Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

စက်တင်ဘာလ ၂၅ ရက်မှ အောက်တိုဘာ ၁ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်း အရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

  • နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးအပါအဝင် အရပ်သား ဦး ဖမ်းဆီးခံရ

နိုင်ငံရေးအကျဉ်းသူဟောင်း မခင်စုစုလှိုင်(ခ)မားစုအပါအဝင် အရပ်သား ၅ ဦးကို စစ်တပ်က စက်တင်ဘာ ၂၅ ရက် ညနေ ပိုင်းမှာ ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာဖမ်းဆီးသွားတာဖြစ်တယ်။

ဖမ်းခံရသူတွေကတော့ မခင်စုစုလှိုင်(မားစု)၊ ကိုမော်ချေမင်း၊ မအိရွှေစင်၊ မနီလာစိန်၊ ကိုဒေဝတို့ဖြစ်ပါတယ်။

မခင်စုစုလှိုင်က ၂၀၂၁ ခုနှစ်မှာ ပုဒ်မ ၅၀၅-က နဲ့ ထောင် ၃ နှစ်ချခံခဲ့ရကာ အင်းစိန်ထောင်မှ သာယာဝတီထောင်ကို ပြောင်းရွှေ့ အကျဉ်းကျခံခဲ့ရတာသူပါ။ သူဟာ ယခုနှစ် မေလ ၃ ရက်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက် လာခဲ့သူ ဖြစ်တယ်။

အခုလိုလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထပ်မံဖမ်းဆီးတာမျိုးတွေ ပုဒ်မအသစ်တွေနဲ့ ဖမ်းဝရမ်းတွေထုတ် ပြီး ပြန်လည်ဖမ်းဆီးတာတွေလုပ်နေတဲ့အတွက် နိုင်ကျဉ်းတွေအနေနဲ့ ကိုယ့်အိမ်မှာ မနေရဲလောက်အောင်ဖြစ်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်က ပြောပါတယ်၊

Source – DVB

  • စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီး ၅၀၀ နီးပါးအသတ်ခံရ

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ လူလေးထောင်ကျော် မတရားသတ်ဖြတ်ခံခဲ့ရပြီး ဒီထဲမှာ အမျိုးသမီးက ၄၆၉ ဦး အသတ်ခံခဲ့ရတယ်လို့ အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၉၂ ဦးပါဝင်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

သတ်ဖြတ်ခံရသူ ၄,၀၁၁ ဦးထဲမှာ အမျိုးသား ၃,၄၈၃ ဦးနဲ့ အသက် ၁၈ နှစ်အောက်ကလေးငယ် ၂၉၂ ဦးပါဝင်ပြီး အမျိုးသမီး က ၄၆၉ ဦးနဲ့ ကျန် ၅၉ ဦးကတော့ ဘယ်သူဘယ်ဝါဆိုတာ မခွဲခြားနိုင်ခဲ့တဲ့ ရုပ်အလောင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

ကြိုးပေးသတ်ဖြတ်ခံရသူက လေးဦး၊ အဓမ္မပြုကျင့်သတ်ဖြတ်ခံရသူက ၁၁ ဦး၊ အကြောင်းမဲ့သတ်ဖြတ်ခံရသူက နှစ်ထောင် ကျော်၊ ဆေးဝါးကုသခွင့်မရလို့ သေဆုံးရသူ ၃၀ ကျော်စတဲ့သေဆုံးရတဲ့အကြောင်းအရာမျိုးစုံပါဝင်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခု ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အထိ နောက်ဆုံးကောက်ယူ ထားတဲ့ စာရင်းဖြစ်ပါတယ်။

Source – RFA

  • KNU တပ်မဟာ()မှာ လက်နက်ကြီးနဲ့ပစ်ခံရလို့ အမျိုးသမီး ဦးအပါအဝင် ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃) နယ်မြေ၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ လက်နက်ကြီးနဲ့ပစ်ခတ် ခံရလို့ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက စက်တင်ဘာလ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကျေးရွာတွေဘက် လက်နက်ကြီးကို ပစ်ခတ်နေတာကတော့ ခြေမြန်တပ်ရင်း ခလရ (၂၆၄)တပ်ကဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရသူတွေကတော့ အသက်ကိုးနှစ်အရွယ်ရှိ ဟန်ထက်အောင်၊ အသက် ၅၂ နှစ်အရွယ်ဒေါ်စန်းနဲ့ အမျိုးသားနှစ်ဦးတို့ဖြစ်တယ်။

မုန်းမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၉၀) ကလည်း ထီးတိုလိုကျေးရွာထဲ လက်နက်ကြီးငါးလုံးပစ် ခတ်ခဲ့လို့ ဒေါ်စန်းအပါအဝင် အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNUရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source – Mizzima 

  • ချောင်းဦးရွာ စီးနင်းခံရမှုကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို စစ်တပ်က စက်တင်ဘာ ၂၆ ရက် နေ့လယ်မှာ စစ်ကြောင်းထိုးမှုကြောင့် တော်လှန်ရေး ရဲဘော် ၃ ဦးနဲ့ အမျိုးသမီးတစ်ဦးအပါအဝင် ၉ ဦးထက်မနည်း သေဆုံးမှုရှိတယ်လို့သိရပါတယ်။

စစ်တပ်ရဲ့စစ်ကြောင်းထိုးတိုက်ခိုက်မှုမှာ PDF ရဲဘော် ၃ ဦး သေဆုံးခဲ့သလို မင်းတည်ကျေးရွာက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်။

ရဟတ်ယာဉ်နဲ့ စစ်သားတွေပို့ဆောင်ခဲ့သလို လေကြောင်းကနေ ပစ်ကူပေးခဲ့တာကြောင့် မန်ကျည်းခွရွာအပါအဝင်မင်းတည် နဲ့ မင်းခေါင်ရွာမှ နေအိမ်တွေကို ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် ရွာသား ၃ ပုံ ၁ ပုံခန့် ပိတ်မိနေခဲ့တာဖြစ်တယ်။

လက်ရှိအချိန်အထိ စစ်တပ်က ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေပြီး ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ နယ်မြေရှင်းလင်း ရေးမလုပ်နိုင်သေးလို့ သေဆုံးမှုအရေအတွက်ကို အတိအကျမရှိရသေးပါဘူး။

Source – မြေလတ်အသံ

  • ကလေးမြို့မှ ဆန္ဒပြတဲ့အမျိုးသမီးနှစ်ဦးအပါအဝင် ဦးကို ထောင် ၁၀ နှစ်စီ ထပ်မံချမှတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ သင်္ကြန်ကာလက စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ်ပြုလုပ်တဲ့အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ထောင် ၁၀ နှစ်စီ ထပ်မံချမှတ်လိုက်ပါတယ်။

ယခုနှစ် ဧပြီ ၁၆ ရက်က ကလေးမြို့ပင်မသပိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ကိုသန်းစိုးဦး၊ မကျင်ဒိတ်ကင်၊ မအိစံနှင့် ကိုမျိုးကိုဦးတို့ကို ဖမ်းဆီးသွားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခဲ့ပါတယ်။

ဒီအမှုအတွက် ကလေးမြို့နယ်တရားရုံးက သူတို့ကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ပြီးဖြစ်တယ်။ စက်တင်ဘာ ၂၅ ရက်မှာ အားပေး ကူညီမှုဆိုင်ရာ ပုဒ်မ ၅၀ (ည)၊ ၅၀ (ဇ)၊ ၅၂ (က)တို့နဲ့ ထောင်ဒဏ် ၁၀ နှစ်ထပ်မံအမိန့်ချလိုက်တာဖြစ်တယ်။

ဖမ်းဆီးခံရသူတွေရဲ့နေအိမ်တွေကို ဖျက်ဆီးချိပ်ပိတ်တာတွေကို စစ်တပ်က လုပ်ဆောင်ခဲ့ပါတယ်။ ဒီသပိတ်အဖွဲ့ဝင် ၄ ဦး ဖမ်းခံရပြီးနောက် ကလေးမြို့မှာ ဆန္ဒပြပွဲတွေလျော့သွားခဲ့တယ်။ ၂၀၂၁ အာဏာသိမ်းတဲ့အချိန်ကစလို့ ယနေ့အထိ ဖမ်းဆီးခံ ထားရတဲ့ ကလေးမြို့သပိတ်အင်အားစုအဖွဲ့ဝင် ၆၀ နီးပါးရှိကြောင်း သပိတ်ကော်မတီထံမှ သိရပါတယ်။

Source – Myanmar Now

  • သီလရှင်တပါးအပါအဝင် ခုနှစ်ဦး ဒလန်စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံရ

သီလရှင်တပါးအပါအဝင် လောင်းလုံးဒေသခံခုနှစ်ဦးကို  စစ်တပ်သတင်းပေးလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံလိုက်ရ တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

သတ်ဖြတ်ခံရသူတွေကတော့ အသက် ၆၄ နှစ်အရွယ် သီလရှင် ဒေါ်နန္ဒစာရီ၊ အသက် ရှစ်ဆယ်ကျော်အရွယ် ဦးလှရွှေ၊ အသက် ငါးဆယ်ဝန်းကျင် ဦးအောင်မိုး၊ အသက်လေးဆယ်ဝန်းကျင်ရှိကြတဲ့မဝါဝါနဲ့ ကိုသက်စိုးထိုက်၊ အသက်နှစ်ဆယ်ကျော်အရွယ် တွေ ဖြစ်ကြတဲ ကိုနေရဲစိုးနဲ့ ကိုအောင်နိုင်ရှိန်တို့ဖြစ်တယ်။

သီလရှင် ဒေါ်နန္ဒစာရီ၊ ဦးအောင်မိုး၊ကိုနေရဲစိုးနဲ့ ကိုအောင်နိုင်ရှိန်တို့နဲ့ နီးစပ်သူတွေ၊ မိသားစုဝင်တွေကတော့ လောင်းလုံး (ပကဖ) ရဲ့ ဒလန်စွပ်စွဲချက်ကို ငြင်းဆိုထားကြပါတယ်။

လောင်းလုံပကဖရဲ့ဒလန်လို့ စွပ်စွဲပြီး သတ်ဖြတ်ခံရသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ မိသားစုဝင်တွေအနေနဲ့ လက်ခံ ရရှိတာမရှိပါဘူး။ စစ်တပ်ကတော့ အာဏာသိမ်းချိန်စလို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်အထိ ပြည်သူ့ကာကွယ်ရေးတပ်တွေ လက်ချက်နဲ့ ကလေးသူငယ်တွေအပါအဝင် လူပေါင်း ၆,၀၉၁ ဦးသေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။

Source – Delta News Agency   

  • မင်းတပ်မှာ မိုင်းနင်းမိလို့ အမျိုးသား ဦး သေဆုံးပြီး အမျိုးသမီး ဦးဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ဝင်နားမှာ ဒီကနေ့ စက်တင်ဘာလ(၂၆)ရက်၊ မနက်ပိုင်းမှာ တောင်ယာသွားတဲ့အမျိုး သားတစ်ဦးမိုင်းနင်းမိပြီး သေဆုံးခဲ့သလို အမျိုးသမီးတစ်ဦးကတော့ ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

ဒေသခံတွေကတော့ ဒီနင်းမိုင်းတွေဟာ စစ်တပ်ကထောင်ထားတဲ့မိုင်းတွေလို့ စွတ်စွဲထားပါတယ်။ ဘာလို့ဆိုမင်းတပ်မှာ စစ်တပ်က အင်အားဖြည့်တင်းနေပြီး ခလရ ၂၇၄ ကလည်း လက်နက်ကြီးနဲ့ ရွာထဲကို ရမ်းသမ်းပစ်ခတ်နေတယ်လို့ ပြော ပါတယ်။

မင်းတပ်မြို့နယ်အတွင်း လက်နက်ကြီးကျရောက်မှုဟာ တိုက်နယ် ၂ ဘက်ကို ၄ ကြိမ်ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက် ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

Source – Chin World 

  • စစ်ကိုင်း လူမှုဖူလုံရေးရုံးရှေ့ ပေါက်ကွဲမှုဖြစ်ပြီး အရပ်သားအမျိုးသမီး ဦးထိခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မြဝတီရပ်ကွက်၊ ဈေးကုန်းရပ်မှာရှိတဲ့လူမှုဖူလုံရေးရုံးရှေ့မှာ ပေါက်ကွဲမှုဖြစ်ပြီး လမ်း သွားလမ်းလာ အရပ်သားအမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် ညနေ ၅ နာရီခန့်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၀ နှစ်အရွယ် ဒေါ်နွယ်နီလှနဲ့ အသက် ၅၁ နှစ်အရွယ် ဒေါ်ရီမိုးဆိုသူ ၂ ဦး ထိခိုက်ဒဏ်ရာရသွားတာဖြစ်တယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသွားသူ ၂ ဦးကိုတော့ ဒေသခံတွေက စစ်ကိုင်းဆေးရုံကို ပို့ပေးထားပါတယ်။ ဒီမိုင်းကို တော့ ဘယ်အဖွဲ့ကဘာကြောင့်လာရောက်လုပ်ဆောင်သွားတယ်ဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Source – မြေလတ်အသံ

  • စက်လှေပေါ်က ဖမ်းမိတဲ့ရိုဟင်ဂျာအယောက် ၇၀ ကျော် ထောင် နှစ်စီချမှတ်ခံရ

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ပြင်စလူဒေသ၊ ကိုင်းတောင်ကျေးရွာအနီးက ပင်လယ်ပြင်မှာ ပြီးခဲ့တဲ့ ဩဂုတ်လက ဖမ်းမိ ထားတဲ့ရိုဟင်ဂျာအယောက် ၇၀ ကျော်ကို လပွတ္တာတရားရုံးက ထောင်ငါးနှစ်စီချမှတ်လိုက်တယ်လို့ရိုဟင်ဂျာအရေးလှုပ်ရှား သူတွေက ပြောပါတယ်။

ဖမ်းခံထားရတဲ့ရိုဟင်ဂျာတွေဟာ ကိုင်းသောင်ကျေးရွာနဲ့ (၄)မိုင်လောက်ဝေးတဲ့ပင်လယ်ပြင်မှာ စက်ပျက်လို့ကျောက်ချနား နေတာဖြစ်ပြီး စက်လှေပေါ်မှာတော့ ရိုဟင်ဂျာအမျိုးသား ၆၇ ဦး နဲ့ အမျိုးသမီး ၅ ဦး လိုက်ပါလာတာဖြစ်တယ်။

ထောင်ဒဏ်အမိန့်ချခံရတဲ့ရိုဟင်ဂျာ ၇၂ ဦးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားကတ်ကိုင်ဆောင်သူတွေဖြစ်ပြီး မြန်မာပင်လယ်ပြင် ရေပိုင်နက်အတွင်းဖမ်းဆီးမိတာကြောင့် အမျိုးသားမှတ်ပုံတင်နဲ့ လူဝန်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၆၃(က)နဲ့ အရေးယူလိုက် တာပါ။

ပင်လယ်ပြင်မှာ စက်ပျက်လို့ ကျောက်ချရပ်နားနေတဲ့ရိုဟင်ဂျာတွေကို စစ်တပ်ရဲ့ပင်လယ်ပြင်စိုးမိုးရေးတပ်၊ ရေတပ်နဲ့ ရဲတပ်ဖွဲ့တို့ပါဝင်တဲ့ပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လ ၄ ရက်က ဖမ်းဆီးခဲ့တာဖြစ်တယ်။

Source – Delta News Agency   

  • ဖမ်းဆီးခံထားရတဲ့နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကိစ္စ အလေးပေးဖော်ပြ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီတည်ထောင်ခြင်း ၃၅ နှစ်မြောက်အခမ်းအနား သတင်းထုတ်ပြန်ချက်မှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ လွတ်မြောက်ရေးအတွက် အလေးပေးဖော်ပြထားပါတယ်။

ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခံထားရတဲ့NLD ပါတီဥက္ကဋ္ဌလည်းဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ သွားဖုံးရောင်ရောဂါနဲ့ ပြင်း ထန်တဲ့သွားကိုက်ဝေဒနာခံစားနေရလို့ သူကိုယ်တိုင် ပြင်ပက သွားဆရာဝန်နဲ့ကုသနိုင်ဖို့ ထောင်အာဏာပိုင်တွေထံ တင်ပြ ထားပေမယ့် ခွင့်ပြုချက်မရသေးတာဖြစ်တယ်။

ဒါကြောင့်၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ရက်မှ စတင်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့နိုင်ငံတော်အတိုင်ပင်ခံဟာ အသက်အရွယ် ၇၈ နှစ်ရှိပြီဖြစ်လို့ ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကို အထူးအလေးအထားရမယ့်အရွယ်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားတာပါ။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့စွပ်စွဲထားတဲ့အမှု ၁၉ ခုအတွက် ထောင်ဒဏ် ၃၃ နှစ်ကျခံနေရချိန် သြဂုတ်လ ၁ ရက်မှာ အမှုငါးမှုအတွက် ခြောက်နှစ်လွတ်ငြိမ်းသက်သာခွင့်ရခဲ့ပါတယ်။ ဒါကြောင့် ထောင်ဒဏ် ၂၇ နှစ်ကို ဆက်လက်ကျ ခံရဖို့ရှိနေတာဖြစ်တယ်။

Source – Mizzima 

  • တစ်လအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတွေအပါအဝင် အရပ်သား ၄၃ ဦးသေဆုံး

စစ်တပ်ရဲ့လေကြောင်းရန်နဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၄၃ ဦးသေဆုံးမှုထဲမှာ အမျိုးသမီး တွေလည်း ပါဝင်ကြောင်း သိရပါတယ်။

RFA က ကောက်ယူထားတဲ့စာရင်းတွေအရ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ် သား ၄၃ ဦး သေဆုံးပြီး ၁၃၈ ဦး ဒဏ်ရာရခဲ့တာဖြစ်တယ်။

စက်တင်ဘာ ၂၈ ရက်၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရှားဖိုရွာက နေအိမ်တစ်လုံးအပေါ် လက်နက်ကြီးကျည်ကျရောက် လို့ အမျိုးသမီး ၃ ဦးနဲ့ အသက် ၁၅ နှစ်အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကိုင်းတိုင်းဟာ အရပ်သား သေဆုံးထိခိုက်မှု အများဆုံးဒေသဖြစ်ပြီး စက်တင်ဘာလထဲ ၂၀ ဦး သေဆုံးကာ ၃၈ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒုတိယအများဆုံးက ကရင်အမျိုးသားအစည်းအရုံး (KNU)ထိန်းချုပ်ထားတဲ့ ပဲခူး တိုင်း၊ အရှေ့ခြမ်းဖြစ်ပြီး အရပ်သားလေးဦး သေဆုံးပြီး ၂၆ ဦး အထိဒဏ်ရခဲ့တာဖြစ်တယ်။

Source – RFA

  • ကလေးမြို့ထဲ စစ်လက်နက်ကြီးကျလို့ အမျိုးသမီး ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ခလရ ၈၉ တပ်ကုန်းမှာ အထိုင်ချထားတဲ့ စစ်တပ်က ၆၀မမ လက်နက်ကြီးကျည်ထိလို့ ဒေသခံ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား  ၂ ဦး ဒဏ်ရာရသွားတာဖြစ်တယ်။

စက်တင်ဘာ ၂၉ ရက် ဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေးမြို့၊ မြို့လှ ရပ်ကွက်က နေအိမ်တလုံးထဲ ကျရောက်သွားပြီး ထမင်းချက်နေတဲ့ ၂၇ နှစ်အရွယ် မခင်မာစိန် သေဆုံးခဲ့ပါတယ်။

အိမ်နားနီးချင်းဖြစ်တဲ့ ဦးမြဖေ ၅၈ နှစ်နဲ့  ဦးလူမင်း ၆၇ နှစ်တို့ကတော့ ခြေထောက်မှာထိမှန်ဒဏ်ရာရခဲ့တာဖြစ်တယ်။

စက်တင်ဘာ ၂၇ ရက်ကလည်း စစ်တပ်ဟာ အောင်သာယာကျေးရွာနားကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ရှားဖိုကျေးရွာ ထဲ ကျရောက်ပြီး မိသားစုဝင် ၄ ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

Source – မြေလတ်အသံ

  • ဝန်းသိုမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၁၀ ဦးအပါအဝင် ကလေးငယ် ၁၈ ဦးထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့၊ ဂျိုးတောင်ရွာက စာသင်ကျောင်းကို စစ်တပ်က လက်နက်ကြီးနဲ့ သုံးကြိမ်တိုင်တိုင်ပစ်ခတ်ခဲ့တာ ကြောင့် စာသင်နေတဲ့ကလေး ၁၈ ဦးထိခိုက်ဒဏ်ရာရသွားခဲ့တာဖြစ်တယ်။

ထိခိုက်ဒဏ်ရာရသွားတဲ့ကလေး ၁၈ ဦးဟာ အသက် ၈ နှစ်ကနေ ၁၂ နှစ်အတွင်း ယောက်ျားလေးရှစ်ဦး၊ မိန်းကလေး ၁၀ ဦး ဖြစ်ပါတယ်။ အဲဒီအထဲက ကလေးခြောက်ဦးကတော့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်။

အဲဒီစာသင်ကျောင်းဟာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာရပ်မိရပ်ဖတွေ စုပေါင်းပြီး ရွာဘုန်းကြီးကျောင်းဝင်းထဲမှာ ဖွင့် လှစ်ထားတာပါ။ ကျောင်းမှာစာသင်နေတဲ့ ကလေးတွေကတော့ အသက် ၄ နှစ်ကနေ ၁၂ နှစ်အတွင်း ကလေးအယောက် ၁၀၀ ကျော်ရှိပါတယ်။

လက်နက်ကြီးကြောင့် စာသင်ကျောင်းဆောင်လည်း အနည်းငယ်ပျက်စီးသွားသလို ကျောင်းကိုလည်း ဒီနေ့အချိန်အထိ ပိတ် ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Source – RFA

Author:

Related Articles