Home သတင်း “(၁၆)ရက်တာဖဲကြိုးဖြူလှုပ်ရှားမှု” ကို ကယားပြည်နယ်၊ဘောလခဲမြို့တွင်ဒေသအာဏာပိုင်များကတားဆီးပိတ်ပင်

“(၁၆)ရက်တာဖဲကြိုးဖြူလှုပ်ရှားမှု” ကို ကယားပြည်နယ်၊ဘောလခဲမြို့တွင်ဒေသအာဏာပိုင်များကတားဆီးပိတ်ပင်

နန်းဆိုင်နွမ်

ကမ္ဘာတဝှမ်းလုံးရှိ အမျိုးသမီးများ တက်ကြွစွာ ပါဝင်လှုပ်ရှားလျက်ရှိသော နိုဝင်ဘာလ(၂၅)ရက်နေ့၊ နိုင်ငံတကာ အမျိုးသမီးများအား အကြမ်းဖက်မှုဆန့်ကျင်ရေးနေ့အထိမ်းအမှတ်၊ (၁၆) ရက်တာလှုပ်ရှားမှုအတွက် ကရင်နီအ မျိုးသမီးအစည်းအရုံး(KNWO)၏ အစီအစဉ်တစ်ခုဖြစ်သည့် ကယားပြည်နယ်၊ ဘောလခဲမြို့မှ ဟောပြောပွဲကို ယနေ့ မနက်တွင် ပိတ်ပင်တားဆီးခြင်းခံရသည်။

(၁၆)ရက်တာ ယခုလှုပ်ရှားမှုကို ကမ္ဘာတဝှမ်းက နိုဝင်ဘာလ(၂၅)ရက်မှ ဒီဇင်ဘာလ(၁၀)ရက်အထိ နှစ်စဉ်ပြုလုပ် ကျင်းပကြသည်။ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်နီအမျိုးသမီး များအစည်းအရုံး(KNWO)သည် ယနေ့နိုဝင်ဘာ(၂၅)ရက်တွင် စတင်မည့် “ (၁၆)ရက်တာလှုပ်ရှားမှု” အစီအစဉ် ကို ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ချိကွက်ကျေးရွာခန်းမတွင် ပြုလုပ်ရန် ပြင်ဆင်နေစဉ် ခွင့်ပြုမိန့်မရှိသည့် အတွက် ဒေသအာဏာပိုင်များက တားဆီးပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

“ ကျမတို့ (၁၆)ရက်တာလှုပ်ရှားမှုစတော့မယ့်အချိန်မှာ ရဲအင်အား(၁၅)ယောက်ဝန်းကျင်က ကားနဲ့လာပြီး၊ ပွဲမိန့်မရ ဘဲလုပ်တဲ့အတွက် ဖမ်းဆီးလို့ရတယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု KNWO အတွင်းရေးမှူး(၂)ဖြစ်သူ မော်ဖရေမြာ က ပြောသည်။ ဒေသခံ(၆၀)ခန့်ကို ဘောလခဲမြို့နယ်၊ ချိကွက်ကျေးရွာခန်းမတွင် တံခါးပိတ်ထားပြီး ဒေသအာ ဏာပိုင်များက KNWO နှင့် တွေ့ဆုံခွင့်၊ စကားပြောဆိုခွင့်၊ မပြုခဲ့ကြောင်း မော်ဖရေမြာက ပြောသည်။ “ ဝင်ရင်ဖမ်း မယ်။ ငြိမ်း၊စု၊စီနဲ့ဖမ်းမယ်ပြောတယ်။ လာတဲ့ပြည်သူတွေနဲ့ လုံးဝစကားပြောလို့ မရအောင်လုပ်တယ်”

ကယားပြည်နယ်အတွင်း “ (၁၆)ရက်တာလှုပ်ရှားမှု”ကို KNWO မှဦးဆောင်ကာ မြို့နယ်(၇)မြို့နယ်တွင်ပြုလုပ်ခြင်း ဖြစ်ပြီး၊ ဘော်လခဲမြို့နယ်တခုတည်းတွင်သာ ထိုသို့တားဆီးပိတ်ပင်ခံရခြင်းဖြစ်သည်။ KNWO သည်“ ၁၆ ရက်တာ လှုပ်ရှားမှု” ဟောပြောပွဲပြုလုပ်ရန် ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက်တောင်းခံထားသော်လည်း တရားဝင်မှတ်ပုံတင် ထားသည့်အဖွဲ့အစည်းမဟုတ်သဖြင့် ခွင့်ပြုချက်မရခဲ့ကြောင်းသိရသည်။

“ ခွင့်ပြုချက်တောင်းတယ်။ သူတို့က မပေးဘူး။ ဒီတနှစ်ပိုပြီးတင်းကြပ်လာတယ်” ဟု မော်ဖရေမြာက ဖြည့်စွက် ပြောသည်။ ယခုပြုလုပ်သည့် ဟောပြောပွဲသည် အကြမ်းဖက်မှုပြုလုပ်ခြင်း မဟုတ်ကြောင်း၊ ဥပဒေနှင့်ဆန့်ကျင် သည့်လုပ်ရပ်လည်းမဟုတ်သည့်အတွက် ခွင့်ပြုသင့်ကြောင်း အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူများက ပြောဆို သည်။ “ အစိုးရမလုပ်နိုင်တာကို လူမှုအဖွဲ့အစည်းတွေက လုပ်နေရတာပါ။ သူတို့အနေနဲ့ အကူအညီပေးသင့်တယ်။ ဒီလိုတားဆီးတာထက်စာရင် ဘယ်လိုသွားလုပ်သင့်လဲဆိုတာ ပြောပြသင့်တယ်” ဟုလည်း မော်ဖရေမြာက ဆက် လက်ပြောဆိုသည်။

ကရင်နီအမျိုးသမီးအစည်းအရုံးသည် ခွင့်ပြုမိန့်မရှိဘဲ ပွဲကျင်းပသည့်အတွက် ဝင်ရောက်တားဆီးရခြင်းဖြစ်ကြောင်း၊ “တရားဝင်ခွင့်ပြုမိန့် မရှိလို့ ကျွန်တော်တို့ နားခိုင်းလိုက်တာပါ” ဟု ဘောလခဲမြို့နယ်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေး မှူး ဦးအာကာထွန်းက ပြောသည်။

ဟောပြောပွဲကျင်းပရန် တရားဝင်ခွင့်ပြုမိန့်ကို ပြည်နယ်အစိုးရရုံးတွင် သွားလျှောက်ရန်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ကို လည်းတင်ပြရန် လိုအပ်ကြောင်း ဦးအာကာထွန်းက ဆက်ပြောသည်။ “သူတို့က ရိုးရိုးသားသားမဟုတ်ဘူး။ ဟော ပြောပွဲတွေလုပ်မှာ၊ လူတွေအများကြီးခေါ်ပြီးလုပ်ကြမှာ” ဟုလည်း သူက ထပ်လောင်းပြောဆိုသည်။

“(၁၆)ရက်တာလှုပ်ရှားမှု”ကို တနိုင်ငံလုံးရှိ အမျိုးသမီးအဖွဲ့အစည်းများ ပြည်နယ်အလိုက်၊ တိုင်းဒေသကြီးအလိုက် နှစ်စဉ်နှစ်တိုင်းပြုလုပ်လာကြခြင်းဖြစ်သည်။ ထိုလှုပ်ရှားမှုသည် အစိုးရမှ တာဝန်ယူပြုလုပ်ရမည့်ပွဲဖြစ်သော်လည်း အစိုးရမှ မဆောင်ရွက်နိုင်သဖြင့် လူမှုအဖွဲ့အစည်းများက ပြုလုပ်နေရခြင်းဖြစ်ပြီး၊ ဒေသဆိုင်ရာ အာဏာပိုင်များက ပိတ်ပင်သည့်အပေါ် ကန့်ကွက်လိုကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏အထွေထွေအတွင်းရေးမှူး နော် ဆဲဆဲက ပြောသည်။

ဒေသခံအာဏာပိုင်များသည် “ (၁၆)ရက်တာလှုပ်ရှားမှု” ကို ပိတ်ပင်ခြင်းသည် အကြမ်းဖက်မှုများ ဆက်လက်ဖြစ် ပေါ်နေစေရန် တွန်းအားပေးလိုက်ခြင်းဖြစ်သည်ဟုလည်း နော်ဆဲဆဲက ထောက်ပြပြောဆိုလိုက်သည်။ “ အခုလို လာရောက်ပြီး ပိတ်ပင်ကန့်ကွက်တာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို မပပျောက်စေချင်ဘူး။ မလျော့ ချစေချင်ဘူး။ ဒီထက်ပိုဖြစ်စေချင်တဲ့သဘောလို့ ကျမသုံးသပ်တယ်” ဟု နော်ဆဲဆဲကဆိုသည်။

မြန်မာနိုင်ငံတွင် (၁၆)ရက်တာလှုပ်ရှားမှုကို လွန်ခဲ့သည့် ၂၀၀၀ ခုနှစ်ဝန်းကျင်ကတည်းက လျှို့ဝှက်ကျင်းပလာခဲ့ကြ ရာမှ ၂၀၁၀ ခုနှစ်နောက်ပိုင်းကာလများတွင် အမျိုးသမီးအဖွဲ့အစည်းများစုပေါင်းပြီး နိုင်ငံနှင့်အဝှမ်း လှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများရပ်တန့်ရေး (၁၆)ရက် တာလှုပ်ရှားမှုကို တနည်းအားဖြင့် ဖဲကြိုးဖြူလှုပ်ရှားမှုလည်းခေါ်ဝေါ်ကြသည်။ ဖဲကြိုးဖြူတပ်ဆင်ခြင်းသည် အမျိုး သမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုကျူးလွန်ခြင်းကို ဆန့်ကျင်ကြောင်း အမြဲတမ်းပွင့်လင်းစွာ ထုတ် ဖော်ပြောဆိုမည်ဆိုသည့် ကတိတခုအနေဖြင့် တပ်ဆင်ကြခြင်းဖြစ်သည်။

Author:

Related Articles