Home ဆောင်းပါး အရှက်ကို အသက်နဲ့လဲပြီး အဖြေရှာခဲ့ရတဲ့ ရွှေကူသူ

အရှက်ကို အသက်နဲ့လဲပြီး အဖြေရှာခဲ့ရတဲ့ ရွှေကူသူ

  

ခက်ဆစ်။          ။

အိအိမွန်ဟာ ကျောက်တလုံးရွာကပါ။

ကချင်ပြည်နယ်၊ ရွှေကူမြို့ကနေ မြစ်ကိုဖြတ်ပြီး စက်လှေနဲ့တစ်နာရီလောက် သွားရပါတယ်။

အိအိမွန်ဟာ အသက်(၁၉)နှစ်အရွယ်မှာ ရာသီသွေး အဆက်မပြတ်ဆင်းတဲ့ဝေဒနာကို ခံစားခဲ့ရပါတယ်။ ဒါ ကြောင့် ရွှေကူဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။

“ရောက်တဲ့နေ့ကတည်းက တပါတ်လောက်အထိ ဘာရောဂါမှန်းလည်း မသိရဘူး။ သွေးတွေပဲ တစ်ပုလင်းပြီး တစ်ပုလင်းသွင်းခိုင်းကြတယ်” လို့  အိအိမွန်ရဲ့မိခင်ဖြစ်သူက သူ့အတွေ့အကြုံကို ပြန်ပြောပါတယ်။

ဆေးရုံကရောဂါရဲ့အဖြေကို မရှာပေးနိုင်ပဲ အချိန်တွေ ကြာလာတာကြောင့် ကိုယ်ဝန်ပျက်ကျတာလို့ ထင်ပြီး မိသားစုတွေက စိုးရိမ်ခဲ့ရပါတယ်။

ဓမ္မတာလာချိန်မှာ သွေးပေါ်တာမျိုးမဟုတ်ပေမယ့် ပုံမှန်အတိုင်း တောင်ယာစိုက်ခင်းမှာ သွားလာလုပ်ကိုင်နေ နိုင်တာကြောင့် စိုးရိမ်စရာမဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် တစ်ပါတ်ကျော်လာတော့မှ မသင်္ကာတာနဲ့ ဗိုက်ကို စမ်းကြည့်ခဲ့ရာမှာ ဗိုက်ထဲမှာ အလုံးတစ်ခုခုရှိနေသလို ခံစားလာရတယ်လို့ အိအိမွန်က ဆွေမျိုးတွေကို ပြောပြခဲ့ ပါတယ်။

ပတ်ဝန်းကျင်ကတမျိုးထင်မြင်မှာစိုးတာကြောင့် မိဘဆွေမျိုးတွေက တိုးတိုးတိတ်တိတ်နဲ့ အဖြေရှာခဲ့ကြတယ်။

ကိုယ်ဝန်ရှိနေတယ်လို့ထင်ပြီး အိအိမွန်ကို မေးရာမှာလည်း သူမမှာ ကိုယ်ဝန်မရှိမှန်း ကိုယ်တိုင်သိတာကြောင့် အိမ်ထဲမှာသာ အငြင်းပွားနေကြရင်း အချိန်ကာလကြာလာပြီးမှ ရွှေကူဆေးရုံကို ရောက်ရှိလာခဲ့ပါတယ်။

ရွှေကူဆေးရုံမှာ တပတ်ကြာသွေးသွင်းနေခဲ့ရာမှ ကျန်းမာရေးပြန်မကောင်းလာပဲ ခုနစ်ရက်မြောက်တဲ့နေ့မှာ  အိအိမွန်ဟာ နလန်မထူနိုင်အောင် ခံစားလာရပြီး ကုတင်ပေါ်ကနေ ပြုတ်ကျတဲ့အထိ သွေးအားနည်းပါးသွားခဲ့ ရပါတယ်။

ဒီနောက်မှာ နီးစပ်ရာဆွေမျိုးတွေရဲ့ အကြံပြုချက်နဲ့ ရွှေကူဆေးရုံကတဆင့် ဗန်းမော်ဆေးရုံကို အရေးပေါ်ပို့ ဆောင်ခဲ့ရပါတယ်။ ဗန်းမော်ဆေးရုံကို မနက်(၈)နာရီလောက်မှာ ရောက်ရှိခဲ့ပြီး ဆရာဝန်တွေက အစပိုင်းမှာ တော့ သွေးအားနည်းတဲ့ရောဂါလို့ ယူဆခဲ့ကြပါတယ်။

ဒါပေမယ့် ဓာတ်မှန်ရိုက်ကြည့်တဲ့အချိန်မှာတော့ မိန်းကလေးငယ်ရဲ့ သားအိမ်တစ်ခြမ်းလုံးဟာ ပျက်စီးဆုံးရှုံးနေ တာကို တွေ့လိုက်ရပါတယ်။

အရေးပေါ်ခွဲစိပ်ကုသဖို့အတွက် ပြင်ဆင်ခဲ့ပေမယ့် ဝေဒနာရှင် အိအိမွန်ဟာ သွေးအားအလွန်နည်းနေတာ ကြောင့် သွေးသွင်းပြီးမှ ခွဲစိပ်လို့ရမယ်လို့ ဆရာဝန်တွေကပြောပါတယ်။ ဒါနဲ့သွေးတစ်လုံးသွင်းပြီး စောင့်ကြည့် နေရာက သွေးအားပြန်တက်မလာတော့ပဲ ည(၈)နာရီခန့်မှာ (၁၉)နှစ်အရွယ် အိအိမွန်ဟာ အသက်ဆုံးပါးသွား ခဲ့ပါတယ်။

“ဆရာဝန်တွေပြောတာတော့ တစ်ရက်လောက်စောရောက်လာခဲ့ရင်တောင် အချိန်မှီနိုင်တယ်လို့ပြောတယ်” လို့ အိအိမွန်ရဲ့မိခင်က ဝမ်းနည်းပူဆွေးစွာပြောပါတယ်။

အမှန်တော့ မိန်းကလေးတွေမှာဖြစ်တတ်တဲ့ သားအိမ်အတွင်းအလုံးတည်ခြင်းဟာ အရွယ်အစားပေါ်မူတည် ကာ သောက်ဆေးနဲ့ကုသနိုင်သလို အရွယ်အစားကြီးမှ ရောဂါအခြေအနေသိရတယ်ဆိုရင်တော့ ခွဲစိပ်ကာ အလုံးကို ထုတ်ပစ်ခြင်းဖြင့် အသက်မဆုံးရှုံးနိုင်သလို နောက်ဆုံးအဆင့်ဖြစ်တဲ့ သားအိမ်ကိုထုတ်ခြင်းဖြင့်လည်း ရောဂါကိုဖြေရှင်းကုသနိုင်တယ်လို့ ဆရာဝန်တွေက မိသားစုကို ရှင်းပြခဲ့ပါတယ်။

အခုလို အချိန်နှောင်းမှ ရောဂါအခြေအနေကို သိရှိခဲ့တာကြောင့် အသက်ဆုံးရှုံးခဲ့ရသလို အမျိုးသမီးတွေနဲ့ ပတ် သက်တဲ့ရောဂါတွေကို မသိရှိတဲ့ ကျေးလက်က အမျိုးသမီးတွေအတွက်တော့ အခုလို ဓမ္မတာပုံမှန်မဟုတ်ပဲ သေဆုံးသွားခဲ့တဲ့ အမျိုးသမီးတွေကိုဆိုရင် ကိုယ်ဝန်ပျက်ကျတာလို့ပဲ ယူဆနေကြဆဲဖြစ်ပါတယ်။

“ကြိုကြိုတင်တင် တခြားနေရာကို အချိန်မှီသွားလို့ရရင်တော့ အခုလိုအသက်ဆုံးရှုံးမှာမဟုတ်ဘူး။ နောက်ထပ် မိန်းကလေးတွေကိုလည်း ဒီလိုမျိုးမဖြစ်စေချင်ဘူး။ အပျိုအရွယ်မိန်းကလေးတစ်ယောက်ဗိုက်ထဲမှာ အလုံးကြီး ရှိတယ်ဆိုရင် ဒါကိုယ်ဝန်ရှိတာလို့ပဲ မြင်ကြတယ်” လို့ အိအိမွန်ရဲ့ အိမ်နီးချင်းမိတ်ဆွေ မရီရီမွန်က ပြောပါ တယ်။

သူတို့ရဲ့ရွာလေးမှာတော့ အခုလိုအမျိုးသမီးတွေနဲ့ ပါတ်သက်တဲ့ရောဂါမျိုး ခံစားလာပြီဆိုရင် တောဓလေ့နည်း လမ်းတွေနဲ့သာ ဖြေရှင်းတတ်ကြတယ်လို့လည်း ပြောပြကြပါတယ်။

မိန်းကလေးတစ်ယောက် လစဉ်ပုံမှန်ဓမ္မတာမလာဘူးဆိုရင် အရပ်ထဲကဆေးဆရာ (ဒေသအခေါ် သမားတော်) တွေဆီသွားကာ ဗမာဆေးဆိုတာတွေသောက်ပြီး ဖြေရှင်းလေ့ရှိသလို ရာသီသွေးအလွန်အကျွံလာရင်လည်း အဲဒီအရပ်ထဲက ဆေးဆရာတွေဆီမှာသာ သွားရောက်ကုသခံကြသလို အိမ်မှာပဲ ဘိုးဘွားစဉ်ဆက်အသုံးလာပြု လာကြတဲ့ ရှေးရိုးနည်းလမ်းတွေနဲ့ပဲ ဖြေရှင်းတတ်ကြတယ်လို့ ဆိုပါတယ်။

ဗမာဆေးဆိုတဲ့ တိုင်းရင်းဆေးနည်းတွေနဲ့ ကုသလို့မရတော့တဲ့အခါမှသာ မြို့ပေါ်က ဆေးရုံသို့ သွားရောက် ကြပါတယ်။

ဆေးရုံဆေးခန်းတွေနဲ့အလှမ်းဝေးတာကြောင့် အခြေခံကျန်းမာရေးဝန်ဆောင်မှုတွေ မရရှိတဲ့ ကျေးလက်ဒေသ တွေထဲမှာ ရွှေကူမြို့က ကျောက်တလုံးရွာလေးလည်း အပါအဝင်ဖြစ်ပါတယ်။

ဒါ့အပြင် ကျောက်တလုံးရွာလေးမှာ အခြေခံပညာမူလတန်းကျောင်းအထိပဲ ရှိတာကြောင့် မိန်းကလေးငယ် အများစုဟာအတန်းပညာကို ဆုံးခန်းတိုင်အောင် မတက်ရောက်နိုင်ကြပါဘူး။ နီးစပ်ရာ မြို့ပေါ်မှာ သွားရောက် သင်ကြားပါမှ အများဆုံး အခြေခံပညာ(၇)တန်းထိသာ အောင်မြင်ခဲ့ရတဲ့သူတွေ ရှိတယ်လို့ သိရပါတယ်။

အခုလို အခြေခံပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုတွေကို မရရှိတဲ့ဒေသက အမျိုးသမီးတွေအတွက် အမျိုး သမီးတွေနဲ့ ပတ်သက်တဲ့ရောဂါတခုခုဖြစ်လာပြီဆိုရင် ဖုံးဖုံးဖိဖိနဲ့ဖြေရှင်းနေရခြင်း၊ ဆေးရုံဆေးခန်းတွေမှာ ရော ဂါရှာဖွေဖို့ ခေတ်မီနည်းပညာစက်ပစည်းတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ လုံလုံလောက်လောက် ရှိမနေခြင်း ကလည်း လိုအပ်ချက်တစ်ခုအနေနဲ့ရှိနေပြီး အချိန်မှီမကုသနိုင်တာကြောင့် အခုလိုအသက်ပါဆုံးရှုံးတဲ့ အခြေအ နေအထိဖြစ်လာခဲ့တာပါ။

“အစ်မတို့ဆီမှာ မိန်းကလေးတွေနဲ့ပတ်သက်လို့ ကျန်းမာရေးအသိပညာပေးဖို့ မရှိသလောက်ကို ရှားတယ်။ ရွှေကူဆိုတာဘယ်နားလေးလဲလို့တောင် မေးကြတယ်လေ။ ဘယ်နားရှိမှန်းတောင် သိပ်မသိကြဘူး။ အမျိုး သမီးနဲ့ပါတ်သက်တဲ့ အသိပညာပေးမှုတွေကို လာရောက်လုပ်ဆောင်ပေးဖို့ကိုလည်း ဖိတ်ခေါ်ချင်ပါတယ်” လို့ မရီရီမွန်က ပြောပါတယ်။

“မိန်းကလေးတွေဆို ကိုယ်ဝန်ပျက်ကျတာတွေရှိတယ်။ အဓမ္မပြုကျင့်ခံရတာတွေ လည်းရှိတယ်။ ဒါပေမယ့် ဘယ်သူမှသိမနေဘူး”

အစိုးရအဖွဲ့အစည်းတွေနဲ့ အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ပြည်တွင်းပြည်ပအဖွဲအစည်းတွေက လည်း အမျိုးသမီးတွေနဲ့ပါတ်သက်တဲ့ အကြောင်းအရာတွေ လာရောက်အသိပညာပေးမှု လုပ်ဆောင်တာ မရှိ သလောက်နည်းပါးတယ်လို့ ရွှေကူမြို့ခံမိသားစုတွေက ပြောပြပါတယ်။

သားသမီး(၃)ယောက်မှာ တစ်ဦးတည်းသောသမီးနဲ့ အငယ်ဆုံးဖြစ်တဲ့ အိအိမွန်ဆုံးသွားတဲ့အခါ အမေဖြစ်သူဟာ တခြားမိန်းကလေးငယ်တွေ အခုလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့ရလေအောင် မိန်းကလေးတွေရဲ့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ ဗဟုသုတတွေကို ကျေးလက်တောရွာတွေမှာ အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင် ပေးစေချင်တယ်လို့ပြောပါတယ်။

“သမီးလေးရဲ့အသက်ကို ငွေနဲ့အရှက်နဲ့လဲပြီးတော့မှ သိလိုက်ရတယ်။ ဗန်းမော်ဆေးရုံရောက်သွားလို့သာ သမီးလေးဟာ ဂုဏ်သိက္ခာရှိရှိနဲ့ အသက်ဆုံးရှုံးရတယ်လို့ အစ်မကတော့ မြင်တယ်။ မဟုတ်ရင် ကျန်ခဲ့တဲ့ မိ သားစုတွေလည်း အဖြေကို သေချာမသိတော့ ကိုယ့်မြို့မှာဆို ကလေးပျက်လို့သေတယ်ဆိုပြီး သတ်မှတ်ကြ ဦးမှာ” လို့ မရီရီမွန်က သူမရဲ့အမြင်ကိုပြောပြခဲ့ပါတယ်။

အခုလိုဖွံဖြိုးတိုးတက်မှုနောက်ကျနေတဲ့ ဝေးလံခေါင်ဖျားတဲ့ဒေသက အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ဟာ သူတို့ရရှိတဲ့ ဗဟုသုတ၊ အသိပညာ၊ အတတ်ပညာနဲ့ အခြေခံလူမှုဖူလုံရေး ရရှိမှုအပေါ် များစွာမူတည်နေတာ ဖြစ်ပါတယ်။  ရွှေကူက အဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် အမျိုးသမီးတွေနဲ့ ပါတ်သက်တဲ့ရောဂါတခုခုဖြစ်ပြီဆို ရင် ရှက်နေကြောက်နေရမှာထက် အချိန်မီကုသဖို့၊  မဖြစ်မီ ကြိုတင်ကာကွယ်ဖို့ စတာတွေကို သိနားလည် ထားဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှာ မြို့ပြနေလူဦးရေထက် ကျေးလက်နေလူဦးရေက ပိုမိုများပြားပြီး အများစုက အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်ကျေးလက်နေအမျိုးသမီးတွေရဲ့ဘဝဖွံဖြိုးတိုးတက်ဖို့ လူသားတိုင်း တန်းတူရသင့်တဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ မလွဲမသွေလိုအပ်နေပါတယ်။

 

Related Articles