Home ဆောင်းပါး ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာလည်း ဖြစ်နေတဲ့ အိမ်တွင်းအကြမ်းဖက်မှု

ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာလည်း ဖြစ်နေတဲ့ အိမ်တွင်းအကြမ်းဖက်မှု

နန်းဆိုင်နွမ်။               ။

မငယ် (အမည်လွှဲ) ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမတဦးပါ။ ကလေး(၂) ယောက် ရှိပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကြောင့် အိမ်ထောင်ကွဲခဲ့ရတာလို့ သူကပြောပြပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုရဲ့အစကတော့ အရက်သောက်ပြီး သောင်းကျန်းတာတွေ၊ အလုပ်လုပ်ပြီး ပြန်လာတဲ့ဇနီး သည်ကို နည်းအမျိုးမျိုးနဲ့ စိတ်ဆင်းရဲအောင် ပြုလုပ်တာတွေ စပြီးကြုံရပြီး နောက်ဆုံးမှာ ကိုယ်ထိလက်ရောက် လုပ်တဲ့အဆင့် ဖြစ်လာတယ်လို့  မငယ်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။

“အစကတော့ ကျမကို စကားနဲ့အနိုင်ယူတာပေါ့။ အလုပ်သွားရင်လည်း တခြားသူနဲ့ပေးစားတာတွေ။ သူမူးလာရင် ပိုဆိုးတယ်။ နောက်ဆုံး ဘယ်လောက်အထိ အခြေအနေဆိုးလာသလဲဆိုတော့ ရိုက်တယ်၊ လည်ပင်းညှစ်တဲ့ အဆင့်ရောက်လာတယ်” လို့ အိမ်ထောင်ကွဲခဲ့တဲ့နေ့အကြောင်း ပြောပြပါတယ်။  “အဲဒီနေ့က သမီးကြီးသာ မအော် ရင် ကျမသေပြီ။ အဲဒီကတည်းက ကလေး(၂)ယောက်ကိုခေါ်ပြီး အိမ်ကနေထွက်ခဲ့တာ”

အိမ်ထောင်ကွဲဖို့ဆိုတာ မိန်းမသားတွေအဖို့တော့ အတော့်ကို ခက်ခဲတဲ့ကိစ္စပဲလို့ မငယ်က ပြောပါတယ်။

“ ကျမတို့အမျိုးသမီးတွေက ကိုယ်ယူပြီးတဲ့ ယောကျ်ားကိုကွဲဖို့ဆို သားသမီးမျက်နှာအရင်ကြည့်ကြတယ်။ ဒါပေမယ့် ယောကျ်ားတွေက ဒါတွေကို နားမလည်ကြဘူး။ ကျမတို့အမျိုးသမီးတွေက သားသမီးအတွက်လည်း အလုပ်လုပ် ရတယ်။ ပြီးတော့ ယောကျ်ားတွေ ပြောသမျှလည်း သည်းခံရတယ်”

ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ တနှစ်ထက်တနှစ် ပိုများလာတယ် လို့ ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးအဖွဲ့အစည်းတွေက ဆိုကြပါတယ်.

အိမ်တွင်းအကြမ်းဖက်မှု အမျိုးအစားတွေကတော့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေပါပဲ။

ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာဖြစ်တဲ့ အိမ်တွင်းအကြမ်းဖက်မှု အများစုကတော့ အမျိုးသားတွေက တခြား နယ်တွေမှာ အလုပ်သွားလုပ်တဲ့အခါ ကိုယ့်ဇနီးသည်တွေကို အဆက်အသွယ်မလုပ်တော့ဘဲ နောက်မိန်းမတွေ ယူသွားကြသလို  အလုပ်ကနေရတဲ့ငွေကို  ပြန်မအပ်ဘဲ လောင်းကစားတွေ ပြုလုပ်လာကြတာကြောင့် အိမ်ထောင် ရေး ပြဿနာတွေဖြစ်ကြတယ်လို့ ရွှေ့ပြောင်းအမျိုးသမီးတွေကို ကူညီတဲ့အဖွဲ့အစည်းတွေက ပြောပါတယ်။

အရင်နှစ်တွေမှာတော့ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေမှာ လိင်ပိုင်းဆိုင်ရာအမှုက များခဲ့ပေမယ့် ဒီနှစ်မှာတော့ ရုပ် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက ပိုပြီးများလာတာကို တွေ့ရပါတယ်လို့ ထိုင်းနိုင်ငံ  အခြေစိုက် အမျိုးသမီးနဲ့ ကလေးများကို လူမှုအကူအညီတွေပေးနေတဲ့ SAW အဖွဲ့ရဲ့ အမျိုးသမီးလုပ်ငန်းစဉ် တာဝန်ခံ မသင်းသင်းက ပြောပြပါတယ်။

“ဒီနှစ်မှာတော့ အမျိုးသမီးတွေအပေါ် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ သိသိသာသာ တိုးလာ တယ်။ ဒီ(၅)လအတွင်းမှာ အိမ်တွင်းအကြမ်းဖက်မှု (၃၀)ကျော်ရှိတယ်။ ဒီအမှုတွေက ကျမတို့အဖွဲ့ဆီ ရောက်လာ သလာက်ပဲ ရှိသေးတယ် ”

တချို့အိမ်တွင်းအကြမ်းဖက်မှုတွေက SAW အဖွဲ့ထံ မရောက်လာပဲ တခြားဝန်ဆောင်မှုပေးတဲ့ နေရာတွေကို လွှဲ ပြောင်းပေးရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အရင်နှစ်တွေမှာ ရောက်လာတဲ့ အမျိုးသမီးတွေအပေါ် အိမ်တွင်းအကြမ်းဖက်ခံရမှု(၄၀)ကျော်ရှိကြောင်း မသင်း သင်းက ပြောပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေခံရတဲ့ အမျိုးသမီးတွေက SAW  ဆီကို ပုံစံမျိုးစုံနဲ့ရောက်လာကြောင်း၊ တချို့အမျိုးသမီး တွေက ခန္ဒာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေရပြီး ရောက်လာသလို တချို့တွေကတော့ မျက်လုံး၊ မျက်နှာဖူး ယောင်ပြီး ရောက်လာတာတွေလည်း ရှိပါတယ်လို့ မသင်းသင်းက ပြောပြပါတယ်။

“ ဟိုတလောက ရောက်လာတဲ့ အမျိုးသမီးတွေဆိုရင် သူ့ယောကျာ်း လေးခွနဲ့ပစ်ခံရလို့ သူ့ပခုံး၊ သူ့ပေါင်မှာ အညို အမဲတွေ တွေ့ရတယ်။ ကျမတို့ကတော့ မယ်တော်ဆေးခန်းနဲ့ချိတ်ပြီး ကုသပေးနေပါတယ်” လို့လည်း မသင်းသင်း က ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကို ပြောပြပါတယ်။ မယ်တော်ဆေးခန်းဟာ မဲဆောက်မှာ ဖွင့်လှစ်ထားပြီး မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို အဓိကကုသမှုပေးနေတဲ့ ဆေးခန်းဖြစ်ပါတယ်။

အမျိုးသားက အမျိုးသမီးကို လေးခွနဲ့ပစ်တဲ့အမှုကတော့ လက်ရှိမှာ ပြန်ညှိနှိုင်းနေကြပြီး၊ ထိုင်းအာဏာပိုင်တွေ ရှေ့မှာ ဝန်ခံကတိရေးထိုးကာ ပြန်ပေါင်းကြကြောင်းလည်း သိရပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုဟာ ရွှေ့ပြောင်းအလုပ်သမားအသိုင်းအဝန်းမှာ အများကြီးဖြစ်နေပေမယ့် များသောအား ဖြင့် လာရောက်တိုင်ကြားမှု နည်းပါးကြောင်းလည်း  ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးတဲ့ (MAP Foundation) အမျိုးသမီးကဏ္ဍမှ နန်းယိင်းဟွမ်က ပြောပါတယ်။

“ အိမ်တွင်းအကြမ်းဖက်မှုက အများကြီးပါပဲ။ တချို့က ပြန်ပေါင်းတာရှိတယ်။ သူတို့ဘာသာ သူတို့ ဖြေရှင်းကြ တယ်။ တိုင်ကြားမှုကတော့ နည်းပါတယ်” လို့ နန်းယိင်းဟွမ်က ဆိုပါတယ်။

အိမ်တွင်းအကြမ်းဖက်တွေ အများစုကတော့ အမျိုးသားတွေက မူးလာရင် ကိုယ့်အမျိုးသမီးတွေကို ကိုယ့်ထိ လက်ရောက် ရိုက်နှက်တာတွေရှိသလို တချို့ကျတော့ မမူးဘဲ ရိုက်တာတွေ ရှိကြောင်းလည်း ရွှေ့ပြောင်းအလုပ် သမားတွေကို ကူညီတဲ့ အဖွဲ့ အစည်းက ပြောပါတယ်။

လက်ရှိ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ကူညီတဲ့နေရာမှာ အဓိက အခက်အခဲကတော့ အိမ်တွင်း ပြဿနာလို့ယူဆပြီး လင်မယားအချင်းချင်း ရန်ဖြစ်မှုတွေ ကြုံလာရင် အမျိုးသမီးတွေကို ကူညီတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ သွားရောက်အကူအညီပေးလို့ မရကြောင်း အမျိုးသမီးအဖွဲ့အစည်းတွေက ဆိုပါတယ်။

“ ကျမတို့ဆီရောက်လာတဲ့ သူတွေကို ကျမတို့ အကြံဉာဏ်ပေးလို့ မရဘူး။ ဒီလိုလုပ်ပါလို့လည်း ပြောလို့မရဘူး။ သူ တို့ ဆုံးဖြတ်ချက်ကိုပဲ ကျမတို့က လိုက်လုပ်ရတယ်။ နောက်တခါ ဖြစ်လာရင် လုံခြုံရေး ဘယ်လိုယူရမယ်ဆိုတာ ပြောပြတာကလွှဲရင် ကျမတို့ မတတ်နိုင်ဘူး” လို့ မသင်းသင်းက ဆိုပြန်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ကတော့ ထိုင်းနိုင်ငံရဲ့ အမျိုးသမီးများအပေါ်မှာ အကြမ်းဖက်မှုကာကွယ်ရေး ဥပဒေနဲ့ အရေးယူမှုတွေ ပြုလုပ်ကြောင်းလည်း သိရပါတယ်။

“တချို့အမျိုးသမီးတွေက ကျမတို့ မရဘူး၊ မပေါင်းဘူးဆိုပြီး ပြောပေမယ့် ထိုင်းရှေ့နေဆီ ခေါ်သွားတဲ့အခါမှာ ပထမအကြိမ်အနေနဲ့ ထိုင်းဥပဒေမှာ ညှိနှိုင်းမှုနဲ့ပဲသွားတယ်။ အကြိမ်ကြိမ်ဖြစ်မှ ကွာရှင်းပေးတယ်” လို့ မသင်းသင်း က ဆိုပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံရဲ့ဥပေဒေကို အသုံးပြုရတဲ့အတွက်  မြန်မာရွှေ့ပြောင်း အလုပ်သ မားတွေမှာ လက်ထပ်စာချုပ် မရှိတော့ ဖြေရှင်းရတာ ခက်ခဲကြောင်း၊ အဆင်မပြေကြောင်း တွေ့ရပါတယ်လို့ ရွှေ့ ပြောင်း အလုပ်သမားတွေ ကူညီနေတဲ့အဖွဲ့အစည်းတခုက ပြောပါတယ်။

“ မြန်မာပြည်သားတော်တော်များများက ရှေ့(၇)အိမ် နောက်(၇)အိမ်နဲ့ပဲ လက်ထပ်ထားတဲ့အတွက် ထိုင်းနိုင်ငံက လက်ထက် စာချုပ်မရှိရင် အဆင်မပြေဘူး။ မင်္ဂလာဆောင်ဓာတ်ပုံရှိလည်း အဆင်မပြေဘူး” လို့လည်း မသင်း သင်းက ဆိုပါတယ်။

“ကျမတို့အမျိုးသမီးတွေက အိမ်ထောင်ကွဲခံရမှာ အရမ်းကြောက်တယ်။ ကလေးတွေရှိရင် ပိုဆိုးတယ်။ နောက်ဆုံး မခံနိုင်တော့မှ ကလေးကိုခေါ်ပြီး ထွက်လာတယ်” လို့ MAP Foundition အမျိုးသမီးကဏ္ဍမှ နန်းယိင်းဟွမ်က ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေ အခက်အခဲကြုံရင် အမျိုးသမီးအချင်းချင်း အခက်အခဲဖလှယ်နိုင်ဖို့အတွက် နေရာလေးလို အပ်ကြောင်းလည်း နန်းယိင်းဟွမ်က ပြောပါတယ်။

အမျိုးသားတွေက အမျိုးသမီးတွေကို လက်ထပ်ယူပြီးသွားရင် သူတို့ပိုင်ဆိုင်တဲ့ ကုန်ပစ္စည်းတခုလို သဘောထား တာမျိုး လုပ်ကြတဲ့အတွက် အိမ်တွင်းအကြမ်းမှုတွေ ဖြစ်ပွားလာရတာပါလို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ တွေက ဆိုကြပြန်ပါတယ်။

လက်ရှိ ရွှေ့ပြောင်းအမျိုးသမီး အလုပ်သမားတွေ၊ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေ လျော့ကျလာအောင် အလုပ်ရုံ ဆွေးနွေးမှုတွေ ပြုလုပ်ပေးကြောင်း၊ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတဦးအနေနဲ့ အကြမ်းဖက်မှုခံရရင် အရေးပေါ် ဆေးရုံဆေးခန်းတွေကို ဘယ်နှစ်နာရီအတွင်း သွားကြဖို့ တိုက်တွန်းနေရပြီး ဝန်ဆောင်မှုရနိုင်တဲ့ နေရာတွေကိုပါ ထည့်သွင်းပြောပြရကြောင်းလည်း  ရွှေ့ပြောင်းအမျိုးသမီးအရေး ဆောင်ရွက်သူတွေက ပြောပြပါတယ်။

အမျိုးသမီးတွေအနေနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကို ရင်ဆိုင်နေရပြီး အမြဲတမ်းရေငုံနှုတ်ပိတ်နဲ့ သည်းခံနေလာခဲ့ ကြတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။

“ တကယ်လို့ ကိုယ့်အမျိုးသားက ကိုယ့်ကိုကိုယ်ထိလက်ရောက် တိုက်ခိုက်လာရင်တော့ သည်းခံပြီး ဆက်မပေါင်း ကြဖို့ပါပဲ။ စိတ်ဓာတ်လည်း မကျကြဖို့ အမျိုးသမီးတွေကို ပြောချင်ပါတယ်” လို့ ဒုက္ခတွင်းက လွတ်မြောက်ခဲ့တဲ့ မငယ်က ပြောပါတယ်။

Related Articles