Home ဆောင်းပါး တိုက်ပွဲတွေကြား ရတက် မအေးရတဲ့ ရခိုင်ပြည်သူတွေ 

တိုက်ပွဲတွေကြား ရတက် မအေးရတဲ့ ရခိုင်ပြည်သူတွေ 

သန့်ရှင်းထွန်း

အသက် ၄၀ ကျော်အရွယ် ဒေါ်အဝင်း(အမည်လွှဲ)ဟာ သူတို့ မိသားစု အေးအေးချမ်းချမ်း နေထိုင်ခဲ့တဲ့အိမ်ကို စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးလာခဲ့ရတာ အခုဆိုရင် တစ်လနီးပါး ရှိပါပြီ။

ခင်ပွန်းသည်မရှိတော့တဲ့ ဒေါ်အဝင်းဟာ မိသားစုငါးဦးနဲ့အတူ ရခိုင်ပြည်နယ် ပေါက်တောမြို့ပေါ်ကရပ်ကွက်တစ်ခုမှာ နေထိုင်ခဲ့သူဖြစ်ပြီး ဈေးထဲမှာ ကုန်စုံဆိုင်ရောင်းကာ အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်ပါတယ်။

ဒေါ်အဝင်းတို့ နေအိမ်ကိုစွန့်ခွာပြီး ထွက်ပြေးခဲ့ရတဲ့ အချိန်တစ်လနီးပါးမှာပဲ ပေါက်တောမြို့ဟာ လူစည်ကားနေတဲ့မြို့ကနေ လူသူကင်းမဲ့တဲ့ မြို့ပျက်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။

ဖြစ်ရပ်တွေက အရမ်းမြန်တာပဲ။ အဲဒီလို မြန်နေတဲ့ဖြစ်ရပ်တွေက ကျမအပါအဝင် ပေါက်တောမြို့သူမြို့သားတွေရဲ့ ဘဝကိုလည်း ပြောင်းလဲစေခဲ့တယ်။လို့ ဒေါ်အဝင်းက အားတင်းပြီးပြောပါတယ်။

ဒေါ်အဝင်းတို့နေထိုင်တဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့ဟာ ရက္ခိုင့်တပ်တော်(AA)နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ မြို့ဖြစ်ပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေး အကြိမ်ကြိမ်လာရောက် တိုက်ခိုက်တာခံနေရတဲ့မြို့ဖြစ်ပါတယ်။

မြို့ထဲမှာ အခိုင်အမာ တည်ဆောက်ထားတဲ့ တိုက်တွေတောင် ပြိုပျက်ကုန်ပါတယ်။ ကျမတို့နေခဲ့တဲ့ သစ်သားအိမ်ကတော့ အခုလောက်ဆို ပြာပုံဖြစ်နေလောက်ပြီ။လို့ ဒေါ်အဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒေသဆိုင်ရာ အချက်အလက်တွေအရ ပေါက်တောမြို့ပေါ်မှာ အိမ်ခြေ ၃၀၀၀ ကျော်၊ လူဦးရေ ၁၉၀၀၀ ကျော်နေထိုင်တယ်လို့ ဖော်ပြထားပြီး လက်ရှိ ၂၀၂၃ ခုနှစ်မှာတော့ မြို့ပေါ်အိမ်ခြေဟာ ဒီထက် ပိုနိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိပေါက်တောမြို့မြင်ကွင်းများ 
Photo – CJ

တိုက်ပွဲတွေ ရပ်တန့်နေတဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကစပြီး ရက္ခိုင့်တပ်တော်(AA)နဲ့ မြန်မာ စစ်တပ်တို့ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တာပါ။ပေါက်တောမြို့မှာတော့ နိုဝင်ဘာ ၁၆ ရက်က ပေါက်တော မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတာပါ။  

အဲဒီတိုက်ပွဲတွေကြောင့် ပေါက်တောမြို့ပေါ်က အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ၊ သက်ကြီး ရွယ်အိုတွေနဲ့ မသန်စွမ်းတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသလို ထွက်မပြေးနိုင်တဲ့ မြို့ခံတချို့ကတော့ အိမ်တွေမှာ ပိတ်မိနေခဲ့တယ်လို့ ပေါက်တောမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလို ပေါက်တောမြို့ခံတွေ ပိတ်မိနေချိန်မှာ မြန်မာစစ်တပ်က မြို့ခံ၂၀၀ကျော်ကို နေရာ၃နေရာမှာ ခွဲပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်နိုဝင်ဘာ ၁၇ ရက်ကမြန်မာစစ်တပ်က ပစ်သတ်လို့ မြို့ခံ ငါးဦးသေဆုံးခဲ့ပါတယ်သေဆုံးသူတွေထဲ အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ရခိုင်အခြေစိုက် သတင်းဌာနတွေက ရေးသား ဖော်ပြကြပါတယ်။

ပေါက်တောမြို့ထဲက နေအိမ်တွေမှာ ပိတ်မိနေခဲ့တဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေကို ရက္ခိုင့်တပ်တော်(AA)က ကယ်ထုတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ အေအေကထုတ်ပြန် ထားပါတယ်။

ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ခဲ့တဲ့ ပေါက်တောမြို့ခံတွေကို ကယ်ထုတ်လာတဲ့ ဗီဒီယိုမှတ်တမ်းအရ နေအိမ် တွေမှာ ပိတ်မိနေခဲ့တဲ့ မြို့ခံအများစုဟာ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တာကို တွေ့ရပါတယ်။

ဒီတကြိမ်မှာတော့ တိုက်ပွဲတွေ ပြင်းထန်မယ်လို့ ကျမတို့ ကြားခဲ့တယ်။ ကိုယ့်အလှည့် မရောက်ပါစေနဲ့လို့ ဘုရားစာ ရွတ်နေမိခဲ့တယ်။ ဒါပေမယ့် တိုက်ပွဲက ကျမတို့ရှေ့တည့်တည့်ကို ရောက်လာတာပဲ။လို့ ဒေါ်အဝင်းက ပြောပါတယ်။

အလားတူပဲ နိုဝင်ဘာလ ၂၄ ရက်က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မဈေးကို မြန်မာစစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလို့ ဈေးတခုလုံး မီးလောင်ပြာကျခဲ့ပါတယ်။

အမေရေ အကုန်ကုန်ပါပြီ။ ကျမတို့ ဈေးဆိုင်ခန်းတွေအကုန် မီးလောင်နေတယ်။ ကူညီကြပါ။”ဆိုပြီးအော်ဟစ်ငိုယိုနေတဲ့ ပုဏ္ဏာကျွန်း မြို့ခံအမျိုးသမီးတစ်ဦးရဲ့ ဗီဒီယိုဖိုင်လည်း လူမှုကွန်ရက်စာမျက်နှာ ပျံနှံ့ခဲ့ပါတယ်။

လက်ရှိပေါက်တောမြို့မြင်ကွင်းများ 
Photo – CJ

တိုက်ပွဲတွေနဲ့ မြန်မာစစ်တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေကြောင့် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရရှိနေတဲ့အပြင် အရပ်သားတွေ ပိုင်ဆိုင်တဲ့ နေအိမ်၊ ဈေးဆိုင်တွေလည်း မီးဟုန်းဟုန်းတောက်လောင်နေပြီလို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ ယုတ်မာမှုတွေက ကျမတို့အတွက် ဒီတသက် မကျေတော့ပါဘူး။ တိုက်ပွဲဖြစ်တိုင်း အပြစ်မဲ့တဲ့ အရပ်သားတွေကို ဦးတည်တိုက်ခိုက်တာက မြန်မာစစ်တပ်ရဲ့ အလေ့အထတစ်ခု ဖြစ်နေပါပြီ။”လို့ ပုဏ္ဏားကျွန်းမြို့မ ဈေးမှာ ဈေးဆိုင်ခန်းနှစ်ခန်းပိုင်တဲ့ အမျိုးသမီးတစ်ဦးက နာကျည်းစွာပြောပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်ထိ မြန်မာစစ်တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး လက်နက်ငယ်တွေကြောင့် သေဆုံးသူ ၃၄ ဦးကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ ၈၂ ဦးကျော် ရှိခဲ့ပြီး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ကြောင်း ရခိုင်အခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြပါတယ်။ အဲဒီအထဲမှာ ရခိုင်တိုင်းရင်းသားတွေသာမက ရိုဟင်ဂျာတွေလည်း ပါဝင်တယ် လို့ ရေးသားဖော်ပြကြပါတယ်။

တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရသူဟာ ၁၃၀,၀၀၀(တစ်သန်းသုံးသောင်း)ကျော်ထိ ရှိနေတယ်လို့ ရခိုင်အခြေစိုက် Border News Agency က ဖော်ပြပါတယ်။

မြန်မာစစ်တပ်ဟာ တိုက်ပွဲမရှိတဲ့ နေရာတွေကိုလည်း ဦးတည်တိုက်ခိုက်နေသလို ရခိုင်တပြည်နယ်လုံးမှာ ကျေးလက်ရော မြို့ပြပါ ခရီးသွားလာခွင့်တွေ ရပ်ထားတာကြောင့် အမျိုးသမီးတွေအပါအဝင် အရပ်သားတွေဟာ အခြေခံစားသောက်ကုန်တွေ ဝယ်မရတာ၊ ဈေးအဆမတန် ပေးဝယ်နေရတယ်လို့ မောင်တောမြို့က အမျိုးသမီး တစ်ဦးက ပြောပါတယ်။

Photo – CJ

စစ်ကောင်စီက ရခိုင်ပြည်မှာ ရှိတဲ့သူတွေကို သေနတ်နဲ့ ပစ်သတ်တာထက် အစာရေစာ ငတ်ပြီး သေအောင် လုပ်နေတာလို့ မြင်တယ်။ ကိုယ့်ကိုယ်ကိုတော့ အစိုးရလုပ်ပြီး ပြည်သူတွေအတွက်က ဘာမှမလုပ်ပေးနိုင်ဘူး။” လို့ အဲဒီ အမျိုးသမီးက ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ အခြေခံလူတန်းစားတွေ စားတဲ့ ရိုးရိုးဆန်ကြမ်းတစ်အိတ်ကို ကျပ်နှစ်သိန်းထိ ဈေးတက်နေပါတယ်။ လမ်းတွေ ပိတ်ထားတာကြောင့် မြို့မှာရှိတဲ့ စားသောက်ကုန်တွေဟာ တစ်လလောက်ပဲ စားရမယ့် အခြေအနေရှိပြီး နောက်ထပ်လည်း လမ်းတွေ ပိတ်ထားမယ်ဆိုရင်တော့ အငတ်ဘေးနဲ့ ရင်ဆိုင်ရတော့မယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

နေစရာနေရာမရှိ၊ ပြေးစရာမြေမရှိ၊ လုပ်စားကိုင်စားပျက်အောင်လုပ်တဲ့ မြန်မာစစ်တပ်ကို ရတဲ့ဘက်က တိုက်ခိုက် သွားချင်တယ်လို့ ဒေါ်အဝင်းရဲ့ သမီးတစ်ဦးက ပြောပါတယ်။

သမီးတို့မိသားစုဘဝကို ပျက်အောင်လုပ်တဲ့ စစ်တပ်ကို ပြန်ပြီး လက်စားချေချင်တယ်။ အခုလည်း ဘယ်လိုမျိုး လက်စားချေရမလဲ တွေးနေတယ်။လို့ သူကပြောပါတယ်။

အဲဒီလို လက်စားချေဖို့အတွက် အခွင့်ရရင် ရက္ခိုင့်တပ်တော်ထဲကို ဝင်ပြီး တော်လှန်ရေးလုပ်ချင်တယ်လို့ ဒေါ်အဝင်းရဲ့ သမီးက ဆက်ပြောပါတယ်။

ကလေးတွေအကုန်လုံးက ပထမ စိတ်ဓာတ်ကျကြတယ်။ အခုတော့ သူတို့ စိတ်ဓာတ်မကျတော့ဘူး။ အနာဂတ်မှာ ဘယ်လို လုပ်မလဲဆိုတာကို တိုင်ပင်နေကြတယ်။လို့ ဒေါ်အဝင်းက ပြောပါတယ်။

ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ဆိုင်နဲ့ ဘဝကို အေးအေးချမ်းချမ်း နေထိုင်လာခဲ့တဲ့ ဒေါ်အဝင်းတို့ မိသားစုကတော့ လက်ရှိမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေသေးတယ်လို့ သူက ပြောပါတယ်။

နေ့စဉ်နဲ့အမျှ လူမှုကွန်ရက်စာမျက်နှာတွေမှာ တက်လာတဲ့ ပေါက်တောမြို့ရဲ့ အခြေအနေကို မြင်တွေ့နေရတဲ့ ဒေါ်အဝင်းကတော့ သူနေထိုင်ခဲ့တဲ့ နေအိမ်ကို မြင်တွေ့ရမလားဆိုပြီး ရှာကြည့်မိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒေါ်အဝင်းနေထိုင်ခဲ့တဲ့ ပေါက်တောမြို့ပေါ်က သူ့ရဲ့နေအိမ်အပါအဝင် ထောင်ချီတဲ့ အိမ်တွေကတော့ လူသူကင်းမဲ့နေတဲ့ မြို့ပျက်ကြီးတခုလိုသာ မြင်နေရတော့တယ်လို့ ပြောရင်း သူ့မျက်လုံးအိမ်ထဲက မျက်ရည်တွေ စီးကျလာပါတော့တယ်။။

Author:

Related Articles