Home ဆောင်းပါး ငြိမ်းချမ်းရေးအတွက် အမျိုးသမီးအသံတွေ နားထောင်ဖို့ လိုတယ်။

ငြိမ်းချမ်းရေးအတွက် အမျိုးသမီးအသံတွေ နားထောင်ဖို့ လိုတယ်။

ကော့ကော် (ရန်ကုန်) ။ ဇွန် ၅ ရက်၊၂၀၁၄ခုနှစ်။

 

ကရင်တိုင်းရင်းသူလေး နော်ဟဲလေဖောဟာ ပြည်တွင်းစစ်ဒဏ်ကြောင့် အသက် ၅ နှစ်အရွယ်မှာ နယ်စပ် ဒုက္ခသည် စခန်းလေးကို ရောက်ရှိသွားခဲ့ပါတယ်။

“စစ်ပွဲတွေ မဖြစ်ပဲနဲ့ ငြိမ်းချမ်းရေးရှိခဲ့ရင် ကျမပညာရေးမှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်ခဲ့မှာ။”

သူ့ဘ၀ အတွက် ပညာရေး မျှော်လင့်ချက်တွေပျောက်ဆုံးခဲ့ရတာကို ပြောပြပါတယ်။

“ဒုက္ခသည် စခန်းထဲရောက်ပြီး အပြင်ထွက်ခွင့်မရ၊ ဒုက္ခပညာရေးမှာ နိုင်ငံတကာက အသိအမှတ်မပြုသလို မြန်မာပြည်ကလည်း အသိအမှတ်မပြုပါဘူး။ကျမလိုချင်တဲ့ ဘွဲ့ဒီဂရီ အခွင့်အလမ်းလည်း မရရှိခဲ့ပါဘူး။ ဒီလိုနဲ့ပဲနေခဲ့ရတယ်”

သူ့ဘဝကို ဖျက်ဆီးခဲ့တာကတော့ တိုင်းရင်းသား ပြည်နယ်တွေက စစ်ပွဲတွေ ပဲ ဖြစ်ပါတယ်။

“စစ်ပွဲကြောင့် မိသားစုတွေ တကွဲတပြားဖြစ်ခဲ့ရတယ်။ ရွာထဲကနေ ထွက်ပြေးလိုက် တပတ်လောက်ကြာမှ ပြန်လာလိုက်နဲ့ အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ တောင်ယာလည်းလုပ်စားလို့မရတော့ဘူး။ ကျမအဖေလည်း လနဲ့ချီပြီး ပေါ်တာဖမ်းခံခဲ့ရတယ်”

သူ့လိုပဲ ဘဝတွေသာမက အသက်တွေ အများကြီး ရင်းနှီးခဲ့ရသူတွေ အများအပြားရှိပါတယ်။

နော်ဟဲလေဖောကတော့ သူတို့ဘဝတွေကို ဖျက်ဆီးခဲ့တဲ့ ပြည်တွင်းစစ်တွေ ပြီးဆုံးစေချင်ပြီလို့ပြောပါတယ်။

“နောင်လာနောင်သားတွေအတွက် နောက်ဆက်တွဲ မခံစားစေချင်တော့တာ၊ လုံးဝမေ့ပျောက်လို့မရဘူး ပြီးဆုံးစေချင်ပါပြီ”

နော်ဟဲလေဖောလို အမျိုးသမီး အများအပြားဟာ ပြည်တွင်းစစ်ရဲ့ ဓါးစာခံတွေ ဖြစ်ကြရပါတယ်။ ပညာရေး၊ ကျန်းမာရေး လူမှု ဘ၀ နိမ့်ကျခဲ့ကြရရုံမက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကို ခံကြရတာလည်း အမျိုးသမီးတွေ ဖြစ်ပါတယ်။

စစ်ပွဲကြောင့် အသက်အိုးအိမ်ဘာမှစိတ်မချရပဲ အမျိုးသမီးတွေ မုဒိမ်းကျင့် အသတ်ခံရပြီး ဒုက္ခိတ ဖြစ်သွားကြရပါတယ်။ ခင်ပွန်းသည်တွေကို မတရားဖမ်းဆီးနှိပ်စက် ထောင်ချပြီး အတင်းအဓမ္မ ခိုင်းစေမှုတွေလည်း လုပ်နေသလို မြေမြှပ်မိုင်းကြောင့်လည်း သေကြေပျက်စီးခဲ့ကြပါတယ်။

ပြည်တွင်းစစ် နှစ်ပေါင်း(၆၀)ကျော်ကြာမြင့်ပြီးေနောက် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရဟုခေါ်တွင်နေသော ယခုအစိုးရသစ်လက်ထက် ၂၀၁၁ ခုနှစ်က စလို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တခု စတင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပေါ်ပေါက်လာတဲ့ အခါမှာတော့ ဒုက္ခဆင်းရဲ အမျိုးမျိုး ခံခဲ့ရတဲ့ အမျိုးသမီးတွေအတွက် သူတို့တွေရဲ့ အသံကို ထုတ်ဖော်ဖို့ နေရာ သိပ်နည်းနေခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ရဖို့ တောင်းဆိုနေရတာ ဖြစ်တယ်လို့ ဒီမိုကရေစီနှင့် အမျိုးသမီးငြိမ်းချမ်းရေးကွန်ယက်မှ မသန္တာကပြောပါတယ်။

“အမျိုးသမီးတွေကို ပညာရေး၊ ကျန်းမာရေးနဲ့ နိုင်ငံရေးမှာထားခဲ့လို့မရသလို ငြိမ်းချမ်းရေးမှာလည်း ထားခဲ့လို့မရဘူးလို့ယုံကြည်တယ် ဘာလို့လဲဆိုတော့ အစ်မတို့ အမျိုးသမီးတွေဟာ အမျိုးသားတွေလိုပဲလုပ်နိုင်တယ် ခွဲခြားထားတာက ခန္ဓာကိုယ်စိတ်ပိုင်းပဲရှိတယ် တိုးတက်ဖြစ်ပေါ်ရေးမှာလုပ်နိုင်တယ်”

ဆက်လက်ပြီး ငြိမ်းချမ်းရေးဟာ စိတ်ချလုံခြုံမှု၊ အပူအပင်ကင်းမှုဖြင့် နေထိုင်ခြင်းဟူ၍ ယူဆကြောင်း သူမကပြောပါတယ်။

“မြန်မာနိုင်ငံသူနိုင်ငံသား အားလုံး လူမျိုး၊ ဘာသာမခွဲ အားလုံးရဲ့ တန်းတူညီမျှမှုတခုရှိတယ် ပြည်ထောင်စုစနစ်ကိုလည်း ရည်ရွယ်တယ်။ ရပ်ထဲရွာထဲမှာ ငြိမ်းချမ်းရေးကို စစ်ပွဲရပ်ဖို့အတွက်ပဲ ငြိမ်းချမ်းရေးဖြစ်စဉ်တခုလို့ပဲမြင်ကြတယ်။ အစ်မတို့နိုင်ငံမှာ ဖြစ်နေတဲ့ နှစ် ၆၀ ပြည်တွင်းစစ်ရပ်သွားရင် ငြိမ်းချမ်းရေး ဖြစ်စဉ်တခုလို့ယူဆတယ်။ နိုင်ငံရေးဖြစ်စဉ်တခုလုံးမှာ လူတွေရဲ့စားဝတ်နေရေး၊ လုံခြုံဖို့၊ ငြိမ်းချမ်းဖို့ အားလုံးပါဝင်တယ်”

နိုင်ငံတနိုင်ငံတွင် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်မှ ငြိမ်းချမ်းရေးရှိမှ အမျိုးသမီးများရဲ့ဘ၀ လုံခြုံမှုရှိနိုင်ပြီး ရုန်းကန်တဲ့အဆင့်မှ လွှတ်မြောက်နိုင်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ကိုစစ်နိုင်ကပြောပြပါတယ်။

“ကျတော်တို့နိုင်ငံမှာ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ခဲ့ရင် အမျိုးသမီးတွေရဲ့ဘဝတိုးတက်လာမယ် တန်းတူအခွင့်အရေးရလာမှာပေါ့။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုလည်း ရှိလာမှာလေ စက်ရုံထံမှာအလုပ်လုပ်လုပ်တဲ့အခါ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ လွတ်လပ်စွာ ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို ရွေးချယ်ခွင့်ရှိသွားပြီ။ အမျိုးသမီးဘဝရဲ့လုံခြုံမှုကို အာမခံပေးနိုင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တခုရှိဖို့လိုတယ် ဒါကြောင့်စက်မှုလက်မှုလုပ်ငန်း ဝိုင်းဝန်းဖန်တီးဖို့ရယ် နောက်တခုက ငြိမ်းချမ်းရေး၊ အဲဒီနှစ်ခုရှိမှသာလျှင် အမျိုးသမီးတို့ရဲ့နေရာရယ် တန်းတူညီမတ်တပ်ရပ်နိုင်မှု ရှိလာနိုင်မယ်”

ဆက်လက်ပြီး ကိုစစ်နိုင်မှ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြည်သူလူထုအမျိုးသမီးများအတွက် ပွင့်လင်းမြင်သာမှုမရှိသေးကြောင်း ပြောပြပါတယ်။

“ကျတော်တို့နိုင်ငံမှာ ပြည်သူလူထုကအစိုးရဘာတွေလုပ်နေလဲဆိုတာ မသိကြဘူးဗျ၊ ငြိမ်းချမ်းရေးအတွက်ဆိုပြီး ခေါင်းဆောင်နှစ်ဦးက ညှိ့နှိုင်းကြတယ် ငြိမ်းချမ်းရေးရဲ့ တကယ့်ဖြစ်စဉ်က အဲဒီခေါင်းဆောင်နှစ်ဦးက ဆွေးနွေးတာ စိတ်ဆိုးရင် ကျတော်တို့ငြိမ်းချမ်းရေးဟာ တခါပြန်ကွဲပဲ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တကယ် ခိုင်မာချင်ရင် ပြည်သူလူထုရဲ့ထိတွေ့မှုတွေကို အားကောင်းကောင်းပေးနိုင်တဲ့ အောင်ခြေကအနေနဲ့သွားရမယ် ”

ငြိမ်းချမ်းရေးရရှိခြင်းအားဖြင့် လူသားတို့ခံစားနေရသည့် ပြသနာများကို အဆုံးသတ်နိုင်သလို ဆင်းရဲမွဲတေမှုများကိုလည်း လျှော့ချနိုင်ပါသည်။ ထို့အပြင်ငြိမ်းချမ်းရေးသည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို သေချာခိုင်မာစေ၍ လူ့အခွင့်အရေးများကိုလည်း အကာအကွယ်ပေးနိုင်သည်။

ယင်းသို့ အကာအကွယ်ပေးနိုင်သော ငြိမ်းချမ်းရေးကို တည်ဆောက်ရန်အတွက် ပြည်တွင်းစစ်များအတွင်း အဆိုးဆုံး ခံခဲ့ရသည့် အမျိုးသမီးများ၏ အမြင်နှင့် အမျိုးသမီးများ၏ ခံစားချက်များကို နားထောင်ရန် လိုအပ်ပါသည်။

အမျိုးသမီးတွေဟာ ငြိမ်းချမ်းမှု တည်တံ့တဲ့ အခြေအနေတွေကို နားလည်သလို ယုံကြည်မှု တည်ဆောက်ရာမှာလည်း အထောက်အကူ ဖြစ်စေမှာ ဖြစ်တယ်လို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက ပြောကြပါသည်။

Print

 

Related Articles