Home ဆောင်းပါး ချစ်ချင်တိုင်း မချစ်ရဘူး တဲ့လား (မျိုးစောင့်ဥပဒေနှင့် ပါတ်သက်သည့် အမြင်များ)

ချစ်ချင်တိုင်း မချစ်ရဘူး တဲ့လား (မျိုးစောင့်ဥပဒေနှင့် ပါတ်သက်သည့် အမြင်များ)

၂၉.၄.၂၀၁၄။ ကောကော် (ရန်ကုန်)

မြန်မာ့ဓလေ့ထုံးစံအစဉ်အလာ ယုံကြည်မှုအရ အချစ်ဟာ ကံကြမ္မာနဲ့ဆိုင်ပြီး လက်ထပ်ထိမ်းမြားခြင်းကိုလည်း ဧည့်ခံပွဲကျင်းပစရာမလိုပဲကို အသိအမှတ်ပြုနိုင်တဲ့အရာအဖြစ် သတ်မှတ်ထားပါတယ်။

လူကြီးစုံရာရှေ့မှာ လက်ထပ်ပွဲကျင်းပတာ၊ တရားရုံးမှာလက်ထပ်တာ ၊လူဘုံပရိဿတ်အလယ်မှာ လက်ထပ်ထိမ်းမြားတာကနေစပြီး ပုဆိုးတန်းတင်အကြင်လင်မယား၊ အရှေ့ခုနှစ်အိမ် အနာက်ခုနှစ်အိမ် အသိအမှတ်ပြုတဲ့ထိမ်းမြားမှုတွေအားလုံးကိ ုအသိအမှတ်ပြုထားကြပါတယ်။

စနစ်တကျ အစီအစဉ်ချ အိမ်ထောင်ချပေးခြင်းဟာလဲအစဉ်အလာထုံးစံတရပ်မဟုတ်သလိုဒီလို အစီအစဉ်တကျ အိမ်ထောင်ချပေးခြင်းတွေ အတိုင်းအတာတခုအရရှိပေမဲ့ အမျိုးသမီးတွေအနေနဲ့ ငြင်းပယ်ပိုင်ခွင့်တွေ ရှိနေပါတယ်။

ဒါပေမယ့်လည်းပဲမကြာသေးမီကာလအတွင်းမှာတော့ဘာသာမတူသူကြားလက်ထပ်ခြင်းများကိုတားမြစ်တဲ့ဥပဒေကို ပြဌာန်းပေးနိုင်ဖို့ ဥပဒေအဆိုပြုချက်တခုကို လွှတ်တော်အထိရောက်အောင် လုပ်ဆောင်လာပါတယ်။

အဆိုပြုထားတဲ့ဥပဒေအရဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေဟာဘာသာခြားတဦးကိုလက်ထပ်နိုင်ဖို့ အတွက်မိဘအုပ်ထိန်းသူတွေရဲ့ခွင့်ပြုချက်လိုအပ်မှာဖြစ်သလိုဒေသဆိုင်ရာအုပ်ချုပ်ရေးအရာရှိတွေရဲ့ခွင့်ပြုချက်တွေ ရယူဖို့ လိုအပ်လာမှာဖြစ်ပါတယ်။

ဒီဥပဒေကြမ်းအပေါ်မှာ ယခုအခါ ထောက်ခံသူ ကန့်ကွက်သူများဖြင့် အယူအဆ အမျိုးမျိုး ကွဲပြားနေကြပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (Women Center) မှ ခင်မာယာထွေးက မျိုးစောင့်ဥပဒေကို လက်ခံ လက်မခံ ပြောရခက်တယ်လို့ ပြောပါတယ်။

“ဒီဥပဒေကအမျိုးသမီးတွေကပဲစောင့်ရှောက်ရမှာလား၊ ဘယ်လိုအမျိုးသမီးတွေကစောင့်ရှောက်မှာလဲ။ တိုင်းရင်သားဘာသာပေါင်းစုံထဲကအမျိုးသမီးတွေအားလုံးကစောင့်ရှောက်မှာလား။ လက်ထပ်ခြင်းဟာ အမျိုးသမီးတယောက်ရဲ့ အားကိုးအားထားပြုမှုရယ်၊ ချစ်ခြင်းမေတ္တာရယ်၊ ရင်ထဲကသက်ဝင်ယုံကြည်မှုရယ်က ဘယ်လိုမှ ထပ်တူပြုလို့မရပါဘူး။”

 

ဗုဒ္ဓဘာသာဝင် အမျိုးသမီးများနဲ့ ဘာသာခြားအမျိုးသားများ လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်တဲ့ဥပဒေမူကြမ်းကို၂၀၁၃ခုနှစ် ဇွန်လအတွင်း ရန်ကုန်မြို့မှာ ကျင်းပတဲ့ ရဟန်းသံဃာများကွန်ဖရင့်မှာ ပထမဆုံးအကြိမ်အဖြင့် ကြော်ငြာခဲ့ပါတယ်။

နောက်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်ကို သဝဏ်လွှာတစောင်ပေးပို့ပြီး ဥပဒေတွေ ပြဌာန်းနိုင်ဖို့အတွက် တိုက်တွန်းတဲ့ အထိ ဖြစ်လာခဲ့ပါတယ်။

နေပြည်တော် ဥပ္ပာတသန္တိစေတီ အနီး တပေါင်းကွင်းတွင် ဖေဖော်ဝါရီ ၂၃ရက်နေ့က အမျိုးစောင့်ဥပဒေ ပြဌာန်းရေးအတွက် ဟောပြောပွဲသို့ လူထု ၂၇၀၀၀ကျော် တက်ရောက်ခဲ့ကြောင်း ၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဆန္ဒလက်မှတ် ကောက်ခံရာ အရေအတွက် ငါးသိန်းကျော်ရရှိကြောင်း ဓမ္မစက္ကဦးမောင်မောင်ကပြောကြားချက်ကို The Voice Weekly ဂျာနယ်မှ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး ပြည်နယ်နှင့် တိုင်းဒေသအသီးသီးတွင်လည်း လက်မှတ်များကောက်ခံနေကြောင်း ၊တနိုင်ငံလုံးကရထားတာ စိစစ်ပြီး ပေါင်းရင် တစ်သန်းကျော်ရှိမယ်ဟု ၎င်းကဆိုထားပါတယ်။ လွှတ်တော်သို့ ယခုအကြိမ်ပေးပို့ခြင်းဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး လက်မှတ်ကောက်ခံဟောပြောပွဲကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားပြီး ဥပဒေပြဌန်းနိုင်သည့်အထိဆက်ဆက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ပြောကြားထားခြင်းကို The Voice Weekly က ဖော်ပြခဲ့ပါတယ်။

အင်းစိန်ခရိုင်တရားရုံးမှ အထက်တန်းရှေ့နေဖြစ်သူ ဇော်လင်းက ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိန်းမြားခြင်း ဥပဒေယခင်ကပင် ရှိပြီး ဖြစ်ကြောင်း ပြောပြပါတယ်။

“ဗုဒ္ဓဘာသာအရပြောပြရင် အမွေဆက်ခံရေးတို့၊ မွေးစားတာတို့၊ ထိမ်းမြားလက်ထပ်တာတို့က ဘာသာခြားနဲ့ လက်ထပ်တာမဆုံးရှုံးအောင်လို့၊အစ္စလာဘာသာဖြစ်ဖြစ်၊ ခရစ်ယာန်ဘာသာဖြစ်ဖြစ်ပေါ့”

“အမွေဆက်ခံမှုကတော့ အစ္စလာဘာသာက မိသားစုနဲ့ဆက်ခံပြီး၊ခရစ်ယာန်မှာက သေတမ်းစာရေးပြီးဆက်ခံရတယ်၊ဗုဒ္ဓဘာသာမှာတော့ အဲလိုမဟုတ်ဘူး လင်သေမယားရ၊မယားသေလင်ရနဲ့ မိဘသေ သားသမီးရ အဲလိုဆက်ခံထားပေးတဲ့အတွက် အမျိုးသမီးအခွင့်အရေးတွေ မဆုံးရှုံးအောင် ဒီလိုသတ်မှတ်ပေးတာ ရည်ရွယ်ချက်က ဒါပဲ”လို့ ပြောပါတယ်။

သို့ဖြစ်ရာ မျိုးစောင့်ဥပဒေပြဌာန်းမည့်အစာ ၁၉၅၄ ခုနှစ် ဥပဒေကို ပြင်ဆင်မှုမျိုး လုပ်ပါက ပိုမို အဆင်ပြေနိုင်တယ်လို့ ရှေ့နေဇော်လင်းက ပြောပါတယ်။

“နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနေတဲ့ အခါမှာကိုယ့်အမျိုးနွယ်တော့စောင့်ရမှာပဲလေ၊ ဒါကကိုယ့်အသိတရားနဲ့ကို ထိန်းချုပ်ရမှာပဲ၊ ဥပဒေပြဌာန်းပေမဲ့ လူတွေက တနည်းသို့မဟုတ်တနည်း လုပ်နေကြတာပဲ၊ ဒါကြောင့်ဥပဒေဆိုတာ ပေါ်ပေါက်လာတာပဲ၊ မျိုးစောင့်ဥပဒေကို အထွေအထူးသတ်မှတ်ပေးစရာမလိုဘူး ထင်တာပဲ၊ ဘာလို့လဲဆိုတော့၁၉၅၄ခုနှစ် ဗုဒ္ဓဘာသာ အမျိုးသမီးများထိမ်းမြားမှုကို ပြဌာန်းပေးတာပဲ၊ အဲဥပဒေကိုလိုအပ်လို့ပြင်ဆင်ပြီးပြဌာန်းရင်တော့ ပိုပြီးမြန်ဆန်မယ် မြင်တယ်”

အမျိုးသမီးရေး လှုပ်ရှားသူများကတော့ မျိုးစောင့်ဥပဒေဟာ အမျိုးသမီးတွေကို ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတခု ဖြစ်လာနိုင်တဲ့အတွက် လက်မခံနိုင်ဘူးလို့ ငြင်းဆိုကြပါတယ်။ အမျိုးသမီးအဖွဲ့ များဖြစ်ကြသော အက္ခရာအဖွဲ့၊ ရောင်စုံမိန်းကလေးများအဖွဲ့၊ ကရင်အမျိုးသမီးများအဖွဲ့တို့သည် ဇွန်လ(၁၆)ရက်နေ့၊၂၀၁၃ခုနှစ် ယင်းဥပဒေကြောင့် အမျိုးသမီးများ ဆုံးရှုံးနှစ်နာနိုင်သောအချက်များကိုလည်း ကြော်ငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (Women Center) မှ ခင်မာယာထွေးကတော့ ဒီဥပဒေဟာ ပြည်သူတွေ အချင်းချင်းကြား ညီညွတ်ရေးကို ပြိုကွဲစေနိုင်တယ်လို့ ပြောပါတယ်။

“ကျမတို့ဟာ Networkချိတ်တဲ့အခါမှာ ငြိမ်းချမ်းရေးကိုပဲဦးတည်နေတဲ့အတွက် ဒီလူမျိုး၊ ဒီဘာသာအတွက်သာ ဖြစ်ခဲ့မယ်ဆိုရင် ငြိမ်းချမ်းရေးဆက်လုပ်လို့ ရပါအုံးမလား။ ၂၀၀၈ဖွဲ့စည်းပုံဥပဒေတောင် ပြင်ဖို့ ကြံရွယ်သေးတာ၊ ငြိမ်းချမ်းရေးကိုဟန့်တားနိုင်တဲ့ မည်သည့်အရာမျိုးကိုမှ လက်ခံလို့မရဘူး။”

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (Women Center) မှ ခင်မာယာထွေးက ဒီလိုဥပဒေတွေကြောင့် ဒါပေမယ့် အခုလို ပြပြင်ပြောင်းလဲ မှု လုပ်နေချိန်၊ နိုင်ငံရေးအရ အရေးကြီးတဲ့ ကာလမှာ ဘာသာမတူသူတွေကြားမှာကွဲပြားမှုတွေ မညီမညွတ်မှုတွေ ပိုဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

LOVE“အမျိုးသမီးတွေကြားထဲမှာ အမျိုးသားပြန်လည်ရင်ကြားစေ့နေတဲအချိန်မှာ ကျမတို့ တိုင်းရင်းသားညီမတွေနဲ့ လက်တွဲနေတဲ့အချိန်၊ တိုင်းရင်းသားတွေထဲမှာလဲ ဘာသာပေါင်းစုံကိုးကွယ်နေတယ်။ လက်တွဲရတာအခက်အခဲ ဖြစ်စေနိုင်လားဆိုတဲ့ မေးခွန်းအပြင် တယောက်နဲ့တယောက်ယုံကြည်မှု ပျက်ပြားမယ်ဆိုရင် အဲဒီခရီးလမ်းကို လျှောက်လို့မရတော့ဘူး။”

ဘာသာခြားစုံတွဲ တော်တော်များများတွင် ဘာသာရေးကြောင့် ခွဲခွာရခြင်း၊ အိမ်ထောင်ပြိုကွဲရခြင်းများ မရှိသလောက်ရှားပါးနေရခြင်းမှာလည်း အချင်းချင်းနားလည်မှုကြောင့်သာဖြစ်သလို ယုံကြည်မှုကို လုပ်ယူလို့မရကြောင်း ဘာသာကွဲ အိမ်ထောင်သည်တွေက ပြောပါတယ်။

ဘာသာခြားတဦးနှင့် လက်ထပ်ရန်ရှိသော ဗုဒ္ဓဘာသာဝင် အမျိုးသမီးရေး လှုပ်ရှားသူ တဦးကတော့ လူသား နှစ်ဦးပေါင်းစည်းရေးမှာ နားလည်မှုက အဓိက ဖြစ်ပြီး ဘာသာ ကွဲပြားတာက ပြဿနာ မဟုတ်ကြောင်း ပြောပါတယ်။

“လက်ထပ်တာက သက်ရှိ လူနှစ်ယောက်ပေါင်းစီးတာလေ၊ ဘုရားနှစ်ခုပေါင်းထားတာမှ မဟုတ်တာ၊ နှစ်ယောက်သား နားလည်မှု ယူထားပြီး ကိုယ့်ဘာသာကိုကိုးကွယ်၊ သူ့ဘာသာသူကိုးကွယ်ဆိုပြီး ညှိ့နှိုင်းထားတဲ့အတွက် တခြားအခက်အခဲမရှိပါဘူး”

 

Related Articles