Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇွန်လ ၂၆ ရက်နေ့ကနေ ဇူလိုင် ၂ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ရပါတယ်။

  • အမျိုးသမီးရဲဘော်တွေပါ တိုက်ပွဲဝင်မယ့် မုံရွာခရိုင် အမှတ် ၅ တပ်ရင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အမှတ် ၅ တပ်ရင်းက အမျိုးသမီး၁၀ ဦးပါဝင်တဲ့ သင်တန်းဆင်းပွဲတစ်ခု ဇွန်လ ၂၆ မှာ ရက်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီကိုတော်လှန်မယ့် တိုက်ပွဲတွေမှာ အမျိုးသမီးရဲဘော်တွေပါ ပါဝင်သွားမယ်လို့ သိရပါတယ်။

မုံရွာခရိုင်အမှတ် ၅ တပ်ရင်းက ပြုလုပ်တဲ့ အမျိုးသမီးရဲဘော်တွေရဲ့ အခြေခံစစ်သင်တန်းကာလက တစ်လကြာမြင့်ပြီး စစ် နည်းဗျူဟာဘာသာရပ်၊ အခြေခံစစ်ပညာ၊ သေနတ်ပစ်လေ့ကျင့်တာနဲ့ မြန်မာ့သိုင်းကိုလည်း သင်ကြားပေးခဲ့ပါတယ်။

သင်တန်းကာလမှာ ခက်ခဲကြမ်းတမ်းတဲ့သင်ခန်းစာတွေကို စည်းကမ်းတကျလေကျင့်သင်ကြားခဲ့ရသလို အမျိုးသမီးတွေ ဖြစ် ပေမယ့် အခက်ခဲတွေကြားကနေ သင်တန်းပြီးမြောက်အောင် လေကျင့်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Source – မြေလတ်အသံ

  • စစ်ကိုင်းတိုင်းအတွင်းက ကာကွယ်‌ရေးတပ်ကို စစ်ကောင်စီဝင်ရောက်စီးနင်းပြီး ဒေသခံအမျိုးသမီးနှစ်ဦးကို အဓမ္မ ကျင့် သတ်ဖြတ်

စစ်ကိုင်းမြို့နယ် ၊ဧရာဝတီမြစ်ဘေးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်း ၃ ခုကို စစ်ကောင်စီတပ်က အင်အားအလုံး အရင်းနဲ့ ဝင်ရောက်စီးနင်း၍ အမျိုးသား၁၅ဦးကိုသတ်ဖြတ်ခဲ့ပြီး ဒေသခံအမျိုးသမီးနှစ်ဦးကိုပါ အဓမ္မကျင့်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

စီးနင်းခံခဲ့ရတဲ့ PDFစခန်းသုံးခုမှာ ကင်းတော်ကျေးရွာအနီးရှိ ငါန်းဇွန်မြို့နယ် ပကဖအဖွဲ့စခန်း၊ ကိုင်းပြင်ကျေးရွာအနီးရှိ ကိုင်းပြင်ကျေးရွာ ပကဖစခန်း၊ ဥယျာဉ်ကျေးရွာများအနီးရှိ အမရစစ်သည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ဖြစ်ပြီး ယင်း စခန်းများမှ PDF ၁၃ ဦး၊ ဒေသခံ အမျိုးသား ၂ ဦး၊ အမျိုးသမီး၂ ဦးတို့ကိုသတ်ဖြတ်ခဲ့တာပါ။

Source – Irrawaddy

  • ခင်ဦးတွင် လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည် လူအုပ်အတွင်း ကျရောက်ပေါက်ကွဲတာ ကြောင့် ဒေသခံအမျိုးသမီးတစ်ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးသေဆုံးပြီး ၁၂ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ထံမှ သိရပါတယ်။

ဇွန်လ ၂၄ရက် ၊ နံနက် ၄ နာရီခန့်မှာ မြို့နယ်အနောက်ခြမ်း၊ တဲစုရွာအတွင်းဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်ရာ ထွက်ပြေးနေတဲ့ လူအုပ်အတွင်း လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။

လူအုပ်အတွင်းလက်နက်ကြီးကျတာကြောင့် အသက် ၄၈ နှစ်အရွယ် ဒေါ်မိုးဆွေမှာ ဦးခေါင်းနောက်စေ့ကို ကျည်စထိမှန်၍  ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်ဒဏ်ရာရသူများမှာ လက်၊ ခြေထောက်၊ ပေါင်နဲ့ ခန္ဓာကိုယ်တို့မှာ လက်နက်ကြီးကျည်စများ ထိမှန်ခဲ့ ပါတယ် ။

​Source- Myanmar Now

  • ရေးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာမှာ  ဇွန်လ ၂၅ ရက်ကစစ်ကောင်စီရဲ့ အမြောက်တပ်က လက်နက်ကြီးနဲ့ရော လေ ကြောင်းကပါတိုက်ခိုက်တာကြောင့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ စစ်ကောင်စီလက်အောက်ခံရဲတစ်ဦး သေဆုံး ခဲ့ပြီး အသက်ကိုးနှစ်အရွယ်ကလေးငယ်အပါအဝင် ဒဏ်ရာရရှိသူလေးဦးရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ အမြောက်တပ်ကပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးအပေါ် လက်နက်ကြီးကျရောက် နေအိမ်အတွင်းရှိ မခင်လ ပြည့်ထွန်းဆိုသူ သေဆုံးခဲ့ရကာ ၎င်း၏ မိသားစုဝင်သုံးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Source –Mizzima

  • ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင် ထောင်ဒဏ် ၄ နှစ် ထပ်မံချခံရ

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်ကို စစ်ကောင်စီက ဇွန် ၂၇ ရက်မှာ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခဲ့ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရပါတယ်။

မဝတ်ရည်အောင်က ၂၀၂၂ မတ်လ ၁၀ ရက်နေ့မှာ ပုဒ်မ ၅၀၅(က) နဲ့ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတာဖြစ်ပြီး ယခု ချမှတ်ခံရတာနဲ့ဆို စုစုပေါင်း ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခံထားရပြီဖြစ်ပါတယ်။

လက်ရှိမှာ မဝတ်ရည်အောင်ကအင်းစိန်ထောင်တွင်း မတရားဖိနှိပ်မှု၊ အတင်းအဓမ္မနှိပ်စက်မှု၊ ကျန်းမာရေးစောင့်ရှောက်ခွင့် မရရှိမှု စစ်ကြောရေးမှာ နှိပ်စက်ခံရမှုတို့ကြောင့် ကျန်းမာရေးဆိုးဝါးလျက်ရှိတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ထုတ်ပြန်ထားပါတယ်။

source – Irrawaddy

  • ဆူပူအောင်လှုံ့ဆော်မှုစွဲချက်နဲ့ အလုပ်သမား ၁၀ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

ဆူပူအောင်လှုံဆော်တယ်ဆိုတဲ့စွဲချက်နဲ့ Action Labor Rights အလုပ်သမားသမဂ္ဂအဖွဲ့မှ အမျိုးသမီးနှစ်ဦးအပါအဝင် ရွှေပြည် သာနဲ့ လှိုင်သာယာမြို့နယ်က အလုပ်သမား ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့သိရပါတယ်။

အဖမ်းခံရသူတွေကတော့ Action Labor Rights အဖွဲ့ဝင် မသန္တာစိုးလင်း၊ မဖြိုးမြတ်မြတ်သင်း၊ အားပေးကူညီသူ ကိုဟိန်းမင်း ဇော်၊ ရွှေပြည်သာမြို့နယ်ဟိုစိမ့်(မြန်မာ)အထည်ချုပ်စက်ရုံက အလုပ်သမားတွေဖြစ်ကြတဲ့ ကိုအောင်အောင်၊ မသူသူစံ၊ မသန္တာအေး၊ မအေးသန္တာဌေး၊ မမေသူမင်းနဲ့ လှိုင်သာယာမြို့နယ် Sun Apparel Myanmar အထည်ချုပ်စက်ရုံက မသီတာ ဝင်း၊ ကိုလှိုင်ဝင်းထက် တို့ဖြစ်ပါတယ်။

Action Labor Rights အဖွဲ့ဝင် မသူဇာနဲ့ ကိုသူရိန်အောင်တို့ကတော့ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ဆက်စပ်သူတွေကို စစ်ဆေးပြီး ရှာဖွေနေတယ်လို့ စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြထားပြီး အဖမ်းခံထားရ သူတွေကို နိုင်ငံရေးပုဒ်မ ၅၀၅-က၊ တရားမဝင်အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်မှုပုဒ်မ – ၁၇ (၁) တို့နဲ့ တရားစွဲထားတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူ တွေက ပြောပါတယ်။

Source – RFA

  • စမွန်းရွာကို စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့်စစ်ရှောင်ပြည်သူ ၁ ဦး သေဆုံး 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စမွန်းကျေးရွာကို ဇွန် ၂၉ ရက်နေ့မှာစစ်ကောင်စီက စစ်ကြောင်းထိုးပြီး ပစ်ခတ်မှုများ ပြု လုပ်ခဲ့ရာ စစ်ဘေးရှောင်ပြည်သူတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးနှင့်အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကြောင်းဝင်လာချိန် လိုက်ထရပ်ကားနဲ့ ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ရှောင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ် ခဲ့ရာ ကားပေါ်ပါ စစ်ရှောင်ပြည်သူ အသက် ၅၀ အရွယ် ဒေါ်ခင်မမ နဖူးကျည်ထိမှန်သေဆုံးခဲ့ရပြီး အသက် ၄၅ နှစ်အရွယ် အမျိုးသမီးမှာ လက်ထိမှန်ဒဏ်ရာရရှိ သလို အသက် ၆ နှစ်အရွယ် ကလေးငယ်မှာ ဦးခေါင်းထိမှန်ဒဏ်ရာရရှိခဲ့ပါတယ် ။

source –Irrawaddy

  • သုံးလအတွင်း ပဋိပက္ခ​ဒေသက အမျိုးသမီး ၁၁၁ ဦး​သေဆုံး

ယခုနှစ် ဧပြီလ ကနေ ဇွန်လ ၂၅ ရက် အထိ သုံးလတာအတွင်း ပဋ္ဋိပက္ခဒေသတွေက အမျိုးသမီး စုစုပေါင်း ၁၁၁ ဦး သေဆုံးခဲ့ တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီထဲက ၆၂ ဦးဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၂ ဦး ၊ မီးရှို့သတ်ဖြတ်ခံရသူ ၁၆ ဦး နဲ့ ပစ်သတ်ခံရသူ ၁၀ ဦးပါဝင် ပါတယ်။

ဒါ့အပြင်အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ယခုနှစ် ဇွန်လ ၂၅ ရက် အထိနှစ် နှစ်ခွဲ ကာလ အတွင်း ပြစ်ဒဏ်ချခံထားရတဲ့ အမျိုးသမီး ၇၇၄ ဦး နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း ၃,၆၂၃ ဦး ရှိတယ်လို့ ​​ဖော်ပြထားပါတယ်။

အာဏာသိမ်းကာလကနေ ယခုအချိန်ထိ အမျိုးသမီး ၅၆၉ ဦးသေဆုံးခဲ့ပြီး ဒီစာရင်းတွေကနိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (AAPP) နဲ့ မြန်မာအမျိုးသမီးသမဂ္ဂ (BWU)တို့က ကောက်ခံထားတဲ့စာရင်းတွေဖြစ်ပြီး စုံစမ်းဆဲ စာရင်းတွေလည်းပါရှိတာကြောင့် ဒီထက်များနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

Source-BBC

  • ဗန်းမော်မြို့မှာ ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအဓမ္မပြုကျင့်သတ်ဖြတ်ခံရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဇွန် ၂၈ ရက် ညနေပိုင်းက အသက်၁၁နှစ်အရွယ်ကျောင်းသူတဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဗန်းမော်မြို့၊ ကုက္ကိုတောရပ်ကွက်(ရှမ်းဝိုင်း)မှာ နေထိုင်တဲ့ ယင်းကျောင်းသူမှာ သူငယ်ချင်းအိမ်ကနေ ဆော့ကစားပြီး ပြန် လာစဉ် အသက်၃၀ကျော်အရွယ် က​လေးတစ်ဦးဖခင်အင်ခွန်ယော်ဆိုသူက လမ်းခုလတ်မှာ ပါးစပ်ပိတ်ချီ ခေါ်ဆောင်သွားကာ သက်ငယ်မုဒိမ်းမှု ကျူးလွန်ဖို့ကြိုးစားစဉ် ကလေးငယ်က အော်ဟစ်တာ​ကြောင့် စောင်နဲ့ဖိသတ်ခဲ့တဲ့အတွက် အသက်ရှူရပ် သေဆုံးခဲ့တာလို့ ရပ်ကွက်နေဒေသခံတစ်ဦးက​​ပြောပါတယ်။

မိန်းကလေးငယ်ကို အဓမ္မမပြုကျင့်မီ နှိပ်စက်ခဲ့တာ​ကြောင့် နှာခေါင်းရိုးနဲ့ခြေ၊ လက်အရိုး​ကျိုးကြေတဲ့ ဒဏ်ရာလက္ခဏာ​တွေကို မိန်းကလေးငယ်၏ခန္ဓာကိုယ်ပေါ်မှာတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

အဆိုပါ​ကျောင်းသူ​ရဲ့ အလောင်းကို ဗန်းမော်မြို့ ဟန်းတဲရပ် ကြက်ပေါင်ခြံမှာ ဇွန် ၂၉ ရက်က သင်္ဂြိုဟ်ခဲ့ပြီးဖြစ်ကာ တရားခံ ကိုတော့ ဗန်းမော်မြို့မရဲစခန်းမှာ (ပ) ၁၀၁/၂၀၂၃၊ ရာဇသတ်ကြီး ဥပ​ဒေ ပုဒ်မ ၃၀၂/၃၇၆/၅၁၁ အရ အမှုဖွင့်လှစ်ထား တယ်လို့သိရပါတယ်။

Source -Mizzima

  • လက်နက်ကြီးထိမှန်လို့ ၈နှစ်သမီးအပါအဝင် အမျိုးသမီး ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ကျော်ဇေယျာရပ်ကွက်မှာရှိတဲ့ နေအိမ်တွေပေါ် လက်နက်ကြီးကျရောက် ပေါက် ကွဲခဲ့တဲ့အတွက်  ၈နှစ်အရွယ်ကလေးတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့သေဆုံးသွားပြီး အလောင်းတွေကိုတော့ စစ်ကောင်စီက ယူသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသက် ၆၅နှစ်အရွယ် ဒေါ်စန်း၊ ၈နှစ်အရွယ် မြေးဖြစ်သူ အိဖူးငုံ၊ အိမ်ချင်းကပ်လျက်က အသက် ၄၃နှစ် အရွယ် မဇာခြည်ဦးတို့ သေဆုံးခဲ့ပြီး ဒေါ်စန်းရဲ့ အမျိုးသားဖြစ်သူကတော့ ခွဲစိတ်ကုသမှု ခံယူနေရပါတယ်။

သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုတော့ စစ်ကောင်စီဘက်က ဒီကနေ့(ဇူလိုင်၁ရက်) မနက်မှာလာယူကာ ရင်ခွဲရုံပို့ပြီး နောက် အင်ကြင်းကုန်းသင်္ချိုင်းမှာ မီးရှို့လိုက်တာကြောင့် ကျန်ရစ်မိသားစုတွေက အလောင်းမရှိဘဲ နာရေးကျင်းပခဲ့ရတယ်လို့ သိရပါတယ်။

Source -မြေလတ်အသံ

  • လှိုင်သာယာက ‌အထက်တန်းပြဆရာမတစ်ဦး ထိုင်းဘုရင့်သမီးတော် သီရိဒုံမင်းသမီး ချီးမြှင့်တဲ့ထူးချွန်ဆုရရှိ 

ထိုင်းဘုရင့်သမီးတော် သီရိဒုံမင်းသမီး ရဲ့ The Princess Maha Chakri Award Foundation ကပေးတဲ့ စာသင်ကြားမှု ဆိုင်ရာထူးချွန်ဆု ကို မြန်မာနိုင်ငံက ဆရာမဒေါ်အေးစုဝင်း ရရှိခဲ့တယ်လို့ ယင်းဖောင်ဒေးရှင်းက ကြေညာပါတယ်။ 

စာသင်ကြားမှုဆိုင်ရာထူးချွန်ဆုအတွက် အရှေ့တောင်အာရှ ၁၀ နိုင်ငံနဲ့ အရှေ့တီမောက ဆရာ၊ဆရာမ ၁၁ ဦးကို ရွေးချယ် ခဲ့တာဖြစ်ပြီး ဆရာမဒေါ်အေးစုဝင်းက ရန်ကုန်၊လှိုင်သာယာမြို့နယ် အထက (၂) က အထက်တန်းပြ-စနစ်သစ် ၁၂တန်းအဆင့် မှာ အင်္ဂလိပ်စာသင်ကြားသူဖြစ်ကာ စာသင်တဲ့နေရာမှာ ထူးချွန်တဲ့အတွက် ဆုရရှိခဲ့တာဖြစ်ပါတယ်။

ဒီဆုအတွက် လာမယ့်အောက်တိုဘာလ ထိုင်းနိုင်ငံမှာကျင်းပမယ့် PMCA ဖောင်ဒေးရှင်းညီလာခံမှာ ချီးမြှင့်ဖို့ရှိပြီး အမေရိကန် ဒေါ်လာ တစ်သောင်း ၊ ရွှေရင်ထိုးနဲ့အတူ ထိုင်းနိုင်ငံကစာသင်ကျောင်းတွေကို လေ့လာခွင့်ကိုပါရရှိမှာဖြစ်ပါတယ်။ 

Source- BBC

Author:

Related Articles