Home ဆောင်းပါး နွေဦးတော်လှန်ရေးရဲ့ သမိုင်းတာဝန်ကို ပခုံးထမ်းထားသူ

နွေဦးတော်လှန်ရေးရဲ့ သမိုင်းတာဝန်ကို ပခုံးထမ်းထားသူ

ခင်ဘုန်းမို့။ ။

အင်္ကျီအနီရောင် ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက် လူအုပ်စုကြားထဲ အားမာန်အပြည့်နဲ့ သပိတ် တရား ဟောနေ ပါတယ်။ သူကတော့ အသက် ၄၀ အရွယ် အမျိုးသမီး ဒေါ်ဝါဝါမြင့်ပါ။

ဒေါ်ဝါဝါမြင့်အတွက် လူထုအစုအဝေးကြား နိုင်ငံရေးတရား ဟောရတဲ့ အတွေ့အကြုံကို ရှစ်နှစ်အကြာမှ ပြန်လည်‌ရရှိတာ ဖြစ်ပါတယ်။

လူထုအစုအဝေးကြား ပြန်လည်ရောက်ရှိခဲ့ပေမယ့် အခြေအနေကတော့ ကွာခြားပါတယ်။ အရင်တုန်းက မဲဆွယ်စည်းရုံး ရေးအတွက် လူထုကို စည်းရုံးရတာဖြစ်ပြီး အခုအခါကတော့ ဒီမိုကရေစီ တိုက်ပွဲအတွက် လူထုကို ခွန်အားပေးရတာ ဖြစ်ပါတယ်။

ငယ်ဘ၀  

ဧရာဝတီတိုင်းဒေသကြီး၊ ငပု‌တောမြို့နယ်၊ ကြာကန်ရွာမှာ မွေးဖွားခဲ့တဲ့ ဒေါ်ဝါဝါမြင့်ဟာ ဇာတိရွာမှာ (၈)တန်း အောင်ပြီး ပုသိမ်မြို့က အထက်တန်းကျောင်းမှာ အထက်တန်းအောင်ကာ ပုသိမ် ကောလိပ် ကနေ မြန်မာစာဘွဲ့ ရခဲ့ပါတယ်။

ဒေါ်ဝါဝါမြင့်ရဲ့ငယ်ဘဝ အိပ်မက်ကတော့ ငယ်စဉ်က ရွာမှာ ဆေးပေးခန်း မရှိတဲ့အတွက် ဆေးကုတတ်သူ ဖြစ်ချင်ခဲ့ပါတယ်။

“ဆေးပေးခန်းရှိပေမယ့် နှာစေး၊ ချောင်းဆိုးရင်တောင် ပိုက်ဆံ မပါရင် မသွားရဲတဲ့ အခြေခံ လူတန်းစားတွေအတွက် ဆေးကုပေးချင်ခဲ့တာ။”လို့ ဒေါ်ဝါဝါမြင့်က သူ့ အိပ်မက်ကို ပြောပါတယ်။

အိမ်ထောင်ကျပြီးနောက်မှာလည်း စာအုပ်ဖတ်တာ၊ ရေဒီယို နားထောင်တာ၊ မိသားစု စီးပွားရေးတွေ လုပ်ကိုင်ရင်း ဖြတ်သန်းခဲ့ပါတယ်။

၂၀၁၂ မှာ NLD ပါတီဝင် ဖြစ်ခဲ့

၂၀၁၂ ခုနှစ်မှာတော့ NLD ပါတီက နယ်မြို့တွေမှာ ပါတီရုံးတွေ လိုက်ဖွင့်တဲ့အခါ ဒေါ်ဝါဝါမြင့်တစ် ယောက် ပါတီဝင် ဖြစ်ခဲ့တယ်။

“ပါတီဝင်ကြဖို့ စည်းရုံးခဲ့တယ်။ ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံသားတယောက်ရဲ့အခွင့်အရေး၊ တာဝန်၊ အစိုးရရဲ့ တာဝန်ယူမှုတွေကို ပြော‌ပေးခဲ့တယ်။ အာဏာရှင်ဟာ ကြောက်စရာ၊ ရွံစရာ စက်ဆုပ်စရာ ဖြစ်တဲ့အတွက် ဒီမိုကရေစီနိုင်ငံကို သွားကြဖို့ စည်းရုံးတယ်။”လို့ ဒေါ်ဝါဝါမြင့်က ပါတီဝင်ဖြစ်ခဲ့ပုံကို ပြောတယ်။

ဒေါ်ဝါဝါမြင့်ဟာ ၂၀၁၅ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုပြီး ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ်(၁)အတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး သူဝင်ရောက် ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် ရှုံးနိမ့်ခဲ့တယ်။ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ပေမယ့် NLD ပါတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အခက်အခဲတွေကြားက တော်လှန်နေသူ ဒေါ်ဝါဝါမြင့်

အာဏာသိမ်းပြီးနောက် တော်လှန်ရေးခရီး

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်မှာတော့ ဒေါ်ဝါဝါမြင့်တစ်ယောက် စစ်အာဏာရှင် လက်အောက် ပြန်ရောက်ပြီ၊ ကိုယ့်သားသမီးတွေ အကြောက်တရားနဲ့ ရှင်သန်ရတော့မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ အပြည့်ဖြစ်ခဲ့ရတယ်။ စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ ပခုံးပေါ်ရောက်လာတဲ့ သမိုင်းပေးတာဝန်လို့ ယူဆတဲ့အတွက် ကျရာနေရာက ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။

အာဏာမသိမ်းခင်က ရန်ကုန်မှာ အလုပ်လုပ်နေခဲ့တဲ့ ဒေါ်ဝါဝါမြင့်ဟာ အာဏာသိမ်းပြီးနောက်မှာတော့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သပိတ်တိုက်ပွဲတွေကို ဦးဆောင်ဖို့ ဇာတိမြို့ကို ပြန်လာခဲ့တယ်။ သပိတ်စစ်ကြောင်းတွေကို ဦးဆောင်တာ၊ ရှေ့တန်းကနေ သပိတ်တရား ဟောတာတွေ ဆောင်ရွက်ခဲ့တယ်။

ဖမ်းဆီးခံရလုနီးပါး အခြေအနေကလည်း နှစ်ကြိမ်တိုင်တိုင် လွတ်မြောက်ခဲ့တယ်။ ဆန္ဒပြပွဲတွေမှာ ပါဝင်တာ CDM တွေကို ကူညီရင်းနဲ့ ပြည်တွင်းမှာ နေထိုင်ရင်း တော်လှန်ရေးအတွက် လိုအပ်တာတွေ ဆောင်ရွက်နေခဲ့တယ်။

ဖမ်းဆီးခံရလုနီးပါး အခြေအနေကလည်း နှစ်ကြိမ်တိုင်တိုင် လွတ်မြောက်ခဲ့တယ်။ ဆန္ဒပြပွဲတွေမှာ ပါဝင်တာ CDM တွေကို ကူညီရင်းနဲ့ ပြည်တွင်းမှာ နေထိုင်ရင်း တော်လှန်ရေးအတွက် လိုအပ်တာတွေ ဆောင်ရွက်နေခဲ့တယ်။

နောက်ပိုင်းမှာတော့ ဖမ်းဆီးခံရတဲ့ မိတ်ဆွေတွေ များလာသလို ဒေါ်ဝါဝါမြင့် ကူညီပေးခဲ့ဖူးတဲ့ CDM ရဲတစ်ဦးက Non CDM ပြုလုပ်လာတဲ့အခါ မလုံခြုံတော့တဲ့အတွက် လေးကေ့ကော်မြို့ကို ရှောင်တိမ်း လာခဲ့ပါတယ်။

ဒေါ်ဝါဝါမြင့်ရဲ့ တော်လှန်ရေးစိတ်ဓာတ် ပြင်းပြမှုကို မိသားစုက တားဆီးတာ မရှိခဲ့ပါဘူး။

“ကျမရဲ့သဘာဝက သူများနဲ့ ပြဿနာ မဖြစ်တတ်ပါဘူး။ ဒါပေမယ့် လူနှစ်ယောက် ပြဿနာဖြစ်တာ မြင်ရင်၊ တိရစ္ဆာန်နှစ်ကောင် ပြဿနာဖြစ်တာမြင်ရင် အားနည်းသူလို့ ထင်တဲ့ဘက် ပါဝင်တတ်တာ တစ်ဘဝလုံးလိုလို ဖြစ်နေတော့ မိသားစုက တားမရလောက်ဘူးဆိုတာ သိပါတယ်။”လို့ ဒေါ်ဝါဝါမြင့်က ပြောပါတယ်။

ပြည်တွင်းမှာနေစဉ်တုန်းက တော်လှန်ရေးအလုပ်တွေ လုပ်တာကြောင့် လုံခြုံ‌ရေး စိုးရိမ်ရသလို ပုန်းအောင်း နေထိုင်ဖို့ နေစရာနေရာ ရှားပါးလာပါတယ်။ ဒါကြောင့် လွတ်မြောက်နယ်မြေကို ထွက်လာတော့လည်း စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတာ၊ လေကြောင်း တိုက်ခိုက်တာတွေကြောင့် စစ်ဘေးရှောင်ဘဝ ရောက်ရပြန်ပါတယ်။

ဒီလိုနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ လှည့်လည် နေထိုင်ပြီးနောက်မှာတော့ မဲဆောက်မြို့ကို သွားရောက်ခဲ့ပါတယ်။ နဂိုကတည်းက ဆံပင်ညှပ်တဲ့အလုပ်ကို ကျွမ်းကျင်တဲ့ ဒေါ်ဝါဝါမြင့်ဟာ မဲဆောက်မြို့ ရောက်တဲ့ အခါမှာတော့ Hair Stylist အဖြစ် ရင်းနှီးသူတွေကို လုပ်ကိုင်ပေးကာ စားဝတ်နေရေးအတွက် ဖြေရှင်းနေတယ်။

မဲဆောက်မြို့က ငှားနေတဲ့ အိမ်မှာပဲ ဆိုင်ပုံလေးလုပ်ကာ ကိုယ်နဲ့သိတဲ့ မိတ်ဆွေတွေ၊ ကိုယ့်လက်ရာ ကြိုက်တဲ့ ဖောက်သယ်တွေကို ဆံပင်ညှပ်တာ၊ ဆံပင် အလှပြုပြင်တာတွေ ပြုလုပ်ပေးပါတယ်။ မဲဆောက်မြို့မှာ တရား ဝင်နေ ထိုင်တာ မဟုတ်တဲ့အတွက် ရဲအဖမ်းခံရမှာ အမြဲစိုးရိမ်နေရပြီး ဆံပင်ညှပ်တဲ့ အလုပ်ကိုလည်း တရားဝင်လုပ်ကိုင်လို့ မရပါဘူး။

အခက်အခဲတွေကြား တော်လှန်ရင်း ရုန်းကန်

ဒေါ်ဝါဝါမြင့်ဟာ မိဘမဲ့ဂေတာတွေ၊ တချိူ့နေရာတွေမှာ ဆံပင်အခမဲ့ ညှပ်ပေးတာ၊ စက်ရုံတွေရှေ့မှာ ဆက်သားခြောက် ရောင်းတာ စတာတွေ လုပ်ကိုင်နေပါတယ်။ အခက်အခဲတွေကြားကပဲ ဒေါ်ဝါဝါမြင့်တစ်ယောက် တော်လှန်ရေးအတွက် တတ်နိုင်တဲ့ဘက်က ကူညီနေပါတယ်။

“ဘဝတူ လူတွေကို နုတ်အား လူအား နိုင်သ‌လောက် ကူနေပါတယ်။ ကိုယ့်နိုင်ငံထဲမှာ အရာရှိ အရာခံ ဘဝတွေနဲ့ နေလာသူတွေ CDM လုပ်ပြီး ဒီနိုင်ငံမှာ ထိုင်းနိုင်ငံသားတွေ မလုပ်ချင်တဲ့အလုပ်တွေမှာ ဝင်ပြီး ပင်ပင်ပန်းပန်း ရုန်းကန်နေကြတာတွေ မြင်ရင်လည်း ရင်ကွဲရတယ်။”လို့ ဒေါ်ဝါဝါမြင့်က သူ့ခံစားချက်ကို ဖွင့်ဟပါတယ်။

စိတ်ဓာတ်ကျတဲ့အချိန်တွေ ရှိပေမယ့်လည်း အကျဉ်းကျခံနေရတဲ့ မိတ်ဆွေတွေ၊ အသက် ပေးသွားသူတွေအတွက် တွေးပြီး အားတင်းကျော်ဖြတ်နေတယ်လို့ ဒေါ်ဝါဝါမြင့်က ဆိုပါတယ်။တော်လှန်ရေးအောင်တဲ့ အခါ ကိုယ့်အိမ်ကိုယ်ပြန်ပြီး ကိုယ့်အလုပ်တွေ လုပ်ကာ အေးအေးချမ်းချမ်း နေသွားချင်တာ ဒေါ်ဝါဝါမြင့်ရဲ့ ဆန္ဒပါပဲ။

“ကျမတို့နိုင်ငံ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ မဖြစ်မချင်း နိုင်တဲ့နေရာကနေ ပါဝင်ကူညီနေမှာပါ။ ဓမ္မနဲ့ အဓမ္မတိုက်ပွဲမှာ ဓမ္မဘက်က ရပ်တည် ကူညီနေရတဲ့အတွက် ဆင်းရဲပေမယ့် ဘဝကို လိပ်ပြာလုံစွာ ဖြတ်သန်းနေထိုင်ရပါတယ်။ အိမ်လွမ်းတာကလွဲလို့ နောင်တ မရပါဘူး။”လို့ ဒေါ်ဝါဝါမြင့်က ဆိုလိုက်ပါတယ်။ ။

Author:

Related Articles