Home ဆောင်းပါး တိုးသည်ထက်တိုးလာတဲ့ စစ်ဘေးဒုက္ခသည်များနှင့် အမျိုးသမီးတွေရဲ့စိတ်ခန္ဓာ အနာတရများ

တိုးသည်ထက်တိုးလာတဲ့ စစ်ဘေးဒုက္ခသည်များနှင့် အမျိုးသမီးတွေရဲ့စိတ်ခန္ဓာ အနာတရများ

ရှင်ငြိမ်း။ ။

၁၉၈၈ နဲ့ ၂၀၂၁ အာဏာသိမ်းပွဲနှစ်ခုအပြီး မြန်မာနိုင်ငံတွင် အိုးပစ်အိမ်ပစ် ထွက်ပြေးနေရသည့် ဒုက္ခသည် နှစ်သန်းခွဲကျော်ရှိပြီဟု သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ ISP-Myanmar က ခန့်မှန်းတွက်ချက်ထားပါတယ်။

အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်ရတဲ့ သန်းနဲ့ချီတဲ့သူတွေထဲမှာ အမျိုးသမီးစစ်ဘေးဒုက္ခသည်တွေလည်း အများအပြားပါဝင်ပါတယ်။

မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းနဲ့အနောက်ဘက်ပိုင်းဆီ ဆက်သွယ်ထားတဲ့ စစ်ကိုင်းတိုင်းဟာ ၂၀၂၁ အာဏာသိမ်းပွဲပြီးတဲ့နောက် စစ်ဘေးဒုက္ခသည်တွေ တဟုန်ထိုးတိုးလာတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ဒေသကာကွယ်ရေးတပ်(PDF)တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေကြောင့် အသစ်ဖြစ်လာတဲ့စစ်ပြေး ဒုက္ခသည်အရေအတွက်ဟာ နယ်မြေဒေသအလိုက်ကြည့်မယ်ဆိုရင် တစ်နိုင်ငံလုံးမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပါ တယ်။ ISP-Myanmar ရဲ့အဆိုအရ စစ်ကိုင်းတစ်ခုတည်းတင် စစ်ပြေးနေရသူ သုံးသိန်းခွဲနီးပါး ရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းရဲ့ မြေပြန့်လွင်ပြင်ဒေသဟာ အာဏာမသိမ်းခင်က လက်နက်ကိုင်တပ်ဖွဲ့တွေ အခြေချတာမရှိသလောက်ဖြစ်ပြီး တောင်တန်းထူထပ်တဲ့ အိန္ဒိယနဲ့နယ်စပ်မှာသာ လူမျိုးစုလက်နက်ကိုင်တပ်တွေ ရှိကြတာဖြစ်ပါတယ်။ စစ်တပ်နဲ့ စစ်ကိုင်းအခြေစိုက် လူမျိုးစုလက်နက်ကိုင်တွေအကြား တိုက်ပွဲဆိုတာလည်း မရှိသလောက်ဖြစ်ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ အခြေအနေတွေဟာ ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး ဒေသကာကွယ်ရေးတပ်နဲ့ စစ်တပ်ကြား စစ်ကိုင်းမှာ အပြင်းအထန်တိုက်ပွဲတွေ ဖြစ်လာပါတော့တယ်။

စစ်တပ်ဟာ မြေပြင်တပ်တွေသာမက လေကြောင်းပစ်ကူကိုပါသုံးကာ ကျေးရွာတွေထဲ ဝင်ရောက်မီးရှို့ပြီး ချင်းတွင်းမြစ်ရိုး တလျှောက် စစ်သင်္ဘောတွေနဲ့ စုန်ဆန်တိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေမှာ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

အခုလိုမီးရှို့ဖျက်စီးတာတွေကြောင့် ပြီးခဲ့တဲ့ မေလ ၆ ရက်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကံသစ်အရှေ့ရွာထဲက နေ အိမ် ၄၀ ကျော် မီးရှို့ခံခဲ့ရပြီး အသက် ၇၀ ကျော်အရွယ် ဒေါ်ခင်မြိုင်ဆိုတဲ့အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေထဲမှာ အမျိုးသမီး၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေက အများဆုံးဖြစ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတစ်ဦးက ပြောပြပါတယ်။

တောတောင်နဲ့နီးတဲ့စစ်ရှောင်တွေကတော့ ပုန်းခိုလို့ရပေမယ့် မနီးတဲ့စစ်ရှောင်တွေကတော့ နီးစပ်ရာရွာတွေ၊ မြို့ပေါ်တက်ကာ ပုန်းခိုကြရတယ်။ သူတို့ရဲ့ စားဝတ်နေရေးကိုတော့ ပြည်သူအချင်းချင်းက ကူညီပေးနေပြီး စစ်ရှောင်နေရာတွေဆီကို အရောက်ပို့ပေးနေတာကတော့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးဆောင်လုပ်ဆောင်ပေးနေတာဖြစ်တယ်။

စစ်ရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေကိုလည်း စစ်တပ်က ပစ်ခတ်တာတွေ ရှိနေတာကြောင့် ကနီမြို့နယ်လိုတိုက်ပွဲ ပြင်းထန်နေတဲ့နေရာတွေကို သွားလာရာမှာ အခက်အခဲများစွာရှိပါတယ်။

မုံရွာမြို့နဲ့ မိုင် ၃၀ ခန့်သာ ကွာဝေးတဲ့ကနီမြို့နယ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစလို့ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား ပထမဆုံးတိုက်ပွဲဖြစ်တဲ့ မြို့ဖြစ်သလို လူအစုလိုက်အပုံလိုက် သတ်ဖြတ်ခံရတဲ့မြို့နယ်လည်း ဖြစ်တယ်။

ကနီမြို့နယ်မှ စစ်ရှောင်ဒုက္ခသည် ဒေါ်စိန်အေးက “ကျမ စစ်ရှောင်လိုက်ပြန်လာလိုက်နဲ့ ဘယ်နှ စ် ခေါက်ရှိမှန်းတောင်မသိဘူး။ တစ်ပတ်ကို တခါတလေ နှစ်ခေါက်လောက် စစ်ပြေးရတယ်။ အနီးနားကရွာတွေလည်း စစ်ပြေးရတော့ ကျမတို့က အကူအညီ မရဘူး။ စစ်ပြေးနေရတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ လိုအပ်တာကတော့ အများကြီးပဲ”လို့ ပြောပါတယ်။

ကနီမြို့နယ်၊ ကျွန်းတောကျေးရွာမှ စစ်ရှောင်လာရတဲ့အသက် ၂၉ နှစ်အရွယ် မသင်းသင်းဟာ ကိုယ်ဝန် ၇ လနဲ့ မကြာခဏ စစ်ပြေးနေရလို့ မီးဖွားဖို့ထက် အနားမှာရှိတဲ့သုံးနှစ်သမီးငယ်နဲ့ မိအိုဖအိုတွေ လုံလုံခြုံခြုံစားသောက်နေထိုင်နိုင်ဖို့က ပိုအရေး ကြီးတယ်လို့ ဆိုပါတယ်။

IDPs camps in Kachin/ photo-Shin Nyein

“ခက်ခဲပေမယ့်လည်း အားတင်းထားပါတယ်။ ဘယ်လိုအခက်အခဲပဲကြုံကြုံ ရင်ဆိုင်သွားမှာပါ”လို့ သူက နုတ်ခမ်းကို တင်းတင်းစေ့ရင်း အားမာန်အပြည့်နဲ့ပြောပါတယ်။

ဒေါ်စိန်အေးတို့အနေနဲ့လည်း လက်ရှိမှာ ရိက္ခာ၊ အမျိုးသမီးအတွင်းခံတွေနဲ့ လစဉ်သုံးပစ္စည်းတွေလည်း လိုအပ်နေသလို ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအတွက်လည်း အားဆေးနဲ့ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

စစ်တပ်က ချင်းတွင်းမြစ်ကြောတလျှောက်ရှိရွာတွေကို မီးရှို့နေတာကြောင့် တစ်ရွာနဲ့ တစ်ရွာမကူညီနိုင်သလို စစ်ကြောင်းနဲ့ လွတ်ရာကျွတ်ရာ ထွက်ပြေးရတဲ့အတွက် စားသောက်ရေးနဲ့ နေထိုင်ဖို့မှာ များစွာအခက်အခဲတွေ့နေရတာ ဖြစ်တယ်။

ဒါ့အပြင် မိုးတွင်းကာလဖြစ်တာကြောင့် စစ်ရှောင်တွေအတွက် အမိုးအကာတွေလိုနေပြီး စစ်ပြေးနေရတဲ့ ကိုယ်ဝန်ဆောင်တွေနဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးကိုတော့ ဒေသခံ ကျေးလက်ကျန်းမာရေး ဝန်ထမ်းတွေက ပြုစုစောင့်ရှောက်ပေးနေတာရှိသလို ကျန်းမာရေးဝန်ထမ်းမရှိတဲ့ ကျေးရွာတွေမှာတော့ အခက်အခဲတွေရှိနေကြပါတယ်။

စစ်တပ်ဟာ စစ်ကိုင်းတိုင်းကို ဖြတ်လေးဖြတ်အစီအစဉ်ဖြစ်တဲ့ အင်တာနက်၊ ရိက္ခာ၊ ဖုန်းနဲ့ လျှပ်စစ်မီးတွေဖြတ်တောက် ထားပါတယ်။ လက်ရှိမှာ မြို့ပြနဲ့နီးတဲ့ နေရာတစ်ချို့လောက်သာ မီး၊ အင်တာနက် ရနေတာဖြစ်တယ်။

စစ်ကိုင်းလိုဘဲ နိုင်ငံအရှေ့ပိုင်းက ကရင်နီတွေလည်း အာဏာသိမ်းပြီးတဲ့နောက် ဒုက္ခသည်တွေဖြစ်ကုန်ပါတော့တယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်(ကယားပြည်နယ်)မှာ အသစ်ဖြစ်လာတဲ့ စစ်ရှောင်ဦးရေဟာ နှစ်သိန်းနီးပါးရှိပြီး ဒီထဲမှာ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေဖြစ်ကာ အမျိုးသားအများစုကတော့ ဒေသကာကွယ်ရေးတပ်တွေထဲမှာ အာဏာရှင်ကို တော်လှန်နေတာဖြစ်တယ်။

စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ( ၁ )ရက်မှ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၉)ရက်အထိ ကရင်နီပြည်မှာ မတရားသတ်ဖြတ်ခံရသူ၊ လက်နက်ကြီးထိမှန်သေဆုံးသူ အမျိုးသမီးစုစုပေါင်းဟာ (၃၂)ဦးရှိတယ်လို့ တိုးတက် သောကရင်နီပြည်သူ့အင်အားစု(PKPF)က လက်လှမ်းမီသရွေ့ ကောက်ထားတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်တစ်ခုလုံးမှာ စစ်ရှောင်ရင်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာဟာရမပြည့်ဝတာကြောင့် သေဆုံးအမျိုးသမီးဦးရေ ဟာ ရာဂဏန်းတိုးမြင့်လာပြီး ဒီထဲမှာ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေပါဝင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညားက ရှင်းပြပါတယ်။

စစ်ပြေးနေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကိုယ်ဝန်ပျက်ကျတာ၊ အဟာရချို့တဲ့လို့ ကလေးမမွေးနိုင်တာ၊ မွေးရင်း သွေးသွန်ကာသေဆုံးရသလို မွေးကင်းစ ကလေးငယ်တွေလည်း အာဟာရချို့တဲ့ပြီး သေဆုံးမှုများလာတာပါ။

ဇွန်လ ၁၆ ရက်၊ စစ်ရှောင်စခန်းတစ်ခုမှာ မွေးကင်းစ ကလေးငယ်တစ်ယောက်ဟာ အာဟာရမပြည့်တာကြောင့် အသက်သေဆုံးသွားရပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ပါ ကိုယ်ဝန်ပျက်ကျရင်း သွေးသွန်ကာသေဆုံးခဲ့ရပြန်တယ်။

ဒီအခြေအနေတွေကြားထဲ ကလေးကိုလက်ကဆွဲ၊ အထုတ်တွေထမ်းပိုးကာ ဘိုးဘွားတွေကိုတွဲကူရင်း စစ်ပြေးနေရတဲ့ အမျိုးသမီးတွေဟာ မျက်မြင်တွေ့ရတဲ့စစ်ရဲ့အနိဌာရုံတွေကြောင့်ပါ စိတ်ဒဏ်ရာတွေ ရနေကြပါတယ်။

ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ရှောင်နေရတဲ့ အမျိုးသမီးတစ်ဦးက “ကျမတူမလေးပေါ့။ လေယာဉ်လာရင် မပုန်းဘဲ အပေါ်မော့ကြည့်နေတယ်။ တချိန်လုံးပဲ ဘယ်သူမှလည်း စကားမပြောဘူး။ ကောင်းကင်ပဲကြည့်နေတယ်။ စားလည်းမစား၊ မေးလို့လည်းမရ၊ ညလည်းမအိပ်ဘူး။ မျက်လုံးကပြူးပြီး ကြောင်တောင်တောင်နဲ့” လို့ ပြောပါတယ်။

စစ်ဘေးရှောင်လာရသူ အများစုဟာ အဝတ်တထည် ကိုယ်တစ်ခုနဲ့ပြေးလာပြီး တောတောင်တွေထဲမှာ ဝါးတိုင်လေးတွေစိုက်၊ တာလပါတ်လေးတွေမိုးကာ အမိုးမလုံ၊ အကာမရှိနဲ့ ဖြစ်သလိုနေကြရလို့ အမိုးအကာတွေလည်း လိုအပ်နေပါတယ်။

စားရတော့လည်း အလှူရှင်ကို မျှော်ကိုးစားနေရပြီး အလှူမရှိတဲ့ရက်တွေဆို တောထဲကရတဲ့မှို၊ မျှစ်၊ သစ်ဥသစ်ဖုတွေနဲ့ ပြောင်းဖူးတွေကို အားထားစားနေရတယ်လို့ ဦးဗညားက ရှင်းပြပါတယ်။

ဒီစစ်ဘေးရှောင်သူတွေဟာ စစ်တပ်က အာဏာသိမ်းမှုတွေကြောင့် အသစ်ထပ်တိုးလာတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး တစ်နိုင်ငံလုံးမှာ ကရင်နီပြည်ဟာ ဒုတိယစစ်ဘေးဒုက္ခသည် အများဆုံးပြည်နယ်တစ်ခု ဖြစ်ပါတယ်။

ကရင်နီဒေသမှာ လူမျိုးစုလက်နက်ကိုင်တပ်တွေ ရှိကြပေမယ့် စစ်မဖြစ်တော့တာကြာပါပြီ။

ဒါပေမယ့် ပြီးခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ကရင်နီ ဒုက္ခသည်တွေရဲ့ အရေးဟာ လျစ်လျူရှူခံခဲ့ရသလို ထိုင်းနယ်နမိတ်အတွင်း ရောက်နေတဲ့ ထိုင်း- မြန်မာနယ်စပ်ရှိ စစ်ရှောင် စခန်းနှစ်ခုမှာ ဒုက္ခသည် တစ်သောင်းကျော်ဟာ ယခုထိတိုင်ရှိနေဆဲပါပဲ။

ဒီစခန်းတွေဟာ ၁၉၈၉ ခုနှစ်နဲ့ ၁၉၉၁ ခုနှစ်မှာကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ပဋိပက္ခတွေကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရတဲ့ ကရင်နီလူမျိုးတွေဟာ အိမ်မပြန်နိုင်တာ နှစ် ၃၀ ကျော်ရှိနေပါပြီ။

သူတို့ကို စားနပ်ရိက္ခာတွေ နယ်စပ်ဒေသကူညီပေးရေးညွှန့်ပေါင်းအဖွဲ့(TBC)က ၂၀၁၈ နှစ်ကုန်ပိုင်းမှာ လျော့ချပစ်ခဲ့လို့ လက်ရှိလူတစ်ယောက်ကို မြန်မာကျပ်ငွေ တစ်လအတွက် တစ်သောင်းသာ ရပါတော့တယ်။

IDPs camps in Kachin/ photo-Shin Nyein

ဒီငွေဟာ စားနပ်ရိက္ခာနဲ့ မိသားစုအသုံးစရိတ်တွေအတွက် မလောက်ငှတာကြောင့် စစ်ဘေးရှောင်ဒုက္ခသည် မိသားစုဝင်တွေထဲက အမျိုးသမီးတစ်ချို့ဟာ ထိုင်းနိုင်ငံထဲက တရားမဝင်လုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်ရလို့ ဖမ်းဆီးခံရမှုတွေလည်း ရှိပါတယ်။

စစ်ကိုင်းနဲ့ ကရင်နီက ပြည်သူတွေလိုပဲ မြန်မာနိုင်ငံအနောက်ဘက်ပိုင်း ရခိုင်ပြည်နယ်မှာလည်း အိမ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်တွေ ရှိနေပါတယ်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာကနေ စတင်ခဲ့တဲ့ စစ်တပ်နဲ့ ရခိုင်တပ်တော်(AA)တို့ရဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ စစ်ရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် လေးသောင်းခွဲကျော်ဟာ နေရပ်မပြန်နိုင်သေးဘဲ လုံခြုံတဲ့အမိုး အကာ၊ ကောင်းမွန်တဲ့အဆောက်အဦးတွေမှာ ခိုလှုံခွင့်မရကြသေးပါဘူး။

စစ်ဘေးရှောင်စခန်းထဲမှာ သုံးနှစ်ကျော်လောက်နေလာခဲ့ပြီး ရတဲ့ထောက်ပံ့မှုကလည်း မလောက်မငှဖြစ်ရတဲ့အကြား ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် ရိက္ခာထောက်ပံ့မှု ပုံမှန်မရကြတော့တဲ့အတွက် အငတ်ဘေးနဲ့ ရင်ဆိုင်နေကြရပါတယ်။

ယခင်က ထောက်ပံ့မှုပြုနေတဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ကလည်းမလာတော့သလို ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့(WFP)ကလည်း လူတစ်ယောက်အတွက် တစ်လကို ငွေကျပ် ၁၅၀၀၀ကနေ ၁၈၀၀၀ ကိုတိုးပေးပေမယ့် မလောက်ငှကြတာဖြစ်တယ်။

မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းစစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့ မအေးခိုင်ကတော့ “လူကယ်ပြန်ကလည်းမရဘူး။ ထောက်ပံ့မှုတွေက ရပ်တာနဲ့လျော့တာနဲ့ ဒီထဲအလုပ်တွေက မရှိတော့ ငတ်လာတာပေါ့။ ကျမတို့ဆို သုံးလလောက်ရှိပြီ ထမင်းမမြင်ရတာ”လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးဒုက္ခသည် အမျိုးသမီးတွေဟာ စခန်းထဲမှာ မလုံမခြုံ နေထိုင်စားသောက်သလို သန့်စင်ခန်းသုံးတာ၊ ရေချိုးတာကအစ အမျိုးသားတွေနဲ့အတူ သုံးစွဲရတဲ့အတွက် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

ရခိုင်မှာတိုက်ပွဲပြင်းထန်ချိန်က နိုင်ငံတကာကူညီတည်ဆောက်ပေးခဲ့တဲ့ အမိုးအကာတွေ၊ တဲအိမ်တွေက နှစ်ကာလကြာတဲ့အခါ ဆွေးမြေ့ပေါက်ပြဲကုန်လာသလို မိုးတွင်းကာလဖြစ်တာကြောင့် တချို့စခန်းတွေမှာ ရေကြီးရေလျှံတာတွေနဲ့ လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုပျက်သွားတဲ့အတွက် ဒါတွေပြန်လည်ပြုပြင် တည်ဆောက်ပေးဖို့ လိုအပ်နေတာ ဖြစ်တယ်။

၂၀၁၈ ခုနှစ်က စတင်လိုက်တဲ့ရခိုင်စစ်ပွဲဟာ ၂၀၂၀ နှစ်ကုန်ပိုင်းအထိ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး၂၀၂၁ ခုနှစ်မှာတော့ ငြိမ်သက်သွားခဲ့လို့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်ဖို့ ဆန္ဒရှိခဲ့ကြတယ်။ သို့ပေမဲ့ စစ်ကျန်လက်နက်တွေဖြစ်တဲ့ မိုင်းတွေ မရှင်းလင်းရသေးတဲ့အတွက် သူတို့အိမ်ပြန်ချင်တဲ့ဆန္ဒကို မြိုသိပ်ခဲ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ခဲယမ်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅၆ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရ သူကတော့ ၁၃၄ ယောက်ရှိတယ်လို့ စစ်ဘေးရှောင်အရေး ဆောင်ရွက်နေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)မှ ဦးထွန်းထွန်းဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၁၇ ရက်က ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသ သာစည်ကုန်းကျေးရွာမှ အသက် ၅၀ ကျော်အရွယ် ဦးအေးစိန်ထွန်းနှင့် အေးစိန်နုတို့ လင်မယားနှစ်ဦးလုံး မြေမြှုပ်ပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာတွေရခဲ့ပါတယ်။

သူတို့အနေနဲ့ တိုက်ပွဲရှောင်လာတာ သုံးနှစ်ကျော်လာဖြစ်လို့ ရွာမှာကျန်ခဲ့တဲ့ သူတို့ရဲ့လယ်ယာမြေတွေဟာ စိုက်ပျိုးလို့မရအောင် ပျက်စီးသွားရသလို တချို့လည်းအိမ်တွေပါ မီးလောင်သွားလို့ အခုချိန်နေရပ်ပြန်မယ်ဆိုရင် ဘယ်မှာနေပြီး ဘာလုပ် ကိုင်စားရမှန်းမသိဖြစ်နေကြမှာပါ။

ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က “ပထမဆုံးကတော့ မိုင်းတွေရှင်း ပေးရမယ်။ နောက်သူတို့ပြန်သွားရင် နေဖို့၊ လုပ်ကိုင်စားဖို့ဖန်တီးပေးရမယ်။ တချို့ဆိုရင် စစ်ကြောင့်ဒုက္ခတိတွေ ဖြစ်ရတယ်။ စိတ်ဒဏ်ရာရသွားတဲ့သူတွေရှိတယ်။ ဒါတွေလည်း ပြန်လည်ကုစားမှုတွေ လုပ်ပေးဖို့လိုတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကျေးရွာထဲနဲ့ ကျေးရွာအနီးဝန်းကျင်တွေမှာ တပ်စခန်းတွေ ချထားတာ၊ တပ်စွဲထားတာတွေကလည်း အမျိုးသမီးတွေရဲ့ စိတ်ကိုမလုံမခြုံဖြစ်စေလို့ တပ်စခန်းတွေကို ရွှေ့ပြောင်းပေးဖို့ လိုပါသေးတယ်လို့ သူက ဆိုပါတယ်။

ရခိုင်မှာ တိုက်ပွဲမဖြစ်တော့တာ တစ်နှစ်ကျော်ရှိလာပေမယ့် ယခုနှစ် ဧပြီလလောက်က စစ်တပ်နဲ့ AAကြားတင်းမာမှုတချို့ ပြန်လည်ဖြစ်ပွားနိုင်မယ့် အခြေအနေမျိုးလည်း ရှိတာကြောင့် ဒုက္ခသည်တွေ အိမ်ပြန်မယ့်လမ်းကတော့ မှန်းဆဖို့ ခက်နေဆဲပါပဲ။

စစ်ကိုင်း၊ ကရင်နီနဲ့ ရခိုင်က ဒုက္ခသည်တွေရဲ့အရင် စစ်ပြေးကြရတာကတော့ နိုင်ငံမြောက်ပိုင်းက ကချင်ဒုက္ခသည်တွေပါ။

ကချင်စစ်ဘေးဒုက္ခသည်တွေဟာ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေတာ ၁၁ နှစ် ပြည့်လာပြီဖြစ်ပေမယ့် မလုံလောက်မှုတွေ၊ ဆင်းရဲကြပ်တည်းမှုတွေကို ခါးစည်းခံနေကြရဆဲဖြစ်တယ်။ အထူးသဖြင့် ဒုက္ခသည်အမျိုးသမီးတွေဟာ စစ်ရဲ့ဒဏ်ကို အလူးအလဲ ခံနေကြရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ စစ်တပ်တို့ကြား ၂၀၁၁ ခုနှစ်၊ ဇွန် ၉ ရက်မှာ စလိုက်တဲ့တိုက်ပွဲတွေဟာ ဒေသခံ ၁၃၀၀၀၀ ဝန်းကျင်ကို စစ်ဘေးဒုက္ခသည်ဖြစ်စေခဲ့သလို အာဏာသိမ်းပြီးနောက်မှာလည်း အရပ်သား ၂၆၀၀ လောက် စစ်ပြေးနေခဲ့ရတယ်။

စတင်တိမ်းရှောင်စဉ်ကာလမှ စလို့ ၂၀၁၆ ခုနှစ်ထိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ ရခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထောက်ပံ့မှုတွေ ရပ်သွားရလို့ တချို့ဆိုရင် တစ်လကို လူတစ်ဦးအတွက် ငွေကျပ် ၂၅၀၀ လောက်သာ ရပါတော့တယ်။

ဒီလိုမလုံလောက်တဲ့အတွက် အမျိုးသမီးတွေဟာ တရုတ်နယ်စပ်မှာ ကြံ၊ ပြောင်း၊ ဌက်ပျောစတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ တရားမဝင်သွားရောက်လုပ်ကိုင်ကာ စီးပွားရှာခဲ့ကြတယ်။ သူတို့တစ်ရက်လခက မြန်မာငွေကျပ် တစ်သောင်းလောက်သာ ရပါတယ်။

ကိုဗစ်ဖြစ်လာတော့ တရုတ်ဘက်က တစ်ပေလောက်ထူတဲ့သံဆူကြိုးတွေကို အမြင့် ပေ ၃၀ နီးပါးကာရံလိုက်ပြီး လျှပ်စစ်လည်းလွှတ်ထားတဲ့အတွက် သွားလုပ်လို့ မရတော့ပါဘူး။ ဒီလိုအခြေအနေကြားမှာ KIAကလည်း နိုင်ငံရေးအရ ဂိတ်တွေ ပိတ်လိုက်တဲ့အတွက် သူတို့အနေနဲ့ ပိုလို့ခက်ခဲသွားရပါတယ်။

ဒီလိုအခြေအနေမှာ ကျောင်းတွေကပြန်ဖွင့်လာတော့ ကျောင်းအပ်ဖို့အတွက် ပူကြရပြန်ပါတယ်။ KIA ထိန်းချုပ်နယ်မြေရှိ လိုင်ဇာမှာဆိုရင် ကလေးတစ်ယောက်အတွက် ကျောင်းအပ်ခက ယွမ်တစ်ရာ(ကာလပေါက်ဈေးအရ မြန်မာငွေကျပ် သုံးသောင်းခွဲဝန်းကျင်)ပေးရပါတယ်။

IDPs camps in Kachin/ photo-Shin Nyein

ကျောင်းဝတ်စုံဖြစ်တဲ့ ခရမ်းရောင်ကချင်ဝတ်စုံက တစ်ထည်ကိုနှစ်သောင်းရှိပြီး ထီး၊ ဖိနပ်၊ ဗလာစာအုပ် စတဲ့စာရေးကိရိယာ တွေပါအပါအဝင် ကလေးတစ်ယောက်ရဲ့ကျောင်းစရိတ်က တစ်သိန်းကျော် နှစ်သိန်းနားမှာရှိနေပါတယ်။

ဒီအတွက် သားသမီးများတဲ့စစ်ဘေးဒုက္ခသည်တွေအနေနဲ့ ကျောင်းဖွင့်ရာသီရောက်တိုင်းမှာ အခက်အခဲတွေ့ကာ စိတ်ဖိစီးကာ များစွာဒုက္ခရောက်ကြရပါတယ်။ အခုလိုကြပ်တည်းမှုတွေအတွက် အမျိုးသားတွေ စိတ်ထွက်ပေါက်ရှာကာ အရက် သောက်ကာ သူ့တို့ဒေါသကို ဇနီးသည်တွေပေါ်မှာဖြေကြလို့ ရိုက်နှက်တာတွေရှိလာတယ်လို့ အမျိုးသမီးအခွင့်အရေးတက် ကြွလှုပ်ရှားသူ ဒေါ်နန်ပူက ပြောပြပါတယ်။

ဒေါ်နန်ပူက အခုလိုအိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်လာတဲ့ အမျိုးသမီးတွေ ခေတ္တခိုလှုံခွင့်ရဖို့အတွက် လိုင်ဇာမှာ Safe House တစ်ခုဖွင့်လှစ်ထားပါတယ်။

“ယောကျာ်းရိုက်လို့ မျက်နှာတွေ၊ လက်တွေ၊ ခြေထောက်တွေရောင်ကိုင်းပြီး သူ့ကလေး ၇ ယောက်နဲ့ ကျမဆီရောက်လာ တယ်။ ကျမက ဆေးကုပေး၊ နှစ်သိမ့်ဆွေးနွေးပေးတယ်။ ကွာဖို့တော့ နှစ်ပတ်ထားပြီး စဉ်းစားခိုင်းတယ်။ နောက်တော့ လူကြီးတွေက မကွာပေးတော့ မကွာဖြစ်ဘူး။ အဲ့လိုယောကျ်ားရိုက်လို့ လာတဲ့အမှုတွေက အများကြီးပဲ”လို့ သူက ပြောပြပါတယ်။

အရိုက်ခံရတဲ့အမျိုးသမီးဟာ သူစခန်းပြန်သွားပြီး နှစ်ပတ်အကြာမှာ သူ့အမျိုးသားက ပြင်းထန်ဆိုးဝါးစွာ ထပ်မံအရိုက်ခဲ့တဲ့အတွက် လက်ရှိမှာအမျိုးသားကို KIAက ချုပ်ထားပြီး အမျိုးသမီးကတော့ စခန်းမှာကလေးတွေနဲ့အတူ ရှိနေပါတယ်။

စစ်ဘေးဒုက္ခသည် အမျိုးသမီးအများစုဟာ ဒါတွေက အလုပ်မရှိလို့ ဖြစ်ရတယ်ဆိုပြီး ယခင်လို အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်ပေးဖို့နဲ့ မွေးမြူရေးလုပ်တဲ့ စီမံကိန်းတွေ ပြန်ပေးဖို့ တောင်းဆိုကြတယ်လို့ ဒေါ်နန်ပူက ဆိုပါတယ်။

သို့ပေမဲ့ လက်ရှိမှာ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာကူညီရေးအဖွဲ့တွေကလည်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ယခင်လို ထိထိရောက်ရောက် အကူအညီမပေးနိုင်ကြတော့ပါဘူး။

KIA ထိန်းချုပ်နယ်မြေမှာ လိုင်ဇာမှာ ဒုက္ခသည်စခန်းပေါင်းက ၂၀ လောက်ရှိပြီး ဒီစခန်းတွေကိုလည်း WFPက တစ်လကို လူတစ်ယောက်အတွက် မြန်မာငွေကျပ် တစ်သောင်းနဲ့ ဆန်နှစ်ပြည်ထောက်ပံ့ပေးထားပါတယ်။

အခုလိုထောက်ပံ့မှု လုံလောက်အောင်မရတဲ့အတွက် ဒုက္ခသည် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အဟာရချို့တဲ့ကာ ပုံမှန်မဟုတ်တဲ့ ကလေးသေးသေးလေးတွေ မွေးတာတို့၊ ကျောမှအပေါက်ကြီးနဲ့ မွေးလာတို့၊ ခေါင်းက အဆမတန်ကြီးလွန်းတာတို့ စတဲ့ကလေးလေးမွေးဖွားလာတယ်လို့ ဒေါ်နန်ပူက ရှင်းပြပါတယ်။

အမျိုးသမီးအဖွဲ့အစည်းတွေက ကိုယ်ဝန်ဆောင်တွေရဲ့ အဟာရပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ ဘာလုပ်ရမယ်၊ ဘာစားရမယ်ဆိုတာတွေကို သင်ပေးထားလို့သိပေမယ့်လည်း သူတို့မှာငွေကြေးမရှိတဲ့အတွက် လိုအပ်တဲ့အဟာရကို မဖြည့်တင်းနိုင်ခဲ့ကြပါဘူး။

စခန်းတွေထဲမှာ ဒုက္ခသည် အမျိုးသမီးငယ်လေးတွေ နောက်ထပ်ရင်ဆိုင်ခံစားနေရတဲ့ အခက်အခဲကတော့ အသက် ၁၄၊ ၁၅ နှစ်အရွယ်နဲ့ ကိုယ်ဝန်ဆောင်လာတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။

“လိင်ဆက်ဆံတော့မယ်ဆိုရင် ကလေးမရအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့အသိပညာကို ကလေးတွေကိုမပေးနိုင်တော့။ စစ်ဘေးဒုက္ခသည်တွေက ကိုယ်ဝန်ရှိကြတယ်။ ဖျက်မရတော့ မွေးကြရတယ်။ အဲ့လိုအမှုက ဒီတစ်နှစ်အတွင်းမှာ ကျမ ဖြေရှင်းပေးရတဲ့အမှုက လေးခုလောက်ရှိတယ်”လို့ ဒေါ်နန်ပူက ဆိုပါတယ်။

အုပ်ထိန်းသူမိဘတွေက သမီးမိန်းကလေးတွေကိုယ်ဝန်ရှိလာပြီဆိုရင် ဆူဆဲငေါက်ရိုက်၊ မောင်းထုတ်တော့ သူ့ယောကျ်ားကလည်း လက်မခံတော့ သူကဘယ်သွားရမှန်းမသိ ဖြစ်ရတယ်။ ဒါဟာစစ်ကြောင့်ဖြစ်လာတဲ့ ဆိုးကျိုးတွေဖြစ်ပြီး စစ်ကြောင့် ဖြစ်လာတဲ့ လူမူရေးပြဿနာတွေက မိန်းကလေးတွေမှာ ပထမဆုံးပိုထိတယ်လို့ သူက ထောက်ပြပါတယ်။

၂၀၁၈ ခုနစ်ကစလို့ တိုက်ပွဲမဖြစ်တာ ၂ နှစ်ကျော်ရှိလာတဲ့ကချင်ပြည်နယ်ဟာ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ မတ်လမှ စလို့ စစ်မျက်နှာပြင်ပြန်ဖွင့်လာခဲ့တာဖြစ်တယ်။

ဆယ်စုနှစ်နဲ့ချီကြာ စစ်ရှောင်စခန်းကနေ အိမ်မပြန်နိုင်ကြသူတွေဟာ သူတို့အိမ်ပြန်ရမယ့်ရက်ကို မျှော်လင့်နေကြပေမယ့် ယနေ့အထိ မပြည့်ဝကြသေးပါဘူး။ အဲ့ဒီအစား သူတို့လုံးဝမမျှော်လင့်ထားကြတဲ့ သူတို့လိုဘဲ အိုးပစ်အိမ်ပစ်နဲ့ စစ်ရှောင်သူတွေသာ တိုးတိုးလာနေပါတယ်။

Author:

Related Articles