Home မေးမြန်းခန်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၁) မဇူးပဒုမ္မာနှင့် အင်တာဗျူး

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၁) မဇူးပဒုမ္မာနှင့် အင်တာဗျူး

ရှင်ငြိမ်းမေးမြန်းသည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ကို ဇွန်လ ၁၂ ရက်မှာဖွဲ့စည်းခဲ့ပါတယ်။ ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ KSCCရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ မူဝါဒလမ်းညွန်ချက်တွေအတိုင်း ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်မှာ အဖွဲ့ဝင်ခြောက်ဦးနဲ့ ဖွဲ့စည်းလိုက်တာပါ။

စုပေါင်းခေါင်းဆောင်မှုတွေနဲ့ ကြားကာလ ပြည်နယ်အစိုးရတစ်ရပ်ရဲ့အုပ်ချုပ်ရေးကို ဖော်ဆောင်သွားဖို့၊ ဥပဒေပြုရေး၊ အုပ် ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများ အပြန်အလှန်ထိန်းညှိပြီး ပြည်နယ်ရဲ့တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွား ဖို့၊ ပြည်နယ်အတွင်း အင်အားစုအသီးသီးနဲ့ လက်တွေ့ကျကျ ပူးပေါင်းပါဝင်ဆောင်ရွက်သွားဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖွဲ့စည်း ခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအဖွဲ့မှာ ဥက္ကဌက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ ဥက္ကဌ ခူးဦးရယ်က တာဝန်ယူထားပြီး ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF)ရဲ့ဥက္ကဌ ခွန်းဘီထူးက ဒု – ဥက္ကဌ အဖြစ် တာဝန်ယူထားပါတယ်။ အထွေထွေအတွင်းရေးမှူး တာဝန်ကို ခူပလုရယ်၊ အတွင်းရေးမှုး – ၁ အဖြစ် မဇူးပဒုမ္မာ ၊ အတွင်းရေးမှုး – ၂ အဖြစ် ဗညားခွန်အောင် ၊ ဘဏ္ဍာရေးမှုး ကတော့ မော်ဖိုးမြာတို့ဖြစ်တယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council-IEC )ကို ဖွဲ့စည်းလိုက်တဲ့ အထဲမှာ အတွင်းရေးမှူး – ၁ အဖြစ်တာဝန်ထမ်းဆောင်မယ့် မဇူးပဒုမ္မာဟာ အာဏာရှင်စနစ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံသူဖြစ်ပြီး စစ်အာဏာရှင် တော်လှန်ရေးသပိတ်တွေမှာလည်း ထဲထဲပါဝင်ခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)မှာလည်း အမျိုးသမီးတွေရဲ့အခွင့်အရေးအတွက် တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သူ ဖြစ်တယ်။ ဒီလိုလုပ်ဆောင်မှုတွေကြောင့် မလုံမခြုံ နေနေရတဲ့အချိန်တွေကြားကနေ ကရင်နီပြည်အတိုင်ပင်ခံကောင်စီမှာ ပညာရေး ကော်မတီနဲ့ ကြားကာလစီမံရေးဆွဲရေးကော်မတီရဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့တာဖြစ်တယ်။

ဒီလိုစိန်ခေါ်မှုတွေ၊ အခက်အခဲတွေများစွာကြားကနေ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးမှာပါဆက်ပြီး တာဝန်ယူ လုပ် ဆောင်ခဲ့တာဖြစ်တယ်။ ဒါကလည်း အမျိုးသမီးလူငယ်တစ်ယောက်အနေနဲ့ နိုင်ငံအသွင်ကူးပြောင်းရေးနဲ့ပတ်သက်ပြီး အမျိုး သမီးတွေ အစွမ်းအစဘယ်လောက်ရှိတယ်ဆိုတာပြသဖို့အတွက်လို့ ပါဝင်တာဖြစ်တယ်လို့ မဇူးပဒုမ္မာက ပြောပါတယ်။

ဒီအတွက် မဇူးပဒုမ္မာဖြတ်သန်းခဲ့တဲ့နိုင်ငံရေးအတွေ့အကြုံတွေ၊ စိန်ခေါ်မှုတွေနဲ့ ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေး ကောင်စီမှာ အမျိုးသမီးအရေးအတွက် ထည့်သွင်းစဉ်းစားထားချက်တွေနဲ့ပတ်သက်ပြီး HI သတင်းဌာနကနေ ဆက်သွယ် မေးမြန်းထားချက်တွေကို ကောက်နူတ်ဖော်ပြပေးလိုက်ပါတယ်။

မေး     အာဏာသိမ်းပြီးနောက်ပိုင်း မဇူးပဒုမ္မာအနေနဲ့ စစ်အာဏာရှင်တော်လှန်ရေးမှာလည်း ထဲထဲဝင်ဝင်လုပ်ဆောင်ခဲ့ တာတွေရှိတော့ ဒီဖြတ်သန်းမှုမှာကြုံရတဲ့အခက်အခဲတွေ၊ စိန်ခေါ်မှုတွေရှိရင်လည်း ပြောပြပေးပါဦး။ 

“ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကတော့ ကျမတစ်ယောက်မှမဟုတ်ဘူး။ အာဏာရှင်ကိုဆန့်ကျင်ခဲ့တဲ့တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးလူငယ်အများစုကြုံရတဲ့ကိစ္စရပ်တွေဖြစ်တယ်။ ဒါ့ကြောင့်မို့လို့ ကျမတစ်ယောက်အနေနဲ့ထူးပြီးတော့မှ အရမ်း စိန် ခေါ်မှုကြီးတယ်လို့ မဆိုလိုချင်ဘူး။ ဒါပေမဲ့လည်း အတိုင်းအတာတစ်ခုအထိ ကျမလည်းစိန်ခေါ်မှုတွေကြုံရတယ်။ ဥပမာ ဆိုရင် IEC မှာကျမပါဝင်တဲ့အခါမှာ ကျမမိသားစုနဲ့ပတ်သက်တဲ့လုံခြုံရေးပေါ့။ ကျမရဲ့လုံခြုံရေးကို ကျမမပြောလိုဘူး။ ကျမ မိသားစုနဲ့ပတ်သက်တဲ့လုံခြုံရေးကတော့ စိန်ခေါ်မှုတွေအများကြီးရှိပါတယ်။ ဒီစိန်ခေါ်မှုတွေကလည်း ကျမကိုယ်တိုင် ဖြေရှင်းပေးနိုင်တဲ့အနေအထားမျိုးက အလုံအလောက်ကျမမှာမရှိဘူး။ အဲလိုအနေအထားနဲ့ စိန်ခေါ်မှုကတော့ရှိတယ်။

နောက် ကျမတို့အာဏာရှင်ဆန့်ကျင်ရေးလို့ပြောတဲ့အခါမှာ လူထုသပိတ်လှုပ်ရှားမှုကနေတဆင့် KSCC မှာ ပါဝင်တယ်။ အဲဒီ နောက်ပိုင်း အခု IECမှာပါဝင်တယ်။ အဲ့လိုပါဝင်ဖို့ဖြစ်လာတဲ့အခါမှာ Gender ရေးရာအမြင်တွေနဲ့ဆွေးနွေးတဲ့အခါမှာ ကျမ တို့ စိန်ခေါ်မှုတွေအများကြီးနဲ့ ကြုံရတယ်။ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ လူငယ်တစ်ယောက်ဖြစ်တဲ့အခါမှာ နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးတဲ့အခါမှာ အလေးပေးထားပြီးတော့ အရေးတယူထည့်သွင်းစဉ်းစားတာက ရှိတဲ့အတိုင်း အတာ တချို့တော့ ရှိတယ်။ ဒါပေမဲ့ အဲ့ဒါကမရှိတဲ့အတိုင်းအတာက ပိုများတယ်။ ဥပမာ နိုင်ငံရေး၊ စစ်ရေးဆိုတာထက် နိုင်ငံရေး ရာကိစ္စလိုမျိုးတွေ၊ နိုင်ငံအခြေအနေကိစ္စလိုမျိုးတွေ ကျမတို့ပြောတဲ့အခါမှာ အလေးပေးခံရတာတွေ အရမ်းအားနည်းတယ်။

ဒီအမျိုးသမီးလူငယ်တွေကတော့ ကျား၊ မတန်းတူရေးနဲ့ပတ်သက်တာလောက်ပဲပြောမှာ။ အမျိုးသမီးအနည်းဆုံး ၃၀ ရာခိုင်နှုန်းကိစ္စကိုပဲပြောတယ်လို့ အမြင်တွေကရှိနေတော့ ကျမတို့ကနိုင်ငံရေးရာ၊ ဖက်ဒရယ်ရေးရာကိစ္စလို့ပြောတယ်ဆိုရင် ဘာပဲပြောပြော အတိုင်းအတာတစ်ခုထိ ခွဲခြားဆက်ဆံခံရတဲ့အနေအထားမျိုးတွေကတော့ရှိတယ်။ ဒါကတော့ ကျမတစ်ဦး ထဲမှမဟုတ်ဘူး။ အမျိုးသမီး Feminist တွေ၊ Gender အရေးလှုပ်ရှားတဲ့သူတွေအများစုကြုံရတဲ့အခက်အခဲဖြစ်တယ် ဆိုတော့ ကျမလည်း ထိုနည်းအတူပဲ ကြုံရတယ်။

နောက်ကျမတို့ပါဝင်မှုက ဒီအလုပ်တစ်ခုထဲကို လုပ်နေတာလည်းမဟုတ်ဘူး။ လုပ်ငန်းပေါင်းများစွာမှာ ဆွေးနွေးညှိနှိုင်းမှု လုပ်ရတာမျိုးတွေလုပ်တဲ့အခါမှာလည်း စိန်ခေါ်မှုတွေရှိတယ်။ အချိန်ပိုင်းဆိုင်ရာစိန်ခေါ်မှု၊ အရည်အချင်းပိုင်းဆိုင်ရာ အကန့် အသတ်ဖြစ်တဲ့စိန်ခေါ်မှုတွေလည်းရှိတယ်။

အထူးသဖြင့် ဒါကတိုင်းရင်းသားတော်လှန်ရေးလို့ပြောလာတာလည်း အများကြီးရှိတယ်။ တိုင်းရင်းသားတော်လှန်ရေး လှုပ်ရှားမှုမှာ တိုင်းရင်းသားရေးရာကိစ္စတွေပြောတဲ့အခါ လူမျိုးရေးနဲ့ပတ်သက်တဲ့မေးခွန်းတွေဆိုရင် ကျမကြုံရတာရှိတယ်။ ဥပမာ ကျမကရင်နီအရေးကို အများကြီးပြောတယ်။ ကရင်နီအရေးနဲ့ပတ်သက်ပြီး ကျမလုပ်တယ်။ ကျမက ကရင်နီပြည် နယ်မှာ နေထိုင်တဲ့ကရင်နီပြည်သူ၊ ပြည်သားထဲက တစ်ဦးဖြစ်တယ်။ ဒါပေမဲ့လည်း ကရင်နီဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျမ က ကယန်းလူမျိုးမဟုတ်ဘူး။ ကယားလူမျိုးမဟုတ်ဘူး။ အဲ့လိုဖြစ်တဲ့အခါမှာ လူမျိုးရေးနဲ့ပတ်သက်ပြီးမှလည်း ကျမကို တိတိလင်းလင်းခွဲခြားဆက်ဆံပြီးတော့ ကယန်းမဟုတ်လို့ ကယားမဟုတ်လို့ဆိုတာထက်ကို တိတိလင်းလင်းခွဲခြားတာ ထက် ဒီအရေးအခင်းမှာပါဝင်ဖို့အတွက် သူ့လူ၊ ကိုယ့်လူဆိုတဲ့စဉ်းစားချက်တွေမှာဆိုရင် ကျမက အမြဲတမ်းဦးစားပေးခံရ တာမရှိဘူး။ ဒါပေမဲ့ အဲ့လိုပြောလို့လည်း ကျမကဦးစားပေးခံချင်တာမဟုတ်ဘူး။ ကျမဆိုလိုတာက ယုံကြည်မှုအတိုင်း အတာတစ်ခုတည်ဆောက်တဲ့အခါမှာ လူမျိုးရေးဆိုတဲ့ကိစ္စတွေကို အများစုထည့်သွင်းစဉ်းစားလာကြတဲ့အနေအထားတွေ ရှိတဲ့အခါမှာ လူမျိုးရေးဆိုတဲ့ကန့်သတ်မှုကို ကပ်လိုက်တဲ့အခါကျရင် ကျမတစ်ဦးတစ်ယောက်အနေနဲ့ဆိုရင် ဒီအခင်း အကျင်းမှာပါဝင်ဖို့အတွက် စိန်ခေါ်မှုတွေရှိတယ်ဆိုတဲ့အကြောင်းပြောချင်တာပါ။ ဒီယုံကြည်မှုဆိုတဲ့နေရာမှာ ကျမအတွက် တော့ စိန်ခေါ်မှုတွေကြုံရတာရှိတယ်။

မေး     ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC မှာလည်း မဇူးပဒုမ္မာအနေနဲ့ တာဝန်ယူခဲ့တာရှိတယ်လို့ သိရတယ်။ အဲဒီမှာဘယ်လိုတာဝန်တွေ ယူခဲ့ပါသလဲရှင့်။

“ ကျမက ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)မှာ အမျိုးသမီးအင်အားစုထဲက ကိုယ်စားလှယ်တစ်ယောက် အနေ နဲ့ ပါဝင်ခဲ့တယ်။ ကျမရဲ့မိခင်အဖွဲ့အစည်းကတော့ မြန်မာ့အမျိုးသမီးသမဂ္ဂဖြစ်တယ်။ ကျမတို့မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကလည်း ကရင်နီပြည်နယ်က Target ဧရိယာတစ်ခုဖြစ်တယ်။ နှစ်ပေါင်းများစွာ ကရင်နီပြည်နယ်မှာ အလုပ်လုပ်ခဲ့ တယ်။ တပြိုင်ထဲမှာ ကျမကိုယ်တိုင်ကလည်း ကရင်နီပြည်နယ်မှာ ကြီးပြင်းလာတဲ့ကရင်နီပြည်သူတစ်ယောက်ဖြစ်တယ်။ အဲလိုဖြစ်တော့ ဒီအတိုင်ပင်ခံကောင်စီဖွဲ့တဲ့အခါမှာ အမျိုးသမီးအင်အားစုတွေ ကိုတာရတယ်။ BWUကလည်း ကိုတာ ရတယ်။ ဒါ့ကြောင့် ကျမ BWU ကိုယ်စားပြုအနေနဲ့ KSCC မှာ အမျိုးသမီးအင်အားစုတွေထဲမှာ ကျမပါဝင်ခဲ့တယ်။

ကျမက အတိုင်ပင်ခံကောင်စီရဲ့ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့တယ်။ အဲ့မှာကျမတာဝန်ယူတဲ့ကဏ္ဍ နှစ်ခုရှိခဲ့တယ်။ နံပါတ်တစ် က ပညာရေးကော်မတီဖြစ်တယ်။ နောက်တစ်ခုကတော့ ကြားကာလစီမံရေးဆွဲရေးကော်မတီ ဒီကော်မတီနှစ်ခုမှာ ကျမ အဓိကအလုပ်လုပ်တယ်။ ပညာရေးနဲ့ပတ်သက်လို့ ကြားကာလပညာရေးမူဝါဒတွေရေးဆွဲတာမျိုး၊ ပညာရေးနဲ့ပတ်သက်တဲ့ အစုအဖွဲ့တွေနဲ့ ကျမတို့ဆွေးနွေးညှိနှိုင်းပြီးတော့ ဖက်ဒရယ်ပညာရေးစနစ်တစ်ခုပေါ်ပေါက်လာဖို့အတွက် ကရင်နီပြည်မှာ ဒါတွေအလုပ်လုပ်နိုင်ဖို့အတွက် တာဝန်ယူခဲ့တာရှိတယ်။ နောက်တစ်ခုကတော့ ကြားကာလအစီအမံပေါ့။ အခု အတည်ပြု ပြဌာန်းထားတဲ့ကရင်နီပြည်နယ်ကြားကာလအစီအမံကို ရေးဆွဲတဲ့အချိန်မှာ ကျမလည်းပါခဲ့တယ်။ အဲ့ဒီအချိန်က ကျမ အပြင် တခြား KSCC အဖွဲ့ဝင်တွေရေးဆွဲထားတဲ့အစီအမံလုပ်တဲ့ကော်မတီမှာလည်း ပါဝင်ခဲ့တာရှိတယ်။ ဒါကတော့ KSCC ကတော့ ဇန်နဝါရီလမှာဖွဲ့စည်းခဲ့တယ်။ ကျမက KSCC မှာစတင်ဖွဲ့စည်းတဲ့အချိန်ကနေစပြီးတော့ ၂၀၂၃ ဇန်နဝါရီ၊ ပထမ အကြိမ်ညီလာခံအထိ တာဝန်ယူပြီးတော့ အလုပ်လုပ်ခဲ့တယ်။ အဲ့ဒါပြီးနောက်မှာ အတိုင်ပင်ခံကောင်စီရဲ့အဖွဲ့ဝင်တစ်ဦး အနေနဲ့ မဟုတ်တော့ဘဲနဲ့ ပညာရေးကော်မတီမှာဘဲ ဆက်ပြီး အလုပ်လုပ်တယ်။ အခုကတော့ အုပ်ချုပ်ရေးကောင်စီမှာ တာဝန်ယူမှာဖြစ်တယ်။

မေး     အခုကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီမှာ အတွင်းရေးမှူးတာဝန်ယူသွားမယ်ဆိုတော့ အမျိုးသမီး တွေနဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားချက်တွေများရှိလားရှင့်။

“ အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းတာကတော့ ကျမတို့ ကရင်နီပြည်နယ်မှာရှိပြီးသားဖြစ်တဲ့ကြားကာလအစီအမံပေါ့။ ဖွဲ့စည်း ပုံအစီအမံလို့လည်း တစ်နည်းအားဖြင့် ပြောလို့ရတယ်။ ဒီအစီအမံကနေ အနည်းဆုံးဆုံးဖြတ်ချက်လုပ်တဲ့ အဆင့်တိုင်းမှာ အမျိုးသမီးတွေပါဝင်ရမယ်။ ပြီးရင် အစုအဖွဲ့တွေ၊ ဌာနတွေ၊ ကော်မတီတွေဖွဲ့စည်းတဲ့အခါမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရမယ်ဆိုတဲ့မူတွေလည်း ရှိတာပေါ့။ ရှိတဲ့အတွက်ကြောင့် အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းတဲ့အခါမှာလည်း အမျိုးသမီး ပါဝင်မှုကို ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ဒီထက်မက အမျိုးသမီးတွေကတော့ ပါဝင်လာဖို့လို နေ သေးတယ်။ ကျမကတော့ လက်ရှိအုပ်ချုပ်ရေးကောင်စီမှာ အတွင်းရေးမှူး -၁ အနေနဲ့ ဆက်ပြီးတာဝန်ယူသွားမှာဖြစ်တယ်။

မေး     ကိုယ်မှာလည်း စိန်ခေါ်မှုကြီးတွေရှိနေရက်နဲ့ ဘယ်လိုကြောင့် အန္တရာယ်များတဲ့အုပ်ချုပ်ရေးကောင်စီမှာပါဝင်ဖြစ် တာပါလဲရှင့်။

“ ပထမအချက်က ဒီအခက်အခဲကို ကျမတစ်ယောက်ထဲရင်ဆိုင်နေရတာမဟုတ်ဘူးဆိုတာ ကျမတွေ့ရတယ်။ ဥပမာ မြေပြင်မှာ ဒီထက်ခက်ခဲတဲ့သူတွေရှိတယ်။ စစ်ရှောင်တွေ၊ အမျိုးသမီးတွေဟာ နေရာတော်တော်များများမှာ စိန်ခေါ်မှုတွေနဲ့ ကြုံနေရတယ်။ ကျမမှာအခက်အခဲကတော့ အရမ်းရှိခဲ့တယ်။ ဒါပေမဲ့ ဒီအခက်အခဲက ကျမတစ်ယောက်မှာ ထူးပြီးဖြစ်နေ တာမဟုတ်လို့ ဒီအခက်အခဲရှိတိုင်း ကျမနောက်ဆုတ်ရမယ်ဆိုလို့ရှိရင် ဒီတော်လှန်ရေးက ဘယ်တော့ပြီးမလဲ။ ဒါကတစ်ခု ပေါ့။

ကျမရဲ့နိုင်ငံရေးခံယူချက်ပေါ့။ ကျမက အမျိုးသမီးလူငယ်တစ်ယောက်ဖြစ်တယ်။ တပြိုင်နက်ထဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် စိတ်ဆန္ဒအပြည့်အဝရှိတယ်။ ပြီးတော့ ဒီလိုမျိုးအခင်းအကျင်းမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုက တကယ်ကို အရေးကြီးတယ်။ တကယ်ကို လုပ်ရမယ့်ကိစ္စတစ်ခုဖြစ်တယ်။ ကျမပါဝင်လာရင်းနဲ့ တွေ့လာခဲ့တယ်။

ကျမတို့အမျိုးသမီးတွေက အမြဲတမ်း Gender အရေးကိုပဲ ပြောနေတာက ပြောကိုပြောရမယ်။ အခုလည်းကျမဆက်ပြီး ပြောသွားမယ်။ ဒါပေမဲ့ပြောချင်တာက အမျိုးသမီးတစ်ယောက်က  Gender ပလက်ဖောင်းကနေ နိုင်ငံရေးကို ဆွေးနွေးလို့ ရတယ်။ ဒီနိုင်ငံအသွင်ကူးပြောင်းရေးနဲ့ပတ်သက်ပြီး ကျမတို့ရဲ့အစွမ်းအစဘယ်လောက်ရှိတယ်ဆိုတာမျိုးကို ကျမ ဒီအခင်း အကျင်းမှာ ပါဝင်ချင်တယ်။ ပြီးရင် ဒီပါဝင်မှုကိုလည်းအသိအမှတ်ပြုဖို့ ခံရအောင်လုပ်ချင်တယ်။ အသိအမှတ်ပြုတယ်ဆို တာ ကျမတစ်ယောက်ထဲမဟုတ်ဘဲ အမျိုးသမီးတွေရဲ့ပါဝင်မှုကို အသိအမှတ်ပြုတဲ့အရွေ့ကို တွန်းတဲ့သူထဲမှာ ပါဝင်သူ တစ် ယောက်ဖြစ်တယ်။

နောက်တစ်ခုက ကျမ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကြိုက်ဘူး။ အာဏာရှင်စနစ်ကိုမကြိုက်ဘူး။ ဒါ့ကြောင့်မို့ ကျမတို့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရမယ်။ ပြည်နယ်လွတ်မြောက်ရေးတွေ၊ ပြည်ထောင်စုလွတ်မြောက်ရေးတွေ လုပ်ဖို့ လိုတယ်။ ဒီလိုလုပ်တဲ့ကဏ္ဍအသီးသီးမှာ အမျိုးသမီးလူငယ်တွေ အများကြီးပါဝင်ရမယ်။ ဒီအမျိုးသမီးလူငယ်တွေကနေ ပြောနေတဲ့အမျိုးသမီးတွေပါဝင်ရေး၊ လူငယ်တွေပါဝင်ရေးဆိုတာ ဘယ်လောက်အဓိပ္ပါယ်ပြည့်ဝဖို့အတွက် ကျမတို့ ပြောနေ တယ်ဆိုတာ ကျမအနေနဲ့သက်သေပြချင်တယ်။ ဒါ့ကြောင့် အုပ်ချုပ်ရေးကောင်စီ(IEC)မှာ ပါဝင်ဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်။

မေး     စစ်ရေးပြင်းထန်နေတဲ့ကရင်နီဒေသမှာလည်း အမျိုးသမီးတွေ အဓမ္မပြုကျင့်သတ်ဖြတ်ခံနေရတာတွေက အများ အပြားဖြစ်တာရှိတော့ ဒါတွေအတွက် အုပ်ချုပ်ရေးကောင်စီအနေနဲ့ စဉ်းစားထားချက်တွေရှိပါသလား။

“ အုပ်ချုပ်ရေးကောင်စီအနေနဲ့ စဉ်းစားထားတယ်ဆိုတာထက်ကို ကျမတို့ကအခုမှဒါကို ဖွဲ့စည်းရတာဖြစ်တယ်။ ဒါက ကနဦး ဖွဲ့စည်းမှုဖြစ်သလို အလုံးစုံပြည့်စုံတဲ့အနေအထားတစ်ခုမှာလည်း အုပ်ချုပ်ရေးကောင်စီက ပေါ်ထွက်လာတာမဟုတ်ဘူး။ ကရင်နီပြည်နယ်ဟာ စစ်ရေးပြင်းထန်မှုတွေက အမြင့်ဆုံးအနေအထားတစ်ခုကိုရောက်နေတယ်။ စစ်ရေးထဲကနေပဲ အုပ်ချုပ်ရေးကောင်စီကို မြေပြင်လိုအပ်ချက်တွေအရ မဖြစ်မနေလိုအပ်လာတဲ့ အချိန်မှာဖွဲ့စည်းခဲ့ရတာဖြစ်တယ်။

နောက်တစ်ခုက အမျိုးသမီးတွေအတွက် ဘယ်လိုအစီအမံတွေလုပ်ဆောင်သွားမလဲဆိုတာကတော့ ကျမတို့အနေနဲ့ လုပ် ဆောင်သွားဖို့တွေအများကြီးရှိပါတယ်။ ရေတိုရေရှည်စီမံကိန်းတွေကိုလည်း လုပ်ရမှာဖြစ်တယ်။

ဒီကြားကာလအစီအမံ KSCC ကနေ အတည်ပြုပြဌာန်းထားတဲ့အထဲမှာ အမျိုးသမီးနဲ့ကလေးတွေအတွက် ဘယ်လိုမျိုး ဆောင်ရွက်ပေးရမလဲဆိုတာက ကျမတို့စုဖွဲ့မှုက သေသေချာချာမလုပ်ရသေးတဲ့အချိန်မှာတော့ ကျမပြောဖို့ စောနေသေး တယ်။ ဒါပေမဲ့ ကျမတို့ဆီမှာ ကြားကာလအစီအမံက အမျိုးသမီး၊ ကလေးနဲ့ပတ်သက်ပြီး ကြားကာလမှာ ဘယ်လိုမျိုး ဆောင်ရွက်ပေးရမလဲဆိုတဲ့အစီအမံက ရှိနေပြီးသားဖြစ်တယ်။ ဥပမာ လိင်စိတ်ခံယူမှု၊ ကျား၊မဆိုတဲ့အပေါ်မှာ ခွဲခြား ဆက်ဆံမှုမရှိတဲ့ပညာရေး၊ ကျန်းမာရေးနဲ့ တခြားအခြေခံလိုအပ်ချက်တွေ တန်းတူခံစားခွင့်ရှိရမယ့်အနေအထားတွေကို ဖော်ပြထားပြီးသားဖြစ်တယ်။

နောက်တစ်ခုက စစ်ပွဲအတွင်းမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ တရား ဥပဒေလမ်းအတိုင်း တရားမျှတရေးဆောင်ရွက်မှုတွေလုပ်ရမယ်။ ဒီလိုလုပ်ဆောင်ရာမှာ ယန္တရားတွေဘယ်လိုတည် ဆောက်ရမလဲဆိုတာ ကြားကာလအစီအမံမှာဖော်ပြထားပြီးသားဖြစ်တယ်။ အဲ့ဒီအတွက် အစီအမံကလမ်းညွှန်ထားတဲ့ အတိုင်း အုပ်ချုပ်ရေးကောင်စီအနေနဲ့ ဆောင်ရွက်သွားမှာကို ပြောချင်ပါတယ်။

မေး     ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့လိုက်ပြီဆိုတော့ ဒါကကရင်နီပြည်နယ်မှာရှိတဲ့လူနည်းစုတွေကိုပါ လွှမ်းခြုံ သွားနိုင်ပါသလားရှင့်။

“ ကရင်နီပြည်နယ်လို့ပြောရင်တော့ နဂိုအခြေအနေကိုပြောရင်တော့ နယ်ကြီး လေးနယ်လုံးကိုပြောတာဖြစ်တယ်။ ကျမ တို့မှာရှိတဲ့နယ်ကြီး လေးနယ်ရှိတယ်။ ဒီနယ်လေးခုလုံးကို ဆောင်ရွက်မှာဖြစ်တယ်။ ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီလို့ ပြောရင် ဒီအစီအမံမှာလည်း အကုန်လုံးဖော်ပြထားပြီးသားဖြစ်တယ်။ ဘယ်တိုင်းရင်းသားတွေ၊ ဘယ်လူမျိုးတွေပါမလဲ ဆိုရင် ဒီနယ်လေးခုလုံးမှာရှိတဲ့တိုင်းရင်းသားအားလုံးမှာပါပြီးသားဖြစ်တယ်။

နောက်တစ်ခုက ကရင်နီဆိုတဲ့ဝေါဟာရပေါ့။ ဒီဝေါဟာရအောက်မှာ လူမျိုးခွဲ၊ လူမျိုးစု၊ လူနည်းစုတွေပါတယ်။ ဒါတွေကို ရည်ညွှန်းပြီးပြောနေတာဖြစ်တယ်။ ကယန်းကိုပြောနေတာမဟုတ်ဘူး။ ကယားကိုပြောနေတာလည်းမဟုတ်ဘူး။ ပြောချင် တာက ဒီပြည်နယ်မှာရှိတဲ့နယ်နမိတ်လေးခုပေါ်မှာအခြေခံပြီးတော့ ကျမတို့အုပ်ချုပ်စီမံရေးယန္တရားတွေ တည်ဆောက်သွား မှာဖြစ်တယ်။

ငါလုပ်မှဖြစ်မယ်ဆိုတာထက်ကို ဒီအရွေ့မှာ ငါလည်းပါမယ်ဆိုတဲ့စဉ်းစားချက်လည်းဖြစ်တယ်။ ဆိုတော့ စိန်ခေါ်ချက်တွေ တော့ အများကြီးရှိတယ်။ အိမ်နဲ့အတိုက်အခံတွေအများကြီးလုပ်ရတယ်။ တစ်ဖက်မှာပံ့ပိုးမှုတွေတော့ ရှိတယ်။ ဒါပေမဲ့ ဒါက ကိုယ်တစ်ယောက်ထဲရုန်းရမယ့်အနေအထားမျိုးဖြစ်တယ်။ ဒါပေမဲ့ ကျမဆက်သွားရမယ်။

မေး     မဇူးပဒုမ္မာအနေနဲ့ ထပ်ဖြည့်ပြောချင်တာရှိရင် ပြောပေးပါဦး။

“ ကျမအနေနဲ့ဆိုရင် ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီမှာ အတွင်းရေးမှူး ၁ အနေနဲ့ ဆက်ပြီး အလုပ် လုပ်သွားမယ်။ ဒါကကြားကာလအုပ်ချုပ်ရေးကောင်စီဖြစ်တဲ့အတွက် အတိုင်းအတာတစ်ခုထိဖြစ်တယ်ဆိုတာ ကျမ နားလည်ထား ပြီးသားဖြစ်တယ်။ ဒီအပေါ်မှာလည်း လက်ခံပြီးသားဖြစ်တယ်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြားကာလအုပ်ချုပ်ရေးကောင်စီမှမဟုတ်ဘူး။ ကျမပါဝင်လို့ရတဲ့ နေရာ တိုင်းကနေလုပ်သွားမှာပါ။ ဥပမာ မြန်မာ့အမျိုးသမီးသမဂ္ဂမှာလည်း အတွင်းရေးမှူး ၁ အနေနဲ့ တာဝန်ယူထားတယ်။ ဒါပေမဲ့ ကျမတာဝန်ပြီးဆုံးမယ့်ကာလကိုရောက်တော့မယ်။ ဆိုတော့ ကျမ IEC မှာပါဝင်မှာပဲ ဖက်ဒရယ်ပြည်ထောင်စုအရွေ့ကို ပြည်ထောင်စုတည်ဆောက်ဖို့ အခင်းအကျင်းကို ကျမလုပ်နိုင်မယ်လို့ ကျမယုံကြည်တာမဟုတ်ဘူး။ ကျမတစ်ဦးအနေနဲ့ ကျမပြောနိုင်တဲ့အနေအထားတွေ၊ ကျမပါဝင်နိုင်တဲ့ကဏ္ဍတွေတိုင်းမှာ လုပ်နေတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂကနေလည်း လုပ်ဆောင်ခဲ့တာတွေအများကြီးရှိတယ်။ အားသွန်ခွန်စိုက်လည်းလုပ်ခဲ့တယ်။ ပြောချင် တာကတော့ ကျမပါဝင်လို့ရတဲ့ ကဏ္ဍတိုင်း၊ နေရာတိုင်းကနေ စစ်အာဏာရှင်ကို တွန်းလှန်မယ့် စစ်မှန်တဲ့ပလက်ဖောင်း တွေမှာတော့ အလုပ်လုပ်နေတာတွေရှိတယ်။ ဒါ့ကြောင့် ကြားကာလအုပ်ချုပ်ရေးကောင်စီကိုလည်း ကြည့်ပြီးတော့ ဝေဖန် သုံးသပ်ပေးပါ။ ပြီးရင် ကူညီပံ့ပိုးမှုတွေလည်း လုပ်ဆောင်ပေးပါ။ တပြိုင်ထဲ   ဒီပါဝင်မှုမှာအားပေးကူညီမှုတွေ၊ နည်းပညာ ပိုင်းပံ့ပိုးကူညီမှုတွေက တကယ်လိုအပ်လာမှာဖြစ်တယ်။ ဒီလိုအခြေအနေမှာလည်း အရွေ့တစ်ခုမှာ ဝိုင်းတွန်းမှပဲ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတာကတော့ဖြစ်လာမယ်။ ဒါ့ကြောင့် အားလုံးဝိုင်းဝန်းကူညီမှုနဲ့ပဲ ပံ့ပိုးမှုနဲ့အတူတော့ ရှေ့ဆက်သွားချင်ပါတယ်။

Author:

Related Articles