Home ဆောင်းပါး ငရဲခန်းကို ဖြတ်သန်းခဲ့ရတဲ့ ကလောင်ကိုင်သူတွေ

ငရဲခန်းကို ဖြတ်သန်းခဲ့ရတဲ့ ကလောင်ကိုင်သူတွေ

ဆိုဖီ။ ။

“မေးတာ မဖြေရင် မုဒိမ်းကျင့်လိုက်မယ်” ဆိုတဲ့ ခြိမ်းခြောက်မှုက အမျိုးသမီးတယောက်ကို တုန်လှုပ် ခြောက်ခြားစေတဲ့ စကားရပ်ပါ။

အဲ့ဒီခြိမ်းခြောက်စကားကို အသက် ၂၁ အရွယ် အမျိုးသမီးသတင်းထောက် လွေးအမ်းဖောင် ကိုယ်တိုင် စစ်ကြောရေး စခန်းမှာ ပြောခံခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လွေးအမ်းဖောင်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် “ရွှေဖီမြေ” သတင်းဌာနမှာ အလုပ်လုပ် သတင်းရေးနေစဥ်  ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၆ ရက် မနက်အစော မိုးမလင်းခင် အချိန်မှာ သူ နေထိုင်တဲ့ လားရှိုးမြို့က နေအိမ်ကို စစ်ကောင်စီ တပ်သားနဲ့ ရဲအင်အား ၃၀ လောက် ဝင်လာပြီး ဖမ်းဆီးခံခဲ့ရပါတယ်။

အဲ့ဒီလို ဖမ်းဆီးခံရပြီးနောက် လားရှိုးမြို့ တပ်စခန်းတစ်ခုထဲရှိ စစ်ကြောရေး စခန်းကို ခေါ်သွားခဲ့ပြီး (၇) ရက် ရက်သတ္တပတ်ထိ  ငရဲခန်းအလား နေခဲ့ရတယ်လို့ လွေးအမ်းဖောင်က ဆိုပါတယ်။

“သူတို့သေးပေါက်ထားတဲ့ ရေသန့်ဗူးထဲကို ရေထည့်ပြီး သောက်ခိုင်းတာ။ တခါမှ မစားဖူးတဲ့ ထမင်းသိုး၊ ဟင်းသိုးကိုလည်း ကျွေးတာ ကြုံရတော့တာပဲ။ နောက် မေးတာမဖြေရင် မုဒိမ်းကျင့်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ အဲ့ဒါက ရိုက်တာထက် အနာဆုံးပဲ။ ရိုက်လည်း ရိုက်ခံရတယ်” လို့ လွေးအမ်းဖောင်က စိတ်မကောင်းစွာ ပြန်ပြောပါတယ်။

စစ်ကြောရေးလား၊ ငရဲခန်းလား

သူမဟာ ငရဲခန်းအလား စစ်ကြောရေး စခန်းမှာ ရက်တပတ်ကြာ နေခဲ့ရတဲ့အတွက် ထမင်းသိုးလည်း မစားနိုင်၊ သေးပေါက်ထားတဲ့ ဗူးထဲထည့်တဲ့ရေ မသောက်နိုင်သလို တရေးတမောတောင် မအိပ်စက်ရတဲ့အပြင် ခန္ဓာကိုယ်တခုလုံး ရိုက်ခံထားတဲ့ ဒဏ်ရာတွေကြောင့် အားပြတ်လပ်ပြီး လမ်းမလျှောက်နိုင်ခဲ့တဲ့ အဆင့်ထိကြုံခံရပါတယ်။

“စစ်ကြောရေးမှာ တပတ်နေပြီး ရဲစခန်းကို ခေါ်သွားတယ်။ အဲ့မှာ နည်းနည်းသက်သာတယ်။ တလနီးပါး အချုပ်ခန်းမှာနေပြီး လားရှိုးထောာင်ကြီးကို ပို့လိုက်တယ်”လို့ လွေးအမ်းဖောင်က ဆက်ပြောပြတယ်။

လွေးအမ်းဖောင်ကတော့ ၂၀၂၂ ခုနှစ် ဧပြီလပိုင်းမှာ ရာဇာသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် ၂ နှစ်ချခံရပြီး လားရှိုးမြို့ရှိ အကျဥ်းထောင်ကြီးကို ပို့ခံခဲ့ရပါတယ်။

“လားရှိုးထောင်ထဲမှာတော့ နိုင်ငံရေး အကျဥ်းသူတွေ ၃၀ ကျော်ရှိတယ်။ ထောင်ထဲရောက်သွားချိန်မှာက ဘာကြုံရလည်း ဆိုရင် ဘာပဲဖြစ်ဖြစ် ပါရာစီတမောပဲ။ တချို့ စစ်ကြောရေးမှာ ရိုက်ခံရပြီး ဒဏ်ရာရလည်း ပါရာစီတမော တမျိုးပဲ ပေးတယ်။ ဆေးကုသခွင့်မရဘူး” လို့ လွေးအမ်းဖောင်က ထောင်ထဲကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောပြပါတယ်။

လားရှိုးထောင်ကြီးမှာ နိုင်ငံရေး အကျဥ်းသားအပြင် တခြားပုဒ်မနဲ့ ကျနေတဲ့ အကျဥ်းသားတွေဟာ ကျန်းမာရေး အခွင့်အရေး ချိုးဖောက်မှုက ပုံစံတူရှိပါတယ်။

“ထောင်ထဲမှာ လေဖြတ်သူဆိုရင် ဆေးရုံပြခွင့် မရှိသလို စစ်ကြောရေးမှာ ရိုက်လို့ အရိုးကျိုးတဲ့သူ တယောက်ဆိုရင် ဓာတ်မှန်ရိုက်ခွင့် ဆေးခန်းပြခွင့်လည်း မရဘူး။ သွေးအန်လည်း မရဘူး။ ဘာမှ မဖြစ်ဘူးဆိုတဲ့ စကားတခွန်းနဲ့ အမြဲတမ်း ပြီးသွားတယ်” လို့ လွေးအမ်းဖောင်က ဖွင့်ဟပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး  ၂ နှစ်တာကာလအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ ၁ ရက်ကနေ ဇူလိုင်လ ၆ ရက်အထိ ဖမ်းဆီးခံရသူ (၂၃,၇၅၃)ဦးရှိပြီး အဲဒီမှာ (၁၉,၃၈၃) ဦး ထိန်းသိမ်းခံနေရကာ (၆,၆၆၂)ဦး ထောင်ဒဏ် ကျခံနေရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းမှုအောက်က သတင်းမီဒီယာ

စစ်တပ်အာဏာသိမ်းချိန်ကစလို့ သတင်းထောက် ၁၅၆ ယောက်ထက်မနည်း အဖမ်းခံခဲ့ရပြီး အဲဒီထဲက ၁ဝ၅ ကျော် ပြန်လွတ်ခဲ့ပေမယ် အယောက် ၅၀ ကျော်ကတော့ အကျဥ်းချခံနေရဆဲပါ။

ဖမ်းဆီးခံခဲ့ရသူတွေထဲက စစ်ကြာရေး ငရဲခန်းမှာ အမျိုးသမီးသတင်းထောက်တွေ သေဆုံးမှု မရှိခဲ့ပေမယ့် ဓာတ်ပုံ သတင်းထောက် ကိုစိုးနိုင်ကတော့ စစ်ကြောရေးမှာ သေဆုံးခဲ့ရပါတယ်။

စစ်ကြောရေးဟာ အမျိုးသမီးတွေကို မခံမရပ်နိုင်အောင် ရိုက်နှက်တာ၊ ဝါးစိမ်လုံးနဲ့ထိုးတာကို သေအောင် ခံရကြောင်း၊ မိခင်တစ်ဦးဖြစ်တဲ့အတွက် မေးတာ မဖြေရင် “ အမျိုးသားကို ဖမ်းမယ်။ နင့်သမီးကို ဖမ်းပြီး နင်ရှေ့မှာ ရိုက်မယ်”ဆိုတဲ့ မသက်ဆိုင်သူ မိသားစုဝင်တွေနဲ့ ခြိမ်းခြောက်တာ ခံရတယ်လို့ စစ်ကောင်စီ ဖမ်းဆီးမှုကို ခံခဲ့ရတဲ့ သတင်းထောက် အလှလေးသူဇာက ကြုံတွေ့ခဲ့တာတွေကို ပြောပါတယ်။

အလှလေး သူဇာဟာ စစ်အာဏာမသိမ်းခင် ကာလမှာ အွန်လိုင်းပေါ်ကနေ အစားအသောက်တွေ ရောင်းချ နေရာမှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း “ ငါသတင်းထောက် ပြန်လုပ်ရမယ်။ ငါသတင်းထောက်လုပ်ပြီး တော်လှန်မယ်” ဆိုတဲ့ ခံယူချက်နဲ့ သတင်းလောကထဲကို ပြန်ဝင်လာခဲ့သူဖြစ်ပါတယ်။

စစ်အာဏာမသိမ်းခင်မှာ ကိုဗစ်-၁၉ ကြောင့် အလုပ်ကနေ ရပ်နားခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အာဏာသိမ်းပြီး ကာလတလျောက်မှာ Live လွှင့် သတင်းတင်ဆက်တာ၊ ဗီဒီယိုသတင်းတွေနဲ့ တင်ဆက်တာကို ပြန်လုပ်ခဲ့သူပါ။

အဲ့နောက်မှာ ၂၀၂၁ ခုနစ် မေလပိုင်းမှာ အလှလေးသူဇာကို  စစ်ကောင်စီအုပ်စုက နေအိမ်မှာ လိုက်လံရှာဖွေရာမှ သူမကို မတွေ့ရှိခဲ့ဘဲ ၎င်းရဲ့အမျိုးသားကို (၄)ရက်တိတိ စစ်ကြောရေးစခန်းကို ခေါ်သွားပြီး စစ်ဆေးခဲ့ပါတယ်။

ဒီလိုနဲ့ အလှလေးသူဇာ တယောက်ဟာ ရှောင်ရင်း ပုန်းရင်း သတင်းတွေ တင်ဆက်နေရာမှ ကံဆိုးမိုးမှောင်ကျကာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ  စစ်အာဏာဖီဆန်ရေး (CDM)လုပ်တဲ့သူတွေနဲ့  ပစ္စည်းဝယ်ဖို့ သွားနေချိန် ကြည်မြင်တိုင်မြို့နယ်မှာ ဖမ်းခံခဲ့ရပြီး စစ်ကြောရေးစခန်းသို့ ပို့ဆောင်ခံခဲ့ရပါတယ်။

“ကျမ စစ်ကြောရေးမှာ ၂၉ ရက်တိတိ နေခဲ့ရတယ်။ ကျမကို အစက သတင်းထောက်ဆိုပြီး သိလို့ဖမ်းတာ မဟုတ်ဘူး။ CDM အုပ်စုနောက် ယူဂျီ ခေါင်းဆောင် ၂ ယောက် နာမည်ကို မေးတယ်။ မဖြေနိုင်တော့ ရိုက်တယ်။ နောက်ဆုံး ကျမ အမေတယောက် ဖြစ်တဲ့အတွက် သမီးနဲ့ခြိမ်းခြောက်တာ မခံစားနိုင်ဆုံးပဲ” လို့ အလှလေး သူဇာက ဆိုပါတယ်။

သူမကို စဖမ်းဆီးသွားချိန်တွင် သတင်းထောက်လို့ မသိခဲ့ဘဲ  စစ်ကောင်စီကို တော်လှန်နေတဲ့ ယူဂျီ (Underground) သမားလို့ ထင်ခဲ့ပြီး ၊ ယူဂျီခေါင်းဆောင် ၂ ဦးကို မေးမြန်းခဲ့ရာမှ ယူဂျီ မဟုတ်ကြောင်း သတင်းသမားဖြစ်ကြောင်း အလှလေးသူဇာက ပြောပြလိုက်ပါတယ်။

အလှလေးသူဇာကို တပ်မတော် အကြည်ညိုပျက်စေမှု ရာဇာသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။ သူမကို ထောင်ဒဏ်ချမှတ်ပြီးနောက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ထောင်ကြီးသို့ ပို့ဆောင်ခဲ့ပါတယ်။

ထောင်ထဲက ငရဲခန်း

“အင်းစိန်ထောင်ရောက်တော့ နေရ ထိုင်ရ စားရတာ အရမ်းခက်ခဲတယ်။ ထမင်းဆိုရင် မာခဲနေတာပဲ။ ဆေးဆိုရင်လည်း အကိုက်အခဲ တမျိုးဖြစ်တဲ့ ဒိုက်ကလိုဖန်းနက် (Diclofenac) ကို ဘာပဲဖြစ်ဖြစ်ပေးတယ်” လို့ အလှလေးသူဇာ (ခေါ်) မသူဇာက ပြောပြပါတယ်။

ထောင်ထဲရောက်ချိန်ကာလနဲ့ ပြန်ထွက်လာတဲ့အထိ အလှလေးသူဇာတယောက် မိသားစုနဲ့ အဆက်အသွယ် ဖြတ်တောက်ခြင်း ခံခဲ့ရပါတယ်။ ဒါ့အပြင် ထောင်ထဲမှာ အကျဥ်းသူတွေကို ရိုက်နှက်မှု မရှိပေမယ့် တခြားပြစ်မှုနဲ့ ထောင်ကျတဲ့ အမျိုးသမီးတွေကို နည်းမျိုးစုံ ရိုက်နှက်နေတာကို မသူဇာ တယောက် မျက်မြင်တွေ့ခဲ့တာ ရင်ဖွင့် ပြောပြပါတယ်။

“ထောင်ထဲမှာ နိုင်ငံရေးအကျဥ်းသားတွေကို ရိုက်တာ မတွေ့ရဘူး၊ ဒါပေမယ့် တခြားအမှုတွဲတွေကတော့ မျိုးစုံပဲ ရိုက်တာ၊ ကြုံရင်ကြုံသလို နပန်ကျင်းခံရတာ ဇက်ပိုးအုပ်တာတွေ လုပ်တယ်” လို့ သူမက မြင်တွေ့တာကို ပြောပြပါတယ်။

ထောင်ထဲရောက်နေတဲ့ နိုင်ငံရေးအကျဥ်းသူအများစုက ပုဒ်မ မှားယွင်းတပ်ခံရတာတွေ အများကြီးရှိပြီး၊ စစ်ကောင်စီဘက်ကလည်း နိုင်ငံရေးအကျဥ်းသူတွေကို ပုဒ်မတပ်ချင်သလို တပ်နေကြတဲ့သဘော လုပ်နေကြောင်း မသူဇာက ထောင်ထဲက အခြေအနေကို ပြောပါတယ်။

“တချို့ကောင်မလေးတွေဆိုရင် ကိုဖြိုးဇေယျာသော် ကိုဂျေမီတို့ အမှုတွဲတွေနဲ့ ဆက်စပ်တယ်ဆိုပြီး လူသတ်မှု ရာဇာသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ ချတာ ရှိတယ်။ လက်နက်မမိဘဲ လက်နက်မှုနဲ့ တပ်ခံရတဲ့သူတွေလည်း ရှိတယ်။ သူတို့တပ်ချင်တဲ့ ပုဒ်မ တပ်နေတာ။ ကိုယ်ဘာအမှုနဲ့ ကျလို့ ကျမှန်းတောင် မသိကြတာ အများကြီးပဲ” လို့ သူမက လက်ရှိ အကျဥ်းထောင်ထဲ ကျန်ရှိသူတွေအကြောင်းကို ပြန်ပြောပြပါတယ်။

လားရှိုးအကျဥ်းထောင်ကြီးမှာ ကျခဲ့တဲ့ ရွှေဖီမြေ သတင်းဌာနက အမျိုးသမီးသတင်းထောက် လွေးအမ်းဖောင်နဲ့ အင်းစိန် အကျဥ်းထောင်ကြီးမှာ ကျခဲ့တဲ့  ဝါရင့် အမျိုးသမီးသတင်းထောက် အလှလေး သူဇာတို့ဟာ ၂၀၂၃ ခုနစ် ဇန်နဝါရီ ၄ရက် လွတ်လပ်ရေးနေ့မှာ  စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွတ်လာခဲ့ပါတယ်။

စစ်ကြောရေးမှာ သတင်းထောက်အမျိုးသမီးတွေ  ရိုက်နှက်တာတွေ ရှိတယ်ဆိုတာ ကြားရပေမယ့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ကိစ္စတော့ မကြားမိကြောင်း၊ အချို့အမျိုးသမီးသတင်းထောက်တွေဟာ စစ်ကြောရေးမှာ နှိပ်စက်ခံရတာဟာ အပြင်ထွက်လာတဲ့အခါ စိတ်ဒဏ်ရာ ကုစားမှု ခံယူရတဲ့အဆင့်ထိ ရှိကြောင်း အမျိုးသမီးသတင်းထောက်တွေကို ကူညီပေးနေတဲ့ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

လတ်တလော တွေ့ရှိ ကြားသိချက်အရ ပြန်ထွက်လာတဲ့ သတင်းထောက်အမျိုးသမီးတွေကို စစ်ကောင်စီက အချိန်ပြည့် စောင့်ကြည့်မှုတွေရှိသလို အချိန်မရွေး ပြန်ခေါ်ကာမေးမြန်းမှုတွေလည်း လုပ်နေကြောင်း ၎င်းက ဆိုပြန်ပါတယ်။

“တလောက သတင်းထောက် အမျိုးသမီးတယောက်ဆိုရင် ထောင်ကနေ လွတ်လာတာမကြာသေးဘူး။ ပြန်ဖမ်းခံရတာ။ ထောင်ကနေ လွတ်လာပြီးဆိုရင်တော့ စောင့်ကြည့်ခံရမှာပဲ။ သူတို့ဖမ်းချင်ရင်လည်း အလွယ်လေးပဲလေ” လို့ ဖမ်းဆီးခံရ သတင်းထောက်တွေကို ကူညီနေတဲ့ အမည်မဖော်လိုတဲ့ အမျိုးသမီးက ပြောပါတယ်။

မလွတ်မြောက်သေးတဲ့ အမျိုးသမီး သတင်းသမားတွေ ရှိနေဆဲ

လက်ရှိ မြန်မာနိုင်ငံအကျဥ်းထောင်ထဲမှာ အကျဥ်းကျနေတဲ့ အမျိုးသမီးတွေ ဆက်လက်ရှိနေဆဲဖြစ်ကာ Myanmar Press Photo Agency ရဲ့ သတင်းထောက် အမျိုးသမီး မမှူးရတနာခက်မို့မို့ထွန်းလည်း ဒီနှစ် မေလ ၂၆ ရက်က သင်္ယန်းကျွန်းခရိုင် တရားရုံးမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပါတယ်။

သူမဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ရာဇာသတ်ကြီး ပုဒ်မ-၅၀၅ (က) အတွက် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပြီး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) အတွက် အလုပ်နဲ့ထောင် ၁၀ နှစ် ထပ်မှန်ချခံခဲ့ရာ ထောင်ဒဏ် စုစုပေါင်း ၁၃ နှစ် ဖြစ်ပါတယ်။

မမှူးရတနာခက်မို့မို့ထွန်းကို ဖမ်းဆီးချိန်မှာ  ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမပေါ် ဆန္ဒပြနေသူတွေကို စစ်ကောင်စီက ကားနဲ့တိုက်ပြီးဖြိုခွင်းရာ၊ မမှူးရတနာခက်မို့မို့ထွန်း အပါအဝင် သတင်းထောက် နှစ်ဦးနဲ့ အခြားလူငယ် ၉ ဦး ဖမ်းဆီးခံရပါတယ်။

အဲ့အချိန်မှာ ကားနဲ့တိုက်ခံရတဲ့အတွက် သူမဟာ ယနေ့အထိ ခန္ဓာကိုယ် ပုံမှန် မလှုပ်ရှားနိုင်သေးပဲ ဘယ်ဘက်နားရွက် တဝက် ပြတ်ခဲ့သလို ဘယ်ဘက်ပါးလည်း စုတ်ပြဲသွားတဲ့အပြင် ဘယ်ဘက်ခြေကျင်းဝတ်မှာလည်း အရိုး (၃) နေရာ ကျိုးခဲ့ပြီး ဦးခေါင်းမှာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ၁၅ ချက် ချုပ်ခဲ့ရပါတယ်။

သူမဟာ ဒဏ်ရာများစွာ ရရှိနေပေမယ့် ဆေးကုသမှုကို အပြည့်အဝ မခံယူရကြောင်းလည်း မမှူးရတနာခက်မို့မို့ထွန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ သတင်းထောက်တွေ အများဆုံး အဖမ်းခံနေရတဲ့ နိုင်ငံတွေထဲက တခုဖြစ်ပြီး သတင်းလွတ်လပ်ခွင့်အဆင့်က နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၃ မှာ ရပ်တည်နေကြောင်း ပြင်သစ် အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) ရဲ့ မှတ်တမ်းအရ သိရပါတယ်။

အလားတူ အာဏာသိမ်းစစ်ကောင်စီက သတင်းသမားတွေကို နှိပ်စက်ညှဉ်းပန်းတာတွေကို ချက်ချင်းရပ်တန့်ဖို့ ဖမ်းဆီးထားသူတွေကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ)က စစ်အာဏာသိမ်း ၂ နှစ်ပြည့်မှာ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေများစွာ ဆိုးရွားလာခဲ့ကြောင်းနဲ့ စစ်ကောင်စီက သတင်းသမားတွေကို နှောင့်ယှက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ ပစ်မှတ်ထား လုပ်ဆောင်ခဲ့ကြောင်း CPJ ရဲ့ အရှေ့တောင်အာရှ အကြီးတန်း ကိုယ်စားလှယ် Shawn Crispin က  စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသမီးသတင်းထောက်များအဖွဲ့ အနေနဲ့ ထောင်ကျသွားတဲ့ အမျိုးသမီး သတင်းထောက်တွေကို အရင်ရှေ့  ၂ နှစ်ကာလ ကာ ငွေကြေး အနည်းငယ်ထောက်ပံ့တာ၊ ၎င်းရဲ့မိသားစုဝင်ကို ကူညီတာတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ အကြောင်းအမျိုးမျိုးကြောင့် မထောက်ပံ့နိုင်ကြောင်းလည်း အမျိုးသမီး သတင်းထောက်တွေကို ကူညီပေးနေသူက  ဆက်လက် ပြောပါတယ်။

ပြန်လွတ်လာတဲ့ အမျိုးသမီး သတင်းထောက်တွေအနေနဲ့ ထောင်ထဲမှာ ကျန်နေသေးတဲ့ သတင်းထောက်တွေရော အခြားအမှုနဲ့ အကျဥ်းကျခံနေရတဲ့သူတွေ အတွက် ကျန်းမာရေး စောင့်ရှောက်ခွင့်ရဖို့နဲ့ ဆေးရုံတက် ဆေးကုခံရမယ့် သူများလည်း ဆေးကုသခွင်ံရဖို့ အာဏာပိုင်များကို တောင်းဆိုချင်သလို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့ဖိအားတွေလည်း ပေးဖို့ ပြောဆိုလိုက်ပါတယ်။

“ကျမ တောင်းဆိုချင်တာက အထဲမှာ ရှိတဲ့နိုင်ငံရေး အကျဥ်းသူတွေ နောက် တခြားအမှုနဲ့ကျတဲ့သူတွေကို ဆေးကုသပေးဖို့ပါ။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ကိုလည်း ထောင်ထဲဝင်ပြီး လေ့လာစေချင်တယ်” လို့ ထောင်ကျပြီး ပြန်လွတ်လာတဲ့ လွေးအမ်းဖောင်က ပြောပါတယ်။

ထောင်ကလွတ်လာတဲ့ သတင်းထောက်တိုင်းဟာ လွတ်မြောက်နယ်မြေသို့ မထွက်ဘဲ မြန်မာပြည်ထဲပဲ ဆက်နေမယ်ဆိုပါက စစ်ကောင်စီက အချိန်မရွေး ပြန်လည်ဖမ်းဆီးနိုင်သလို တခြားမြန်မာပြည်တွင်းနေပြီး ဒီမိုကရေစီ လမ်းကြောင်း ရောက်ဖို့ ကြိုးစားနေသူတွေအတွက်ကလည်း ငရဲခန်းတခုပါပဲ လို့ အလှလေးသူဇာက မှတ်ချက်ပြု ပြောပါတယ်။

“သတင်းထောက်တွေ အနေနဲ့ ကိုယ်အဆင်ပြေတဲ့နေရာ ကိုယ့်အတွက် လုံခြုံတဲ့နေရာ ပြောင်းရွှေ့ပြီး အလုပ်လုပ်တာ အကောင်းဆုံးပါပဲ။ အခုထိ စစ်ကောင်စီ ဖမ်းဆီးမှုက ဆိုးဆိုးရွားရွား ရှိနေတော့ လုံခြုံမှုဆိုတာ ဘယ်နေရာမှ မရှိပါဘူး” လို့  အလှလေး သူဇာက ပြောဆိုလိုက်ပါတယ်။

Author:

Related Articles