Home ဆောင်းပါး တော်လှန်ရေးကာလ လိင်ပိုင်းဆိုင်ရာစော်ကားမှုများ အမြစ်ဖြတ်ရန်လို

တော်လှန်ရေးကာလ လိင်ပိုင်းဆိုင်ရာစော်ကားမှုများ အမြစ်ဖြတ်ရန်လို

ထနောင်းမေ။ ။

စစ်အာဏာသိမ်းမှုနှစ်နှစ်ခွဲကျော်ကြာလာချိန်မှာတော့ ပဋိပက္ခအတွင်းအမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ ဖြစ် စဉ်တွေဟာ စစ်ကောင်စီအပြင် စစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့သူတွေကပါ ကျူးလွန်တဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်လာပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း နွေဦးတော်လှန်ရေးဆရာတော်ဆိုသူက တော်လှန်ရေးလှုပ်ရှားသူ အမျိုးသမီးတွေကို လိင်ပိုင်း ဆိုင်ရာ ထိပါးနှောက်ယှက်တဲ့ အပြုအမူတွေ ကျူးလွန်ခဲ့တဲ့အကြောင်း တော်လှန်ရေးဆောင်ရွက်သူတချို့နဲ့ ကာယကံရှင် အမျိုး သမီးတွေ ကိုယ်တိုင်ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ဒီလို ကျူးလွန်မှုတွေကြောင့် နွေဦးဆရာတော်အနေနဲ့ နစ်နာသူတွေကို ဝန်ချတောင်းပန်ဖို့နဲ့ လူဝတ်လဲဖို့ အမျိုးသမီးအဖွဲ့ အစည်းတွေနဲ့ ကျူးလွန်ခံခဲ့ရသူတွေက ထုတ်ဖော်ဝေဖန်ထားကြပေမယ့် နွေဦးဆရာတော်ဆိုသူကတော့ သူပြောတာမဟုတ်ဘဲ အကောင့်တုဟုဆိုကာ ငြင်းပယ်ထားပါတယ်။ HI က နွေဦးဆရာတော်ရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းခံခဲ့ရသူတွေရဲ့ အတွေ့ အကြုံတွေကို မေးမြန်းခဲ့ပါတယ်။  

လိင်ပိုင်းဆိုင်ရာ ပြောဆိုနှောက်ယှက်ခံခဲ့ရသူ ရေချယ်

အသက် ၁၆ နှစ်အရွယ် ရေချယ်လို့ခေါ်တဲ့ ထောက်ပို့အမျိုးသမီးငယ်ဟာလည်း နွေဦးတော်လှန်ရေးဆရာတော်ရဲ့ လိင်ပိုင်း ဆိုင် ရာ ထိပါးနှောက်ယှက်မှုတွေ ကြုံတွေ့ခဲ့ရသူတစ်ဦးပါ။

ရေချယ်ဟာ ၂၀၂၃ ခုနှစ်၊ ဧပြီလမှာ နွေဦးတော်လှန်ရေးဆရာတော်ထံ တော်လှန်ရေးအတွက် အလှူသွားခံရာကစပြီး ဆရာ တော်နဲ့သိကျွမ်းခဲ့တာဖြစ်တယ်။ အဲ့ဒီနောက်ဆရာတော်က တော်လှန်ရေးအတွက်ရန်ပုံငွေ မဲသုံးသိန်းဖိုးဝယ်ယူသွားခဲ့တယ်။ ရေချယ်အနေနဲ့လည်း ဆရာတော်ရဲ့ လူမှုကွန်ရက်စာမျက်နှာကိုကြည့်တဲ့အခါ တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်နေပြီး  လှူဒါန်းထားတာတွေကိုတွေ့ရတဲ့အတွက် ယုံကြည်ရတဲ့သူလို့ထင်ကာ ရင်းရင်းနှီးနှီးစကားပြောဖြစ်ခဲ့တယ်။

အဲ့ဒီနောက်ပိုင်းဆရာတော်ဆိုသူက သူ့ရဲ့လူမှုကွန်ရက်အကောင့်ကနေ  အဆင်ပြေလား၊ ဘာတွေလုပ်နေလဲမေးတဲ့အခါ ရေချယ်ကလည်း ဒုက္ခရောက်နေတဲ့ အကြောင်းပြောပြလိုက်တော့ သူကူညီနိုင်သလောက်ကူညီပေးမယ်လို့ နွေဦးတော်လှန် ရေးဆရာတော်က ပြောတယ်လို့ဆိုတယ်။ နောက်ပိုင်းဆရာတော်က အဆင်ပြေလား ထပ်မံမေးပါတယ်။

နေမကောင်းတဲ့အကြောင်းပြောပြတော့ ဆရာတော်က ငွေငါးသောင်းလွှဲလာပါတယ်။ ရေချယ်အနေနဲ့လည်း နေမကောင်းဖြစ် နေတဲ့အပြင် လုံခြုံရေးအရ တိမ်းရှောင်နေရတဲ့ကာလ စားဝတ်နေရေး ခက်ခဲနေတဲ့အချိန်ဖြစ်တဲ့အတွက် အဲ့ဒီငွေငါးသောင်းကို မငြင်းမိဘဲလက်ခံထားခဲ့လိုက်ပါတယ်။ နောက်ပိုင်းစကားတွေ ဆက်တိုက်ပြောဖြစ်ပြီး ဆရာတော်ဆိုသူက ငွေလိုလား ဖုန်းဘေ လိုလားစသဖြင့်မေးပါတယ်။

“ အားနာလို့မပေးပါနဲ့ပြောတော့ သူ့(ဆရာတော်)ဘက်က အားမနာအောင်နေလို့ရပါတယ်။ မောင်နှမလို သဘောထားလိုက်ပါ ပေါ့။ ညီမကပြန်ပြောတယ်။ သံဃာနဲ့လူနဲ့က မောင်နှမလိုနေလို့မရဘူးဆိုတော့ သူက နွေဦးတော်လှန်ရေးကာလမှာဆိုတော့ ဘုရားက အားလုံးကိုခွင့်လွှတ်ပါတယ်။ ကိုယ့်စိတ်ထားတတ်ဖို့ပဲလိုတာ အဲ့လိုပြောတော့ လက်ခံလိုက်တယ်။” လို့ရေချယ်က ပြောပါတယ်။

အဲ့ဒီနောက်ပိုင်းရေချယ်ဘက်က “တပည့်တော်နဲ့ဘုန်းဘုန်း”လို့ သုံးနှုန်းပေမယ့် ဆရာတော်ဘက် “ကလေးရေ၊ ဘုန်းဘုန်း” လို့ သုံးနှုန်းပြီး  နောက်ပိုင်းမှာ “ဦး”လို့ ပြောင်းသုံးတယ်လို့ ရေချယ်က ပြောပါတယ်။ ရေချယ်စိတ်ထဲလည်း ဆရာတော်ဆိုသူက မောင်နှမလို နေမယ်ဆိုထားတော့ အဲ့ဒီအသုံးအနှုန်းကိစ္စကို သိပ်သတိမထားမိခဲ့ဘူး။

“ ညီမနေမကောင်းရင် ပြုစုပေးချင်တယ်။ အဖော်ပြုပေးချင်တယ် စသဖြင့် အဲ့လိုမျိုးပြောတာမျိုးရှိလာတယ်။ ဒါပေမယ့် အော် သူမောင်နှမလိုနေမယ်ပြောထားတာပဲ။ သူတကယ်စိတ်သန့်သန့်နဲ့ပြောတာ ဖြစ်မှာပါဆိုပြီးတော့ ညီမက ဘာမှသိပ်မပြော လိုက်ဘူး။” လို့ရေချယ်က ပြန်ပြောပြပါတယ်။

အဲ့ဒီလိုနဲ့ ရေချယ်တို့နေတဲ့နေရာကို စစ်ကောင်စီဘက်ရဲတပ်ဖွဲ့ဝင်တွေ ဓာတ်ပုံလာရိုက်သွားတော့ ရေချယ်အနေနဲ့ နေရာထပ် ပြောင်းဖို့စီစဉ်ရပါတယ်။ ရေချယ်ဟာ တိမ်းရှောင်ရတဲ့နေရာတွေများနေပြီး မြို့ပေါ်မှာနေရတာ ခက်ခဲလာတဲ့အတွက် လွတ် မြောက်နယ်မြေကိုသွားတော့မယ်လို့ ဆုံးဖြတ်ချက်ချကာ ဆရာတော်ဆိုသူကို အဲ့ဒီအကြောင်းပြောပြလိုက်တယ်။

အဲဒီအခါ ဆရာတော်က သူနဲ့အတူထိုင်းကိုလိုက်ခဲ့ဖို့ခေါ်ပြီး ရန်ကုန်ကိုအရင်လာဖို့ပြောပါတယ်။ ရေချယ်ကလည်း မိခင်ဖြစ်သူ နဲ့ တိုင်ပင်ပြီး ဆရာတော်က ယုံကြည်ရမယ်သူ ဖြစ်တာကြောင့် လိုက်သွားဖို့  သဘောတူခဲ့တယ်။

ရန်ကုန်ကို အဖော်တစ်ယောက်နဲ့အတူ ရေချယ်ရောက်သွားခဲ့တယ်။ မေလ ၉ ရက်နေ့ ရန်ကုန်ရောက်တော့ ရေချယ်တို့ တည်း ခိုဖို့အတွက် ဆရာတော်ဆိုသူက ငွေငါးသောင်းလွှဲပေးတယ်။ ကားဂိတ်နားအနီးအနားမှာ တည်းခိုပြီးတဲ့နောက် နောက်ရက် တွေမှာတော့ သူငယ်ချင်းမိတ်ဆွေတချို့နဲ့အမျိုးတွေ အိမ်မှာလိုက်နေပါတယ်။

ရေချယ်တို့ဟာ မှတ်ပုံတင်မပါသလို ဧည့်စာရင်းတိုင်လို့လည်းမရတဲ့အတွက် ဘယ်အိမ်ကမှ ရေရှည်လက်မခံပါဘူး။ အဲ့ဒီနောက် ဆရာတော်က သူ့ရဲ့ အသိဒကာမတစ်ယောက်ဆီမှာ အဆောင်စီစဉ်ပေးတဲ့အတွက် အဲမှာနေခွင့်ရခဲ့တယ်။ အဆောင်ပိုင်ရှင် ကိုတော့ ဆရာတော်ရဲ့တူမလေးလို့ ပြောကာ စောင့်ရှောက်ပေးဖို့ ဖုန်းဆက်မှာကြားခဲ့တယ်လို့ ရေချယ်ကဆိုတယ်။ နောက်နေ့ မှာ နေရာအကူးအပြောင်းနဲ့ ပင်ပန်းတဲ့ဒဏ်တွေကြောင့် ရေချယ်နေမကောင်းဖြစ်တော့ အဆောင်ပိုင်ရှင်က ဘုန်းကြီးကို ဖုန်း ဆက်ပြောဟန်တူတယ်။

“ အဆောင်ပိုင်ရှင်က ဘုန်းဘုန်းရဲ့တူမနေမကောင်းဘူးဆိုပြီးတော့ လှမ်းပြောလို့ ဘုန်းကြီးကစာလာပို့ပြီးတော့ ကလေးရေနေ မကောင်းဘူးလား။ ကောင်လေးက လာမပြုစုဘူးလားဆိုပြီးမေးတာ၊ ထမင်းရောဘယ်လိုစားလဲ ဆိုပြီးတော့ အဲ့တော့ညီမက ပြန်ပြောတာ ကောင်လေးကလာလည်းပြုစုပါတယ်။ နေ့ခင်းနေ့လည် ထမင်းလည်းလာပို့ပါတယ်။ ညနေကျမှ သူပြန်တာလို့ ညီမကပြန်ပြောပါတယ်။ သူက(ဆရာတော်ဆိုသူက) အဲ့ဒါဆိုရင်အဆောင်ခန်းထဲမှာ နှစ်ယောက်ထဲတူတူရှိနေတာပေါ့နော်တဲ့။ အတူတူနေလား ဘာတွေလုပ်လဲအဲ့လိုမျိုးမေးတာ။” လို့ ရေချယ်က ပြောပါတယ်။

ဆရာတော်ဘက်က အဲ့လိုမျိုးတွေမေးလာတော့ ရေချယ်ကလည်းဘာလို့မေးတာလဲ ဘုန်းဘုန်းလို့ပြန်ပြောတော့ ဆရာတော်က လူငယ်တွေဆိုတော့ မှားတတ်မှာစိုးကာ အတူနေရင် ဗီဗီဒီယိုတွေရိုက်တာ ဓာတ်ပုံတွေ ရိုက်တာဖြစ်ရင် ပြန့်နှံ့သွားမှာ စိတ်ပူလို့ ပါလို့ ပြောတယ်လို့ရေချယ်ကပြောပြပါတယ်။

“ညီမလည်းစိတ်မပူနဲ့ပေါ့။ ညီမမနေပါဘူးပေါ့။ ကောင်လေးနဲ့နေရတာ အားကျလိုက်တာ ဘုန်းဘုန်းဆို တစ်ယောက်ထဲနေရ တာ အရမ်းစိတ်ကြွနေရင်တောင် ဘယ်သူနဲ့မှမနေရဘူးဆိုပြီး စပြောလာတယ်။”လို့ရေချယ်ကပြောပါတယ်။

အစကတည်းက ဆရာတော်ဆိုသူကစကားပြောရင်မူမမှန်တာမျိုးရှိပေမယ့် စိတ်ကြွနေတယ်ပြောပြီးနောက်ပိုင်းမှာ စကားတွေ လွန်လာတာ၊ ဝတ်လစ်စလစ်ပုံတွေတောင်းတာ၊ sex chat ပေးဖို့ပြောလာတွေ ဖြစ်လာတယ်လို့ ရေချယ်က ဆိုတယ်။ ရေချယ် ဘက်ကငြင်းတဲ့အခါမှာလည်း ဆရာတော်ဆိုသူက ရေချယ်ရဲ့အချက်အလက်တွေကို သိနေတဲ့အတွက် ခြိမ်းခြောက်တဲ့စကား မဟုတ်ပေမယ့် သွယ်ဝိုက်ပြီးပြောဆိုတာတွေပြုလုပ်ပါတယ်။ ရေချယ်ဟာ ထိုင်းနိုင်ငံကို ဆရာတော်ဆိုသူနဲ့လိုက်ပါမယ်လို့ စီစဉ်ထားခဲ့တာဖြစ်တဲ့အတွက်  အချက်အလက်တွေအကုန် ဆရာတော်ဆိုသူက သိနေခဲ့တာဖြစ်တယ်။

“တည်နေရာတွေပြန့်သွားရင် စစ်ကောင်စီကဘယ်လိုတောင်ဖမ်းတာနော် မိသားစုလည်းမချန်ဘူး ကလေးလည်း မချန်ဘူး။ အဲ့လိုတွေပြောတာ သူဖြန့်လိုက်မယ်လို့တော့မပြောဘူး။ သူကအရမ်းလည်တယ်။ ငါလုပ်လိုက်မှာနော်တို့ တည်နေရာတွေ ဖြန့်မှာတို့ သူကမခြိမ်းခြောက်ဘူး။ စကားကိုသွယ်ဝိုက်ပြီးပြောတယ်။ တကယ်ခြိမ်းခြောက်ခံရတဲ့ သူကျတော့ ဒါတွေကို ကြောက်တယ်။” လို့ရေချယ်ကဆိုတယ်။

လုံခြုံရေးထိခိုက်မှာစိုးတဲ့အတွက် ရေချယ်ဟာ ဆရာတော်ဆိုသူနဲ့ အလိုက်သင့်စကားပြောပေးရတာ၊ သူတောင်းတဲ့ပုံတွေပို့ ပေးရတာတွေ ပြုလုပ်ပေးခဲ့ရတယ်။ တစ်ပတ်လောက်ကြာတဲ့အခါမှာတော့ ရေချယ်လည်းဒီပုံစံအတိုင်း မနေနိုင်တော့တဲ့ အတွက် သူစီစဉ်ပေးတဲ့အဆောင်ကထွက်ခဲ့ပြီး ဇာတိမြို့ကိုပြန်မယ်လို့ဆုံးဖြတ်ခဲ့တယ်။

ဆရာတော်ဆိုသူကိုလည်း ထိုင်းနိုင်ငံကိုလိုက်ဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေ ပြန်လုပ်မယ်လို့ အသိပေးခဲ့တယ်။ ဆရာ တော်ဆိုသူနဲ့ရန်ကုန်မှာ တစ်ကြိမ်မှမတွေ့ခဲ့ရဘူးပေမယ့် ရေချယ်ဇာတိမြို့ကို ပြန်မယ်ဆိုတော့ အဲ့ဒီကိုအတင်းလိုက် လာမယ် လို့ဆိုတဲ့အတွက် ရေချယ်အနေနဲ့တားခဲ့ရသေးတယ်။

နောက်ပိုင်း ဆရာတော်ဆိုသူလည်း ထိုင်းနိုင်ငံကိုပြန်ရေကသွားခဲ့တယ်။ ထိုင်းကိုပြန်ရောက်သွားတော့ ရေချယ့်ကို အလုပ် သွင်းပေးမယ်ဆိုကာ ထိုင်းကိုလိုက်လာဖို့ခေါ်တယ်။ ရေချယ်လည်း အစပိုင်းမှာသံသယဝင်မှာစိုးတဲ့အတွက် ကျန်းမာရေး အကြောင်းပြ ငြင်းခဲ့ပြီး နောက်ပိုင်းမှာတော့ လုံးဝမလာတော့ဘူး လို့ အပြတ်ငြင်းလိုက်တယ်။

ဆရာတော်ဆိုသူက ထိုင်းနိုင်ငံကိုလိုက်လာဖို့ ထပ်မခေါ်တော့ပေမယ့် ပုံတွေတောင်းဆိုတာမျိုးထပ်လုပ်ခဲ့တယ်။

ရေချယ်တို့အနေနဲ့လည်း ထောက်ပို့ပိုင်းဆိုင်ရာကိစ္စတွေမှာ ဆရာတော်ဆိုသူနဲ့အဆက်အသွယ်လုပ်နေရတာ ဖြစ်တဲ့အတွက် သူနဲ့အဆက်အသွယ်ဆက်ရှိနေခဲ့တယ်။ ရေချယ်တို့ထောက်ပို့လုပ်ငန်းအတွက် ထိုင်းဘဏ်အကောင့်ကိုလည်း  ဆရာတော်ရဲ့ ဘဏ်အကောင့်နဲ့ အသုံးပြုနေခဲ့ကြတာဖြစ်တယ်။ အလုပ်ကိစ္စစကားပြောနေရင်းနဲ့လည်း လိင်နဲ့ပတ်သက်တဲ့စကားတွေ ပြော လာတယ်လို့ ရေချယ်ကပြောပါတယ်။

“ သူဘာလုပ်နေလဲလာမေးလို့ ညီမက ဇာတ်ကားကြည့်နေတယ်ပြောရင် ဘာကားကြည့်နေတာလဲ ဟိုကားလား။ စိတ်ကြွ နေတာ ဘုန်းဘုန်းနဲ့ပြောပေးပါဦး။ အဲ့လိုမျိုးတွေပြောတယ်။ ညီမအလုပ်လုပ်နေတယ်ပြောရင်လည်း အေးအေးဆေးဆေး အလုပ် လုပ်နေတာ အားကျတယ်။ ကောင်လေးနဲ့လည်းတစ်နိုင်ငံထဲလာတွေ့လို့ရတာဆိုတော့ ကောင်လေးနဲ့နေလို့ရတာပေါ့။ ဘုန်းဘုန်းက အထီးကျန်နေတာ တရားတွေလည်းမဟောချင်တော့ဘူး။ အဲ့လိုမျိုးတွေပြောတယ်။”လို့ရေချယ်ကဆိုပါတယ်။

ရေချယ်ဘက်က သင်္ကန်းကြီးနဲ့ အဲ့လိုပြောနေတာ ငရဲမကြီးဘူးလားမေးတော့သင်္ကန်းချွတ်ထားလိုက်ရင် ငရဲမကြီးတော့ဘူးလို့  ပြောတယ်လို့ ရေချယ်ကပြန်ပြောပြပါတယ်။ သြဂုတ် ၂၄ အထိ ရေချယ်ဆီကပုံတွေ လာတောင်းနေပြီး ရေချယ်ကတော့ ဇူလိုင်လထဲကပုံတွေ မပေးတော့တာဖြစ်တယ်။ ရေချယ်အနေနဲ့လည်း နေမကောင်းတဲ့အတွက် ဆေးရုံဆေးခန်း ခဏခဏ သွားရတော့ အပြင်သွားရတဲ့အခါဖုန်းထဲက အချက်အလက်တွေ ဖျက်ပစ်ခဲ့ရတယ်။ ဒါ့အပြင်ဒီလိုခြိမ်းခြောက် အမြတ်ထုတ်ခံရ တာကိုရှက်ရွံမိတဲ့အတွက် ဆရာတော်ဆိုသူနဲ့ပြောထားတဲ့ message တွေကိုဖျက်ပစ်တာမျိုးပြုလုပ်ခဲ့တယ်။

သြဂုတ်၂၅ ရက်နေ့မှာတော့ ဆရာတော်ဆိုသူဘက်က ဘလော့သွားခဲ့တယ်။ အဲ့ဒီနေ့မှာပဲ အဲ့ဒီဆရာတော်ဆို သူရဲ့ လိင်ပိုင်း ဆိုင်ရာထိပါးပြောဆိုမှုအကြောင်းကို တော်လှန်ရေးတက်ကြွလှုပ်ရှားသူတစ်ဦးက လူမှုကွန်ရက်မှာ တင်ခဲ့တယ်။ ရေချယ်လည်း အဲ့ဒါကိုတွေ့သွားပြီး ပူးပေါင်းပါဝင်ဖြစ်ခဲ့တယ်။

ဒီလို ဖော်ထုတ်မှုတွေဖြစ်လာတဲ့အခါမှာပဲ ဆရာတော်ဆိုသူက ရေချယ်တို့ရဲ့ ထောက်ပို့လူမှုကွန်ရက်စာမျက်နှာကို မြေပြင်ကို ထောက်ပံ့ပေးမှုမရှိတဲ့အတွက် သူ့ဘက်ကဘလော့ပါတယ်ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်မှာတင်လိုက်တယ်။ အမှန်တကယ်တော့ ဆရာတော်ဆိုသူဟာ သြဂုတ်လအထိ ရေချယ်တို့နဲ့အလုပ်တွဲလုပ်နေခဲ့တာဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာစော်ကာမှုအပြင် ချိန်းခြောက်ခံခဲ့ရတဲ့ ဘုံဘုံ

ရေချယ်နည်းတူ နွေဦးတော်လှန်ရေးဆရာတော်ဆိုသူရဲ့ လိင်ပိုင်းဆိုင်ရာထိပါးပြောဆိုမှုကြုံတွေ့ခဲ့ရတာတော့ အသက် ၂၂ နှစ် အရွယ် အမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ ဘုံဘုံပါ။ ဘုံဘုံဟာထောက်ပို့တစ်ဦးဖြစ်လို ရဲဘော်တွေရဲ့ ဒဏ်ရာပုံတွေအသုံးချပြီး အလှူ ခံနေတဲ့ လူလိမ်တွေကိုဖော်ထုတ်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အမျိုးသမီးငယ်တစ်ဦးပါ။

လူလိမ်တွေနဲ့ ပတ်သက်ပြီးလူမှုကွန်ရက်မှာတင်ရတဲ့အခါမှာလည်း Post အကြောင်းအရာပြန့်နှံ့သွားအောင် Like and Share အတွက် တော်လှန်ရေးတက်ကြွလှုပ်ရှားသူတွေထဲက လူမှုကွန်ရက်မှာ follower များသူတွေကို သွားရောက်အကူအညီ တောင်းရလေ့ရှိပါတယ်။

ဒီလိုနဲ့နွေဦးတော်လှန်ရေးဆရာတော် Facebook Page ကို သွားရောက်အကူအညီတောင်းမိရာကစလို့ စတင် သိကျွမ်းခဲ့တာ ဖြစ်တယ်။ ၂၀၂၃၊ မတ် ၂၃ မှာတော့ ဆရာတော်ဆိုသူရဲ့ Facebook အကောင့်ကနေ ဘုံဘုံ ဆီကို စာပို့လာပါတယ်။ ဘုံဘုံ အနေနဲ့ ဘုန်းကြီးအစစ်တစ်ပါးသုံးနေတဲ့ အကောင့်ဟုတ်မဟုတ်ကို သေချာမသိခဲ့သေးပါဘူး။ ဘုံဘုံနဲ့ရင်းနှီးတဲ့အမျိုးသမီးကြီး တစ်ယောက်ကလည်း ဆရာတော်ကိုအပြင်မှာမြင်ဖူးပြီး လှူဒါန်းဖူးတဲ့အတွက် ဒီအကောင့်က ဘုန်းကြီးအစစ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

နောက်ရက်မှာလည်း ရဲဘော်တစ်ယောက်မျက်လုံးတစ်ဖက်ခွဲစိတ်ဖို့ အရေးပေါ်ငွေလိုတဲ့အတွက် ဆရာတော်ဆိုသူက လှူမယ် လို့ ဆိုလာပါတယ်။ အဲ့ဒီနောက်ဆရာတော်က ရဲဘော်အကောင့်ကို တောင်းတဲ့အတွက် တိုက်ရိုက်လှူနိုင်ဖို့ ချိတ်ဆက်ပေးခဲ့ တယ်။ နောက်ပိုင်းမှာ ဆရာတော်ဆိုသူက တော်တယ်လို့ချီးကျူးခဲ့တယ်။ တော်လှန်ရေးနဲ့ ပတ်သက်ပြီးအပြန်အလှန် စကား ပြောဖြစ်ခဲ့ကြတယ်။

ဧပြီ ၁၃ မှာစပြီး လိင်ပိုင်းဆိုင်ရာထိပါးတဲ့စကားတွေ စတင်ပြောလာပါတယ်။

“ ညီမက အတူတူရှေ့ဆက်ကြမယ်။ တော်လှန်ရေးမှာ ဒီကိစ္စတွေက တစ်ယောက်ထဲလုပ်လို့မရဘူး။ အချိတ်အဆက်တွေရှိမှ မေးလို့ရတာကိုး။ မြေပြင်ကရဲဘော်တွေ အတည်ပြုလို့ရတာ သူ့ကိုပြောလိုက်တယ်။ ပြောလိုက်တဲ့အချိန်မှာသူက အတူတူ တော့မလုပ်ပါနဲ့ relationshipကြီး (ဘုံဘုံကရည်းစားရှိတဲ့အတွက်)နဲ့ဆိုပြီး အီစီကလီစကားစလာတယ်။” လို့ ဘုံဘုံက ပြောပါ တယ်။

ပထမဆုံးဆရာတော်ထံက အဲ့လိုစကားကြားရတဲ့အခါ စိတ်ထဲတစ်မျိုးဖြစ်ပေမယ့် စနေတာနေမှာပါလို့ တွေးမှတ်ခဲ့ပြီး ဘုန်းကြီး တစ်ပါးလည်းဖြစ်နေတာကြောင့် သိပ်ပြီးအရေးတယူမတွေးဖြစ်ခဲ့ဘူး။ နောက်ပိုင်း တော်လှန်ရေးကိစ္စနဲ့ အလုပ်တွဲလုပ်ဖြစ်ခဲ့ ကြတယ်။ ၂၀၂၃ ခုနှစ်။ မေ ၄ မှာတော့ တော်လှန်ရေးအကြောင်းတွေ ပြောပြမယ်။ ဖုန်းဆက်ဆိုပြီးပြောခဲ့တယ်။ ခေါ်ဝေါ် သုံးနှုန်းတဲ့အသုံးအနှုန်းတွေကလည်း ညီမနဲ့ကိုယ်ဆိုတဲ့ အသုံးအနှုန်းတွေသုံးလာတယ်။ အဲ့နေ့မှာ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သုံးနာရီနီးပါး ဆရာတော်နဲ့ ဖုန်းပြောခဲ့ကြတယ်။

ဖုန်းပြောပြီးနောက်နေ့တွေမှာလည်း အသံလေးကချစ်စရာလေး၊ ကောင်လေးရှိတာ အရမ်းအားကျတယ်။ ကောင်လေးနဲ့ တွေ့ပြီးပြီလား မတွေ့ဖြစ်ဘူးမလား စတဲ့စကားတွေ စပြောလာတယ်လို့ဘုံဘုံကပြောပြပါတယ်။

“ ကောင်လေးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေ။ ညီမကပြည်ပမှာဆိုတော့ အဲ့လိုတော့ သူ(ဆရာတော်)က အဲ့လိုကြီး စောင့်နေမှာလား။ သူကတောထဲမှာဆိုတော့ ဘယ်လိုအခြေအနေလည်းမသိဘူး။ အဲ့ဒီမှာရှာလိုက်ပါလား။ အဲ့ဒီကလူဆိုရင် အတူတူလည်းနေလို့ရတယ်။ ငယ်ရွယ်တဲ့အချိန်မှာ ကိုယ်ရဲ့လိင်ကိစ္စတွေကိုခံစားရမှာပေါ့။ စောင့်နေရင် အရွယ်လွန်သွား မယ် ဆိုတဲ့ ပုံစံအဲ့လိုမျိုးတွေ ပါးစပ်အရသာခံပြီးစပြီး ပြောလာတယ်။” လို့ ဘုံဘုံက ပြောပြပါတယ်။

သူပြောတဲ့စကားတွေအပေါ် ဘုံဘုံက ပြန်မပြောတာမျိုး တုန့်ပြန်တဲ့အခါ အဲ့လိုပြောထားတဲ့စာတွေကို ဆရာတော်ဆိုသူက ပြန်ဖျက်သွားခဲ့တယ်။ အဲ့ဒီနောက်မှာ ဘုံဘုံတင်ထားတဲ့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ပိုစ့်တစ်ခုကို ဆရာတော်က ရှယ်သွား ခဲ့တယ်။ အဲ့ဒီပို့စ်က Facebook community standard နဲ့ငြိတဲ့အတွက်ဖျက်ပေးဖို့ ပြောတဲ့အတွက် ဖျက်ပေးခဲ့တယ်။

နောက် ရက်မှာလည်း Facebook community standard နဲ့ ငြိနေသေးတယ် ဖျက်ပေးပါဆိုတဲ့အတွက် လိုက်ရှာတဲ့အခါမှာ ပိုစ့်က လုံးဝမပျက်သွားဘဲ Facebook trash ထဲမှာ ကျန်နေသေးတာကိုတွေ့ရတယ်။ အဲ့ဒါကြောင့် ပို့စ်ကိုဖျက်ဖို့လုပ်တဲ့အခါ ပို့စ်က မရည်ရွယ်ဘဲ ပြန်တက်သွားပါတယ်။  

“ အဲ့ဒါကြောင့် သူ့ရဲ့ပေ့ကိုထိသွားတယ်ပေါ့။ ပေ့ကျသွားနိုင်တယ်။ သူအရမ်းတွေဒေါသထွက်ပြီးတော့ ပိုးစိုးပက်စက်ပြော တယ်။ အသက်နဲ့ခြိမ်းခြောက်တယ်။ မိသားစုလုံခြုံရေးနဲ့ခြိမ်းခြောက်တယ်။ သူ့ရဲ့ပါဝါတွေသုံးပြီးတော့ ခြိမ်းခြောက်တယ်။”လို့ ဘုံဘုံကပြောပါတယ်။ ဒလန်လို့စွပ်စွဲတာ၊ မိသားစုကိုစုံစမ်းပြီး လိုက်နိုင်တယ်ဆိုတာမျိုး စတာတွေပြောပါတယ်။

အဲ့ဒီဖြစ်စဉ်ပြီးတော့ ဆရာတော်အကောင့်ကနေ ဘုံဘုံကို ဩဂုတ် ၂၇ နေ့မှာ ဘလော့သွားပါတော့တယ်။ ဩဂုတ် ၂၅ နေ့မှာ လည်း သူ့လိုခံရသူတွေက နွေဦးဆရာတော်ဆိုသူအကြောင်းကို ထုတ်ဖော်လာကြတာနဲ့ ဆရာတော်က သူ့ကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေ ဘယ်လိုပြုလုပ်ခဲ့တယ်ဆိုတာကို ဘုံဘုံလည်း ဖော်ထုတ်ချပြခဲ့ပါတယ်။ 

အသရေဖျက်ခံရသူ မသူဇာမြင့်  

ရေချယ်နဲ့ ဘုံဘုံတို့နည်းတူ နွေဦးတော်လှန်ရေးဆရာတော်ရဲ့ လိင်ပိုင်းဆိုင်ရာထိပါးမှုကိုကြုံတွေ့ခဲ့ရတာက အသက် ၂၂ နှစ် အရွယ်မသူဇာမြင့်ပါ။

မသူဇာမြင့်ဟာ အရင်တုန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ သတင်းမီဒီယာတစ်ခုမှာ လုပ် ကိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးဆရာတော်ဆိုသူက ၂၀၂၂ ဧပြီလမှာ မသူဇာမြင့်ကို Facebook အကောင့် လာအပ်(add)ကာ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်နော် ချီးကျူးတယ်လို့ ပြောဆိုခဲ့တယ်လို့ မသူဇာမြင့်ကပြန်ပြောပြပါတယ်။

“ အဲ့အချိန်မှာတော့ သူဇာက သူ့အကောင့်ကို ဝင်ကြည့်တယ်။ ဝင်ကြည့်တဲ့အချိန်မှာ ဘုန်းကြီးပုံတစ်ပုံ နေကာမျက်မှန်နဲ့ပုံ တင် ထားတယ်။ တခြားပုံဘာမှမတင်ထားဘူး။ ထင်လိုက်တာ သူလူမထွက်ခင်ရိုက်ထားတဲ့ပုံထင်တယ်။ အဲ့လိုထင်ပြီးတော့ စကား ပြောခဲ့တယ်။ သူချီးကျူးတယ်ပြောတဲ့အချိန်မှာ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့လောက်ပဲ။” လို့ မသူဇာမြင့်က ပြောပါတယ်။

နောက်ပိုင်းလည်းတော်လှန်ရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ စကားတွေစလာလာချဉ်းကပ်တယ်။ မသူဇာမြင့် အနေ နဲ့လည်း တော်လှန်ရေးလုပ်နေသူအချင်းချင်းဆိုတဲ့စိတ်နဲ့  ရေလိုက်ငါးလိုက်စကားပြော ဖြစ်ခဲ့တယ်။

အဲ့နောက်ပိုင်း ၂၀၂၂ထဲမှာပဲ မသူဇာမြင့်ဟာ ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုမှာ ဆေးဆရာမအဖြစ် တာဝန်ထမ်းဆောင်တော့ ဘာလိုအပ်လဲလာမေးရင်း မုန့်ဖိုးဟုဆိုတာ ငွေကျပ်တစ်သိန်းလှူသွားခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ဆရာတော်ဆိုသူက ရည်းစား ရှိလားလို့မေးတာ၊ ရည်းစားရှိကြောင်းပြောတဲ့အခါမှာလည်း လိင်ကိစ္စပိုင်းဆန်တဲ့ စကားတွေပြောလာတယ်လို့ မသူဇာမြင့်က ပြောပြပါတယ်။

“ အဲ့အချိန်မှာ သူအဲ့လိုတွေပြောနေရင်းနဲ့ သူ့ကိုမေးဖူးတယ်။ ဘုန်းကြီးအစစ်လားပေါ့၊ သူကမဟုတ်ဘူးတဲ့။ အလကား ဘုန်းကြီး တဲ့။ အဲ့တော့ကိုယ်က ဘုန်းကြီးမဟုတ်ဘူးဆိုပြီး အေးဆေးပဲ စကားပြန်ပြောခဲ့တယ်။” လို့ မသူဇာမြင့်က ဆိုပါတယ်။

၂၀၂၃ ဧပြီလမှာ မသူဇာမြင့်မီဒီယာအလုပ် စတင်ဝင်ရောက်လုပ်ကိုင်နေတဲ့အချိန်မှာလည်း ဆရာတော်ဆိုသူက ဘာတွေလုပ် နေလဲ၊ အဆင်ပြေလား၊ ဘာလိုအပ်လဲစတာတွေမေးတယ်။ အဲ့နောက်ပိုင်းလည်း လိင်ကိစ္စဆန်တဲ့ စကားတွေပြောတဲ့အတွက် မသူဇာမြင့်အနေနဲ့ အမြဲစကားလမ်းကြောင်းလွှဲ ရှောင်ထွက်ခဲ့ပါတယ်။

“ ပိုဆိုးရွားလာတာက သူဇာအိမ်ထောင်ပြုထားတဲ့ အမျိုးသားနဲ့ပေါ့ အမျိုးသားနဲ့ကြိုက်နေတဲ့အချိန်မှာ သူကစကား လာပြော ခဲ့တာ ကောင်လေးနဲ့အတူရှိနေတာလား ကောင်းလိုက်တာပေါ့။ သူအတူတူနေချင်တဲ့ကောင်မလေးက ကောင်လေးနဲ့ နေရ တာကောင်လေးက ကံကောင်းလိုက်တာ အဲ့လိုတွေပြောလာတယ်။” လို့မသူဇာမြင့်ကဆိုပါတယ်။

အဲ့လိုတွေပြောလာတဲ့အခါ သူ့အကောင့်ကိုဝင်စစ်ကြည့်တဲ့အခါ သူကနွေဦးဆရာတော် Live page ဆိုတာကို ရှယ်ထားတာမျိုး တွေရှိတာကိုတွေ့တဲ့အတွက် ဘုန်းကြီးအစစ်ဟုတ်မဟုတ်ဆိုတာကို သေချာဝေခွဲမရခဲ့ဘူး။

“ ကိုယ်ကသူ့ကိုပြောလိုက်တယ်။ ဘုန်းကြီးတွေ အခုတလောအရှက်ခွဲခံနေရတယ်သတိထားပေါ့။ အကောင့်ဟတ်ခံရရင် ကြည့် မကောင်းဘူး။ သူ့ကိုပြောလိုက်တဲ့အချိန်မှာ စကားဆက်မပြောတော့ဘူး။ စာတွေလည်းပြန်ဖျက်သွားတယ်။”လို့ မသူဇာမြင့်က ပြောပြပါတယ်။

ဒီအတွက် ဆရာတော်ဆိုသူကို ဘုန်းကြီးအစစ်လား၊ အတုလားသိချင်တဲ့အတွက် ၂၀၂၃ခုနှစ် ဇူလိုင် ၂၄ ရက်မှာ အင်တာဗျူး ကမ်းလှမ်းခဲ့ပါတယ်။

“ အဲ့အချိန်မှာ သူကလက်ခံဖြေကြားခဲ့တယ်။ သူလွန်လွန်ကျူးကျူးပြောကြားခဲ့တဲ့ အကောင့်ကနေပြီးတော့ ဇွန်းလင့်တွေ ပတ်ဝေါ့တွေပေးခဲ့တာပေါ့။ အဲ့ကနေပဲသူဖြေတယ်။ သူဘုန်းကြီးအစစ်ဆိုတာ zoom meeting မှာ တွေ့လိုက်ရတဲ့အခါ အရမ်း အံ့ဩသွားတယ်။” လို့ မသူဇာမြင့်က ပြောပါတယ်။

ဘုန်းကြီးတစ်ပါးဖြစ်ပြီး ဒီလိုလိင်ပိုင်းဆိုင်ရာတွေ ပြောထွက်ခဲ့တဲ့အတွက် မထင်မှတ်ထားဘဲ ကိုယ်တိုင်အနေအထိုင် မတတ် လို့ပဲဆိုတဲ့စိတ်ကိုတွေးမိပြီး  ကိုယ်တိုင်ကင်းလိုက်ရင် ဖြစ်ပါတယ်ဆိုတဲ့စိတ်နဲ့ နေဖြစ်ခဲ့တယ်။ တော်လှန်ရေး ကိစ္စပဲပတ်သက် မယ်။ ရှောင်လိုက်မယ်ဆိုပြီးနေခဲ့တယ်လို့ မသူဇာမြင့်ကဆိုပါတယ်။

“အင်တာဗျူးလုပ်ပြီးတဲ့အချိန်မှာတောင်မှ သူကနေပြီးတော့ အခုချိန်မှာတစ်ယောက်ထဲလား၊ ဘာညာမေးလာတယ်။ မဟုတ် ဘူး၊ ရုံးကလူတွေ ရှိတယ်ဆိုပြီး စကားလမ်းကြောင်းလွဲလိုက်ရတယ်။” လို့ မသူဇာမြင့်က ဆိုပါတယ်။

နောက်ပိုင်းကျ တောထဲကရဲဘော်တွေ ဖုန်းဘေလ်လိုတယ်ဆို ဆရာတော်ဆိုသူဆီကို အကူအညီသွားတောင်းပြီး ချက်ချင်းပြန် လွှဲပေးတာတွေလည်းရှိခဲ့တယ်။ ရိုဟင်ဂျာနှစ်ပတ်လည်နေ့မှာလည်း ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီးလည်း ဆရာတော် ဆိုသူထံက အင်တာဗျူးတောင်းတာ  စတဲ့အလုပ်နဲ့ပတ်သက်ပြီးစကားပြောခဲ့တယ်။

စက်တင်ဘာ ၁ရက်နေ့မှာတော့ ဆရာတော်ဆိုသူက တော်လှန်ရေးအတွက်ငွေတွေကို အကျိုးအမြတ်အဖြစ် ရင်းနှီးမြုပ်နှံမှု လုပ်ချင်တယ်ဆိုတဲ့ အကြောင်းပြောပြဖူးလို့ မသူဇာမြင့်က ရှယ်ရာကိစ္စသွားကမ်းလှမ်းခဲ့ပါတယ်။ အဲ့ဒီလို ရှယ်ရှာခေါ်လိုက်တဲ့ ကိစ္စဟာလည်း စီးပွားရေးအရသာဖြစ်ပြီး သူခေါ်မိတာမှားတယ်လို့ ထင်မိကြောင်းလည်း မသူဇာမြင့်က စက်တင်ဘာ ၁၀ ရက် နေ့က ဖေ့ ဘွတ်မှာ Live လွှင့် ရှင်းလင်းပြောခဲ့ပါသေးတယ်။

လိင်ပိုင်းဆိုင်ရာထိပါးမှုကိုထုတ်ဖော်

ဒီလို လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုတွေကို ဖော်ထုတ်ဖို့စဉ်းစားခဲ့ပေမယ့် တစ်ဦးထဲကြုံနေရတယ်လို့တွေးတာ၊ ဘယ်သူမှ ယုံကြည်ပေးမယ်လို့မထင်ကြတာ၊ ဒါ့အပြင် ဆရာတော်တစ်ပါးဖြစ်တဲ့အပြင် ဒါယိကာ၊ ဒါယိကာမများပြီး တော်လှန်ရေး လုပ် နေသူဖြစ်တဲ့အတွက် ထောက်ခံသူများတာစတဲ့အချက်တွေကြောင့် ကျူးလွန်ခံရသူအမျိုးသမီးတွေအနေနဲ့ ဖော်ထုတ်ဖို့ မဝံ့ရဲ ခဲ့ကြပါဘူး။

ဩဂုတ် ၂၅ မှာတော့ ဆရာတော်ဆိုသူရဲ့ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုအကြောင်းကို တော်လှန်ရေး တက်ကြွလှုပ်ရှား သူတစ်ဦးက ဖော်ထုတ်လိုက်ပါတော့တယ်။

ဒီလိုတင်ထားတာတွေ့ပြီးနောက် ရေချယ်၊ ဘုံဘုံနဲ့ မသူဇာမြင့်တို့ဟာလည်း ဆက်တိုက်ဆိုသလို ဖော်ထုတ်ကြပါတော့ တယ်။  ကျူးလွန်ခံရသူအမျိုးသမီးတွေဟာ ဒီကိစ္စတွေဟာ ကိုယ်တစ်ယောက်ထဲ ကြုံတွေ့နေရတာမဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ ကိုယ်တိုင် ထုတ်ဖော်ပြောဖို့အားအင်တွေ ရရှိခဲ့ကြတာဖြစ်တယ်။

ဒီအကြောင်းအရာကိုဖော်ထုတ်ပြောဆိုပြီးတဲ့နောက်မှာလည်း တချို့သူတွေကအားပေးကြသလို တချို့ကလည်း ဝေဖန်တိုက် ခိုက်တာတွေကို ကျူးလွန်ခံရသူအမျိုးသမီးတွေအားလုံးကြုံတွေ့ခဲ့ရတယ်လို့ဆိုကြပါတယ်။ အဆိုးဆုံးကတော့ လုံခြုံရေး ထိခိုက်နိုင်တဲ့ အချက်အလက်တွေဖွင့်ချခံရတာ၊ အပုတ်ချပြောဆိုခံရတာတွေ ကြုံတွေ့ခဲ့ရတယ်။

ဒါ့အပြင်တော်လှန်ရေးလုပ်နေသူတစ်ဦးကျူးလွန်တာဖြစ်တဲ့အတွက် တော်လှန်ရေးကိုထိခိုက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထုတ်ဖော်ပြောဆိုသူအမျိုးသမီးတွေကို ဝေဖန်တိုက်ခိုက်ကြတာလည်းရှိတယ်။

ဆရာတော်ဆိုသူနဲ့ ကျူးလွန်ခံရသူအမျိုးသမီးတွေ အချင်းချင်းမျက်နှာချင်းဆိုင်ဖြေရှင်းကြပေမယ့် တိကျတဲ့ ရလာဒ်မထွက် လာသလို လူအများရှေ့မှာလည်း အွန်လိုင်းကတစ်ဆင့်ဖြေရှင်းကြပေမယ့် ပြေလည်မှုမရရှိခဲ့ပါဘူး။

နွေဦးတော်လှန်ရေးဆရာတော်ဘက်ကတော့ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး အကောင့်အတုက ပြောဆိုတာ ဖြစ် ကြောင်းနဲ့ သူ မကျူးလွန်တဲ့အကြောင်း လူမှုကွန်ရက်မှာ ငြင်းဆိုထားပါတယ်။

ဒါ့အပြင် ဆရာတော်ဆိုသူဟာ သူ့အကြောင်း ထုတ်ဖော်သူတွေသာမက သတင်းမေးမြန်းသူ သတင်းထောက်တွေပါမချန် နာ မည်နဲ့ နေရပ်လိပ်စာတွေကို လှုမှုကွန်ရက်ပေါ်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း စကစလက်မှ တိမ်းရှောင် နေရသူတွေမှာ ထပ်မံတိမ်းရှောင်ရပြန်ပါတယ်။

ရေချယ်ဆိုရင် နွေဦးဆရာတော်က အကုန်ဖော်ထုတ်လိုက်တာကြောင့် ဖုန်းဆင်းကဒ်တွေ အပိတ်ခံရတာ ၊ ဟန်ငြိမ်းဦး ချန်နယ် မှာ အတင်ခံရတာ ၊  သူနေထိုင်တဲ့ နေရာတွေကိုဝင်စီးခံရတာနဲ့ နွေဦးဆရာတော်ဘက်တော်သားတွေက နှမခြင်းမစာနာ ပြော ဆို အရှက်ခွဲတွေတွေကို ကြုံနေရတယ်လို့ သူ့ရဲ့ဖေ့ဘွတ်မှာ ပို့စ်တင်ထားခဲ့ပါတယ်။

တရားမျှတမှုရဖို့ မျှော်လင့်

ဒီအကြောင်းအရာကို ထုတ်ဖော်ပြောဆိုသူအမျိုးသမီးတွေက တခြားအမျိုးသမီးတွေလည်း ဒီလိုမျိုးမကြုံရအောင်နဲ့ တော်လှန် ရေးလုပ်နေသူဖြစ်သည့်တိုင် ဒီလိုအပြုအမူမျိုးကျူးလွန်ပါက ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံရဖို့ ဆန္ဒရှိနေကြတာဖြစ်တယ်။

ကျူးလွန်ခံရသူအမျိုးသမီးတွေကတော့ အမျိုးသားညီညွှတ်ရေးအစိုးရကို တိုင်စာပို့ထားသလို အမျိုးသား ညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာဌာနက ဝန်ကြီးနဲ့တွေ့ဆုံကာ ဒီဖြစ်ရပ်တွေကို ပြောဆိုထားမှုတွေ ပြုလုပ်ထား ပါတယ်။

အမျိူးသမီးမဟာမိတ်အင်အားစုကလည်း ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဆရာတော်ဆိုသူကို အမျိုးသမီးတွေအပေါ် လိင် အမြတ်ထုတ်မှု၊ ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့‌တဲ့အပြစ်ကို ဝန်ခံပြီးတောင်းပန်ဖို့၊ သာသနာ၀တ်ရုံခြုံထားလျက် ဝိနည်းနဲ့မလျော် ညီစွာနှောင့်ယှက်ပြောဆိုခဲ့တဲ့လုပ်ရပ်ဟာ သာသနာညှိုးနွမ်း စေတဲ့လုပ်ရပ်ဖြစ်တဲ့အတွက် လူဝတ်လဲဖို့ ကြေငြာချက်ထုတ် တောင်းဆိုထားပါတယ်။

“ တော်လှန်ရေးမှာစစ်အုပ်စုကိုဆန့်ကျင်တယ်၊ ကန့်ကွက်တယ်ဆိုတဲ့ဟာက ကျွန်မတို့ပြည်သူတွေအတွက်က ဒီလိုမျိုးဆန့်ကျင် ကန့်ကွက်မှုကို ကြိုဆိုရမှာဖြစ်တယ်။ သို့သော်ငြား အဲ့ထဲမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားတာ၊ ခွဲခြားဆက်ဆံတာနှိမ်ချပြောဆိုတာ အမျိုးသမီးတွေတင်မဟုတ်ဘူး LGBT အပါအဝင် ကျန်တဲ့လူနည်းစုတွေ၊ လူနည်းစု ဘာ သာဝင် ကျန်တဲ့လူမျိုးတွေအပေါ်မှာ နိမ်ချဆက်ဆံတက်တဲ့ အလေ့အကျင့် တွေးခေါ်အယူဝါဒတွေရှိနေတယ်ဆိုရင် ဒါအာဏာ ရှင် ပြန်ဖြစ်လာနိုင်ချေရှိတဲ့ သူတွေလို့မှတ်ယူလို့ရတယ်။” လို့ Sister to Sister အဖွဲ့အစည်းက မသဥ္ဇာရွန်းလဲ့ရည်က ပြော ပါတယ်။

ဒီလိုအမြတ်ထုတ်မှုတွေဖြစ်ပြီဆိုတာကိုသိပြီဆိုတာနဲ့ ချက်ချင်းလက်ငင်းအရေးယူဆောင်ရွက်မှုလုပ်တာ၊ အသိပေးသတိပေး တာ၊ ဒီလိုဖြစ်ရပ်မျိုးတွေကိုနမူနာယူပြီး ကျန်တဲ့သူတွေကိုဒီလိုလုပ်ရပ်တွေကမကောင်းဘူး။ အဲ့လိုလုပ်ရပ်တွေလုပ်ခြင်းအား ဖြင့်  နောက်ဆက်တွဲအရေးယူမှုတွေ ကြုံရနိုင်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို အခုထဲကပေးဖို့လိုတယ်လို့ သူက မှတ်ချက်ပြုပါတယ်။

“ ကိုယ့်ဘက်သားမို့ တော်လှန်နေတဲ့သူမို့လို့ ဒီလူမို့လိုဆိုတဲ့ ပြစ်ဒဏ်ကင်းလွှတ်ခွင့်ပေးတယ် ဆိုရင်တော့ တရားမျှတမှုက စစ်မှန်တဲ့ တရားမျှတမှုရလာမှာမဟုတ်ဘူး။ ပြစ်ဒဏ်ကင်းလွတ်ခွင့်ယဉ်ကျေးမှုကြီး ဆက်ပြီးတော့ ရေရှည်တည်တံ့နေလိမ့် မယ်။ နစ်နာဆဲသူတွေကထပ်ပြီး နစ်နာဖို့ပဲရှိပါတော့တယ်။” လို့ မသဥ္ဇာရွန်းလဲ့ရည်ကပြောပါတယ်။

ကျူးလွန်ခံရသူအမျိုးသမီးတွေကလည်း ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တရားမျှတမှုအမြန်ဆုံးရဖို့ မျှော်လင့်နေကြပြီး အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။

“တခြားဘယ်အမျိုးသမီးကိုမှ ဒီလိုမျိုးမကြုံစေချင်ဘူး။ သူတို့ဘဝကိုသူတို့စိတ်ကြိုက်ပဲရှင်သန်စေချင်တယ်။ ခြိမ်းခြောက်ခံရ တာမျိုး အရှက်တရားတွေကိုတခြားသူရဲ့ အာဏာပါဝါတွေအောက်မှာ စတေးလိုက်ရတာတွေမျိုး မဖြစ်စေချင်ဘူး။” လို့ ဘုံဘုံ က ပြောပါတယ်။

ဒီလိုကျူးလွန်ခဲ့တဲ့ဆရာတော်ဆိုသူကို သူ့အပြစ်တွေကိုဝင်ချတောင်းပန်စေချင်ကာ၊ လူဝတ်လဲစေချင်တယ်လို့ ကျူးလွန်ခံရသူ အမျိုးသမီးတွေက တောင်းဆိုထားပါတယ်။

ဒါ့အပြင်ဆရာတော်ဆိုသူအနေနဲ့ သူ့အပြစ်တွေကိုဝန်ခံပြီးတောင်းပန်ခဲ့ရင် သူ့ဘက်ကရပ်တည်မယ့် သူမရှိတော့ဘူးဆိုရင် တောင် ကျူးလွန်ခံရသူအမျိုးသမီးတွေကိုယ်တိုင်က သူ့ဘက်ကရပ်တည်ပြီး တော်လှန်ရေးဆက်လုပ်သွားဖို့ ကူညီပေးသွား မယ်လို့ ရေချယ်ကပြောပါတယ်။

မသူဇာမြင့်ကလည်း “ သူကစံနမူနာဖြစ်စေရမယ်။ နောင်မှာတော်လှန်ရေးကာလမှာ တော်လှန်ရေးကာလကို ခုတုံးလုပ်ပြီးကျူး လွန်မယ့် သူတွေ အတွက်ရော ဒီနောက်ထပ်ကျူးလွန်လာမယ့် သူတွေအတွက်ရော နစ်နာမယ့်အမျိုးသမီးတွေအတွက်ရော သူကစံနမူနာ ဖြစ်စေ ရမယ်၊ အဲ့လိုဖြစ်အောင် အဆုံးထိသွားမှာ။” လို့ ဆိုပါတော့တယ်။  

Author:

Related Articles