Home ဆောင်းပါး အမျိုးသမီးတွေအပေါ် ခြိမ်းခြောက်မှုပုံစံအသစ်နဲ့ မူဆယ်

အမျိုးသမီးတွေအပေါ် ခြိမ်းခြောက်မှုပုံစံအသစ်နဲ့ မူဆယ်

နန်းဆိုင်နွမ်

“နေ့စဉ် အဖြစ်အပျက်က မရိုးဘူး။ အမျိုးသမီးတွေကို တနေ့တခြား ပုံစံပြောင်းပြီး ခြိမ်းခြောက်နေတယ်” ဟု မူဆယ်ဒေသခံတစ်ဦးဖြစ်သည့် နန်းငွေက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့သည် တရုတ်နိုင်ငံ၏ နယ်စပ်ဖြစ်ပြီး နေ့စဉ်နှင့်အမျှ တရုတ်နိုင်ငံသားများက ပုံစံမျိုးစုံဖြင့် အမျိုးသမီးများအပေါ် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း နန်းငွေက ပြောပြသည်။

လွန်ခဲ့သည့် စက်တင်ဘာလအတွင်း “မူဆယ်မြို့တွင်း ပြည့်တန်ဆာအလိုရှိသည်” ဆိုသည့် ကြော်ငြာစာကပ်မှု က မူဆယ်မြို့တွင် အလုပ်လာရောက်လုပ်ကိုင်နေသည့် အမျိုးသမီးများအတွက် ခြိမ်းခြောက်မှုတခု ဖြစ်ခဲ့သည်။

ယမန်နှစ် ဒီဇင်ဘာလတွင်လည်း “ အငှားကိုယ်ဝန်ဆောင်အလုပ်သမ” အလုပ်ခေါ်စာရွက်ကို မူဆယ်မြို့လယ်ခေါင် တွင် တွေ့မြင်ခဲ့ရသည်။

မူဆယ်မြို့သည် တရုတ်နယ်စပ်ဖြစ်သည့်အလျောက် မြန်မာနိုင်ငံဒေသအနှံ့မှ အမျိုးသား၊ အမျိုးသမီးများလာ ရောက်နေထိုင်အလုပ်လုပ်ကိုင်ရာ နေရာဒေသတခုလည်း ဖြစ်သည်။

ထိုသို့ကြော်ငြာများလာကပ်ခြင်းသည် မူဆယ်မြို့နေ အမျိုးသမီးများကို စော်ကားလိုက်ခြင်းဖြစ်ကြောင်း၊ ဆိုးဝါး လွန်ကျူးသည့်လုပ်ရပ်ဖြစ်ကြောင်း မူဆယ်မြို့၊ တောင်ရပ်ကွက်နေ စိုင်းလှမောင်က ပြောသည်။

“ ကျွန်တော်တို့ဒေသကို တရုတ်တွေ ဒီလိုစာလာကပ်တာ ဒါနဲ့ဆို(၂)ခါရှိပြီ၊ အငှားကိုယ်ဝန်တုန်းကတစ်ခါ၊ အခု ပြည့်တန်ဆာအလိုရှိသည်ဆိုပြီး တစ်ခါလာကပ်တယ်” ဟု စိုင်းလှမောင်က ဆိုသည်။

အလုပ်လက်မဲ့များပြားလာသည့်အခြေအနေတွင် အလုပ်လာရောက်ရှာဖွေသည့် အမျိုးသမီးများကို အခွင့်ကောင်း ယူကာ စော်ကားနေသည့် ပုံစံမျိုးဖြစ်နေကြောင်း၊ တရုတ်နိုင်ငံသားများက အွန်လိုင်းပေါ်တွင်လည်း အမျိုးသမီးများ ကို အလုပ်ပေးမည်ဟုဆိုကာ လိမ်ညာခေါ်ယူမှုမျိုးလည်းရှိကြောင်း စိုင်းလှမောင်က ပြောပြသည်။

“ တခါတလေ တရုတ်မြန်မာနယ်စပ်ဂိတ်မှာဆိုရင် အမျိုးသမီးတွေကို အလုပ်ခေါ်တာ။ နောက် မြန်မာအမျိုးသမီး ကို လက်ထပ်ရင် ငွေဘယ်လောက်ကုန်သလဲဆိုပြီး ပေါ်တင်မေးမြန်းတာတွေလည်း တွေ့ရတယ်” ဟု နန်းငွေက ထပ်လောင်း ပြောသည်။

စက်တင်ဘာ(၁၄)ရက် မနက်ပိုင်းတွင် မူဆယ်မြို့ လူသွားလာမှုများသော ဈေးအနီးမီးပွိုင့်တွင် “ မူဆယ်မြို့တွင်း ပြည့်တန်ဆာလုပ်ရန်” နှင့် ဆက်သွယ်ရန် ဖုန်းနံပတ်ရေးထားသော စာရွက်လာကပ်သည့် အသက်(၃၀)ဝန်းကျင်ရှိ အမျိုးသမီး (၂)ဦးနှင့် အမျိုးသား(၃)ဦးကို ဖမ်းဆီးထားသည်။

လက်ရှိမှာ ထို(၅)ဦးကို ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေဖြင့်သာ အမှုဖွင့်ထားကြောင်း၊ အဖမ်းခံရသည့်(၅)ဦး၏ အမည်များသည် တရုတ်နာမည်များဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဇော်ခင်အောင် ပြောသည်။

“ ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေနဲ့ ဖွင့်ထားတယ်။ အဲဒီထက် ပြင်းထန်တဲ့အမှုနဲ့ အရေးယူလို့ရအောင် ဥပဒေပညာ ရှင်တွေနဲ့ တိုင်ပင်နေပါတယ်” ဟု ရဲမှူးချုပ်ဇော်ခင်အောင်က ဆိုသည်။

မူဆယ်မြို့ပေါ်တွင် မကြာခဏ ထိုကဲ့သို့ကြော်ငြာလာကပ်သည့်အပေါ် ရဲမှူးချုပ်ဇော်ခင်အောင်က “ ဒီလိုကြော်ငြာ ကပ်တာကို အမြဲစောင့်ကြည့်ဖို့ကခက်တယ်။ သက်ဆိုင်ရာ လူကုန်ကူးတားဆီးရေးအဖွဲ့၊ နယ်မြေရဲတပ်ဖွဲ့တွေကို ကြပ်ကြပ်မတ်မတ်လုပ်ဖို့ ညွန်ကြားထားပါတယ်” ဟု ဖြည့်စွက်ပြောသည်။

ယခင်က တရုတ်နိုင်ငံသားများသည် အငှားကိုယ်ဝန်ဆောင်ခြင်း၊ အမျိုးသမီးအလုပ်အကိုင်ပေးခြင်းဆိုသည့် ကြော် ငြာများကို “ We Chat” ဟုခေါ်သည့် တရုတ်နိုင်ငံသုံးလူမှုကွန်ရက်တွင်သာ တင်ကြပြီး၊ ယခုနောက်ပိုင်း လမ်း မပေါ် မူဆယ်မြို့လယ်ခေါင်တွင် ပွင့်လင်းစွာ ပြုလုပ်လာခြင်းသည် မြန်မာနိုင်ငံကို စော်ကားနေခြင်းဖြစ်သည်ဟု မူဆယ်ဒေသခံများကပြောသည်။

ပြည်တွင်းစစ်နှင့် ဖွံ့ဖြိုးရေးစီမံကိန်းများကြာင့် ပြည်သူလူထုမှာ ဒုက္ခရောက်ကာ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ တ ဖက်နိုင်ငံကို သွားရောက်အလုပ်လုပ်နေရကြောင်း၊ ထိုသို့ဒုက္ခရောက်နေသည်ကို အခွင့်ကောင်းယူကာ လူကုန် ကူးမှု ပွင့်လင်းစွာလုပ်လာသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့မှ မွန်းနေလီက ပြောသည်။

“ ကျမတို့ဖက်မှာလည်း စစ်ပွဲနဲ့လူ့အခွင့်အရေး ချိုးဖောက်နေတဲ့အခြေအနေတွေကို အခွင့်ကောင်းယူပြီး လူကုန် ကူးမှုက ပိုများလာတယ်။ နယ်စပ်ဘက်မှာဆိုရင် စတစ်ကာကပ်လာပြီး လူကုန်ကူးဖို့ ပိုက်ဆံရှာဖို့ ပေါ်တင်စည်းရုံး လာတဲ့အတွက် အမျိုးသမီးတွေအတွက် အများကြီးစိုးရိမ်နေရပါတယ်” ဟု မွန်းနေလီက ဆိုသည်။

“ လူကုန်ကူးတဲ့ပုံစံက တခါနဲ့တခါ မတူဘူး။ အခုနောက်ပိုင်း ပွင့်ပွင့်လင်းလင်းဖြစ်လာတာတွေ့ရတယ်။ အခုနောက် အခန်းထဲမှာ အမျိုးသမီးတွေ ပိတ်လှောင်ပြီး ဆေးသွင်းတာတွေ ကိုယ်ဝန်ဆောင်ခိုင်းတာတွေရှိတယ်” ဟုမွန်းနေလီ က ပြောသည်။
၂၀၁၈ ခုနှစ်အတွင်း လူကုန်ကူးခံရသည့် အမျိုးသမီး(၁၀၀)ကျော် ကူညီကယ်ထုတ်နိုင်ခဲ့ပြီး၊ များသောအားဖြင့် စစ် ဖြစ်ပွားသည့်ဒေသများဖြစ်သည့် ကချင်၊ ရှမ်းနှင့် ရခိုင်ဘက်မှ အမျိုးသမီးများဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့၏မှတ်တမ်းအရ သိရသည်။

“ ကျမတို့ မနှစ်က ၂၀၁၈ မှာ ကျမတို့ကူညီလိုက်တာ (၁၀၀)ကျော် (၂၀၀) နီးပါးရှိတယ်။ ဒါတွေက ကျမတို့ကို ဆက်သွယ်လာလို့ ကူညီနိုင်တာ။ သတင်းမရတဲ့ဟာတွေ အများကြီးရှိတယ်၊ သွားတဲ့လမ်းကလည်းများတယ်။ ကျမ တို့က လွယ်ဂျယ်၊ မူဆယ်ပဲသွားနိုင်တယ်။ ကျမတို့လက်လှမ်းမမီနိုင်တာများတယ်” ဟု မွန်းနေလီက ဆက်လက် ပြောဆိုသည်။

တရုတ်နိုင်ငံသားများ ယခုကဲ့သို့ တနေ့တခြားအတင့်ရဲလာမှုသည် မြန်မာပြည်သူများကို စော်ကားနေခြင်းဖြစ် ကြောင်း၊ နယ်စပ်ဒေသဖြစ်သည့်အလျောက် နှစ်နိုင်ငံအစိုးရအနေဖြင့် ပူးပေါင်းက လူကုန်ကူးမှုကို ထိရောက်စွာ တားဆီးသင့်ကြောင်း တရုတ်နိုင်ငံတွင် အလုပ်လုပ်နေသည့် မမိုးကလည်း ပြောသည်။

“ကျမတို့မြန်မာပြည်သူတွေကို ကျမတို့အစိုးရကိုယ်တိုင်က မကြည့်တော့ သူများနိုင်ငံက စော်ကားလာတာပဲလို့မြင် တယ်။ နယ်စပ်မှာ တရုတ်တွေ ဖြစ်ချင်တိုင်းဖြစ် လွှတ်ပေးနေတဲ့သဘောပဲ။ အခုဆို အမျိုးသမီးတွေအတွက် ပုံစံသစ်နဲ့ခြိမ်းခြောက်ခံနေရတယ်” ဟု မမိုးက ပြောသည်။

မြန်မာနိုင်ငံ၊ မူဆယ်မှ တရုတ်ပြည်တွင်းသို့ သွားရောက်အလုပ်လုပ်သည့် ပြည်သူများသည် နေ့စဉ် လူပေါင်း ထောင်ချီရှိကြောင်း၊ တရုတ်ပြည်သို့ သွားရောက်အလုပ်လုပ်သည့်သူများသည် နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်ဖြင့် သွားရောက်လုပ်ကိုင်ကြခြင်း မဟုတ်ကြောင်း မူဆယ်မြို့ ဂရုဏာလူမှုအသင်းမှ ဦးသောင်းထွန်းက ပြောပါသည်။

“ MOU စနစ်မဟုတ်တဲ့အတွက် တဖက်နိုင်ငံကို သွားရောက်အလုပ်လုပ်တာ စိစစ်ဖို့ခက်တယ်။ သက်ဆိုင်ရာက လည်း နားလည်မှုနဲ့ပဲ လွှတ်လိုက်တာ။ ဘာသွားလုပ်မယ်ဆိုတာမျိုး မေးမြန်းတာမရှိဘူး” ဟုဦးသောင်းထွန်းက ပြောခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်ဖြင့် သွားရောက်ပါက မြန်မာနိုင်ငံသားများအတွက် ပိုမိုကောင်းမွနဲပီး တဖက်နိုင်ငံသားများ၏ဈေးနှိမ်ခြင်းကို ကာကွယ်နိုင်ကာ လူကုန်ကူးခြင်းနှင့် အမျိုးသမီးများအတွက်လည်း အခြား အန္တရာယ်များ ပိုကင်းဝေးနိုင်မည်ဟု ဦးသောင်းထွန်းက ပြောသည်။

ယခုနောက်ပိုင်း အမျိုးသမီးများ၏ဘဝသည် ပိုမိုဆိုးရွားသည့် အဆိုးတကာ့အဆိုးဆုံးဘက်သို့ပြောင်းလဲနေ ကြောင်း၊ အခြေအနေများကောင်းမွန်လာစေရန် လက်ရှိကျင့်သုံးနေသည့် ဗဟိုချုပ်ကိုင်မှု လျော့ကျရန်လည်း လို အပ်ကြောင်း အမျိုးသမီးအရေး ဆောင်ရွက်သူများက မှတ်ချက်ပြုလိုက်သည်။

“ကျမတို့နိုင်ငံက ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ဖို့ အရမ်းအရေးကြီးတယ်။ ဗဟိုချုပ်ကိုင်မှုစနစ်က အမျိုးသမီးနဲ့ အ မျိုးသမီးငယ်တွေဘဝ စိုးရိမ်စရာ ရှိတာပေါ့” ဟု မွန်းနေလီက ပြောလိုက်သည်။

အောက်ခြေရှိ ရဲနှင့် လူကုန်ကူးမှုတားဆီးရေးအထူးရဲတပ်ဖွဲ့များသည် ဆုံးဖြတ်ချက်များကို လွတ်လပ်စွာ ချပိုင်ခွင့် မရှိကြောင်း၊ လူကုန်ကူးခံရသူများကို သတင်းအရ ကယ်ထုတ်နိုင်လျှင်တောင် ထိုအတွက် ဘတ်ဂျက်မရှိကြောင်း၊ ပညာပေးသည့်လုပ်ငန်းများကိုပင် အထက်အဆင့်ဆင့်ကို တင်ပြနေရကြောင်း၊ ထိုကြောင့် အောက်ခြေရှိ လူနေမှု ဘဝကို မြှင့်တင်ရန် ဗဟိုချုပ်ကိုင်မှုကို လျော့ချရန်လိုကြောင်း၊ တိုင်းရင်းသားများတောင်းဆိုနေသည့် ဖက်ဒရယ် စနစ်ကို ကျင့်သုံးမည်ဆိုပါက နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသည့် ပြသာနာများကို ကောင်းမွန်စွာ ဖြေရှင်းနိုင် မည်ဟု ယုံကြည်ကြောင်း သူမကဆိုသည်။

လက်ရှိအခြေအနေတွင် တရုတ်နယ်စပ်ဒေသမှ အမျိုးသမီးများသည် နေ့တဓူဝပုံစံသစ်မျိုးစုံဖြင့် လူကုန်ကူးခံရခြင်း များဖြစ်ပေါ်နေသည့်အပြင် အလုပ်ခေါ်စာအသစ်များ၏ အန္တရာယ်နှင့်လည်း ရင်ဆိုင်နေကြရကြောင်းကို မူဆယ် ဒေသခံနန်းငွေက အတည်ပြုပြောဆိုသည်။

“ ကျမတို့မူဆယ်ကတော့ နောက်ထပ်ဘယ်လိုပုံစံနဲ့ ကြော်ငြာလာကပ်ဦးမလဲဆိုတာ တွေးပူနေရတယ်။ ကျမတို့ တိုင်းရင်းသားဒေသတွေမှာ စစ်ပဋိပက္ခတွေ များလာလေလေ၊ ကျမတို့ အမျိုးသမီးတွေ အခွင့်အရေးတွေ၊ ဘဝတွေ ဆုံးရှုံးမှုများလာလေလေပါပဲ”

Author:

Related Articles