို့က လေးစားတယ်။ အကုန်လုံးလောလောဆယ်က အရမ်းခက်ခဲတဲ့အနေအထားမှာ နိုင်တဲ့ဘက်က နေပူးပေါင်းပါဝင်လုပ်ဆောင်ရတာဖြစ်လို့ ဆက်ပြီးအားတင်းထားဖို့ ပြောချင်တယ်။ ဒီတော်လှန်ရေးဟာ ကျမတို့တော်လှန်ရေးဖြစ်တယ်။ မကြာမီမှာ ဒီတော်လှန်ရေးဟာ အောင်မြင်ပြီးတော့ တကယ့်စစ်မှန်တဲ့ငြိမ်းချမ်းရေး၊၊ တရားမျှတရေး အဲ့လို လူမူအသိုင်းအဝိုင်းမှာ ကျမတို့ပြန်နေရမှာပါ။ ဆိုတော့အကုန်လုံးကိုလေးစားအသိအမှတ်ပြုပါတယ် လို့ ပြောချင်ပါတယ်။

အမျိုးသမီးများနေ့ကို အမျိုးသမီးတွေနဲ့ပဲသက်ဆိုင်တယ်ဆိုတဲ့အတွေးမျိုးကို မတွေးစေချင်ပါဘူး။ ဒါကလည်း မှားတဲ့ အယူ အဆဖြစ်တယ်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဆိုတာက လူတိုင်းနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်တယ်။ အမျိုးသမီးတွေရဲ့ ကိစ္စက နိုင်ငံရေးကိစ္စဖြစ်တယ်။အမျိုးသမီးတွေမလုံခြုံဘူး။ အမျိုးသမီးတွေမငြိမ်းချမ်းနေဘူးဆိုရင် ကျမတို့ရဲ့ ပတ်ဝန်းကျင် တစ်ခုလုံး၊ နိုင်ငံတစ်ခုလုံးလည်း ငြိမ်းချမ်းမှာမဟုတ်ဘူး။ ဒီအမျိုးသမီးများနေ့ဟာ အမျိုးသားတွေနဲ့လည်း သက်ဆိုင်တယ်။ လူထုတစ်ရပ်လုံးနဲ့လည်း သက်ဆိုင်တာဖြစ်လို့ ဒီလိုမျိုးနေ့ထူးနေ့မြတ်၊ အထိမ်းအမှတ်နေ့တွေမှာ နိုင်တဲ့ဘက်က အမျိုး သမီးတွေနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့ပူးပေါင်းပါဝင်ကြပါလို့ ပြောချင်ပါတယ် ”

ဇူဇန်နိုင် – ကယားစစ်ဘေးရှောင်ကူညီရေးကော်မတီ(KRC)၊ ဆက်သွယ်ရေးတာဝန်ခံ
“ တကယ်တမ်းက နိုင်ငံတကာအမျိုးသမီးများနေ့ကတော့ ဖြစ်အောင်တော့လုပ်ရမှာပေါ့။ ဒါပေမဲ့အခုက အခြေအနေ အမျိုး မျိုးကြောင့်မလုပ်နိုင်တဲ့အခါမှာ တကယ်တမ်းက ဒါတွေက အမျိုးသမီးစွမ်းရည်မြှင့်ဖို့ တစ်ထောင့်တစ်နေရာမှာ စွမ်းအင် လျော့သွားစေတယ်လို့ ကျမကတော့မြင်ပါတယ်။

ဘာလို့ဆိုရင် ကျမတို့နှစ်စဉ်နှစ်တိုင်းလုပ်ခဲ့တော့ အများစုသိလာတာက အမျိုးသမီးတွေမှာအခွင့်အရေးတွေရှိတယ်ဆိုတာ သိလာတယ်။ အများအားဖြင့် ကျေးလက်တောရွာက အမျိုးသမီးတွေအနေနဲ့ ပိုသိလာတယ်ပေါ့။ ပြီးတော့မှ အမျိုးသမီးများ နေ့ရှိတယ်ဆိုတဲ့အကြောင်းသိတော့ သူတို့တွေမှာ စွမ်းအားပိုရှိကြတယ်။ အင်အားပိုရှိကြတယ်။ အဲ့လိုတွေဖြစ်လာတော့ အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်တဲ့အခါမှာ စိတ်အားပိုမိုထက်သန်လာတာပေါ့။ ဒါပေမဲ့ ဒီတစ်နှစ်မှာ အဲ့လိုမလုပ်နိုင်တဲ့ အခါမှာ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးလုပ်တဲ့အခါမှာ တစ်ထောင့်တစ်နေရာတော့လျော့ကျသွားပါတယ်။

ထဘီတော်လှန်ရေးလိုမျိုးမလုပ်နိုင်တဲ့အခါမှာ လက်ရှိမှာလည်းအမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်နေ တာတွေရှိတယ်။ ရှေးရိုးအယူအစွဲတွေကလည်း ဆက်ပြီးတော့မှကျင့်သုံးနေတယ်။ ဒါကတော့ ကျမတို့နေရာနဲ့ ဒေသတိုင်း မှာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေဆက်ရှိနေတော့ ဒါဟာအမျိုးသမီးတွေအတွက် နစ်နာမှုတွေကိုတွေ့ရပါ တယ်။

တချို့အမျိုးသားတွေရဲ့စိတ်ထဲမှာ ထဘီကို ဘုန်းကံနိမ့်စေတယ်ဆိုတဲ့အယူအဆတွေရှိနေဆဲမှာ ကျမတို့က ထဘီ တော်လှန်ရေးလုပ်လိုက်တော့ ဒီထဘီပေါ်မှာ မြင်တဲ့သူတို့အမြင်တွေ၊ အယူအဆတွေကပြောင်းသွားတယ်။ ဒါကြောင့် ဒီနေ့ဒီအချိန်အထိ အမျိုးသမီးတွေကို ခွဲခြားထားတဲ့အရာတွေက လျော့ပါးသွားတယ်။

အဓိကက ကျမတို့အမျိုးသမီးစုတွေက များသော အားဖြင့် နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာအမျိုးသမီးများနေ့တွေလုပ်တယ်။ ပြီးရင် အခြားအမျိုးသမီးတွေရဲ့စွမ်းရည် မြှင့်တင်တဲ့ လုပ်ဆောင်ချက်တွေလည်းရှိတယ်။ ဒါပေမဲ့လူထုတွေ အားလုံး ပါဝင်ဖို့ အတွက်နဲ့ အမျိုးသားတွေကိုယ်တိုင် အင်တိုက်အားတိုက် ပါဝင်မှုက အဲ့လောက်မရှိခဲ့ဘူး။ ဒါပေမဲ့ပြီးခဲ့တဲ့ နွေဦး တော်လှန် ရေးကာလမှာတော့ ကျမတို့အဲဒါတွေဖော်ဆောင်တဲ့အခါမှာ လူထုတွေအများကြီးပါလာတာရှိတယ်။ နောက်အမျိုးသားတွေ အများကြီးပါဝင်ပေးတာကို တွေ့ရတယ်။ ဒါကတော့ စစ်အာဏာရှင်ကိုတော်လှန်နေတာရှိသလို တစ်ဖက်မှာလည်း အမျိုး သမီးအခွင့်အရေးတန်းတူ လုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ ကျမကတော့ယူဆတယ် ”

အမရာ – အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)အဖွဲ့ဝင်
“ (အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့) မြိုင်ဆိုင်ခြင်း မမြိုင်ဆိုင်ခြင်းက အဓိကမကျနေဘူး။ လုပ်မရဘူးဆိုတာလည်း မရှိပါဘူး။ ဘယ်လောက်ပဲ တားဆီးပိတ်ပင်ထားပါစေ သေချာတာတစ်ခုကတော့ အမျိုးသမီးထုတစ်ရပ်ဟာ မိမိတို့ ရောက် ရှိရာအရပ်အသီးသီးကနေ အသံပြုနေကြပါလိမ့်မယ်။

ထဘီကို အလံလွင့်ထူပြီး နွေဦးတော်လှန်ရေး လမ်းပေါ်လျှောက်ခဲ့တာကတော့ အမျိုးသမီးထုတစ်ရပ်ဟာ အာဏာရှင်ကို ဆန့်ကျင်တဲ့နေရာမှာ အမျိုးသားများနည်းတူ တော်လှန်ပုန်ကန်ကြမယ်ဆိုတဲ့ခံယူချက်နဲ့ လွှင့်ထူခဲ့တဲ့နေ့လို့ မြင်မိတယ်။ ဒီတော့ အမျိုးသမီးထုအနေဖြင့် သဘောထားရပ်တည်ချက်ကို ပြသခဲ့ပြီးပြီ။ မနှစ်ကလုပ်ခဲ့ရပြီး ဒီနှစ်မလုပ်လိုက်ရလို့ ဆုံးရှုံးရတာတော့မရှိပါဘူး။ တစ်မျိုးတစ်ဖုံ တော်လှန်ပုန်ကန်နေကြမယ်ဆိုတာမပြောဘဲသိနေတဲ့အမျိုးသမီးတွေအကြားက အပြန်အလှန်ယုံကြည်နေမှုပါပဲ။

ဒီနွေဦးတော်လှန်ရေးမှာ အမျိုးသမီးများမှာရှိနေတဲ့ကိုယ်ရည်ကိုယ်သွေးတွေ မတူညီနေတာတွေကို ချပြလိုက်နိုင်ခဲ့ကြ တယ်။ အမျိုးသားများနည်းတူ အာဏာရှင်ကိုတော်လှန်တဲ့နေရာမှာ စွမ်းစွမ်းတမံ ကြိုးစားအားထုတ်နေတာတွေကနေ တစ်ဆင့် အမျိုးသမီးတွေရဲ့မာန်နဲ့ သတ္တိကိုထုတ်ဖော်ပြသနိုင်တယ်။ အမျိုးသမီးတွေရဲ့စွမ်းအားတွေပါခွင့်ရတယ်။ အမျိုး သမီးတွေကိုယ်တိုင် ရှေ့ထွက်လာကြတာတွေက နေရာတိုင်းလိုလို မြင်တွေ့နေကြရပြီ။ ဒီမြင်ကွင်းတွေက အမျိုးသမီးများ ကိုယ်တိုင် ဖော်ဆောင်နေတဲ့အောင်မြင်နေမှုကြီးတစ်ခုလို့ လက်ခံထားပါတယ်။

နယ်ပယ်အသီးသီးက ဖိနှိပ်ခံ ပြည်သူလူထုတစ်ရပ်လုံးပါဝင်လာတဲ့ နွေဦးတော်လှန်ရေးက ခွန်အားတွေ များစွာရနေခဲ့ပါ တယ်။ အထူးသဖြင့် အမျိုးသမီးများကိုယ်တိုင် ပူးပေါင်းပါဝင်နေခြင်းက အနာဂါတ်အတွက် အလားအလာ ကောင်းနေလိမ့် မယ်ဆိုတဲ့ ယုံကြည်ချက်ကအားအင်တစ်ခုပါပဲ ”

နုနုလှိုင် – နိုင်ငံရေးတက်ကြွလှုပ်ရှားသူ(ထားဝယ်)
“ အမျိုးသမီးများနေ့ရောက်တိုင်း နိုင်ငံတကာကအမျိုးသမီးတွေကို လေးစားဂုဏ်ပြုတာတွေလုပ်ကြတယ်။ ကျမတို့နိုင်ငံမှာ လည်း အဲဒါမျိုးဖြစ်စေချင်ခဲ့တယ်။ ဒါမဲ့ဒီနှစ်မှာတော့ စစ်အာဏာသိမ်းမှုကြောင့် လုံးဝပျောက်သွားရတယ်။ အဲဒါကလည်း အမျိုးသမီးတွေရဲ့အခွင့်အရေးတွေကို ရိုက်ချိုးခံရတယ်လို့ ကျမမြင်တယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ ထဘီတော်လှန်ရေးကို တနိုင်ငံလုံးအတိုင်းအတာနဲ့လုပ်နိုင်ခဲ့တယ်။ မနှစ်ကတော့ အာဏာသိမ်းစ ဆိုတော့ ကျယ်ကျယ်ပြန့်ပြန်လုပ်နိုင်ခဲ့တယ်။ ဒီနှစ်မှာတော့ ဖိနှိပ်မှုတွေကြားကနေ လုပ်နေတာတော့ရှိပါတယ်။ ဒါပေမဲ့ ထဘီတော်လှန်ရေးလိုမဟုတ်ပေမယ့် ကျမတို့အမျိုးသမီးတွေက ကျရာကဏ္ဍကနေ တော်လှန်ရေးကတော့ ဆက်လက် လုပ်ဆောင်နေမှာပဲဖြစ်တယ်။

ကျမတို့အမျိုးသမီးတွေက တော်လှန်ရေးလည်းတောက်လျောက်ရှိခဲ့တယ်။ လွတ်လပ်ရေးကြိုးပမ်းမှုတို့၊ ၁၃၀ဝ ပြည့်အရေး တော်ပုံတွေမှာလည်း အမျိုးသမီးတွေရဲ့ကြိုးပမ်းမှုတွေက တောက်လျောက်ရှိခဲ့တယ်။ မတူညီတဲ့ပါဝင်မှုတွေနဲ့ ပါဝင်ခဲ့တာ ကြောင့် သမိုင်းအဆက်ဆက်မှာလည်း ကျမတို့က အရေးပါတဲ့လူထုလူတန်းစားတစ်ခုဖြစ်တယ်။ ဒါကြောင့် ထဘီတော်လှန် ရေးဟာ ထိရောက်ခဲ့တယ်။ နောက်တစ်ခုက စစ်အာဏာရှင်နဲ့ အာဏာရှင်တွေ အပြင် ဖခင်ကြီးစိုးတဲ့ဝါဒကို တိုက်ဖျက်ရတဲ့ အခါမှာလည်း အမျိုးသမီးတွေရဲ့ခေတ်အဆက်ဆက် ခက်ခဲခဲ့တဲ့အရာတစ်ခုလည်း ဖြစ်တယ်။

အခုကျမတို့က အကြမ်းမဖက်လှုပ်ရှားမှုတွေ၊ လက်နက်ကိုင်ခုခံတော်လှန်ရတဲ့လှုပ်ရှားမှုတွေနဲ့ လူသားချင်းစာနာ ထောက် ထားမှုကိစ္စတွေမှာပါ အမျိုးသမီးတွေပါဝင်သလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအပြင် ပညာရေး၊ ကျန်းမာရေးကအစ ဒီထဲမှာ မြို့ပြ၊ ကျေးလက်မကျန် အမျိုးသမီးတွေက တောက်လျောက်ပါလာတဲ့တော်လှန်ရေးဖြစ်တာကြောင့် အမျိုးသမီးရဲ့ အင်အားကတော့ အခုတော်လှန်ရေးမှာတော့ အတော်လေးကိုအားရစရာကောင်းတယ်လို့ မြင်တယ်။

အခုအိမ်တိုင်းနီးပါးက လူငယ်တွေဟာ အိုးအိမ်တွေစွန့်ခွာနေထိုင်နေရတယ်။ အထူးသဖြင့် ဒီတော်လှန်ရေးမှာ လူငယ် တွေဟာ စစ်အာဏာရှင်ရဲ့ပစ်မှတ်အဖြစ်သတ်မှတ်ခံရတယ်။ နောက်ထောင်ထဲမှာ၊ စစ်ကြောရေးတွေမှာ ကျဆုံးသွား တဲ့ရဲဘော်အမျိုးသမီးတွေလည်း အများကြီးရှိတယ်။ သူတို့ရဲ့သွေးတွေကို ရင်းနှီးလိုက်တယ်လို့ ကျမတို့လိုကျန်ရစ်သူတွေ က ယူဆရမှာဖြစ်တယ်။ ဒါပေမဲ့ သူတို့ဒီလိုပေးဆပ်သွားပေမယ့် သူတို့လိုချင်တဲ့ သူတို့ရဲ့ကျန်ခဲ့တဲ့မိသားစုဝင်တွေကို အား ပေးတာ နှစ်သိမ့်တာလုပ်သင့်တယ်။ ဒါပေမဲ့အဲ့လိုလုပ်ဆောင်တာပဲမဟုတ်ဘဲနဲ့ ကျမတို့စိတ်ထဲမှာအမြဲတမ်းအမှတ်ရနေ တာက သူတို့ပေးဆပ်သွားတဲ့သူတို့ရဲ့အသက်တွေက ကျမတို့ရဲ့လွတ်မြောက်မှုအတွက်ရှိတယ်ဆိုတဲ့အတွေးမျိုး ယူဆထား တယ်။ ကျမကတော့ သူတို့တွေအားလုံးကို လေးစားတယ်။ ဂုဏ်ပြုပါတယ်လို့ ပြောချင်ပါတယ်။

အမျိုးသမီးပဲဖြစ်ဖြစ်၊ LGBTတွေပဲဖြစ်ဖြစ်၊ လူငယ်ပဲဖြစ်ဖြစ် ကျမတို့လူ့ပတ်ဝန်းကျင်မှာ မတရားမှုတွေ၊ တန်းတူမညီမျှမှု တွေကတော့ ရှိနေတယ်။ နောက်စစ်အာဏာရှင်အပါအဝင် နိုင်ငံရေးမှာအာဏာခွဲဝေမှုတွေမှာ စနစ်တကျမရှိတဲ့ လူ့ပတ်ဝန်း ကျင်ကနေ ရုန်းထွက်ဖို့အတွက် လိုအပ်တယ် ”

အက်စတာဇေနော – ကချင်စစ်ဘေးရှောင်များအရေးကူညီဆောင်ရွက်ပေးသူ၊ Kachin Political Interim Coordination Team (KPICT)
“ ပွဲတွေလုပ်ခြင်းထက် လက်တွေ့မှာ ဖက်ဆစ်အာဏာရှင်တော်လှန်ရေးကဏ္ဍတိုင်းမှာ ဒုက္ခခံအသက်ပေးပါဝင်နေကြ တာက အမျိုးသမီးတို့ရဲ့ စွမ်းရည်သတ္တိကိုဖော်ပြရာမှာ ပိုအားကောင်းတဲ့ သက်သေဖော်ပြချက်လို့ မြင်ပါတယ်။ အာဏာ ရှင်ခွင့်ပြုချက်နဲ့ ပွဲတွေမြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပနေရင် ပိုပြီးအရုပ်ဆိုးစေမှာပါ။ အွန်လိုင်းအစီအစဉ်တွေတော့ အဖွဲ့အစည်း အသီးသီး က ဖော်ထုတ်တင်ပြကြပါလိမ့်မယ်။ လက်ရှိအခင်းအကျင်းမှာ ဒီလိုအစီအစဉ်တွေက ပိုပြီးသင့်လျော်ပါတယ်။

အခုလို တစ်တိုင်းပြည်လုံးအမှောင်ကျနေချိန်၊ ဖက်ဆစ်စစ်ဝါဒရဲ့ ညှင်းပန်းမှုကိုခံနေရချိန်မှာ ဆုံးရှုံးမှုတွေကတော့ ဒင်းကြမ်း ဖြစ်နှင့်နေပါပြီ။ အမျိုးသမီးများနေ့ကို ပွဲအနေနဲ့ကျင်းပပြီး အပေါ်ယံလုပ်ဆောင်မှုတွေထက် တော်လှန်ရေးအားဖြင့် အမျိုး သမီးတွေရဲ့ စွမ်းရည်သတ္တိကို လက်တွေ့ဖော်ထုတ်သက်သေပြရမယ့်အချိန်ပါ။

လက်ရှိတော်လှန်ရေးကာလမှာ မြန်မာအမျိုးသမီးထုဟာ ဒီနေ့အချိန်အထိ အားကြိုးမာန်တက်၊ စိတ်အားထက်သန်စွာနဲ့ ပါဝင်ဆောင်ရွက်နေကြတယ်။ ဒီရှိရင်းစွဲစွမ်းရည်နဲ့ လုပ်ဆောင်ချက်တွေကို ဖော်ထုတ်ခြင်းအားဖြင့် အမျိုးသမီးတို့ရဲ့ရဲစွမ်း သတ္တိတွေကို နောက်မျိုးဆက်ဆီလက်ဆင့်ကမ်းနိုင်နေသ၍ ဒါဟာ ခွန်အားသစ်တစ်ခုဖြစ်မှာပါ။

ဒီတစ်ခေါက် နွေဦးတော်လှန်ရေးဟာ စစ်အုပ်ချုပ်ရေးကိုပဲ ခုခံတော်လှန်နေခြင်းမဟုတ်ဘူး။ စစ်အုပ်ချုပ်ရေးနဲ့ အတူပါလာ တဲ့ ဖက်ဆစ်စနစ်ကိုပါ တော်လှန်နေကြရတာဖြစ်တယ်။ ဖက်ဆစ်ယဉ်ကျေးမှုအစိတ်အပိုင်းသံကြိုးတွေကိုပါ တစ်ပါတည်း ဖြတ်တောက်ပစ်မှ စစ်မှန်တဲ့လွတ်လပ်မှုကို အကောင်အထည်ဖော်နိုင်မယ်။

ဒီမှာ အမျိုးသမီးတွေကို ဖိနိပ်ထားတဲ့ မှားယွင်းတဲ့ ဖက်ဆစ်ယဉ်ကျေးမှုအယူအဆတွေကိုပါ တော်လှန်ပြောင်းလဲနေခြင်းက အမျိုးသမီးထုရတဲ့ ကြီးမားတဲ့အကျိုးရလာဒ်ပဲ။ စနစ်ကိုပြောင်းနိုင်မှ စနစ်ဆိုးအောက်မှာ အမျိုးသမီးထုကို ဖိနိပ်ထားတဲ့ လူမှုအသိုင်းအဝိုင်း၊ လူမှုယဉ်ကျေးမှုနဲ့ အယူအဆတွေကို ပြောင်းလဲနိုင်မယ်။ ဒါမှသာ အမျိုးသမီးတွေဟာ ကိုယ့် ပကတိ စွမ်းရည်ကို ထိထိရောက်ရောက်အသုံးချပြီး နိင်ငံ့အပြောင်းအလဲမှာ ပိုမိုပါဝင်ခွင့်ရှိလာမယ်။

သွေးချွေးတွေနဲ့ ပါဝင်ပေးဆပ်နေကြတဲ့ တော်လှန်ရေးညီအစ်မတို့အားလုံးကို လေးစားပါတယ်။ ညီအစ်မတို့ရဲ့ ပေးဆပ် မှုဟာ ဘယ်တော့မှ အလဟဿမဖြစ်ပါဘူး။ ခေတ်တစ်ခေတ်ရဲ့ ပေးဆပ်မှုဟာ နောက်မျိုးဆက်အတွက် ခွန်အားတစ်ခုဖြစ် ပါတယ်။ ခေတ်ဝန်ကို ကျမတို့အတူ ဆက်ထမ်းကြမယ်။

နွေဦးတော်လှန်ရေးဟာ မျက်မှောက်မြန်မာ့ယဉ်ကျေးမှုတော်လှန်ရေးကာလပါပဲ။ ညီအစ်မတို့ဟာ လုပ်သင့်လုပ်ထိုက် တာကို ပိတ်လှောင်ထားတဲ့ အသိုင်းအဝန်းထဲက ဖောက်ထွက်ပြီးလုပ်နေကြတယ်။ သိတဲ့အတိုင်း မြန်မာနိုင်ငံလူ့ အသိုင်း အဝန်းက စစ်ဖိနပ်အောက် ၁၀ စုနှစ်အတော်ကြာ အသိဉာဏ်အဓမ္မပြုကျင့်ခြင်းကို ခံထားရတာဖြစ်လို့ အဆိပ် အတောက် တွေများတယ်။ လက်ရှိနွေဦးတော်လှန်ရေးနဲ့အတူ ဒီအဆိပ်အတောက် သံကြိုးတွေကိုပါ ဖြတ်တောက်ကြရမယ်။ စနစ် အပြောင်းအလဲအတွက် ဆက်ပြီး တိုက်ပွဲဝင်သွားကြပါစို့ ”

Author:

Related Articles