Home ဆောင်းပါး အနှောင်အဖွဲ့တွေကြားက သူတို့ ချစ်ခြင်း

အနှောင်အဖွဲ့တွေကြားက သူတို့ ချစ်ခြင်း

ကချင်မလေး

 

IMG_5638

 

၅တန်းရောက်တော့ ဘောင်းဘီမဝတ်ရဘူး ထမီပဲဝတ်ရမယ်ဆိုတော့ လိုက်မနေဘူး၊ ကျောင်းလည်း။ ထမီလည်းဝတ်မနေဘူးဆိုပြီး တောက်လျှောက် ၁၆နှစ် ၁၇နှစ်ထိ ဘောင်းဘီပဲဝတ်လာခဲ့တယ်

ရန်ကုန်မြို့ ပြင်သစ် ယဉ်ကျေးမှု ဌာနမှာ လိင်တူချစ်သူများ အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်မှတ်တမ်းများ ပြသတဲ့ ရုပ်ရှင်ပွဲတော်ကို ၄ ရက်ကြာ ကျင်းပခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ရုပ်ရှင်ပွဲတော်မှာတော့ အမျိုးသမီးချင်းချစ်ကြိုက်ပြီး လင်မယားအဖြစ် (၁၅)နှစ်တာ အတူနေထိုင်လာခဲ့ကြတဲ့ စုံတွဲ၏ “တူနှစ်ကိုယ်” ရုပ်ရှင် မှတ်တမ်း ကိုလည်း ပြသခဲ့တယ်။

လိင်တူချစ်သူတွေကို အင်္ဂလိပ်လို အတိုကောက်အားဖြင့်တော့ LGBT (အမျိုးသမီးချင်းချစ်သူ-Lesbian, အမျိုးသားချင်းချစ်သူ-Gay, အမျိုးသမီး အမျိုးသား နှစ်မျိုးစလုံးချစ်သူ-Bisexual နဲ့ လိင်အင်္ဂါ ပြောင်းလဲထားသူများ-Transgender) လို့ ခေါ်ပါတယ်။

အမေရိကန်က ပြည်နယ် အချို့နဲ့ အနောက်နိုင်ငံ အချို့မှာတော့ လိင်တူချင်းလက်ထပ်မှုကို တရားဝင် ခွင့်ပြုလာတာ မကြာလှသေးပါဘူး။

လက်ရှိမြန်မာနိုင်ငံမှာတော့ LGBTများအား လူမှုပတ်ဝန်းကျင်၊ ဘာသာရေးနှင့် ယဉ်ကျေးမှုတွေမှာသာမက ဥပဒေအရပါလက်ခံမှု မရှိသေးပေမယ့်လည်း နှစ်ဦးသဘောတူပြီး အတူနေထိုင်ကြတဲ့ စုံတွဲများစွာပဲ ရှိပါတယ်။

အဲဒီထဲက အမျိုးသမီးချင်းချစ်သူ စုံတွဲ တစ်တွဲကတော့ ကိုတုတ်ကြီး (အုန်းငွေ)နဲ့ မငွေသန်းတို့ စုံတွဲ ဖြစ်ပါတယ်။

သူတို့စုံတွဲဟာ တယောက်ကိုတယောက် မေတ္တာမျှ (အမျိုးသမီးချင်းချစ်ကြိုက်) ကာ လင်မယားအဖြစ် ယုံကြည်မှုနဲ့ (၁၅)နှစ်တိုင်တိုင် အတူ နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အမေက သတိပြုမိတယ်၊ ငါ့သမီးတွေကြားမှာ အငယ်ဆုံးကထူးတယ်ပေါ့ ဆိုပြီး ပြောခဲ့ဖူးတယ်လို့ ကိုတုတ်ကြီး က ပြောပါတယ်။ နာမည်နဲ့ လိုက်အောင်ပင် ခန္ဓာတုတ်တုတ်ခိုင်ခိုင်နှင့် ကွမ်းယာလည်း တမြမြဝါးနေသော်လည်း ရှက်ကိုးရှက်ကန်း မျက်နှာလေးက နီမြန်းနေပြီး ပြုံးတုံးတုံးလေးဖြင့် သူ့အကြောင်းကို ပြောပြ တယ်။

အသက်(၄၀)ဝန်းကျင်ခန့်ရှိတဲ့ ကိုတုတ်ကြီးက မိမိကိုယ်ကိုယ်ကို ယောကျ်ားအဖြစ် လိင်စိတ်ခံယူပြီး ဝတ်စားနေထိုင်သူ ရေဇကြိုမြို့သားလေးပေါ့။ မြို့သားလေး က ငယ်စဉ်ကတည်းက မိမိလိင်စိတ် ခံယူမှုကို သိခဲ့ပေမယ့်လည်း မိဘ၊ ညီအစ်မတွေရဲ့အရိပ်အောက်မှာ နေနေရတဲ့ အတွက် ယောကျ်ားပုံ အဖြစ် ပေါ်ပေါ် ထင်ထင် မဝတ်စားခဲ့ရဘူးလို့ ပြောပါတယ်။

အိမ်ကလူကြီးတွေက အဆင်မပြေတော့ အစ်မတွေ အင်္ကျီအကျတွေပဲဝတ် ရတာပေါ့ ဒါပေမယ့် ကိုယ်ကြိုက်တဲ့ပုံစံလေးတွေပဲ ရွေးဝတ်တာပေါ့

ထမီမဝတ်ချင်လို့ ကျောင်းထွက်ခဲ့ပုံကိုလည်း ကိုတုတ်ကြီးက ပြောပြပါတယ်။

၅တန်း ရောက်တော့ ဘောင်းဘီမဝတ်ရဘူး ထမီပဲဝတ်ရမယ်ဆိုတော့ လိုက်မနေဘူး-ကျောင်းလည်း။ ထမီလည်း ဝတ်မနေဘူးဆိုပြီး တောက်လျှောက် ၁၆ နှစ် ၁၇ နှစ်ထိ ဘောင်းဘီပဲဝတ်လာခဲ့တယ်

ကိုတုတ်ကြီးရဲ့ လူပျိုဘဝမှာတော့ ရှပ်အင်္ကျီပုံစံ ပွပွတွေကို ပုဆိုးအကွက်ဖြင့် ထမီမကျ၊ ပုဆိုးမကျ ပုံစံအတိုင်း ဝတ်စားပြီး ကျော်ဖြတ်ခဲ့တယ်။ ကိုယ်ဘာသာ ကိုယ်အလုပ်လုပ်နိုင်တော့၊ ကြိုက်တာ ဝယ်ဝတ်လိုက်တယ်

ယောကျ်ားအဖြစ် လိင်စိတ်ခံယူထားပေမယ့်လည်း ယောက်ျားအပေါင်းအသင်းတွေမထားပဲ အမျိုးသမီးသူငယ်ချင်းတွေသာ ရှိခဲ့ပါတယ်။ ဘဝတူ သူငယ်ချင်းတွေနဲ့တွဲတာရယ် နှင့် မွေးချင်းမောင်နှမတွေနဲ့သာ ကြီးပြင်းလာခဲ့ရပါတယ်။ “စိတ်ပေါက်သာ ပေါက်တာ ယောက်ျားလေးတွေနဲ့ မတွဲဘူး၊ သူတို့အပြောအဆိုလည်း မခံနိုင်ဘူးလေ၊ မိန်းခလေးတွေ၊ ကိုယ်တွေလိုလူတွေနဲ့ပဲ ပေါင်းတာ

မြို့သားလေးက ရေခဲချောင်း ရောင်းရင်း မြို့နှင့်မနီးမဝေး ရွာလေးက ဈေးသည်မလေး မငွေသန်းကို မြင်မြင်ချင်း ချစ်မိခဲ့တဲ့အတွက် ကောင်မလေး အိမ်ဘက်တွေဆီ ရေခဲချောင်းသွားရောင်း၊ ကောင်မလေး ဈေးသွား-ဈေးပြန် စက်ဘီးလေးနဲ့ နောက်က လိုက်ပိုးခဲ့ပုံကို ပြောပြတယ်။

သူတို့ဈေးမသွာခင် ဈေးသွားလိုက်၊ ကုန်စိမ်းကူးတဲ့အခါ နောက်ကလိုက်သွားလိုက်ပေါ့

သူ့နောက်လိုက်၊ သူ့အလုပ်ကူနိုင်ဖို့ ကိုယ့်အလုပ်က ပျက်တာပေါ့

ဒီလိုနဲ့ နှစ်ဖက်မိဘများရိပ်မိခဲ့ပြီး မိန်းကလေးမိဘတွေက သဘောမတူ မှုတွေလည်း ကြုံခဲ့ရကြတယ်။

ကုန်စိမ်းတွေကို တောင်းနဲ့ရွက်ရတယ်။ သူနောက်က လိုက်ပြီဆိုရင် စက်ဘီးလေးနဲ့ ဝိုင်းတွန်းပေး၊ ချစ်ရေးလေးဆိုတယ် လို့ မငွေသန်းကပြောပြတယ်။ ကျမဈေးရောင်းတော့ အိမ်ကနေ မနက်ခင်း ထမင်းကြမ်း မစားခဲ့ရတော့ ကိုတုတ်ကြီးက သူ့အိမ်က ခပ်ခပ်လာပေးတယ်၊ အစပိုင်းတော့ မစားဘူးပေါ့၊ နောက်ပိုင်းတော့ သူ့ကိုသနားလို့ စားပေးတယ်၊ ဒီလိုနဲ့ တောင်စောင်းလေးမှာ ထမင်းအတူစားရင်း သူ့ကိုချစ်ကြောင်း ပြန်ပြောခဲ့တယ်

IMG_5645

နောက်ပိုင်းကုန်စိမ်းကူးတဲ့အခါ ကိုယ်ပါတော့ ယောကျ်ားလေးတယောက်ပါသလိုပဲ စိတ်ချရတယ်ဆို ပြီး သိပ်မပြောတော့တာ

ကိုတုတ်ကြီးကတော့ မေ့မျက်နှာ တစ်ရွာထင်ပြီး မငွေသန်းဆီ တန်းတန်းလိုက်ခဲ့ပေမယ့် ယောက္ခမတွေ သဘောမကျတော့ အတော်ပင် အနေခက်ခဲ့ရတယ်။

သူ့အိမ်ကလည်း ကိုယ့်ကိုသဘောမကျတော့ ဧည့်သည်ရယ်လို့ဆိုပြီး စောင်လည်းပေးမခြုံဘူး၊ သူ့ဆီကသာ ငှားခြုံရတာပေါ့၊ တထည်ရှိ နှစ်ယောက်တထည်ခြုံခဲ့ရတာပေါ့လို့ မှတ်မှတ်ရအဖြစ်အပျက်ကို ရယ်ကျဲကျဲဖြင့် ပြန်ပြောင်းပြောပြတယ်။

မငွေသန်းကလည်း သူ့မိဘများလက်ခံလာအောင် ပြောယူရကြောင်းကို သူ့ကိုလည်းသနားတော့ အမေရယ် သူ့ဘဝပျက်စီး တာလည်း သမီးဘဝပျက်စီးတာနဲ့ အတူတူပါပဲလို့ အကြိမ်ပေါင်းများစွာ ပြောယူရတာပေါ့ လို့ ရှက်ပြုံးပြုံးဖြင့် ပြောပြတယ်။

နှစ်ယောက်တစ်အိုးတစ်အိမ်တည်ထောင်ပြီး ကုန်စိမ်းရောင်း၊ ကြက်သွန် (လက်ကား) ရောင်းပြီး မိသားစု စားဝတ်နေရေးဖူလုံပြီး အလှူအတန်းဆိုပင်လျင် သူများထက်မနည်း လှူတန်းနိုင်ခဲ့ကြပါတယ်။

ပတ်ဝန်းကျင်၊ ဘာသာရေး၊ အာဏာပိုင်တွေမှလည်း ပိတ်ပင်တားဆီတာမျိုး၊ ခြိမ်းခြောက်တာမျိုး၊ သတိပေးတာမျိုး ယခုအချိန်ထိမရှိခဲ့ပေမယ့်လည်း ရွာတွေထဲသွားရင်တော့ ဝိုင်းကြည့်တာမျိုးလောက် တော့ခံရကြောင်းလည်း ပြောပြတယ်။

တခါတရံတော့ လင်မယားနှစ်ယောက် ကတောက်ကစ စကားများတာတွေရှိကြောင်းစကားများတဲ့ အချိန်တွေဆိုရင်တော့ ဆဲပစ်လိုက်တာပေါ့ (xxxx), ခွဲခွဲပေါ့၊ ပြန်မယ်ပေါ့ ဟိုကလည်း ပြန်ပြန်၊ ယူချင်တာယူသွားပေါ့၊ တကယ်တမ်းတော့ မပြန်ဘူး၊ ပြန်ချော့ပြီးပေါင်းရတော့

ဘယ်လိုအိမ်ထောင်မျိုးမှာမဆို အခုလို တယောက်အပေါ် တယောက် တကယ် ယုံယုံကြည်ကြည၊် မြတ်မြတ်နိုးနိုး၊ ချစ်ခင်လို့ ရှိရင်တော့ အိမ်ထောင်ရေးကကောင်းပါတယ်၊ နှစ်ယောက်အတူတူနေနိုင်မှ ရာသက်ပန်ပေါင်းနိုင်မှာဖြစ်တယ်လို့ ပြောသွား တယ်။

ကိုတုတ်ကြီးနှင့် မငွေသန်းတို့ကိုတော့ ရွာမှာ ကျေးရွာလူကြီးတွေနဲ့ သံဃာတော်တွေကပင် ရွာဦးကျောင်းရဲ့ အလှူ့ဒါယကာကြီး၊ ဒါယကာမကြီးများအဖြစ်သတ်မှတ် ထားကြတယ်။

“ရွာကျောင်းက ဘုရားပွဲတွေမှာ သံဃာတော်တွေအတွက် ဆွမ်းကျွေးဖို့လိုတယ် အခက်အခဲတွေရှိ နေတယ် ဆိုရင်လည်း ကျုပ်တို့နှစ်ယောက်ဆီ လာပြီးအလှူခံတာပေါ့နော်”

“အဲဒီလိုနေရာတွေရော၊ ရပ်ရေး၊ရွာရေးတွေမှဆိုလည်း လှူတယ်၊ သူကြီးကိုယ်တိုင်ပဲ ဦးအုန်းငွေ +ဒေါ်ငွေသန်းတို့မှ လှူတန်းပါသည် ဆိုတာမျိုးကဗည်းထိုပေးပါတယ်၊” ယခုအချိန်ထိတော့ ဘာမှအခက်အခဲမရှိပေမယ့် သတင်းစာရှင်းလင်းပွဲပြီးသွားရင်တော့ ဘယ်လိုဖြစ် လာမလဲဆိုတာကိုတော့ မသိသေးကြောင်းလည်း “ရင်ထိတ်တယ်၊ ရင်ခုန်တယ်” လို့ ပြောပါတယ်။

ကိုတုတ်ကြီး-မငွေသန်း တို့ဘဝမှာ အခက်အခဲ မရှိလှပေမယ့် အခြား စုံတွဲတွေမျာတော့ ခွဲခြားဆက်ဆံခံရမှုတွေ အများအပြား ရှိနေဆဲပဲလို့ Color Rainbow  ကိုလှမြတ်(project manager) က ပြောပြပါတယ်။ လက်ရှိမြန်မာနိုင်ငံတွင် မတူကွဲပြားစွာ လိင်စိတ်ခံယူသူတွေ တစ်ဦးတစ်ယောက်ချင်းတွေအနေနဲ့ တန်းတူညီမျှတဲ့ အခွင့်အရေး၊ တရားမျှတမှုတွေရှိမနေပုံ၊ တရားဥပဒေ လမ်းကြောင်းကပါ နှိပ်ကွက်ခံနေရတယ်လို့ သူက ဆိုပါတယ်။

“ပြီးတော့မိန်းမလို့ ကိုယ့်ကိုယ်ကို ခံယူထားတဲ့သူတွေ (မိန်းမလျာပေါ့နော်)ကို မြင်လိုက်လို့ရှိရင် ဖမ်းလိုက်လို့ရတာပဲဆိုပြီး ရဲတွေက ဖမ်းတာပဲ။ ရှိရှိသမျှပုဒ်မတွေတပ်ပြီး ဖမ်းတယ်။ မသင်္ကာမှု၊ ရုပ်ဖျက်မှု တို့ဆိုပြီး ပုဒ်မတွေတပ်ပြီးဖမ်းတယ်၊ ချုပ်တယ်၊ ငွေညစ်တယ်” ပြောပြပါတယ်။

အဖွဲ့အစည်းအနေနဲ့ လှုပ်ရှားရာမှာတောင် အကန့်အသတ်တွေ ရှိပါတယ်တဲ့။ “တခါတလေ အခန်းအနားတွေ လုပ်မယ်ဆိုရင် ပွဲမိန့်မပေးတာတွေတော့ ရှိခဲ့တယ်။”

ဘယ်လို အခက်အခဲတွေရှိပါစေ ကိုတုတ်ကြီးနဲ့ မငွေသန်းတို့ကတော့ ဘဝကို အေးအတူ ပူအမျှ ဖြတ်သန်းသွားမှာပါ တဲ့။

ကဲ ဒို့နှစ်ယောက်က မသေမချင်းအတူနေပေါ

 

& Proud နှင့် Color Rainbow

& Proud ရုပ်ရှင်ပွဲတော် ပြုလုပ်ရခြင်းရည် ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ LGBT လူ့အဖွဲ့အစည်းအတွက် နှင့် LGBT လူ့အဖွဲ့အစည်းအကြေးအကြောင်းကို ယဉ်ကျေးမှုဆိုင်ရာပွဲတော်များ စုစည်းပြု လုပ်ပေးခြင်း၊ LGBT များကို စုစည်းပေးရန်၊ ဘဝများနှင့် ယဉ်ကျေးမှုများကို အသိအမှတ်ပြု ကျင်းပရန်၊ မြန်မာနိုင်ငံရှိ LGBTများ၏ အခွင့်အရေးတရားမျှတမှု မရှိခြင်းများအား သတိထားမိကြရန် ရည်ရွယ်ပြီး ရုပ်ရှင်ပွဲတော်၊ ဓါတ်ပုံပြပွဲ၊ ဆွေးနွေးပွဲ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့တယ်။

ဒီရုပ်ရှင်ပွဲတော်ကို အဓိကစီစဉ်တဲ့အဖွဲ့မှာ Color Rainbowအဖွဲ့မ စီစဉ်ခဲ့ပြီး၊ ပြင်သစ်ယဉ်ကျေးမှုဌာန၊ UNAIDS, INGOs နှင့် နိုင်ငံတကာ သံရုံးများက ကူညီထောက်ပံ့ခဲ့တယ်။ လက်ရှိမြန်မာနိုင်တွင် လိင်တူချစ်တူများ အခွင့်အရေးနှင့်ပတ်သက်ပြီး ပညားပေးလုပ်ငန်းများ၊ ကမ်ပိန်းများကို ဆောင်ရွက်နေတဲ့ Color Rainbow အဖွဲ့မှ ကိုလှမြတ်(project manager) က “ တန်းတူညီမျှတဲ့ အခွင့်အရေးတွေရရှိအောင်၊ LGBT အတွေအပေါ် ပတ်ဝန်း ကျင်က မြင်တဲ့အမြင်တွေ ပြောင်းလာအောင်၊ လေးစာလက်ခံလာအောင်၊ ဥပဒေအရ တူညီတဲ့ ကာကွယ်မှုတွေ  တိုးတက်လာအောင် ရည်ရွယ်ပြီး ၂၀၀၇ ခုနှစ် ချင်းမိုင်စတင်တည်ထောင်ခဲ့တဲ့ အဖွဲ့ဖြစ်တယ်။”

Related Articles