Home မေးမြန်းခန်း စစ်အာဏာရှင်တော်လှန်ရေးနဲ့အတူ ပေါ်ထွက်လာတဲ့ အမျိုးသမီးဝတ် ထဘီအောင်လံအပေါ် အမြင်များ

စစ်အာဏာရှင်တော်လှန်ရေးနဲ့အတူ ပေါ်ထွက်လာတဲ့ အမျိုးသမီးဝတ် ထဘီအောင်လံအပေါ် အမြင်များ

Honest Information (HI)

စစ်အာဏာရှင်ဆန့်ကျင်မှုနဲ့အတူ မွေးဖွားလာတာကတော့ ထဘီတန်းတွေပဲဖြစ်ပါတယ်။ ရန်ကုန်မြို့အပါအဝင် တိုင်းနဲ့ပြည်နယ် အချို့မှာ အမျိုးသမီးဝတ်ထဘီတွေကို ကြိုးနဲ့တန်းပြီးတော့ လမ်းမတွေမှာချိတ်ဆွဲထားတာကို ခပ်စိပ်စိပ်မြင်လာရပါတယ်။ ဒီလိုချိတ်ဆွဲထားတာတွေကို စစ်သားအချို့နဲ့ ရဲတွေက တုတ်တွေနဲ့ထိုးပြီး ဖယ်ရှား ပစ်တာ၊ မီးရှို့တာတွေကိုလည်း တပါတည်းမြင်တွေ့လာရပါတယ်။ ဒီလိုဖယ်ရှားတာကိုကြည့်ခြင်းဖြင့် ထဘီတွေ က ခံတပ်အဖြစ် အသုံးဝင်လာတာကို မြင်တွေ့လာရပါတယ်။ လူအချို့ကလည်း ဒါကို စစ်အာဏာရှင်ကိုဆန့် ကျင်နေတဲ့ကာလမို့လို့ ယာယီနားလည်ပေးထားတယ်ဆိုတာမျိုးလည်းအသံတွေကြားလာရသလို၊ လူ အချို့ ကလက်ခံလာကြတာမျိုးလည်းရှိပြီး၊ အခြားတဖက်မှာလည်း ဝေဖန်သံတွေလည်းထွက်လာနေပါတယ်။ မည် သို့ ဆိုစေ လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးမှာ ထဘီတွေကို လက်နက်အဖြစ်အသုံးပြုကြတာနဲ့ ပတ် သက်ပြီး သက်ဆိုင်ရာနယ်ပယ်အသီးသီးကကျွမ်းကျင်သူတွေရဲ့အမြင်တွေကို မေးမြန်းတင်ဆက်ပေးလိုက်ပါ တယ်။

ဆရာလေး ဒေါ်ကေတုမာလာ၊ ဥက္ကဌ (ဥပ္ပလဝဏ်အင်စတီကျူ) –

“အမျိုးသားပဲဝတ်ဝတ် အမျိုးသမီးပဲဝတ်ဝတ် အဝတ်အစားက အဝတ်အစားပဲဖြစ်ရမယ်လေ။ သို့ပေမယ့်အမျိုးသားဝတ်တဲ့လုံချည်ကျပြဿနာမရှိပဲ၊ အမျိုးသမီးဝတ်တဲ့ထဘီကနိမ့်ကျတယ်။ ဘုန်းနိမ့်စေတယ်ဆိုတဲ့ အမြင်ကျတော့ ကြီးမားတဲ့ခွဲခြားဆက်ဆံမှုကိုဖြစ်စေတယ်။ ဒါကအမျိုးသမီးတွေကို နိမ့်ကျတယ်ဆိုတဲ့အမြင်နဲ့ တိုက်ရိုက်ပတ်သက်တယ်။ ဒီလိုမျိုးထဘီအလံထူတယ်၊ထဘီတန်းတွေစီစဉ်ခြင်းက အမျိုးသမီးတွေကိုနှိမ့်ကျတယ်လို့ မယူဆတဲ့သူတွေအတွက်ကတော့ ဒီထဘီတန်းက ဘာမှခံစားနေစရာမလိုတဲ့ အရာတစ်ခုပဲ အဝတ်တစ်ခုပဲ၊ အမျိုးသမီးတွေကို နှိမ့်ချမှုမရှိတဲ့သူတွေအတွက်က ထဘီတန်းဆိုတာက ပြောပလောက်တဲ့အရာတစ်ခုမဟုတ်ဘူး။ အဝတ်ပိတ်စတစ်ခုသာဖြစ်တယ်။ အမျိုးသမီးတွေကိုနှိမ့်ချချင်တယ်။ မဟာပုရိသဝါဒ၊ မဟာလူမျိုးကြီးဝါဒ ပုံစံမျိုးနှလုံးသွင်းတဲ့သူတွေ ထဘီတန်းအောက်ကိုဝင်လိုက်တာနဲ့ ဘုန်းနှိမ့်သွားတယ်လို့ ယူဆတဲ့အယူရှိတဲ့ သူတွေအတွက်က ထဘီကမကောင်းတဲ့ လက္ခဏာရှိပြီးတော့ ထဘီကရွံရှာဖွယ်ကောင်းတဲ့ အနေအထားဖြစ်သွားတာပေါ့။

ဒီလိုမျိုးအနေအထားမှာ ထဘီနဲ့ပတ်သက်ပြီးတန်းတွေလုပ်ကြတယ်။ အလံတွေလုပ်ကြတဲ့အပေါ်မှာတော့ အမျိုးသမီးတွေရဲ့ဝတ်စားဆင်ယင်မှုကို ပြန်လည်တန်ဖိုးထားဖို့အတွက် အမျိုးသမီးတွေအပေါ်မှာ ထားနေတဲ့နှိမ့်ချမှုဆိုတဲ့ အစွဲတွေကို တက်နိုင်သလောက်ပြောင်းနိုင်ဖို့ တဖက်ကလည်းပဲ စစ်အာဏာရှင်တော်လှန်ရေးကို လုပ်ဆောင်နေရင်းနဲ့ တဖက်ကလည်းပဲ အမျိုးသမီးတွေကို နှိမ်ချထားတဲ့အစွဲတွေကို ဖြုတ်ဖို့အတွက် ကြိုးစားနေတာလို့မြင်တယ်။ ဒါလည်းတော်လှန်ရေးတစ်ခုပဲ။ အမျိုးသမီးဝတ်တဲ့အဝတ်တွေကို ဘုန်းနိမ့်တယ်ဆိုတဲ့အယူအဆ အမျိုးသမီးဝတ်တဲ့ အဝတ်တွေတန်းအောက်ကိုဝင်ရင် ဘုန်းနိမ့်တယ်ဆိုတဲ့အယူအဆကိုတစ်ခါတည်း တော်လှန်တယ်လို့ ယူဆပါတယ်။ ”

နန်းဖြူဖြူလင်း၊ အမျိုးသမီးအရေးလှုပ်ရှားသူ

“လူတွေရဲ့အသုံးအဆောင်ပစ္စည်းတစ်ခုသာဖြစ်တဲ့အတွက် အဲ့ဒီအပေါ်မှာပဲ ဉပါဒ်ဒါန်ကြောင့် ဉပါဒ်တွေရောက်နေတာ၊ အဝတ်အစားတစ်ခုသာဖြစ်ပါတယ်။ ပိတ်စတစ်ခုသာလျှင်ဖြစ်ပါတယ်။ အဲ့ဟာတွေကို ဝတ်ဆင်တဲ့အမျိုးသမီးတွေဟာလည်း လူသားထဲကလူသားသာဖြစ်ပါတယ်။ နိမ့်ခြင်းမြင့်ခြင်းယုတ်ခြင်း ဘာမှမရှိပါဘူး။ တဖက်လူတွေကျကတော့ အရမ်းအယူသည်း အယုံအကြည်တွေရှိတဲ့အခါကျတော့ သူတို့ကြောက်အောင် ခြောက်လို့ရတဲ့ဟာနဲ့တော့ ခြောက်ချင်တယ်။ သူတို့ကြောက်မှန်းသိလို့ခြောက်တာ။

အယူမသည်းတဲ့သူတွေ နားလည်မှုတူညီတဲ့သူတွေအတွက်ကတော့ ဘာမှယုတ်ညံ့ခြင်းမရှိဘူး။ အဲ့ mindset ကိုတော့ အယူသည်းတဲ့သူတွေနားလည်အောင်မပေးချင်ဘူးလေ။ ဒါကတော်လှန်ရေးထဲက အမြတ်တစ်ဝက်လို့တော့ပြောလို့ရတယ်။ ဒါပေမယ့် စစ်အာဏာရှင်ရော၊ဖိုဝါဒကြီးစိုးမှုရောကို ချေပြတ်ဖို့ အောင်မြင်ပြီလို့ပြောလို့မရဘူး။ ”

ပန်းချီထိန်လင်း –

“မြန်မာ့လှုမှုအသိုင်းအဝိုင်းထဲမှာလည်း ဒါနဲ့ပတ်သက်ပြီး အစွဲအလန်းတွေကြီးကြတယ်။ အစွဲအလန်းရှိတဲ့သူတွေအတွက်တော့ ဒါတွေကတော့ တကယ့်အရံအတားတွေပေါ့။ ထဘီတန်းတွေကလည်း အရံအတားတွေဖြစ်တယ်ဆိုတော့ နိုင်ငံတကာကလည်းတွေ့ရတော့တော်တော် အံ့သြ ကြတယ်။မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှာ အဲ့ဟာကဘယ်လောက်အရေးပါတယ်ဆိုတာကို ဖော်ထုတ်လိုက်တာပဲ။

မြန်မာအမျိုးသမီးတွေရဲ့အခန်းကဏ္ဍဟာ မြန်မာ့နိုင်ငံရေးမှာလည်း အစဉ်အဆက်က အားကောင်းခဲ့တယ်။ ဒီလိုမျိုးအသုံးပြုလာကြတာကိုတွေ့ရတော့ ဝမ်းသာတယ်။ တော်လှန်ရေးနဲ့အတူ ရှေးကရှိခဲ့တဲ့အစွဲအလန်းတွေ ကျွတ်သွားမယ်။ တော်လှန်ရေးထဲက ထွက်တဲ့နောက်ထပ်အမြတ်တစ်ခုပေါ့။ ဘုန်းနိမ့်တယ်ဆိုတဲ့ အစွဲအလန်းရှိထားကြတဲ့ အဖွဲ့အစည်းကို ဒီဘက်ကလူငယ်တွေက အကွက်ကျကျလေး အရံအတားလုပ်လိုက်တာပါ။ ဘာပဲပြောပြော အခုဟာကအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို သင်္ကေတတစ်ခုအနေနဲ့မြင်နေရတော့တော့ အင်မတန်ကျက်သရေရှိတယ်။ ”

မောင်ဆောင်းခ၊ ကဗျာဆရာ –

“အမျိုးသမီးတွေရဲ့ထဘီက ဘုန်းနိမ့်တယ်ဆိုတာ မြန်မာလူမျိုးတွေရဲ့ လွဲမှားနေတဲ့ အယူအဆလို့ပဲနားလည်တယ်။ ထဘီဘုန်းနိမ့်တယ်ဆိုတဲ့ အယူအဆ ဘယ်ကလာလဲဆိုတော့ အမျိုးသားနဲ့အမျိုးသမီးနဲ့မတူဘူး။ အမျိုးသမီးက တစ်ဆင့်နိမ့်တယ်ဆိုတဲ့ ယူဆချက်ပေါ်ကလာတယ်။ ကျား၊ မဟာအတူတူပဲ ဘယ်သူဝတ်ထားတဲ့ အဝတ်အစားကမှ ပိုပြီးမြင့်မြတ်တယ်။ ပိုပြီးနှိမ့်ကျတယ်ဆိုတာမရှိပါဘူး။ အားလုံးတန်းတူပါပဲ။ထဘီတွေကို လက်နက်သဘောမျိုးသုံးတာက ဒါဟာတိုက်ပွဲကာလမှာတဖက်ရန်သူက သူတို့ကြောက်တဲ့အရာ သူတို့ဘုန်းနှိမ့်စေတဲ့အရာဖြစ်တဲ့အတွက် ပြန်အသုံးချတာ နားလည်ပေးလို့ရပါတယ်။

ဒါဟာကာလအပိုင်းအခြား တစ်ခုလောက်ပဲဖြစ်လိမ့်မယ်။ တိုက်ပွဲကာလပြီးသွားရင်တော့ ဒါတွေအားလုံး လွှတ်မြောက်လိမ့်မယ်လို့ထင်ပါတယ်။ ဒါကြောင့်ဘုန်းနှိမ့်စေမယ်ဆိုတဲ့အမြင်တွေ ပိုခိုင်မာစေလိမ့်မယ်လို့မထင်ဘူး။ ဘာလို့လဲဆိုတော့ လူထုကဒီဟာကဘုန်းမနှိမ့်ဘူးဆိုတာကို တွင်တွင်ကျယ်ကျယ် လက်ခံလာလိမ့်မယ်လို့မြင်ပါတယ်။ကျွန်တော်တို့ တိုက်နေတဲ့တိုက်ပွဲက စစ်အာဏာရှင်စနစ်တင်မဟုတ်ဘူး ရှေးရိုးအစွဲတွေ ဖိုဝါဒကြီးစိုးတဲ့ ဟာမျိုးတွေ ဒါတွေကအစ အပြီးတိုက်ရမယ့်တိုက်ပွဲလို့ထင်ပါတယ်။ ”

ဒေါ်ခင်မမမျိုး၊ ဦးဆောင်ဒါရိုက်တာ ((Myanmar Insititute of Gender Studies (MIGS)) –

“စစ်အာဏာရှင်ဆန့်ကျင်ရေးကို လုပ်ဆောင်တဲ့အခါထဲမှာ ခုခံတဲ့နည်းမျိုးစုံကိုအသုံးပြုကြတာပေါ့။ ဒီလိုအသုံးပြုတဲ့အခါမှာ သွေးစည်းညီညွှတ်မှုကို ပြကြတယ်။ အဲ့လိုပြကြတဲ့အခါမျိုးမှာ ပုံစံမျိုးစုံနဲ့ပြကြတယ်။ ပြကြတဲ့အထဲမှာမှ အမျိုးသမီးတွေကထဘီကို အမျိုးသမီးတွေရဲ့ Solidarity အနေနဲ့အသုံးပြုကြတယ်။ နောက်တစ်ချက်က ထဘီကိုတချို့ရှေးရိုးစွဲ အမြင်အောက်က မြင်တာကြတော့ ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်ဆိုတဲ့ အနေအထားတွေမြင်တဲ့အခါကြတော့ Psychological deterred Method တစ်ခု အဖြစ်ပြန်ပြီးအသုံးပြုကြတာပေါ့။ အဲ့လိုသုံးရင်းနဲ့ နိုင်ငံရေးအရထဲမှာအရှိန်မြင့်လာတာကကြတော့ ထဘီကိုအလံထူလာတာလည်း တွေ့ရတယ်။စစ်အာဏာရှင်စနစ်လို့ပြောရင် စစ်အာဏာရှင်စနစ်ကြီးက ဖိုဝါဒကြီးစိုးမှုနဲ့ သွားပြီးချိတ်နေတယ်။ စစ်အာဏာရှင်လို့ပြောလိုက်တဲ့ အခါကျရင်လည်း အမျိုးသမီးပုံရိပ်ထက် အမျိုးသားပုံရိပ်ပိုများတယ်။ စစ်အာဏာရှင်တွေကိုဆန့်ကျင်ရင်းနဲ့ အမျိုးသားလွှမ်းမိုးတဲ့ အယူအဆတွေကိုပါ တခါတည်းတိုက်ကြတဲ့ အနေအထားဖြစ်တယ်။

လက်ရှိရှိနေတဲ့တော်လှန်ရေးဟာ စစ်အာဏာရှင် တော်လှန်ရေးတစ်ခုတည်းမဟုတ်ဘူး စနစ်တစ်ခုကို ပြောင်းတဲ့တော်လှန်ရေး ဒီမိုကရက်တစ်စနစ်တစ်ခုကို ပြောင်းတဲ့တော်လှန်ရေးအချိန်ကိုရောက်နေပြီ အဲ့ဒီအနေအထားထဲမှာ ဒီမိုကရက်တစ်စံနှုန်းတွေကို ထည့်သွင်းတဲ့အခါကြရင် ကျား-မတန်းတူ ကိစ္စရပ်ဟာလည်း ဒီမိုကရက်တစ်စံနှုန်းတစ်ခုအဖြစ် မြင့်တင်ရမှာဖြစ်တဲ့အတွက် တစ်ပြိုင်နက်ထဲ အာဏာရှင်စနစ်ကိုရော အမျိုးသားကြီးစိုးတဲ့ဝါဒကိုတိုက်ဖျက်တဲ့ပုံစံ မျိုးဖြစ်တယ်။ တဖက်မှာတော့ဘုန်းနိမ့်တယ်ဆိုတဲ့ အယူအဆကိုထပ်လောင်းပြီး သက်သေပြသလို ဖြစ်သွားတယ်ဆိုတဲ့အယူအဆလည်း ယူဆလို့ရတဲ့အနေအထားဖြစ်သွားတယ်။ ဒါပေမယ့်အဓိကကတော့ ဘယ်လောက်အတိုင်းအတာအထိ ထိရောက်မှုရှိလည်း ဘယ်လောက်အတိုင်းအတာအထိ လူမှုအသိုင်းအဝိုင်းထဲမှာ ခံယူကျင့်သုံးသွားမှုတွေဖြစ်စေမလဲဆိုတာတော့မူတည်ပါတယ်။ ”

(ရှင်းသန့် ၊ LGBT အခွင့်အရေးလှုပ်ရှားသူ)
“ပြည်သူကတော့ ကောက်ရိုးတမျှင်ပေါ့ တွန်းလှန်တဲ့နေရာမှာ အားကိုးလို့ရမယ်လို့ ထင်တဲ့အရာမှန်သမျှ ထုတ်သုံးကြတာပဲလေ။ လက်နက်တော့မဟုတ်ပေမယ့် နှစ်ပေါင်းများစွာ Brain wash လုပ်ခံထားရတဲ့ ဖိုဝါဒကြီးစိုးတဲ့နေရာမှာ အမျိုးသမီးတွေကို နှိမ်တဲ့တိုင်းပြည်မှာ အမျိုးသမီးထဘီကို ယုတ်ညံ့တယ်လို့ ထင်ထားကြတာ။ဘာပဲဖြစ်ဖြစ် အရေးအကြောင်းဆို ပြေးလွှားရမှာဖြစ်တဲ့ အတွက် ဒီဟာလေးက ခဏအချိန်ဆွဲထားနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ထုတ်သုံးတယ်လို့မြင်တယ်။

ယုတ်ညံ့တာမယုတ်ညံ့တာတော့ ဆရာတော်ဘုရားကြီးတွေ ဟောတဲ့တရားတော်မှာရှိတာကိုး။ ဖိုဝါဒကြီးစိုးတဲ့ နိုင်ငံမို့ ဒီလိုအတွေးအခေါ်အတွေးအမြင်တွေ ရှိမယ်ထင်တာပဲ။ အရေးတော်ပုံအောင်ဖို့အတွက် ဒီအချိန်မှာ ဝိဝါဒကွဲပြားနေဖို့မလိုဘူး။ အငြိမ်းချမ်းဆုံးနည်းနဲ့ ရရာလက်နက်နဲ့ အကောင်းဆုံးအတတ်နိုင်ဆုံး ဟန့်တားနိုင်တဲ့နည်းကို သုံးသွားတယ်လို့မြင်ပါတယ်။ ဒီအရေးတော်ပုံမှာရလာတဲ့အမြတ်ပေါ့။ နောက်တစ်ခုက အစဉ်အဆက်ပေါ့ လေးငါးဆယ်နှစ် Gender ကိစ္စတွေ၊တန်းတူညီမျှဖြစ်တယ်ဆိုတဲ့ ကိစ္စတွေကို လုပ်လာခဲ့ရတာ အချိန်တော်တော်ကြာပြီပေါ့၊အဲ့ဒီရဲ့အောင်မြင်မှုရလာဒ်တစ်ခုလို့ပဲမြင်ပါတယ်။”

Related Articles