Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

နိုဝင်ဘာ ၁၂ကနေ ၁၉ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်း ဖော်ပြပေးလိုက်ရပါတယ်။

  • ငါတို့လုံချည် ငါတို့အောင်ပွဲလှုပ်ရှားမှု နိုင်ငံအသီးသီးတွင် ပြုလုပ်

အာဏာရှင်ဆန့်ကျင်ရေး စာတန်းများ ရေးဆွဲထားတဲ့ ထဘီ၊ ပုဆိုးများ ဝတ်ဆင်ဆန္ဒပြကြတဲ့ “ငါတို့လုံချည်ငါတို့အောင်ပွဲ” လှုပ်ရှားမှုတရပ်ကိုမြန်မာနိုင်ငံအပါအဝင် နယူးယောက်၊ ဩစတြေးလျ၊ ယူကရိန်း၊ ချက်စတဲ့ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ပြုလုပ် ခဲ့ကြပါတယ်။

အဆိုပါလှုပ်ရှားမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးဖြစ်သူ ဩစတြေးလျနိုင်ငံ သား မစ္စတာ ရှောင်တာနဲလ်၊ သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု၊ သရုပ်ဆောင်မြတ်နိုးအေး၊ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း၊ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး မစ်ရှင်ပူးတွဲတည်ထောင်သူ Davit Petrosyan ၊ တော်လှန်ရေးထောက်ပို့ အမျိုးသမီး Rapper အဆိုတော် သဇင်ညွန့်အောင်၊ မြန်မာ့အရေး လေ့လာသုံးသပ်ချက် ဆောင်းပါးများ ရေးသားနေသူ အီဂေါ ဘလက်ဇီဗစ်၊ Yangon Revolution Force (YRF) အဖွဲ့ဝင်များ ပါဝင်ခဲ့ကြတယ်။

အများပြည်သူကို နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ခြယ်ကာအုပ်ချုပ်ရန် ကြိုးပမ်းနေတဲ့ စစ်တပ်ကို မုန်းတီးရွံရှာစိတ်များရှိနေကြ သော် လည်း လုံခြုံရေးအခြေအနေကြောင့် ထုတ်ဖော်ပြောဆိုပြသရန် အခက်အခဲရှိတဲ့အတွက် ထိုသို့ခံစားချက်များ အပါအဝင် တော်လှန်ပြည်သူအချင်းချင်း အားပေးတဲ့ စာတန်းတွေကို လုံချည်များပေါ် ရေးဆွဲ သရုပ်ဖော်ခဲ့ကြခြင်းဖြစ်ပါတယ်။

Source- The Irrwaddy

  • သပြေပန်းခေါင်းမှာပန်ထားတဲ့ ပုံတင်သူ မန္တလေးက အမျိုးသမီး ၁၀ဦးကျော် ဖမ်းဆီးခံရ

သပြေပန်းခေါင်းမှာပန်ပြီးဓာတ်ပုံရိုက်၊ လူမှုကွန်ရက်မှာတင်ခဲ့တဲ့ အမျိုးသမီး၁၀ဦး မန္တလေး၊ချမ်းအေးသာစံမြို့နယ်နဲ့ အောင် မြေသာစံမြို့နယ်က ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူဆီက သိရပါတယ်။

“၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ကြိုဆို ဖက်ဆစ်စစ်တပ်ကိုစွန့်ခွာကြ ပြည်သူ့ရင်ခွင်ခိုလှုံကြ”ဆိုတဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုက နိုးဆော်ထားတာကြောင့် နိုဝင်ဘာ ၁၁ရက်နေ့မနက်ပိုင်းအချိန်ကတည်းက မန္တလေးမြို့ လူစည်ကားရာနေရာတွေနဲ့ ဈေးတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက လိုက်လံစစ်ဆေးဖမ်းဆီးခဲ့တာပါ။

သပြေပန်းပန်ပြီး ဓာတ်ပုံရိုက် လူမှုကွန်ယက်တင်သူတွေကို သူတို့နေထိုင်ရာ နေအိမ်တွေမှာပဲ ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီလို ဖမ်းဆီးနိုင်ဖို့ စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေက စုံစမ်းထောက်လှမ်းကာ စစ်ကောင်စီအရာရှိဆီ ဖုန်းနဲ့ ဆက်သွယ်အ ကြောင်းကြားပြီး ဖမ်းခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Source-DVB

  • တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီမှာ အမျိုးသမီး ၄ဦးအပါအဝင်သုံးရက်အတွင်း အရပ်သားနှစ်ဆယ်သေဆုံး

ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ “၁၁၁၁” စစ်ဆင်ရေးအဖြစ် နိုဝင်ဘာ ၁၁ရက်မှာစတင်ခဲ့တဲ့ စစ်ဆင်ရေး အတွင်း စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်တွေထဲလေကြောင်းက ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် အမျိုး သမီးလေးဦး၊အမျိုးသား ၁၃ဦးနဲ့ အတိအကျအတည်မပြုနိုင်သေးသူ သုံးဦးသေဆုံးခဲ့တာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ -KHRG က ပြောပါတယ်။

သေဆုံးသွားတဲ့အရပ်သားတွေထဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူတဦး ပါဝင်သလို လက်နက်ငယ်နဲ့ ပစ်သတ်ခံရသူ သုံးဦးလည်းရှိနေပြီး အလောင်းပြန်မကောက်နိုင်သေးဘူးလို့ဆိုတယ်။ ဒါ့အပြင် လက်နက်ကြီးကြောင့် အမျိုး သမီးလေးဦး၊ အမျိုးသားနှစ်ဦး၊ ကလေးတဦးအပါအဝင် ၁၅ဦး ဒဏ်ရာရထားပြီး ကျန်တဲ့ဒဏ်ရာရသူတွေနဲ့ပတ်သက်လို့ အသေးစိပ်မသိရသေးဘူးလို့ သိရပါတယ်။

Source- Delta News Agency

  • ထိုင်းမှာမြန်မာမိသားစု ယာဉ်မတော်တဆမှုဖြစ်ပြီး ဇနီးဖြစ်သူသေဆုံး

ထိုင်းနိုင်ငံမှာနေထိုင်တဲ့ မြန်မာမိသားစုဝင်သုံးဦး နိုဝင်ဘာလ ၆ ရက်က ဘုရားဖူးသွားရင်း ယာဉ်မတော်တဆမှုဖြစ်လို့ အမျိုး သမီးဖြစ်သူ သေဆုံးကာ ခင်ပွန်းနဲ့ကလေးဖြစ်သူတို့ ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီစောင်ရွက်ပေးနေသူတွေထံက သိရပါတယ်။

မြန်မာမိသားစုက ဘန်ကောက်မြို့၊ စမွတ်ခရိုင်၊ မဟာချိုင်မြို့နယ်၊ အုန်းနွဲ့မှာနေထိုင်ပြီး နခွန်ပထုံမြို့မှာရှိတဲ့ နဂါးပတ် ဘုရား ကို သွားဖူးစဉ် ဘန်ဖယုံမြို့မှာသူတို့မိသားစုစီးလာတဲ့ ဆိုင်ကယ်နဲ့ ကားနဲ့ မတော်တဆတိုက်မိခဲ့တာပါ။

မတော်တဆမှုကြောင့် မိခင်ဖြစ်သူသေဆုံးခဲ့သလို သမီးဖြစ်သူ မနှင်းရတီဦးက ညာဘက်လက်နဲ့ ဘယ်ဘယ် ခြေထောက်ကျိုး ဒဏ်ရာရခဲ့ပြီး လက်ရှိမှာ ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပေမယ့် ခြေထောက်တဖက် ဒူးဆစ်ထိ ဖြတ်လိုက်ရတဲ့ ကိုအောင်ဆန်းဦး ကတော့ မဟာချိုင်(၂) ဆေးရုံကို ပြောင်း‌ရွေ့ကာ ဆေးကုသမှု ဆက်လက်ခံယူနေတယ်လို့လည်း သိရပါတယ်။

Source- Delta News Agency

  • စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် မတူပီမြို့နယ်ဝေလူးရွာက ကလေးငယ်၈ဦးအပါ ၁၁ ဦးသေဆုံး

ချင်းပြည်နယ်၊ မတူပီမြိုနယ်၊ဝေးလူရွာကို နိုဝင်ဘာ၁၅ရက်ညပိုင်းက စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲခံတဲ့အတွက် ကျောင်းသားကလေးငယ်၈ဦးအပါအဝင် အရပ်သား ပြည်သူ ၁၁ ဦးသေဆုံးခဲ့ရပါတယ်။   

လေကြောင်းတိုက်ခိုက်တာကြောင့် ဝေလူးကျေးရွာအတွင်းက စာသင်နေတဲ့အိမ်တစ်အိမ်ပေါ်ကို ဗုံးကြခဲ့တဲ့အတွက် စာသင် ကြားနေတဲ့ ကျောင်းဆရာအပါအဝင် စာသင်ကြားနေတဲ့ ကလေးငယ် ၈ဦး နေရာမှာပဲ သေဆုံးခဲ့ ပါတယ်။

လက်ရှိမှာ သေဆုံးသူတွေအပြင် အပြင်းအထန်ဒဏ်ရာရရှိသူ ၃ဦးလည်းရှိပြီး အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းကနေ အိမ်နဲ့ဘာသာရေးအဆောက်အဦတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Source-BBC

  • ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံးလက်ကျန် အထူးအယူခံများ ဒီဇင်ဘာပထမပတ်တွင် ကြားနာမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံခဲ့ရတဲ့အမှုတွေက  နောက်ဆုံး လက်ကျန်အထူးအယူခံ အမှု တွေကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ လာမယ့်ဒီဇင်ဘာလပထမပတ်အတွင်း ကြားနာ သွားမှာဖြစ်တယ်လို့  တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

စွပ်စွဲထားတဲ့ထဲက စုစုပေါင်း အထူးအယူခံ ရှစ်မှုသာကျန်ရှိတော့ပြီး အဆိုပါအမှုတွေက ရွေးကောက်ပွဲကိစ္စ ပုဒ်မ ၁၃၀ – က အမှု၊ နိုင်ငံတော်လျှို့ဝှက်ဉပဒေပုဒ်မ ၃(၁)(ဂ)အမှု၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများအတွက် ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းမှုအပေါ်အဂတိဖြင့် စွပ်စွဲထားသည့်အမှုငါးမှုနဲ့ ဦးဖြိုးမင်းသိန်းထံက ရွှေနဲ့ဒေါ်လာယူတယ်ဟုဆိုကာ စွပ်စွဲ ထားတဲ့ အဂတိအမှုတမှုတို့ဖြစ်တယ်လို့ တရားရုံးနှင့် နီးစပ် သူ တဦးကပြောပါတယ်။

စစ်ကောင်စီဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲခဲ့ခြင်းဖြစ်ပြီး အမှု အားလုံးကိုအထူးအယူခံတက်ခဲ့ကာ ကျန်အမှုများမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချထားပြီးဖြစ်ပါတယ်။

စွပ်စွဲထားတဲ့အမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကအမှုအချို့ကို ပြစ်ဒဏ်လျော့ပေါ့မှုများ ပြုလုပ်ခဲ့တာကြောင့် လက်ရှိ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ထောင်ဒဏ် ၂၇ နှစ်၊ နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရပါတယ်။

Source-Mizzima News

  • ရွှေကူမှာ လက်နက်ကြီးကြောင့် မိသားစုလေးဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့မရဲစခန်းကနေ နိုဝင်ဘာ ၁၅ ရက်နေ့ညပိုင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲလို့ အမျိုးသမီး သုံးဦးနဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိခိုက်ဒဏ်ရာ ရသူတွေဟာ အသက် ၄၀ ကျော် အရွယ် ဦးလှသိန်း၊ဇနီး ဒေါ်မေလွင်နဲ့ အသက် ၁၀ နှစ် အရွယ်သမီးနှစ်ဦးတို့ ဖြစ်ကြပြီး နေအိမ်မှာ အိပ်နေစဉ်ထိမှန်ခဲ့တာပါ။ ဇနီးဖြစ်သူနဲ့သမီးအကြီးတို့က ဒဏ်ရာအနည်းငယ်ပြင်းထန်ပြီး မိသားစုဝင် တွေက ရွှေကူဆေးရုံမှာ ကုသမှုခံယူနေပါတယ်။

Source – RFA

  • ကန့်ဘလူမှာ အမျိုးသမီးရှစ်ဦးအပါအဝင် ဒေသခံ ၁၄ ဦး အဖမ်းခံရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပုဏ္ဏားငယ်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ဝင်ရောက် စီးနင်းပြီး အမျိုးသမီး ရှစ်ဦးအပါအဝင် ၁၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့က ချပ်သင်းရွာကနေ ချပ်ကြီးရွာကို ထွက်လာတဲ့အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အဖွဲ့တွေ တို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပုဏ္ဏားငယ်ရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာကိုဝင်စီးခဲ့တာပါ။

ဖမ်းဆီးခံရတဲ့သူတွေက ရွာခံတွေလည်းပါဝင်သလို ရွာကိုစစ်ရှောင်လာတဲ့ သူတွေလည်းပါဝင်ပါတယ်။ ဖမ်းဆီးခံရတဲ့ အမျိုး သမီးတွေထဲကငါးဦးဟာ ၁၇ နှစ်အရွယ်တွေဖြစ်ပြီး သူတို့ကို ချပ်ကြီးရွာစစ်ကောင်စီတပ် အထိုင်ချစခန်းကို ဖမ်းဆီးခေါ် ဆောင်သွားပြီး ဖမ်းဆီးခံရသူတွေရဲ့ သတင်းမကြားရသေးဘူးလို့သိရပါတယ်။

Source-RFA

  • စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုပြုလုပ်

ထားဝယ်ခရိုင်ရှိ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(RWU) က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှုကို နိုဝင်ဘာ၁၈ရက်က လောင်းလုံမြို့နယ်မှာ  ပြုလုပ်ခဲ့ပါတယ်။

လှုပ်ရှားမှာ ဒေသခံအမျိုးသမီးတွေနဲ့ လူငယ်တွေအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပြီး  အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေအပြင် အကြမ်းဖက်ခံရမှုကို ဆန့်ကျင်တဲ့အနေနဲ့‘”မုဒိမ်းကောင်တွေနဲ့ ဖိုဝါဒ ဖုတ်င်္သဂြိုဟ်ပြာချ အဆုံးသတ် ကြ” ဆိုတဲ့ ဘန်နာနဲ့ ချီတက်ခဲ့ကြသလိုစစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြပါတယ်။

Source- DVB

  • ပေါက်တောမြို့ပေါ်စာသင်ကျောင်းက ကျောင်းဆရာမရှစ်ဦးကို စစ်ကောင်စီဖမ်းဆီး

စစ်ကောင်စီနဲ့ရက္ခိုင့်တပ်တော် (AA)တို့တိုက်ပွဲအပြင်းအထန်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာ နိုဝင်ဘာ ၁၇ ရက် နေ့က  မြို့ပေါ်စာသင်ကျောင်းမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာမရှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ မြို့ခံတွေ က ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ပေါက်တောမြို့လောကထိပ်ပန်ဘုရားနဲ့ ဘာသာရေးအဆောက်အဦးတွေမှာ နေရာယူထားပြီး ကျောင်းဆရာမရှစ်ဦးကို လောကထိပ်ပန်ဘုရားအနီးမှာ ဖမ်းဆီးခဲ့တာလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တချို့က ပြောပါ တယ်။

စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၆ ရက်ကစပြီး ပေါက်တောမြို့ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် သောင်းနဲ့ချီတဲ့မြို့ခံတွေဟာ ဘေးလွတ်မယ့်နေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမယ့် ထွက်မပြေးနိုင်တဲ့ အမျိုးသမီး တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်း တွေဟာ မြို့ပေါ်မှာပိတ်မိနေခဲ့ပြီး  အမျိုးသမီး အများစုပါဝင်တဲ့ လူပေါင်းတစ်ရာ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Source- HI

  • ဧရာဝတီတိုင်းက မြို့နယ်တချို့မှာမှာ အတွင်းခံအင်္ကျီ မဝတ်တဲ့ အမျိုးသမီးတွေကို စစ်ကောင်စီတပ်က ဒဏ်ရိုက်

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေကနိုဝင်ဘာလ ဒုတိယပတ်ကစတင်ကာ လမ်းသွားလာ အမျိုး သမီးတွေကိုစစ်ဆေးပြီး အတွင်းခံအင်္ကျီ(ဘော်လီ)မပါလျှင် ဒဏ်ငွေ ၅၀,၀၀၀ ဒဏ်ရိုက်မှု စတင်ပြုလုပ်လာတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဒါ့အပြင် ငါးသိုင်းချောင်းမြို့ရှိ တံတော်ပေါ်မှာလည်း ရဲတပ်ဖွဲ့က အရာရှိတစ်ဦးနဲ့ရဲမေတွေပါဝင်တဲ့ အဖွဲ့ကလည်း အတွင်းခံ အင်္ကျီ မဝတ်တဲ့ အမျိုးသမီးတွေကို ဒဏ်ငွေရိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အာဏာသိမ်းပြီး ၁ နှစ်ခန့်အကြာကာလတုန်းကလည်း ဧရာဝတီတိုင်းမှာစစ်ကောင်စီတပ်သားတွေက ယခုကဲ့သို့ ဘော်လီမ ဝတ်တာ၊ စက်ဘီးဘဲလ်မပါတာ၊ ခြေနင်းမပါတာတို့အပြင် အသားမည်းသူတွေကိုပါ ဖမ်းဆီးတာ ပြုလုပ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

Source – Ayeyarwaddy Times

  • တောင်ငူမှာ လက်နက်ကြီးကြောင့် ကိုယ်ဝန်သည်အပါအဝင် သုံးဦးသေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နဲ့ လေးမိုင်အကွာမှာရှိတဲ့ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ – ၃၉) ကို နိုဝင်ဘာ ၁၇ ရက် ညနေ ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက် နက်ကြီးကြောင့် ညောင်ပင်လှရွာက ကိုယ်ဝန်သည်အပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခြေလျင်တပ်ရင်း (ခလရ – ၃၉) အနားမှာရှိတဲ့ ညောင်ပင်လှရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုယ်ဝန်သည်တစ်ဦး၊ ကလေးတစ်ဦးနဲ့ ဒေသခံတစ်ဦး စုစုပေါင်း သုံးဦး သေဆုံးခဲ့တာ ဖြစ်တယ် လို့သိရပါတယ်။

Source-RFA

Author:

Related Articles