Home ဆောင်းပါး ချင်းတောင်တန်းက ဘဝတွေကို ကမ္ဘာသိအောင်ဖော်ပြနိုင်ခဲ့သူ ချယ်ရီဇာဟောင်

ချင်းတောင်တန်းက ဘဝတွေကို ကမ္ဘာသိအောင်ဖော်ပြနိုင်ခဲ့သူ ချယ်ရီဇာဟောင်

Photo: Cheery Zahau’s Facebook

ခင်စုကြည်။          ။

ချင်းတိုင်းရင်းသူ ချယ်ရီဇာဟောင်ကတော့ ပဋိပက္ခဒေသအတွင်းမှာ နေထိုင်ကြတဲ့ ချင်းအမျိုးသမီးတွေရဲ့ဘ၀ ကို ကမ္ဘာကသိအောင် ဖော်ပြနိုင်ခဲ့လို့ UNDP က ချီးမြှင့်တဲ့  ၂၀၁၇ ခုနှစ်ရဲ့ N-Peace ဆုကို ရရှိထားသူ ဖြစ်ပါတယ်။

သူမဟာ ပဋိပက္ခတွေထဲမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှုတွေကို သုတေသနပြုမှတ်တမ်းတင်ခဲ့ပြီး ချင်း ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ချင်းတိုင်းရင်းသူအမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ပြဿနာတွေကို မီး မောင်းထိုး ပြနိုင်ခဲ့လို့ဒီဆုကိုရရှိခဲ့တာပါ။

“၂၀၀၄ ခုနှစ်တုန်းက ချင်းပြည်နယ်အမျိုးသမီးများအဖွဲ့ချုပ်ကို စတင်ပြီးတော့ ဖွဲ့ခဲ့တယ်။ ကျမတို့က အမျိုးသ မီးခေါင်းဆောင်မှုသင်တန်းတွေ၊ ကျန်းမာရေးဝန်ဆောင်မှုတွေ၊ ပညာရေးအတွက် ပညာသင်ဆုကြေးတွေ၊ လုပ် ပေးတယ်။ နောက်ချင်းပြည်နယ်က အရမ်းဆင်းရဲတဲ့ရွာတွေကို ပညာရေးထောက်ပံ့မှုတွေ လုပ်တယ်။ အထူး သဖြင့် စစ်သားတွေ မုဒိန်းကျင့်တာတွေကို မှတ်တမ်းတင်တယ်။ အစီရင်ခံစာတွေတင်တယ်။ ချင်းအမျိုးသမီး တွေရဲ့ဘဝက သူတို့ရဲ့ပြည်နယ်၊ သူတိုရဲ့ရွာမှာနေရင်းနဲ့ ဘယ်လောက်ထိ အန္တရာယ်ရှိနေသလဲဆိုတာကို ကမ္ဘာက သိအောင် ကျမတို့ဖော်ပြခဲ့တယ်။ အဲဒါကို အသိအမှတ်ပြုတဲ့အနေနဲ့နဲ့ UNDP က ဆုပေးလိုက်တာ ပေါ့” လို့ ချယ်ရီဇာဟောင်က ပြောပါတယ်။

မချယ်ရီဟာ စစ်တိုင်းတိုင်း၊ ကလေးမြို့ထဲမှာရှိတဲ့ မင်းလှလို့ခေါ်တဲ့ ချင်းရွာလေးတရွာမှာ နေထိုင်ခဲ့သူဖြစ်ပြီး အဖိုးဖြစ်သူက ရွာသူကြီးဖြစ်တာကြောင့် ငယ်စဉ်ကတည်းက နိုင်ငံရေးနဲ့ ရင်းနှီးနေခဲ့သူဖြစ်ပါတယ်။ အခုချိန်မှာ တော့ ချင်းတိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သလို လူ့အခွင့်အရေးနဲ့ ပတ်သက်လို့လည်း တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေသူတဦးပါ။

ဒါတွေအပြင် အမျိုးသမီးအဖွဲ့အစည်းတွေမှာလည်း အကြံပေးအဖြစ် လုပ်ဆောင်ကာ ကျားမတန်းတူညီမျှရေး အတွက်လည်း လှုပ်ရှားဆောင်ရွက်နေပါတယ်။

အခြားနေရာတွေလိုပဲ အမျိုးသမီးနဲ့အမျိုးသားကြား ခွဲခြားထားတဲ့ယဉ်ကျေးမှုစံနှုန်းတွေ လွှမ်းမိုးနေတဲ့ ချင်းပြည် နယ်မှာ မချယ်ရီအတွက် နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ဖို့အတားအဆီးတွေ အများကြီးရှိခဲ့ပါတယ်။

“အစပိုင်းမှာဆို အမြဲတမ်းအပြောခံရတယ်။ ဆွေမျိုးတွေ၊ အသိမိတ်ဆွေတွေကအစ ပြောကြတယ်။ ငယ်က လည်းငယ်သေးတယ်။ အမျိုးသမီးကလည်း ဖြစ်သေးတယ်။ ဘာလုပ်နိုင်မှာမို့လဲဆိုပြီးတော့ ခဏခဏအပြောခံရ တယ်။ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်နေတာကို သူတို့က ထိုင်ပြောနေကြတဲ့ အချိန်မှာလည်း အားပေးမှုနဲ့ မဟုတ်ပဲနဲ့ သရော်လှောင်ပြောင်ချင်တာတွေ၊ မလိုတဲ့စိတ်တွေနဲ့ပြောတာတွေ အများကြီးကြုံတွေ့ခဲ့ရတယ်” လို့ မချယ်ရီက ပြောပါတယ်။

မချယ်ရီကျောင်းနေစဉ်တုန်းက သမိုင်းဘာသာရပ်သင်ချိန်မှာ တိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍ ပျောက်ကွယ် နေတာကို သတိထားမိပြီး ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးအတွက် တန်းတူညီမျှမှု ရရှိအောင် ဆောင်ရွက်လိုစိတ် တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

သူဟာ အသက်(၁၇)နှစ်အရွယ်မှာတော့ အိန္ဒိယ-မြန်မာနယ်စပ်မှာ တက္ကသိုလ်ဆက်တက်ခဲ့ပြီး တော်လှန်ရေး နယ်ပယ်ထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။

နယ်စပ်မှာ နေထိုင်စဉ်က ကျောင်းဆရာမလည်း လုပ်ခဲ့သလို သတင်းထောက်အလုပ်ကိုလည်း စိတ်ဝင်စားတာ ကြောင့် အမျိုးသမီးထုအတွက် ထုတ်ဝေတဲ့အမျိုးသမီးစာစောင်တခုမှာလည်း သတင်းအယ်ဒီတာအဖြစ် ဆောင် ရွက်ခဲ့ပါသေးတယ်။

အဲဒီနောက်မှာတော့ ချင်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နယ်စပ်ကို ထွက်ပြေးတိမ်း ရှောင်လာကြတဲ့ ချင်းတိုင်းရင်းသားတွေအရေးကို လုပ်ဆောင်ရာကနေ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်လာပါတယ။်

“၂၀၀၃ ခုနှစ်မှာ ချင်းလူမျိုးတွေကို ဒေသခံမီဇိုလူမျိုးတွေက နှင်ထုတ်ခဲ့တယ်။ အဲဒီလိုနှင်ထုတ်တဲ့အချိန်မှာ လူ တွေအများကြီး ဒုက္ခရောက်တယ်။ လမ်းမှာသေတဲ့သူက သေတယ်။ အဲဒီတိုင်ခင်မှာလည်း ချင်းပြည်နယ်မှာ လူ့ အခွင့်အရေးချိုးဖောက်မှုတွေက အများကြီးရှိနေတော့ နယ်စပ်ကို လူတွေအများကြီး ထွက်ပြေးလာတယ်။ ကိုယ် တွေက သူတို့ကို အင်တာဗျူးလုပ်ရတယ်။ ပြီးတော့ ဒုက္ခသည်တွေက နယ်စပ်မှာလည်း ထပ်ပြီး ဒုက္ခရောက် ကြတယ်ဆိုတော့ ဘယ်လိုမှ ခံစားလို့မရတော့ဘူး။ ဘယ်လိုမှ ဒီအတိုင်းနေလို့မရတော့တဲ့ အခြေအနေရောက် သွားတော့ အဲ့ဒီကနေတဆင့် ခြေစုံပစ်ပြီး လူ့အခွင့်အရေးဖက်ကို အချိန်ပေးလိုက်တဲ့ သဘောမျိုး ဖြစ်သွား တယ်”

မချယ်ရီဟာ ချင်းလူမျိုးတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ တက်တက်ကြွကြွလှုပ်ရှားဆောင်ရွက်နေပေမယ့် သူမအပေါ် တခြားသူတွေရဲ့အမြင်ကိုလည်း အခုလို ဝမ်းနည်းစွာနဲ့ ဖွင့်ဟပြောပါတယ်။

“ကျမအနေနဲ့ ချင်းလူမျိုးတွေအတွက် လုပ်ခဲ့တာအရမ်းများတယ်။ ဖွံ့ဖြိုးရေးပိုင်းဆိုင်ရာမှာရော နိုင်ငံတကာမှာ ချင်းလူထုတွေရဲ့ အခက်အခဲ၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေ အများကြီးဖော်ထုတ်နိုင်ခဲ့တယ်။ လူမျိုး တမျိုးရဲ့ဂုဏ်သိက္ခာကို ဖော်ပြနိုင်အောင် ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျမကို သူရဲကောင်းလို့ ဘယ်သူမှ မမြင် ဘူး။ ကျမနေရာမှာ ယောက်ျားလေးတယောက်သာဆိုရင် လူတွေက ချင်းသူရဲကောင်းတယောက်အနေနဲ့ မြင် ကြမှာပဲ။ အစဉ်အလာနဲ့ ယဉ်ကျေးမှုအစွဲအလန်းတွေအရ လူတွေရဲ့ စိတ်ထဲမှာအလုပ်တအားလုပ်နိုင်တဲ့သူဆို ရင် ယောကျာ်းပဲဖြစ်ရမယ်လို့ ယူဆထားကြတယ်”

မချယ်ရီဟာ လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေသလို နိုင်ငံရေးမှာ အမျိုးသမီးတွေတန်းတူညီမျှပါဝင်ရေးနဲ့ ချင်းပြည်နယ်က အမျိုးသမီးတွေ နိုင်ငံရေးကို စိတ်ဝင်စားမှုရှိလာအောင် လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။

Photo: Cheery Zahau’s Facebook

၂၀၁၅ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ကနေ ပြည်သူလွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က အမျိုးသမီးကိုယ်စားလှယ်လောင်းတယောက်ကို ညစ်ညမ်းတဲ့ လှုပ်ရှားမှု (Campaign) တွေနဲ့ ဂုဏ်သိက္ခာကျဆင်းအောင် ပုဂ္ဂိုလ်ရေးအရ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ ရပါတယ်။

“အဲဒီတုန်းက ကျမက အိမ်ထောင်မပြုသေးဘူး။ ပြောရရင်တော့ ချင်းပြည်နယ်အစိုးရထဲက တကယ့်ထိပ်ဆုံးက လူကြီးတွေလည်းပါတယ်။ ဒီလူတွေဟာ အမျိုးသမီးတယောက်ကို နာမည်ပျက်အောင်၊ သိက္ခာပြန်ဆယ်လို့ မရ အောင်ကို ပြောဆိုခဲ့ကြတယ်။ ကျမကို တကယ့်ကို ညစ်ပတ်တဲ့အတင်းအဖျင်းလှုပ်ရှားမှုတွေနဲ့ မဲမနိုင်အောင် ဝိုင်းလုပ်ခဲ့ကြတယ်။ ပေါ်လစီပိုင်းဆိုင်ရာ ဆွေးနွေးရအောင်ဆိုရင် ဘယ်တော့မှ မဆွေးနွေးဘူး။ ဒါပေမယ့် ဘယ်လိုမှ ကိုယ့်နာမည်ပြန်ထူလို့ မရအောင် ကွယ်ရာမှာ တောက်လျှောက်ပေါက်ကရသတင်းလွှင့်ပြီး တိုက် ခိုက်ခဲ့ကြတယ်”

အခုလို နေရာတခုရဖို့အတွက် အမျိုးသမီးတွေ ရုန်းကန်လှုပ်ရှားနေချိန်မှာ ပုဂ္ဂိုလ်ရေးဝေဖန်တိုက်ခိုက်မှုတွေနဲ့ နာမည်ပျက်အောင် လှုံ့ဆော်သတင်းလွှင့်မှုတွေဟာ နိုင်ငံရေးနယ်ပယ်ထဲမှာတင်မဟုတ်ပဲ တခြားနယ်ပယ်မျိုးစုံ မှာလည်း  ကြုံတွေ့နေရတာမို့ အမျိုးသမီးတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုလည်းဖြစ်ပါတယ်။

“အမျိုးသမီးငယ်တယောက်က ရှေ့ကိုတိုးပြီး လှုပ်ရှားလာတဲ့အခါ သူ့ကိုဖယ်ထုတ်ဖို့ ပထမဆုံးအနေနဲ့ အသုံး ချတဲ့လက်နက်က နာမည်ပျက်အောင်လုပ်တဲ့လက်နက်ပဲ။ ဒါကနေရာတိုင်းမှာရှိတယ်။ စီးပွားရေးနယ်ပယ်မှာဖြစ် ဖြစ်၊ အနုပညာနယ်ပယ်မှာဖြစ်ဖြစ် အမျိုးသမီးတယောက်ကို ဖြုတ်ချချင်ပြီဆိုရင် အကောင်းဆုံးလက်နက်က ပုဂိုလ်ရေးအရ နာမည်ပျက်အောင် လုပ်တာပဲလေ။ ကိုယ်တွေလည်း အဲဒီလက်နက်နဲ့ အသုံးချတာခံခဲ့ရတယ်” လို့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းတွေကို ပြောပါတယ်။

သူမဟာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေနဲ့  ပါတီရဲ့ငွေကြေးအင်အား၊ လူအင်အား၊ အားနည်းမှုတွေကြောင့် လွှတ်တော်ကိုယ်စားလှယ်တယောက် မဖြစ်ခဲ့ပေမယ့် ပါတီရဲ့အတွင်းရေးမှူးအဖြစ် ချင်းပြည်နယ်အတွက် ဆက် လက်အကျိုးပြုနိုင်အောင် ကြိုးစားနေဆဲပါ။

နှစ်ပေါင်း(၆၀)ကြာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့ ချင်းပြည်နယ်မှာ နိုင်ငံရေးအသိအမြင်ရှိလာဖို့ ဆက်လက် လုပ်ဆောင်နေရမှာဖြစ်သလို အမျိုးသမီးတွေအနေနဲ့လည်း နိုင်ငံရေးမှာပါဝင်လာဖို့ အများကြီး တိုက်တွန်းလုပ် ဆောင်ရဦးမှာဖြစ်တယ်လို့ သူမက ဆိုပါတယ်။

“အမျိုးသမီးတွေက တအားအ,တယ်၊ တအားတုံးတယ်လို့ အပြောခံရတယ်။ တကယ်တော့ သူတို့က အ,တာ   မဟုတ်ဘူး။ သူတို့တုံးတာမဟုတ်ဘူး။ သူတို့မှာ မိသားစုအပြင်ကအကြောင်းတွေ လေ့လာဖို့ အချိန်ကို မရှိတာ။ ယောကျာ်းတွေက အပြင်သွားတယ်၊ ဟိုရွာမှာ ဟိုဟာဖြစ်တယ်၊ ရန်ကုန်မှာ ဘာဖြစ်နေတယ်၊ နေပြည်တော်မှာ တော့ ဒီလိုဖြစ်နေပြီ၊ ကလေးမြို့မှာတော့ ဒီလိုဖြစ်နေပြီ၊ ယောကျာ်းလေးတွေက သတင်းအချက်အလက် မျှေ၀ ဖို့အတွက် အချိန်ရှိတယ်။ နေရာရှိတယ်။ လူတွေစုပြီး ပြောကြတယ်။ အမျိုးသမီးတွေက အဲဒီလိုစုလို့ မရဘူး။ စုတဲ့အချိန်ကျတော့လည်း ခုနကလို မိသားစုအရေးပ ဲပြောကြတယ်။ အဲဒီလိုနဲ့ပဲ သံသရာက လည်နေတယ်။ အဲဒီတော့ ချင်းပြည်နယ်က အမျိုးသမီးတွေ နိုင်ငံရေးအကြောင်းတွေ ပြောလာဖို့အတွက်၊ နိုင်ငံရေးအမြင်တွေ ဖလှယ်လာဖို့အတွက် တော်တော်လေး လုပ်ယူရဦးမယ်”

အခုချိန်မှာတော့ မချယ်ရီဟာ အိမ်ထောင်ကျပြီး သမီးလေးတယောက်ရှိနေပါပြီ။ ကလေးမိခင်တယောက်အ နေနဲ့ လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ အခက်ခဲတွေလည်း ရှိနေပါတယ်။ ကလေးကို ကျောပိုးပြီး အစည်းအဝေး ခန်းထဲကို ဝင်လာတဲ့အခါ လူတွေရဲ့အမြင်က သူမကိုတော်တော်စိတ်ပျက်စေခဲ့ပါတယ်။

Photo: Cheery Zahau’s Facebook

အစည်းအဝေးခန်းမတွေထဲကို ကလေးတဖက်နဲ့ အမျိုးသမီးတယောက် ဝင်ရောက်ဆွေးနွေးဖို့ လက်မခံချင်ကြ တဲ့ လူ့အသိုင်းအဝိုင်းကြားမှာ ကလေးနို့တိုက်ရင်းနဲ့လည်း အစည်းအဝေးထဲမှာ ဝင်ရောက်နားထောင်နိုင်သ လို ဆွေးနွေးပြောဆိုနိုင်တယ်ဆိုတာကို သက်သေပြခဲ့သူပါ။

အမျိုးသမီးအဖွဲ့အစည်းတွေရဲ့အပြင်ဘက်မှာ လူ့အခွင့်အရေးပဲပြောပြော UN ဖြစ်ဖြစ်၊ နိုင်ငံတကာ ဒိုနာ (အလှူရှင်) အဖွဲ့အစည်းတွေပဲပြောပြော၊ ကလေးတွေကို လက်မခံဘူး။ ကလေးနဲ့အလုပ်လုပ်တာကို လက် မခံကြဘူး။ အစည်းအဝေးထဲမှာ ကလေးခေါ်လာမှာကို တအားစိုးရိမ်ကြတယ်။ ပြီးတော့ အဲဒီကလေးကို သူတို့ က ဝန်ထုတ်ဝန်ပိုးတခုအနေနဲ့ မြင်ကြတယ်။ အဲဒါကို ကျမက တော်တော်လေး ရှော့ခ်ဖြစ် (တုန်လှုပ်) မိတယ်။ ဒီဟာက တော်တော်လေးကို ပြောင်းယူရမယ်။ မြန်မာနိုင်ငံတခုတည်း မဟုတ်ဘူး။ ကမ္ဘာတဝှမ်းလုံးမှာ တော် တော်လေးအခြေအနေဆိုးတယ်။

အမျိုးသမီးတွေအနေနဲ့ ကလေးတဖက်နဲ့ လုပ်ငန်းခွင်က အခက်အခဲကို ရင်ဆိုင်ပြီး အလုပ်လုပ်မလား။ အလုပ် ထွက်ပြီး ကလေးပဲကြည့်ဖို့ ရွေးချယ်မလား။ စတဲ့ရွေးချယ်မှုနှစ်ခုသာရှိတဲ့ အခြေအနေမျိုးနဲ့ကြုံလာရရင် ကလေးယူဖို့တွန့်ဆုတ်တတ်ကြပါတယ်။ ဒီလိုအခြေအနေမျိုးကို တွန်းလှန်ဖို့အတွက် အမျိုးသမီးတွေအနေနဲ့ ရဲရဲရင့်ရင့်လုပ်ဆောင်ရမှာဖြစ်သလို ကလေးမိခင်တယောက်ဖြစ်သွားလို့ မိမိရဲ့အရည်အချင်းတွေ ဆုံးရှုံးမသွားပဲ အလုပ်ကို ပုံမှန်အတိုင်းဆက်လက်လုပ်ဆောင်နိုင်တယ်ဆိုတာကို သက်သေပြနိုင်ဖို့ လိုအပ်နေပါပြီ။

မချယ်ရီဟာ နိုင်ငံတကာအသိမှတ်ပြုခြင်းခံရတဲ့ ချင်းအမျိုးသမီးတယောက်ဖြစ်နေပေမယ့် အခုအခြေအနေမှာ တင် ရပ်တန့်နေမှာမဟုတ်ဘဲ ဘယ်လိုစိန်ခေါ်မှုမျိုး ကြုံနေရပါစေ၊ ယုံကြည်ရာကို ဆက်လက်လျှောက်လှမ်း နေမှာဖြစ်သလို အတားအဆီးတွေကြုံလာတဲ့အခါမှာလည်း စိတ်ဓာတ်ယိုင်လဲမသွားပဲ လူ့အခွင့်အရေးနဲ့ အမျိုး သမီးအရေးတို့အတွက် သူမလုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ခံယူထားသူဖြစ်တယ်ဆိုတာ သူမရဲ့ စကားသံနဲ့ ယုံကြည်မှုတွေက ဖော်ပြနေပါတယ်။

Related Articles