Home ဆောင်းပါး ကရင်နီ စစ်ဘေးရှောင်တွေ အားကိုးနေရတဲ့ တဝက်စျေးဆိုင်လေးတွေ

ကရင်နီ စစ်ဘေးရှောင်တွေ အားကိုးနေရတဲ့ တဝက်စျေးဆိုင်လေးတွေ

ဒေဝီ။ ။

တဲလေးတစ်ခုမှာ ဖွင့်လှစ်ထားတဲ့ စျေးဆိုင်လေးမှာ စျေးဝယ်သူတွေ စည်စည်ကားကားနဲ့ သက်ဝင်လှုပ်ရှား နေပါတယ်။ စျေးခုံပေါ်မှာလည်း ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ငါးခြောက်၊ ခေါက်ဆွဲနဲ့ အမယ် မစုံပေမယ့် မီးဖိုချောင် အတွက် အခြေခံကျတဲ့ စားသောက်ကုန်ပစ္စည်းလေးတွေက စီစီရီရီ။

စျေးဝယ်သူတချို့က ဝယ်ယူပြီးသား စားသောက်ကုန်တွေကို လွယ်ထားတဲ့ ပလိုင်းထဲ ထည့်နေကြသလို တချို့ကလည်း အထုတ်လက်က ဆွဲလို့။

သူတို့ဝယ်ယူသွားတဲ့ စားနပ်ရိက္ခာလေးတွေက မိသားစုတွေအတွက် ရက်အနည်းငယ် စားသောက်ဖို့ အဆင်ပြေသွားသလို ငွေကြေးအားဖြင့်လည်း ငါးထောင် မပြည့်တဲ့ ပမာဏ ဝန်းကျင်သာ ကုန်ကျတာတြောင့် ဒီစျေးဆိုင်လေးက စည်ကား နေတာပါ။

စစ်ဘေးရှောင်များအတွက် တစ်ဝက်စျေးဆိုင်များက စားဝတ်နေရေးကို အတိုင်းအတာတစ်ခုထိ ပြေလည်စေသည်

ဒါကတော့ HOPE–The Humanitarian Organization ရဲ့ ရွှေ့လျားတဝက် စျေးဆိုင် မြင်ကွင်းပဲ ဖြစ်ပါတယ်။

“တခြားစျေးဆိုင်မှာဝယ်ရင် ငါးထောင်နဲ့ ဘယ်ရမလဲ တစ်သောင်းနား ကပ်မှာ။ ဆရာမလေးတို့က စစ်ရှောင် တွေကို ကူညီတဲ့အနေနဲ့ လျှော့ရောင်းလို့ ဒီစျေးနဲ့ရတာ၊ တပတ် တစ်ကြိမ်လောက် လာရင် ကောင်းမယ်။”လို့  တစ်ဝက် စျေးဆိုင် လေးမှာ လာ‌ရောက်ဝယ်သူ ဒေါ်ခူးခူး (အမည်လွှဲ)က ပြောပါတယ်။

ရွှေ့လျားတစ်ဝက်စျေးဆိုင်လေးက ကရင်နီပြည်နယ်က စစ်ရှောင်ပြည်သူတွေ လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို မူရင်းဈေးထက် ၅၀ ရာခိုင်နှုန်း (တစ်ဝက်)လျှော့ဈေးနဲ့ ရောင်းချပေးနေတဲ့ ဆိုင်လေးတွေ ဖြစ်ပါတယ်။

တစ်ဝက်စျေးဆိုင်မှာ စစ်ရှောင်ပြည်သူတွေအတွက် နေ့စဉ် လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား ကြက်ဥနဲ့ အခြေခံ စားသောက် ကုန်တွေအပြင် ဆပ်ပြာ၊ အမျိုးသမီးလစဉ်သုံးလိုမျိုး တကိုယ်ရည် အသုံးအဆောင် ပစ္စည်းတွေကို အဓိက ရောင်းချ ပေးနေတာပါ။

စျေးနှုန်းတွေကလည်း ဆန်တစ်လုံး ၂၅၀ ကျပ်၊ ဆီ ၁၀ သား ၅၀၀၊ ကြက်ဥတစ်လုံး ၁၂၅ ကျပ်၊ အမျိုးသမီး လစဉ်သုံး တစ်ထုတ် ၅၀၀ ကျပ်နဲ့ ကုန်ပစ္စည်းတွေကို ထက်ဝက်နီးပါး စျေးလျှော့ရောင်းပေးတာကြောင့် စစ်‌ရှောင်ပြည်သူတွေရဲ့ ငွေကြေးကို ချွေတာရာရောက်စေတယ်လို့ HOPE –The Humanitarian Organization က စီမံဘဏ္ဍာတာဝန်ခံ ဆရာမလင်းက ပြောပါတယ်။

စျေးဆိုင်လေးတွေရဲ့ အစ

တစ်ဝက်စျေးဆိုင်လေး အစပြုရာက HOPE–The Humanitarian Organization ဆိုတဲ့ လူမှုအကျိုးပြု လုပ်ငန်းကပါ။ လွန်ခဲ့တဲ့ ၁၀ လဝန်းကျင် ကရင်နီပြည်နယ်က စစ်ဘေးရှောင် စခန်းအချို့မှာ HOPE က စားနပ်ရိက္ခာတွေကို စျေးနှုန်း တဝက်နဲ့ ရောင်းချတဲ့ စျေးဆိုင်တွေ အထိုင်ချ ဖွင့်လှစ်ခဲ့ပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်မှာ စစ်ရှောင် ဦးရေက နေ့စဉ်နဲ့အမျှ တိုးလာပါတယ်။ စစ်ဘေးရှောင်တွေမှာ နေ့စဉ် အသက်ရှင်ရပ်တည်ဖို့အတွက် စားဝတ်နေရေး အခက်အခဲဖြစ်လာတဲ့အခါ ပြည်သူတွေရဲ့ ထောက်ပံ့ ကူညီမှုတွေနဲ့သာ ရှေ့ဆက်ရပါတယ်။

ဒေသခံတွေက စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေထိုင်ရတဲ့အခါ ပုံမှန် ဝင်ငွေရတဲ့ အလုပ်လည်း မလုပ်နိုင်ဘဲ ကြုံရာကျပန်း လုပ်ကိုင် ရှာဖွေစားသောက်နေရပြီး အဆမတန် မြင့်တက်လာတဲ့ ကုန်စျေးနှုန်းဒဏ်ကို ပိုလို့ခံရပါတယ်။

စစ်ဘေးရှောင်ကူညီတဲ့အဖွဲ့တွေက စားနပ်ရိက္ခာတွေ မျှဝေကြပေမယ့် နေ့စဉ်တိုးလာတဲ့ စစ်ရှောင်တွေအတွက် လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်ပါဘူး။ ကူညီသူတွေမှာလည်း ပြည်သူတွေရဲ့ လှုဒါန်းမှုတွေနဲ့ ရပ်တည်ရတော့ တော်လှန်ရေးကာလ ကြာလာတဲ့အခါ အလှုငွေ ရရှိမှုလည်း နည်းလာတော့ စစ်ရှောင် ပြည်သူတွေ စားနပ်ရိက္ခာ ပြတ်လပ်တာတွေ ရှိလာပါတယ်။

ဒီလို အခက်အခဲကို HOPE အဖွဲ့လည်း ကြုံရတဲ့အခါ စစ်ဘေးရှောင်တွေကို ရေရှည်ကူညီနိုင်မယ့် နည်းလမ်း စဉ်းစားရင်း စားနပ်ရိက္ခာတွေကို စျေးနှုန်း တဝက်လျှော့ချပြီး ရောင်းဖို့ စဉ်းစားခဲ့ကြတယ်။

“သူတို့လည်း ပိုက်ဆံကို ၅၀ ရာခိုင်နှုန်းပဲ စိုက်ရမယ်။ ကျန်တဲ့ဟာကို အလှူငွေကနေ ရပ်တည်မယ် ဆိုလို့ရှိရင် နှစ်ဦးနှစ်ဖက် အတိုင်းအတာတခုအထိ တောင့်ခံလို့ရမလားဆိုပြီး စဖြစ်ခဲ့တယ်။”လို့ ဆရာမလင်းက ပြောပါတယ်။

ကရင်နီပြည်နယ်က စစ်ဘေးရှောင်စခန်းတစ်ခုမှာ တဝက်စျေဆိုင်လေး တစ်ခုကို အထိုင်ချ ဖွင့်လှစ်ခဲ့ရာမှာ စစ်ရှောင်ပြည်သူတွေ အားပေးမှုကြောင့် အခြား စစ်ရှောင်စခန်းတွေမှာပါ သွားရောက် ဖွင့်လှစ်ခဲ့ပါတယ်။

စစ်ဘေးရှောင်များ တစ်ဝက်စျေးဆိုင်တွင် ဝယ်ယူနေကြသည်ကို တွေ့ရစဉ် 

စ်ဝက်စျေးမှသည် ရွေ့လျားစျေးဆိုင်

တစ်ဝက်စျေးဆိုင်အကြောင်းကို ကြားသိတဲ့ တခြားစခန်းတွေကလည်း အဲ့လို ဈေးဆိုင်လေးတွေ ရောင်းပေးဖို့ တောင်းဆို လာကြပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဝေးလံတဲ့ စစ်ရှောင်စခန်းတွေမှာ Mobile (ရွေ့လျား) ဈေးဆိုင်အနေနဲ့ ဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိမှာ အထိုင်ချဖွင့်လှစ်ထားတဲ့ ဈေးဆိုင် လေးဆိုင်နဲ့ ရွှေ့လျားဈေးဆိုင် လေးဆိုင်၊ စုစုပေါင်း ရှစ်ဆိုင်ဖွင့်ထားပြီး အပတ်စဉ် စစ်ရှောင်ပြည်သူ ငါးထောင်နီးပါးရဲ့ ဝမ်းရေးကို ဖြေရှင်းပေးနေပါတယ်။

ဒါပေမယ့် စစ်ရှောင်ဦးရေ နှစ်သိန်းကျော်ရှိတဲ့ ကရင်နီပြည်နယ်မှာ နေရပ်စွန့်ခွာပြီး စစ်ရှောင်စခန်းမှာ ခိုလှုံ နေထိုင်သူတွေ အများအပြားရှိ နေတာကြောင့် တစ်ဝက်စျေးဆိုင်တွေကို စခန်းတိုင်းမှာ ဖွင့်လှစ်ချင်ပေမယ့် ငွေကြေးလိုအပ်ချက်၊ ရာသီဥတုနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် မဖွင့်နိုင်သေးဘူးလို့ ဆက်ပြောပါတယ်။

“စစ်ဘေးရှောင်စခန်းတွေ ရှိတဲ့ နေရာတွေက လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး။ အဲ့အခါ သွားဖို့ အခက်အခဲ ဖြစ်တယ်။ အခုဆို မိုးတွင်းကာလပေါ့။ တချို့နေရာတွေဆို လမ်းတွေ ပျက်တယ်။ ကားတွေလည်း နွံနစ်တဲ့အခါ ဆက်သွားလို့မရဘဲ ပစ္စည်းတွေကို တစ်ခုချင်းစီ သယ်ရတာရှိတယ်။”လို့ ဆရာမလင်းက ပြောပါတယ်။

အဲဒီအတွက်လည်း အထိုင်ချစျေးဆိုင်လေးတွေက တစ်ပတ်ကို တကြိမ်၊ ရွှေ့လျားစျေး ဆိုင်လေးတွေက တစ်လတစ်ကြိမ် နဲ့သာ ဖွင့်လှစ်နိုင်ပါသေးတယ်။ တစ်ဝက် ဈေးဆိုင်လို့ အမည်သတ်မှတ်ထားပေမယ့် တချို့ ကုန်ပစ္စည်းတွေကို ၆၀ ကနေ ၇၀ ရာခိုင်နှုန်းအထိပါ လျှော့ပေးရတာ ရှိတယ်လို့ ဆရာမလင်းက ပြောပါတယ်။

” သူတို့မှာ ငွေတစ်ထောင်ရှိရင် ကျမတို့ဆီမှာ နှစ်ထောင်တန် ရသွားမယ်။ သူတို့ ခက်ခက်ခဲခဲ ရှာဖွေထားရတဲ့ ငွေလေး သုံးလေး ငါးထောင်က ကျမတို့ဆီမှာ သုံးလေးရက်စာ ရိက္ခာရသွားမယ်။”လို့ ဆရာမလင်းက ပြောပါတယ်။

စားသောက်ကုန်တွေကို အဓိကထား ရောင်းချနေပေမယ့် စစ်ရှောင်စခန်းတွေက တစ်ခုနဲ့တစ်ခု လိုအပ်ချက် မတူတာကြောင့် အပတ်စဉ် လစဉ် စစ်တမ်းကောက်ပြီး သူတို့ လိုအပ်မယ့် တစ်ကိုယ်ရည်သုံး ပစ္စည်းတွေကိုပါ ရောင်းချပေးတယ်လို့ ဆက်ပြော ပါတယ်။

စျေးဆိုင်လေးတွေရဲ့ အခက်အခဲ

တစ်ဝက်စျေးဆိုင်လေးတွေက စစ်ရှောင်ပြည်သူတွေဝမ်းရေးအပူကို တဖက်တလမ်း လျှော့ချပေးနေပေမယ့် စျေးဆိုင် တွေအတွက် ကြီးမားတဲ့ အခက်အခဲကလည်း ရှိနေပါတယ်။ အဲ့ဒါကတော့ ကုန်စျေးနှုန်း တက်ခြင်းပါ။

တဝက်စျေးဆိုင်လေးတွေစဖွင့်စဉ်က စျေးနှုန်းနဲ့ လက်ရှိ ကုန်စျေးနှုန်းက မတူတော့ဘဲ ပိုပိုမြင့်တက်လာတဲ့ အခါ ကုန်ပစ္စည်း တွေကို တက်စျေး အလိုက်ရောင်းချရမလားဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။

” စျေးလိုက်တက်ရရင် ဟိုးအရင်သူတို့ မဝယ်နိုင်တဲ့ စျေးပမာဏကို ပြန်ရောက်သွားမှာပေါ့။ ကုန်ပစ္စည်းစျေးနှုန်း တွေသာ တက်တာ။ ဒီဘက်က စစ်ဘေးရှောင်တွေ ငွေကြေးရရှိမှု အခွင့်အလမ်းက တက်မလာဘူးလေ။” လို့ ဆရာမလင်းက ပြောပါတယ်။

ဒါ့အပြင် တစ်ဝက်စျေးဆိုင်မှာ ၅၀ ရာခိုင်နှုန်း လျှော့စျေးနဲ့ ရောင်းမယ့်အစား အခမဲ့ပေးဖို့ ပြောဆိုမှုတွေ ရှိပေမယ့် ဒီစျေးဆိုင်လေးတွေက စစ်ရှောင်ပြည်သူတွေအတွက် အချိန်ကာလတခုထိ တောင့်ခံနိုင်ရေးနဲ့ တစ်နေ့တာ အသက်ရှင်နေထိုင်ဖို့ အခြေခံကျတဲ့အရာကို ဝိုင်းဝန်း အဖြေရှာဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလို့ ဆိုပါတယ်။

စစ်ဘေးရှောင်များ တစ်ဝက်စျေးဆိုင်တွင် ဝယ်ယူနေကြသည်ကို တွေ့ရစဉ် 

အပူပင်ကြားက စစ်ဘေးရှောင်ဘဝ

စစ်ဘေးရှောင်ဦးရေ တတိယအများဆုံးဖြစ်တဲ့ ကယားပြည်နယ်မှာ စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခွဲနီပါးရှိပြီး ၇၀ ရာခိုင်နှုန်းကျော်က ကလေးနဲ့ အမျိုးသမီးတွေပါ။

တော်လှန်ရေးကာလရှည်ကြာလာတာနဲ့အမျှ နေအိမ် စွန့်ခွာလာရတဲ့ စစ်ဘေးရှောင်တွေမှာ စားဝတ်နေရေးနဲ့ ငွေကြေး မပြည့်စုံမှုကအစ ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရတာ၊ ပညာရေးလက်လှမ်း မမီတာ စတဲ့ ပူပင်သောက မျိုးစုံခံစားနေရပါတယ်။

ဒေါ်ခူးခူးတို့လည်း ဒီဒုက္ခအခက်အခဲတွေ ကြုံတွေ့ရပြီး  မိုးလင်းကတည်းက တစ်နေ့တာ ဘယ်လိုဖြတ်သန်းရ မလဲဆိုတာ တွေးပူနေရပါတယ်။ အထူးသဖြင့် အလုပ်အကိုင် ပုံမှန် ဝင်ငွေ မရှိတဲ့ ကာလမှာ အသက်ရှင် ရပ်တည်ဖို့ နေ့စဉ် စားသောက်ရေး၊ မိသားစုတွေ ဘေးကင်းလုံခြုံရေး အစစအရာရာ စိတ်ဖိစီးမှုတွေပဲလို့ ဆိုပါတယ်။

အိုးအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်စခန်းမှာ ကာလရှည် နေထိုင်လာရတဲ့ သူအပါအဝင် အခြားမိသားစုတွေမှာလည်း ကူညီသူတွေ လှူဒါန်းတဲ့ စားနပ်ရိက္ခာတွေနဲ့ စားဝတ်နေရေး ဖြေရှင်းရသလို၊ တောထဲသွားပြီး ရာသီအလိုက် ပေါက်နေတဲ့ ဟင်းသီး ဟင်းရွက်တွေကို ခူးယူလို့ ရှာဖွေစားသောက်ရတယ်လို့ ဆက်ပြောတယ်။

တစ်ဝက်ဆိုင်တွေက တစ်လတစ်ကြိမ်သာ လာရောင်းပေမယ့် စစ်ရှောင်တွေအတွက် တစ်ပတ်စာလောက်ပဲ အဆင်ပြေလို့ လာရောင်းမယ့်နေ့ကို စောင့်နေရတယ်လို့ ဒေါ်ခူးခူးက ပြောပါတယ်။

ပြီးခဲ့တဲ့လ စျေးဆိုင်လာဖွင့်တဲ့အချိန်မှာ ဆန်၊ ကြက်ဥ ၁၀ လုံး၊ ဆပ်ပြာတစ်ပိုင်း၊ ဆီ ၂၀ သား၊ ခေါက်ဆွဲ တစ်ထုပ်၊ အချိုမှုန့်၊ ဆား၊ ဆနွင်းနဲ့ ငါးခြောက်တို့ ဝယ်ယူခဲ့ပြီး ကုန်ကျငွေက ငါးထောင်မပြည့်တဲ့ ‌ငွေကြေးနဲ့ မိသားစု စားသောက်ဖို့ လိုအပ်တာလေးတွေ ရတဲ့အတွက် အပူတစ်ခု လျော့သွားတယ်လို့ ဆိုတယ်။

စစ်ရှောင်တွေ အားကိုးရတဲ့ စျေးဆိုင်တွေ

“တော်တော် အကျိုးရှိတဲ့ ဆိုင်လေးတွေပါ။ ဒီမှာက စစ်ရှောင်စခန်းတွေ အများကြီးပဲ။ တကယ့်ကို ဝေးလံ ပြီးတော့ အလှူရှင် အရောက်အပေါက်နည်းတဲ့ နေရာမျိုးကိုတော့ အနည်းဆုံး နှစ်ကြိမ် ဖွင့်မယ်ဆိုရင် အရမ်းကောင်းတဲ့ အစီအစဉ်လို့ ထင်ပါတယ်။”လို့ ကရင်နီ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ခရစ်ယာန် သီလရှင် စစ္စတာ ဖရန်စစ္စကားက ပြောပါတယ်။

မြေပြင် အခြေအနေနဲ့ ငွေကြေးအရ နေ့စဉ် ဖွင့်ဖို့ခက်ခဲပေမယ့် အနည်းဆုံး တစ်ပတ်မှာ နှစ်ကြိမ် သုံးကြိမ်လောက် ဖွင့်ပေးရင် စစ်ရှောင်ပြည်သူတွေအတွက် အဆင်ပြေမယ်လို့ ဆက်ပြောပါတယ်။

“တဝက်စျေးဆိုင်လေးတွေမှာ ဝယ်ရတဲ့အခါ အနည်းဆုံးတော့ ၂၀၀၀ တန်ကို ၁၅၀၀ နဲ့ဝယ်ရမယ်ဆိုလည်း ၅၀၀ သက်သာတာပဲလေ။ ‌နေ့တိုင်းဖွင့်ဖို့ ကတော့ စျေးဆိုင်ဖွင့်တဲ့သူတွေအတွက်လည်း ခက်ခဲမှာပါ”လို့ စစ္စတာ ဖရန်စစ္စကားက ပြောပါတယ်။

တဝက်စျေးဆိုင်လေးတွေ အရှိန်အဟုန်နဲ့ သွားနေတာ ပြည်သူတွေရဲ့ ပါဝင်မှုကြောင့်ဖြစ်ပြီး ပြည်သူတွေက စစ်ဘေးရှောင်တွေကို မမေ့မလျော့ဘဲ အတိုင်းအတာတခုအထိ ပါဝင်နေတဲ့အတွက် တဝက်စျေးဆိုင်တွေ ဆက်လက် ရပ်တည်နေတာလို့ ဆရာမလင်းက ပြောပါတယ်။

လက်ရှိမှာ တဝက်စျေးဆိုင်ကရတဲ့ ငွေကြေးရယ်၊ ပြည်သူ‌တွေ လှူဒါန်းတဲ့ ငွေကြေးနဲ့ ဆက်လည်ပတ်နေပြီး အလှူရှင်တွေဆီက လှူဒါန်းမှုနည်းရင်တောင် တဝက်စျေးဆိုင်က ရတဲ့ငွေကြေးနဲ့ လည်ပတ်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

ရေရှည်မှာ တဝက်စျေးဆိုင်တွေ ဆက်တိုးချဲ့မလား၊ တော်လှန်ရေးပြီးတဲ့အထိ ဆက်ဖွင့်မလားဆိုတာကို အခုချိန်မှာ မပြောနိုင်သေးပေမယ့် စစ်ရှောင် မိသားစုတွေ ရေရှည် တောင့်ခံနိုင်ဖို့ ကူညီ ထောက်ပံ့ရေးတွေမှာ ပါဝင် အားဖြည့်ပေးဖို့ ပြည်သူတွေကို မေတ္တာရပ်ခံချင်တယ်လို့ ဆရာမလင်းက ဆိုလိုက်ပါတယ်။ ။

Author:

Related Articles