Home ဆောင်းပါး စစ်ဘေးဒဏ်ကြားက မုန်တိုင်းဒဏ်ကြောင့် ကူရာမဲ့နေတဲ့ အညာဒေသ

စစ်ဘေးဒဏ်ကြားက မုန်တိုင်းဒဏ်ကြောင့် ကူရာမဲ့နေတဲ့ အညာဒေသ

ဒေဝီ။ ။

မိုးရောလေရော ခပ်ကြမ်းကြမ်းတိုက်ခတ်ခဲ့တာကြောင့် ယိုင်နဲ့ပြီးကျိုးသွားတဲ့တဲလေးကို ပြန်လည်ပြင်ဆင်နေပေမယ့် မဆွေ စိတ်ထဲမှာတော့ ဝမ်းနည်းစိတ်က ကြီးစိုးနေတယ်။

စစ်ဘေးရှောင်နေရတာကြောင့် ယာယီနေထိုင်လို့ရရုံ ဆောက်လုပ်ထားတဲ့တဲလေးက မုန်တိုင်းအရှိန်နဲ့ရွာတဲ့မိုးဒဏ်ကြောင့် အမိုးအကာတွေတွေလွင့် တိုင်တွေကျိုးနဲ့ မပြိုရုံတမယ်ကျန်ခဲ့လို့ စိတ်ဒုက္ခရောက်ခဲ့ပေမယ့် ဒီထက်ပိုဆိုးရွားတာက စိုက်ပျိုး ထားတဲ့ လယ်မြေတွေ အကုန်ဆုံးရှုံးသွားတာပါ။

ရွာမီးရှို့ခံရတာကြောင့် နေအိမ်ကနေစွန့်ခွာထွက်ပြေးခဲ့ပြီး စစ်ကောင်စီရန်ကင်းဝေးရာ တောထဲမှာ အနေအစားဆင်းရဲ နေထိုင် နေရချိန် မမျှော်လင့်တဲ့သဘာဝဘေးဒဏ်က သူတို့ကို ဒုက္ခတွင်းနက်ထဲ ဆွဲချလိုက်ပြန်တယ်။

” ရွှေ့ပြောင်းစရာလည်းမရှိပါဘူး။ အခုတောင်တောထဲနေရတာ၊ ဒီထက်လည်း ဒုက္ခရောက်စရာမရှိတော့ပါဘူး။ “လို့ စစ်ကိုင်း တိုင်းဒေသကြီး ရွှေဘိုမြို့နယ်ဒေသခံ မဆွေက ပြောတယ်။   

စစ်ကောင်စီကိုတော်လှန်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသက ပြည်သူတွေမှာ စစ်ဘေးကြောင့် ဒုက္ခအခက်အခဲတွေကြား နေ ထိုင်နေရတာအပြင် မမျှော်လင့်ဘဲရောက်လာတဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခဆင်းရဲတွေပိုတိုးလာတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းမြို့နယ်တွေမှာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် မိုးကြီးရေလွှမ်းမှုတွေကြုံခဲ့ရပြီး နေအိမ်တွေ ရုတ်တရက်ပြောင်းရွှေ့ရတာ ၊ လယ်ကွင်းတွေရေမြုပ်တာ၊ စိုက်ပျိုးသီးနှံတွေ ဆုံးရှုံးရတာတွေနဲ့ ပြည်သူတွေမှာအပူပေါ်အပူဆင့်ခဲ့ရတယ်။

ဒီလိုပြည်သူတွေထဲ  မဆွေတို့မိသားစုတွေလည်းအပါအဝင်ပါ။ စစ်ကောင်စီက စစ်ကြောင်းထိုးပြီး ရွာမီးရှို့ဖျက်စီးခဲ့တာကြောင့် ရွာလုံးကျွတ်တိမ်းရှောင်လာရတာ ပြီးခဲ့တဲ့ တန်ဆောင်မုန်း (၂၀၂၂ နိုဝင်ဘာလ)ကတည်းက။

စစ်ကောင်စီရန်ကြောင့် အိမ်မပြန်နိုင်သေးဘဲ  တောထဲမှာ တဲထိုးလို့ ဖြစ်သလိုစားသောက်နေထိုင်နေရချိန်  မိုခါမုန်တိုင်း တိုက် ခတ်ချိန်မှာ သူတို့နေထိုင်ရာတဲတွေလည်း ယိုင်နဲ့လဲပြို၊ မိုးကြီးလို့ ဘယ်မှမသွားမလာနိုင်ဘဲ နေရေးစားရေးကအစ ခက်ခဲခဲ့ရ ပါတယ်။

” နေစရာအိမ်တွေလည်းမရှိ ၊ ပြေးလာတော့လည်း မုန်တိုင်းကြောင့် မိုးမလုံလေမလုံနဲ့ တောတွေထဲနေရတယ်။ ဖျားနာရင် တောင် ပြစရာဆေးခန်းမရှိနဲ့ တအားဒုက္ခရောက်တာ။” လို့ မဆွေက ပြောပါတယ်။        

Photo – အညာပစ်တိုင်းထောင်လေးများ

သူတို့ဒေသမှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ကောင်းကောင်းမရတာကြောင့် မုန်တိုင်းလာမယ်ဆိုတာကြားသိပေမယ့် သတင်းအချက်အလက်အပြည့်အစုံကိုတော့ သူတို့အနေနဲ့မသိရှိခဲ့တဲ့အတွက် မုန်တိုင်းလွတ်ရာ မရှောင်တိမ်းခဲ့သလို တိမ်း ရှောင်စရာနေရာလည်း မရှိခဲ့ ။ မိုးသည်းသည်း လေပြင်းပြင်းကြားထဲ တစ်ညလုံးနေထိုင်ခဲ့ရပါတယ်။

မိုးဒဏ်‌ကြောင့် သူတို့နေထိုင်ရာတဲတွေ ထိခိုက်ပျက်စီးခဲ့တာက ပြန်လည်ပြင်ဆင်လို့ရပေမယ့် အဆိုးဆုံးက စိုက်ပျိုးသီးနှံတွေ ရေမြုပ်ဆုံးရှုံးကုန်တာပါ။ သူတို့ပိုင်ဆိုင်ရာလယ်မြေကိုးဧကမှာ စိုက်ပျိုးထားတဲ့သီးနှံတွေရော စိုက်ပျိူးဖို့ကျန်နေတဲ့ မျိုးစေ့ တွေရော အကုန်ဆုံးရှုံးသွားတာလို့ ဆိုတယ်။

” ပြေးတုန်းက ပါလာတဲ့ဟာလေးတွေနဲ့ ရင်းနှီးပြီးလုပ်ထားတာ၊ မိုးဖျက်တော့ဘာမှမရတော့ဘူး။ ကိုယ်စားဖို့အတွက် တောင် မရတော့ဘူး။” လို့ မဆွေက ပြောပါတယ်။

မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူတွေကို  စစ်ဘေးရှောင်ကူညီတဲ့အဖွဲ့တွေက ကူညီထောက်ပံ့တာတွေရှိပေမယ့် သူတို့နေထိုင်ရာ နေရာကိုတော့ ထောက်ပံ့မှုတွေမရသေးဘဲ ဆုံးရှုံးသွားတဲ့ စိုက်ခင်းတွေနဲ့ပတ်သက်လို့ အကူအညီပေးဖို့ မျှော်လင့်တယ်လို့ မဆွေကပြောပါတယ်။

” ပြန်စိုက်ပျိုးလို့တော့မရတော့ဘူး။ နောက်ကျသွားပြီလေ။ အခုကမမှီတော့ဘူး။ တော်တော်လေးတော့ခက်ခဲကြတယ်။ ဘယ် ကို အကူအညီတောင်းရမလဲတောင်မသိဘူး။” လို့ မဆွေကပြောပါတယ်။

အားအလွန်ကောင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းက မေလ ၁၄ရက်နေ့မှာ ရခိုင်ပြည်နယ် ၊ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းနဲ့ မကွေး တိုင်းနဲ့ကချင်ပြည်နယ်တို့ကို ဖြတ်ကျော်တိုက်ခိုက်ခဲ့တာပါ။

မုန်တိုင်းစတင်ဖြတ်သန်းရာ ရခိုင်ကမ်းရိုးတန်းဒေသလောက် ထိခိုက်သေဆုံးမှုမများပေမယ့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသက မြို့နယ်တွေမှာ မုန်တိုင်းမတိုက်ခတ်ချိန်ကတည်းက  ရွာတဲ့မိုးဒဏ်ကြောင့် နေအိမ်တွေရေလွှမ်းပြီး စိုက်ပျိုးသီးနှံတွေ ထိခိုက်ခဲ့ ပါတယ်။

မုန်တိုင်းဒဏ်ကြောင့် စစ်ကိုင်းတိုင်းက မြို့နယ်၁၃ခုမှာ စိုက်ပျိုးမြေဧက လေးသိန်းနှစ်သောင်းကျော် ပျက်စီးခဲ့ပြီး မကွေးတိုင်း က မြို့နယ်၁၁ခုမှာ စိုက်ပျိုးမြေ ၂၁၇ဧက ပျက်စီးခဲ့ပါတယ်။ မုန်တိုင်းကြောင့် သေဆုံးသူဦးရေက မကွေးတိုင်းမှာ ၁၅ ဦးနဲ့ စစ်ကိုင်းတိုင်းမှာ လေးဦးရှိခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

” အခင်းမှာ ပဲတွေနှမ်းတွေကြဲထားတာအကုန်ရေမြုပ်ကုန်တယ်၊ ရှေ့ဆက်ဘာလုပ်ရတော့မလဲ။” လို့ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ဒေသခံ  မမူက ပြောပါတယ်။

Photo – အညာပစ်တိုင်းထောင်လေးများ

စစ်ကောင်စီကို တော်လှန်နေတဲ့သူတို့ဒေသကို မနှစ်တုန်းက စစ်ကြောင်းထိုးစဉ်ကလည်း သိုလှောင်ထားတဲ့စပါးတွေ မျိုးစေ့ တွေ မီးရှို့ဖျက်စီးခံရပါသေးတယ်။ ဒီနှစ်နွေကာလမှာတော့ နွေသီးနှံလေးတွေစိုက်ပျိုးဖို့ ချေးငှားလုပ်ဆောင်ခဲ့ပေမယ့် မုန်တိုင်း ကြောင့် ထပ်မံဆုံးရှုံးခဲ့ရတယ်။

သူအပါအဝင် ရွာကတောင်သူတွေရဲ့ ပဲ၊နှမ်းစိုက်ခင်းတွေ မုန်တိုင်းဒဏ်ကြောင့် ဧကရာနဲ့ချီပျက်စီးခဲ့သလို သိုလှောင်သိမ်း ဆည်းထားတဲ့ မျိုးစေ့တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် လာမယ့်မိုးကာလ ပြန်လည်စိုက်ပျိုးဖို့ခက်အခဲဖြစ်မှာကို စိုးရိမ်ပူပန်ရ တယ်လို့ ဆက်ပြောတယ်။

သူတို့ဒေသက စစ်ကောင်စီကို ခုခံတွန်းလှန်နေတဲ့အတွက် ရွာလုံးကျွတ်မီးရှို့ခံရတာ၊လေကြောင်းနဲ့ တိုက်ခိုက်တာတွေကြောင့် ဒေသခံတွေမှာ စိုးရိမ်ပူပန်မှုတွေနဲ့ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲနေချိန်မှာ မုန်တိုင်းကြောင့် လယ်ယာမြေတွေပျက်စီးကုန်တဲ့ အတွက် ဘဝရပ်တည်ဖို့ ခက်ခဲနေတာလို့ မမူက ပြောပါတယ်။

မုန်တိုင်းမိုးနဲ့အတူ  မြစ်ချောင်းတွေမှာ ရေကြီးရေလွှမ်းတာကြောင့် နေအိမ်တွေရေလွှမ်းခဲ့ပြီး  တချို့အိမ်တွေဆို အိမ်ပေါ်အထိ ရေနစ်မြုပ်တာ၊ အိမ်ထောင်ပရိဘောဂပစ္စည်းအချို့ပျက်စီးတာ၊ စပါးကျီတွေ ရေနစ်မြုပ်ပျက်စီးတာတွေလည်း ကြုံရတယ်လို့ မမူက ဆက်ပြောတယ်။

” မိုးကရက်ဆက်ရွာတော့ ချောင်းရေတဖြည်းဖြည်းတက်လာပြီး ဘာမှလည်း သိမ်းဆည်းမရဘဲ ဖြစ်သွားတာ၊ မုန်တိုင်းကဒီ လောက်ဖြစ်မယ်လို့ လည်းဘယ်သူမှ မတွေးထားမိဘူးလေ။” လို့ မမူကပြောတယ်။

မုန်တိုင်းပြီးနောက်ရက်တွေမှာ ရေတွေပြန်ကျသွားပေမယ့် နုန်းတွေအနည်တွေကျန်ခဲ့တာကြောင့် ရှင်းလင်းနေရပြီး အချို့ နေအိမ်တွေမှာဆို ဆိုင်ကယ်၊ထော်လာဂျီစတဲ့စက်ပစ္စည်းတွေ သုံးမရတော့တာရှိတယ်လို့ သူက ဆိုတယ်။

မုန်တိုင်းတိုက်ခတ်စဉ်ကာလမှာ မိုးကြီးလေထန်နေပေမယ့်စစ်ကိုင်းနဲ့ မကွေးတိုင်းက ဒေသတစ်ချို့မှာ စစ်ကောင်စီက စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေမှာ မိုးထဲလေထဲကြား ထွက်ပြေးတိမ်းရှောင်ရတာတွေလည်း ကြုံရပါတယ်။

မုန်တိုင်းလာမယ်ဆိုတာသိပေမယ့် မိုးကြီးလေကြီးအချိန်မှာတောင် ကန္ဒီဒေသကို စစ်ကြောင်းထိုးတာကြောင့် ဒေသခံ တစ်သောင်းကျော်က မုန်တိုင်းမိုးရေတွေကြားထဲ ပြေးလွှားတိမ်းရှောင်ခဲ့ရတယ်လို့ ကန္ဒီ‌ဒေသခံ မလွင်က ပြောပါတယ်။

” အခက်အခဲတွေကတော့အများကြီးပါပဲ။ လူတွေက မုန်တိုင်းထက် စကစရန်ကိုပိုကြောက်ကြတော့ မိုးကြီးလေကြီးလည်း ရေတွေကြီးနေလည်း ပြေးရတာပဲ။”လို့ မလွင်ကပြောပါတယ်။

Photo – အညာပစ်တိုင်းထောင်လေးများ

မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မယ်လို့ လူမှုကွန်ရက်မှာ သတိပေးနှိုးဆော်တာတွေ ရှိခဲ့ပေမယ့်လည်း အင်တာနက် အမြဲ တစေမရရှိတာ ဖုန်းလိုင်းတွေမကောင်းတာတွေကြောင့်မုန်တိုင်း ဒီလောက်ပြင်းမယ်မှန်းမသိခဲ့။ မုန်တိုင်းမိုးကြောင့် မိုးလေ တွေသည်းထန် တောင်ကျရေကျနေပေမယ့် မပူပန်နိုင်အားဘဲ  စစ်ဘေးရှောင်ရတဲ့အထိ ဒုက္ခရောက်ခဲ့ရတယ်လို့ မလွင်က ဆက်ပြောတယ်။

” မုန်တိုင်းရှိလို့ ရှောင်တိမ်းဖို့နေနေသာသာ စစ်ခွေးတွေကြောင့်ပြေးနေရတာ၊ ကလေးနဲ့သက်ကြီးရွယ်အိုတွေဆိုလည်း မိုးထဲ ရေထဲ အသက်ဘေးလွတ်အောင်ပြေးရတာပဲ။” လို့ မလွင်က ပြောပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း မုန်တိုင်းကြောင့် မိုးရေနဲ့အတူတောင်ကျရေ စီးဆင်းတာကြောင့် ယမားချောင်းတလျှောက်က ကျေးရွာတွေရေလွှမ်းမိုးမှုဖြစ်ပြီး ပြည်သူတွေမှာဒုက္ခရောက်ရတယ်လို့ အညာစစ်ဘေးရှောင်တွေကိုကူညီနေတဲ့ အညာပစ် တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မုန်တိုင်းမဝင်ခင်နဲ့ဝင်ပြီး ရက်တွေမှာ ရက်ဆက်သည်းထန်စွာရွာသွန်းတဲ့မိုးကြောင့်  ရေကမထင်မှတ်လောက်အောက် တက်ခဲ့ ပါတယ်။‌ မိုးကြီးပြီးရေလွှမ်းတာကြောင့် တောင်ကျချောင်းရေလည်းတက်ခဲ့ပြီး တောင်ကျရေကြောင့် ကျေးရွာအချို့မှာဆိုရင် အိမ်ခေါင်အထိ ရေနစ်မြုပ်တဲ့အတွက် ညကြီးမိုးချုပ် ရုတ်တရက်ပြောင်းရွှေ့ရတာ ၊ အိုးအိမ်တွေ ပရိဘောဂတွေပစ္စည်းတွေ ထိခိုက်ပျက်စီးရတာတွေ ကြုံရပါတယ်။

ရေကြီးနစ်မြုပ်တာကြောင့် နေအိမ်တွေထိခိုက်ရတဲ့အပြင် အရေးပေါ် စားသောက်ဖို့လိုအပ်တာတွေ လည်းရှိခဲ့ပါတယ်။ အချို့ ရွာတွေဆို ချက်ပြုတ်စားသောက်ဖို့ အခက်အခဲရှိတာကြောင့်  နီးစပ်ရာရွာတွေက ထမင်းထုတ်ဝေငှရတာ၊ သောက်သုံးရေ ဝေငှရတာတွေရှိခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆိုတယ်။

Photo – Pyae Aung Naing Kani
ပုံစာ – မုန်တိုင်းတိုက်နေစဉ် စစ်ကြောင်းထိုးတာကြောင့် ဒေသခံများတိမ်းရှောင်နေကြစဉ်

ဒါ့အပြင် ရေကြီးနစ်မြုပ်ဒဏ်ကိုခံရတဲ့ရွာတွေက စစ်ကောင်စီရဲ့စစ်ကြောင်းထိုးခံရ၊ မီးရှို့ခံရတဲ့ရွာတွေအများစုဖြစ်ပြီး မုန်တိုင်း ဒဏ်ပါခံလိုက်ရတော့ ပြည်သူတွေမှာပိုလို့ခက်ခဲကြတယ်လို့ ယင်းက ဆက်ပြောပါတယ်။

” ပဲခင်း၊နှမ်းခင်း၊ခရမ်းသီးခင်းတွေအကုန်ပျက်စီးတာ ၊ကြက်သွန်နီတွေဆိုလည်း စျေးမကိုက်တာနဲ့ကြုံတော့ လှောင်ထားရတဲ့ တောင်သူတွေရှိတာ ရေကြီးနစ်မြုပ်သွားတဲ့အခါမှာ အကုန်ပါသွားတဲ့ အနေအထားလည်းတွေ့ရတယ်။” လို့ အညာပစ်တိုင်း ထောင်လေးများအဖွဲ့က တာဝန်ရှိသူကပြောပါတယ်။   

မုန်တိုင်း‌တိုက်ခတ်နေစဉ် ရွာအချို့မှာ စစ်ကောင်စီက စစ်ကြောင်းထိုးတာတွေလည်းရှိပြီး စစ်ကြောင်းထိုးလို့ပြေးရတဲ့သူတွေ ဆို ရေစီးသန်တဲ့ချောင်းတွေကို ဖြတ်ကျော်နေရပြီး စစ်ကောင်စီရဲ့လူမဆန်မှုကအရမ်းသိသာတယ်လို့ ဆက်ပြောတယ်။

မိုးကြီးရေလျှံတာကြောင့် ပြည်သူတချို့မြွေကိုက်ခံရတာ၊ သက်ကြီးရွယ်အိုအချို့ မိုးမိပြီးအအေးမိ ဖျားနာတာမျိုးကြုံရပေမယ့် နီးစပ်ရာကျန်းမာရေးအဖွဲ့တွေရဲ့စောင့်ရှောက်မှုနဲ့သာ ကုသနေရတယ်လို့ အညာပစ်တိုင်း ထောင်လေးများအဖွဲ့က တာဝန်ရှိ သူက ဆိုတယ်။

လတ်တလောမှာ NUGရဲ့ထောက်ပံ့မှု၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ၊စစ်ဘေးရှောင်ကူညီတဲ့အဖွဲ့တွေရဲ့ တပိုင်တနိုင် ထောက်ပံ့မှုတွေနဲ့ သဘာဝဘေးဒဏ်ခံရတဲ့ ဒေသခံတွေကို ကူညီထောက်ပံ့တာတွေရှိပြီး စားနပ်ရိက္ခာ၊သောက်ရေ ၊ဆေးဝါး စတဲ့ လိုအပ်ချက်တွေကတော့ အများကြီး ရှိသေးတယ်လို့ ဆက်ပြောတယ်။

” လိုအပ်တာတွေက အများကြီးပဲ ၊စကစအဟန့်အတားတွေ လမ်းပန်းဆက်သွယ်ရေးကအစ အခက်အခဲတွေလည်းရှိတယ်၊ ချက်ပြုတ်စားသောက်ဖို့အခက်အခဲရှိတယ်။” လို့အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောပါတယ်။

စစ်မီးအပူနဲ့အတူ သဘာဝဘေးဒဏ်ပါထပ်ဆင့်ခံလိုက်ရတဲ့ အညာဒေသခံတွေမှာ လတ်တလော စားရေးသောက်ရေး လိုအပ် ချက်အပြင် ရှေ့ဆက်ကြုံရမယ့် စိုက်ဖို့ပျိုးဖို့အရေး အခက်အခဲဖြစ်မှာကို စိုးရိမ်ပူပန်ကြပါတယ်။ စစ်ဒဏ်ကြောင့် ဆုံးရှုံးမှုတွေရှိနေချိန် ရှိတာတွေကိုရင်းနှီးပြီး စိုက်ပျိုးကြ၊ ချေးငှားပြီးလုပ်ဆောင်ကြပေမယ့် မုန်တိုင်းကြောင့် ထပ်မံ ဆုံးရှုံးလိုက်ရတဲ့အခါ တောင်သူတွေမှာ လာမယ့်မိုးကာလမှာ ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ တွေးပူနေကြပါတယ်။

Author:

Related Articles