Home ဆောင်းပါး ရဲရင့်သောရခိုင်အမျိုးသမီး၏တရားမျှတမှုရှာပုံတော်

ရဲရင့်သောရခိုင်အမျိုးသမီး၏တရားမျှတမှုရှာပုံတော်

နန်းဆိုင်နွမ်။ ။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြားလနှင့်ချီကြာမြင့်နေပြီဖြစ်သည့် ပြင်းထန်သည့်တိုက်ပွဲများအကြား မြေစာပင်ဖြစ်ခဲ့ရသူများထဲ ရသေ့တောင်မြို့နယ် ဦးဂါရွာမှ ၃၆ နှစ်အရွယ် အမျိုးသမီးလည်း အပါအဝင် ဖြစ်သည်။

စစ်တလင်း နယ်မြေထဲတွင်ရှိနေခဲ့သည့် သူ့အားပြီးခဲ့သည့် ၂၀၂၀ ဇွန်လနောက်ဆုံးရက်ထဲတွင် တပ်မတော်သား သုံးဦးကအဓမ္မပြုကျင့်ခဲ့ကြောင်း အဆိုပါအမျိုးသမီးက လူသိရှင်ကြားထုတ်ပြောခဲ့သည်။

ကလေး လေးယောက်အမေ တရားလိုအမျိုးသမီးက သူ့အဖြစ်အပျက်ကို ပြည်နယ်မြို့တော် စစ်တွေက ရဲစခန်းသို့ သတင်းပို့ထားပြီး လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သူများအား အရေးယူပေးရန်လည်းအမှုဖွင့်ထားသည်။

အမှုဖွင့်ပြီးမကြာမီ ရက်များအတွင်းကတော့ သူ၏အဖြစ်အပျက်သည် လုပ်ကြံဇာတ်လမ်းတစ်ခုအဖြစ်ပုံဖော်ခံခဲ့ရသည်။ သူ၏အဖြစ်အပျက်ကိုရေးသားသည့် သတင်းများကိုပင် “ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးပြီး မမှန်သတင်းဖော်ပြခဲ့ခြင်း” ဟု တပ်မတော်က ဇူလိုင် ၂ရက်တွင်ခြေပတုန့်ပြန်ခဲ့သည်။

နောက်ရက်အနည်းငယ်အတွင်း သမ္မတရုံးကလည်းအလားတူတုန့်ပြန်ခဲ့သည်။

သတင်းပတ်ပေါင်းများစွာကြာခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ ထိုအမျိုးသမီး၏ နစ်နာမှုအတွက် တရားမျှတမှု ရှာဖွေနိုင်ဖို့ လမ်းစပေါ်လာခဲ့သည်။

တရားလိုအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ကာယကံရှင် တပ်မတော်သားများက ဝန်ခံထွက်ဆို ထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်တွင်အတည်ပြုခဲ့ပြီးနောက် သူ၏နစ်နာမှုက အမှန်တကယ်ဆိုသည်ကို အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။

ထိုအခြေအနေကို သူလွယ်လွယ်ရခဲ့သည်တော့မဟုတ်ခဲ့။ စိန်ခေါ်မှုများစွားကို ရင်ဆိုင်ခဲ့ရသည်။

လက်နက်ကိုင် စစ်သားသုံးဦးက လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုခဲ့သည်။ ထိုအဖြစ်အပျက်က လုပ်ကြံဇာတ်လမ်းဟု နိုင်ငံတွင်း အဆင့်အမြင့်ဆုံးသော အရပ်ဖက်နှင့်စစ်ဘက် ဌာနများ၏ကြေငြာခြင်းကို ခံခဲ့ရသည်။ အမှားအယွင်း တခုခုဖြစ်သွားခဲ့ပါက သူနှင့်သူ့ကိုထောက်ခံသူများ၏ အနာဂတ်က ဘယ်လိုရှိမည်ကို မည်သူမှ မမှန်းဆနိုင်။

သို့သော် မည်သည့်အရာကမှ သူ့ကို ရပ်တန့်အောင်မတားဆီးနိုင်ခဲ့။

ရဲရင့်ပြီး တရားမျှတမှုကို လိုလားသည့် တရားလိုအမျိုးသမီးက သူ့အတွေ့အကြုံကို မကွယ်မဝှက်ဘဲ သတင်းဌာနများကိုထုတ်ပြောခဲ့သည်။ ထို့နောက် သူနေထိုင်ရာရွာမှ မိုင် ၂၀ ခန့်ဝေးသည့် စစ်တွေမြို့အထိ အရောက်လာခဲ့ပြီး ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

လူမှုအဖွဲ့အစည်းများ ရှေ့နေများနှင့်လည်း ပူးပေါင်းခဲ့ပြီးနောက် မျှော်လင့်ချက်အနည်းငယ်မျှပင်ရှိစေကာမူ သူရနိုင်သည့်နည်းလမ်းဖြင့် မတရားမှုကိုဖော်ထုတ်ရန်ဆုံးဖြတ်ခဲ့သည်။

တိုက်ပွဲဒေသများတွင် တပ်မတော်သားအချို့က အမျိုးသမီးများအား မုဒိန်းကျင့်ခဲ့သည်ဟု စွပ်စွဲချက်များအနက်မှ တပ်မတော်ဘက်က ရှားရှားပါးပါး ဝန်ခံခဲ့သည့် ဖြစ်ရပ်အတွက် အမှန်တရားကို ဖော်ထုတ်နိုင်အောင် ကြိုးစားခဲ့သည့် ရခိုင်အမျိုးသမီး၏ လုပ်ရပ်သည် ၎င်းတို့အတွက် အတုယူစရာဖြစ်ရပ်ဟု တအာင်း(ပလောင်) အမျိုးသမီးအဖွဲ့အစည်း ပြောရေးဆိုခွင့်ရှိသူ လွေးလှားရိန်း ကဆိုသည်။

“ရခိုင် မှာဖြစ်တဲ့ကိစ္စ ကကျမတို့ အတွက် အတုယူစရာ သင်ခန်းစာလို့မြင်ပါတယ်။ အမျိုးသမီးတွေ က ရဲရဲဝံ့ဝံ့က ရှေ့ထွက်ပြီး သူတို့ကိုယ်တိုင် ပါဝင်တာက အရမ်းကို အားကောင်းတယ်” ဟုသူကဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်း(ပလောင်) မျိုးနွယ်စုများအခြေချရာ ဒေသများသည်လည်း ရခိုင်ကဲ့သို့ပင် တပ်မတော်နှင့် တအာင်း(ပလောင်)လက်နက်ကိုင်တပ်ဖွဲ့ TNLA တို့အကြားတိုက်ပွဲများဖြစ်ပွားနေသည့် နေရာဖြစ်သည်။ ပဋိပက္ခများအတွင်း အမျိုးသမီးများအကြမ်းဖက်ခံရသည့်သတင်းများလည်း မကြာခဏထွက်ပေါ်ခဲ့သည်။

လွန်ခဲ့သည့် နှစ်နှစ် ၂၀၁၈ ဇူလိုင်လအတွင်းက တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) မှ ဆေးမှူး အမျိုးသမီးခြောက်ဦးအား တပ်မတော်သားများက မုဒိန်းကျင့် ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့ကြကြောင်း TNLA ဘက်ကစွပ်စွဲခဲ့ဖူးသည်။ အဆိုပါအမျိုးသမီးများ၏ ရုပ်အလောင်းများအား ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် အွယ်လောရွာအနီး တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သို့သော် တပ်ဘက်ကမူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆန်ခဲ့ပြီး ၎င်းတို့သည် တိုက်ပွဲအတွင်းသေဆုံးသွားခြင်း ဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။

TNLA ၏မဟာမိတ် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ကလည်း ၂၀၁၉ စက်တင်ဘာလအတွင်းက ဟုန်ရှင်းမြို့နယ်၊ မော်ထိုက်ကျေးရွာအုပ်စု တာဆည်ဆူးရွာ၌ ဒေသအခြေစိုက် မြန်မာတပ်မတော်သားနှစ်ဦးသည် မွန်းလွဲ အချိန်တွင် ရွာခံအမျိုးသမီးတစ်ဦးအား အတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည်ဟု လည်းစွပ်စွဲခဲ့ဖူးသည်။

အလားတူ ၂၀၁၇ အတွင်းက ရခိုင်ပြည်နယ်တွင် အာဆာလက်နက်ကိုင်တပ်ကို တန်ပြန်တိုက်စစ်ဆင်သည့် စစ်ဆင်ရေးများတွင်လည်း တပ်မတော်သားအချို့က ရိုဟင်ဂျာ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ မုဒိန်းကျင့်ခြင်းများ လုပ်ခဲ့သည်ဟု ရိုဟင်ဂျာများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်စွပ်စွဲထားသည်။ သို့သော်မြန်မာအစိုးရနှင့် တပ်မတော်တို့က အဆိုပါစွပ်စွဲချက်များကို အစဉ်တစိုက် ငြင်းဆန်ခဲ့သလို ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကိုလည်း လက်မခံခဲ့ပါ။

တိုင်းရင်းသားဒေသများတွင် တပ်မတော်ဘက်က ပါဝင်ပတ်သက်ကြောင်း စွပ်စွဲခံရသည့် အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများအနက် ၂၀၁၅ အတွင်းက ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ်တောင်မြို့နယ် ကောင်းခါးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် စေတနာ့ဝန်ထမ်း ကချင်ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံခဲ့ရသည့် အမှုသည် လူပြောများသည့် အမှုတစ်ခုဖြစ်ခဲ့သည်။

ကျောင်းဆရာမနှစ်ဦး သေဆုံးခဲ့သည့် ၂၀၁၅ ခုနစ် ဇန်နဝါရီ ၁၉ရက်တွင် ရွာထဲတွင်ရှိနေခဲ့သည့် တပ်မတော်စစ်ကြောင်းရှိနေခဲ့ပြီး တပ်မတော်သားများ ကျူးလွန်သည်ဟု သံသယမကင်းသည့် စွပ်စွဲချက်များလည်း ရှိခဲ့ပြီး စစ်ဆေးပေးရန် တရားလိုနှင့်လူမှုအဖွဲ့အစည်းများကတောင်းဆိုခဲ့ကြသည်။

နောက်ပိုင်းတွင် အဆိုပါ ဆရာမနှစ်ဦးသေဆုံးမှုအတွက် ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA နှင့် တပ်မတော်တို့အကြား အပြန်အလှန်စွပ်စွဲမှုများ၊ ၎င်းတို့တပ်ဖွဲ့ဝင်များ မကျူးလွန်ကြောင်း ငြင်းဆိုချက်များသာ ထွက်ပေါ်ခဲ့ပြီး လက်ရှိအချိန်အထိ တရားခံကို မဖော်ထုတ်နိုင်ဘဲ ဖြစ်နေခဲ့သည်။

“ဒီအမှုကို ကျမတော်တော် ပေါ်စေချင်တယ်။ အခု ငါးနှစ် တောင်ရှိပြီ။ သူများတွေ ဘယ်လို အမှုပေါ်အောင်လုပ်လည်း ဆိုတာ ကျမ သိချင်တယ်။ ကျမ လည်း ဒီအမှု ကို တော်တော် မပြီးချင်ဘူး။ အမှုမှန်ပေါ်ရင် ကျမတော်တော်စိတ်ချမ်းသာပြီ။ အခုက စစ်ဆေးနေဆဲ ဆိုတဲ့ အဆင့် ကနေ မတက်သေးဘူး” ဟုလည်း ကချင် ဆရာမနှစ်ဦး၏အမှုကို ကူညီပေးနေသည့် ဒေါ်အက်စတာကပြောသည်။

အဆိုပါအမှုအတွက် တပ်မတော်သားများအား စစ်ဆေးပေးရန် တောင်းဆိုရာတွင် စိန်ခေါ်မှုအများအပြား ရင်ဆိုင်ရကြောင်းလည်း ၎င်းကဆိုသည်။

“စစ်တပ်နဲ့ပတ်သက်တဲ့အမှုဆိုတော့ ကျမတို့ တော်တော်ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။ ဒီအမှု စဖြစ်တော့ ကျမတို့ တောင်ပေါ်ကို တပ်က အရပ်ဝတ်နဲ့ လာပြီး ခြိမ်းခြောက်လိုက်၊ ရဲက အရပ်ဝတ်နဲ့ လာပြီး ခြိမ်းခြောက်လိုက်။ လုပ်တော့ ရွာသားတွေ က ကြောက်ကြတယ်။ တချို့ ဆိုရင် ရွာကနေ ထွက်သွားရတဲ့အဆင့်ရှိတယ်” ဟုသူကဆိုသည်။

ယခုတကြိမ် ရခိုင်ပြည်နယ် ရသေ့တောင်အမှုတွင်တော့ တရားလိုအမျိုးသမီးနှင့် သူ့အားကူညီခဲ့ကြသူများ၏ ရဲရင့်ပြီးမဆုတ်မနစ် ကြိုးစားမှုများကြောင့် ပြစ်မှုကျူးလွန်ကြောင်းဝန်ခံခဲ့သူများထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

သို့သော်လည်း သူတို့၏တောင်းဆိုမှုက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံရုံမျှသာမက ရဲစခန်းမှာ မုဒိမ်းမှု၊ အတင်းအဓမ္မ သွေးဆောင် ဆွဲခေါ်မှု၊ ပြစ်မှုကျူးလွန်ရန် အားပေးမှု စသည့် ပုဒ်မသုံးခုနှင့် တိုင်ချက်ဖွင့်ခံထားရသူများအား လူသိရှင်ကြားထုတ်ပြရေးနှင့် ပြစ်မှုကျူးလွန်သူများအား အရပ်ဘက်တရားရုံးတွင်ပါ ပွင့်လင်းမြင်သာစွာ စစ်ဆေးရန်လည်းပါဝင်သေးသည်။

“နောက်ထပ် လုပ်ရမယ့်အလုပ်က ပွင့်လင်းမြင်သာတဲ့ တရားဥပဒေ ရှေ့ရောက်ဖို့လိုတယ်။ နောက် ကျူးလွန်သူကို ချပြဖို့လိုအပ်တယ်။ သူတို့မချပြမှာ ကျမတို့ စိုးရိမ်တယ်” ဟုလည်း အမှုကိုလိုက်ပါ ကူညီပေးနေသည့် ရခိုင် အမျိုးသမီးများ ကွန်ရက် ဥက္ကဌ ဒေါ်ညိုအေး က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်နှင့် ပတ်သက်သည့် ကိစ္စကို တရားမျှတမှုရရှိရန် အကန့်အသက်များရှိနေကြောင်း၊ တပ်မတော်များနှင့် လက်နက်ကိုင် အဖွဲ့များ မှ ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကို စစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှုရရှိရန် အတွက် အရပ်ဖက် တရားရုံးတွင် စစ်ဆေးရန်လိုအပ်ကြောင်း Legal Clinic Myanmar ဥပဒေ ကုစားရေး အဖွဲ့ မှ အထက်တန်း ရှေ့နေ ဒေါ်လှလှရီ က ပြောသည်။

“ တပ်မတော်သားဆိုရင် တပ်မတော် ဆိုင်ရာ ဥပဒေနဲ့ဆိုင်တယ်။ တပ်မတော်သားကို တပ်မတော် ဆိုင်ရာ ဥပဒေ နဲ့စစ်ဆေးတဲ့အခါမှာ က မျှတတဲ့ တရားစီရင်နဲ့ကိုက်ညီဖို့လိုတယ်။ အရပ်ဖက် တရားရုံးတွေမှာ စစ်ဆေးရမယ်” ဟု ဒေါ်လှလှရီ က တိုက်တွန်း ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် သိသားထင်ရှားသည့် တပ်မတော်သားမှ ကျူးလွန်ကြောင်းစွပ်စွဲခံရသည့် အမှုများစွာရှိပြီး ပျောက်ကွယ်သွားသည့် အမှုများလည်း ရှိကြောင်း အမျိုးသမီး သမဂ္ဂ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ အတွင်းရေးမှူး နော်ဆဲဆဲ က ပြောသည်။

စစ်ပွဲဖြစ်ပွားသည့်ဒေသ၊ ပဋိပက္ခ ဖြစ်သည့် နယ်မြေများတွင် အမျိုးသမီး အကြမ်းဖက်ခံရမှု၊ အတင်းအဓမ္မ မုဒိမ်းကျင့်ခံရမှုကိစ္စသည် အမြဲတမ်းဖြစ်ပွားနေကြောင်း၊ ထိုကဲ့သို့ဖြစ်ပွားခြင်းသည် လက်နက်ကို အသုံးချပြီး ပြုကျင့်နေသည် ဟု နော်ဆဲဆဲ က ပြောသည်။

“တပ်မှ ကျူးလွန်တဲ့အမှုတွေကို အဓိက တာဝန်ရှိသူ အစိုးရ က တာဝန်ယူမှု ၊တာဝန်ခံမှု မရှိနေသ၍ကတော့ လွှတ်ငြိမ်းချမ်းသာခွင့် ဒီလိုကျူးလွန်ဖို့ ဆက်ပြီး ပေးနေတဲ့သဘောပါပဲ” ဟု နော်ဆဲဆဲ ကပြောသည်။

ယခုအချိန်ထိ သက်ဆိုင်ရာ အစိုးရ အနေဖြင့်လည်း ပဋိပက္ခ အတွင်း အမျိုးသမီးများအကြမ်းဖက်ခံရမှု၊ အတင်းအဓမ္မပြုကျင့်ခံရမှု နှင့် ပတ်သက်ပြီး တပ်မတော်နှင့် ဆက်စပ်နေပါက မကိုင်တွယ်ရဲကြောင်း လည်း လည်းသူက ထောက်ပြ ပြောဆိုလိုက်သည်။

တပ်ဘက်က ရခိုင်အမျိုးသမီးကိုလိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားသည့် ၎င်းတို့၏တပ်ဖွဲ့ဝင်များကို အရေးယူမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည့်အပေါ် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက ကြိုဆိုခဲ့ကြသော်လည်း သည့်ထက်ပိုသည့် ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ရန်လည်းမျှော်လင့်နေကြသည်။

“ဒီလို ဖြစ်စဉ်က ဝန်ခံတာလောက်နဲ့မရဘူး။တခြားလုပ်လို့ရမယ့် လုပ်သင့်လုပ်ထိုက် ခံရတဲ့ အမျိုးသမီးကို တစုံတရာ လုပ်ပေးတာ။ တာဝန်ယူမှု တာဝန်ခံမှု ပေးတဲ့ပုံစံမျိုးတော့ လုပ်ရမယ်။ အမျိုးသမီးတယောက် ပျက်စီးသွားတဲ့အပေါ်မှာ ကုသပေးမှု၊ အမျိုးသမီးကို ပြန်တောင်းပန်တာ။ နောက် အမျိုးသမီး သိက္ခာကို ပြန်ဆယ်ပေးတာလုပ်သင့်တဲ့အရာလို့မြင်တယ်” ဟု တအာင်း(ပလောင်) အမျိုးသမီးအဖွဲ့အစည်း ပြောရေးဆိုခွင့်ရှိသူ လွေးလှားရိန်း ကဆိုသည်။

Author:

Related Articles