Home ဆောင်းပါး စစ်ဘေးနဲ့ရေဘေးကြား ဗျာများနေရတဲ့ ပြည်သူတွေ

စစ်ဘေးနဲ့ရေဘေးကြား ဗျာများနေရတဲ့ ပြည်သူတွေ

ဒေဝီ။ ။

ပူပြင်းလှတဲ့ နွေကိုအံတုဖို့ ယပ်တောင်တဖျတ်ဖျတ်ခပ်နေပေမယ့် ဒေါ်မူတယောက် ရင်ထဲမအေးချမ်းနိုင်။ ပူပင်သောကတွေနဲ့ နေရတဲ့ သူတို့အတွက် နွေအပူက ဒီနှစ်မှ ပိုပူလွန်းတယ်လို့ ထင်မိတယ်။

သူတို့ဒေသကို စစ်မီးကူးစက်ချိန်ကတည်းကစလို့ ဒုက္ခတွေက တစ်ခုပြီးတစ်ခု တိုးလာနေတာ ဘယ်နေ့အသက်ဆုံးရှုံးရမလဲ တွေးပူနေတာကစလို့  နေဖို့စားဖို့ စိုက်ဖို့ပျိုးဖို့နဲ့ နွေဆို ကြုံနေကြ ရေရှားပါးမှုအဆုံး ပူပင်စရာတွေချည်းပါပဲ။

” ပြီးခဲ့တဲ့ ဆောင်းအကုန်ကတည်းကရှားတာ၊ ခပ်ရတာလည်းဝေးဝေးမှာ ရွာထဲရှိတဲ့ရေတွင်းကလည်း မီးမမှန်တော့ မရနဲ့  သောက်ဖို့တောင်မနည်းလုပ်နေရတယ်။”လို့  မကွေးတိုင်းဒေသကြီး၊ မြိုင်ဒေသနေ အသက် ၄၀အရွယ် ဒေါ်မူက ပြောတယ်။

မြန်မာနိုင်ငံက အပူပိုင်းဒေသတွေနဲ့ မိုးနည်းရပ်ဝန်းဒေသတချို့မှာ နွေရာသီ‌ဆို ရေတွင်းရေကန်တွေ ခမ်းခြောက်ပြီး ရေရှားပါး တာက နှစ်စဉ်ကြုံတွေ့ရတဲ့ ပြသနာဖြစ်ပေမယ့် စစ်ဘေးဒဏ်ခံနေရတဲ့ကာလမှာ အစစအရာရာခက်ခဲချိန် ရေရှားတာက ဒေသခံတွေမှာ ပိုပြီးသောကဝေနေရပါတယ်။

အထူးသဖြင့်စစ်ရေးမငြိမ်မသက်ဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကရင်နီပြည်နယ်တို့က ယခင်ကတည်းက ရေရှား ပါးတဲ့ ဒေသတွေဖြစ်တဲ့အပြင် လက်ရှိလည်း စစ်ကြောင့် ထိခိုက်နေရတဲ့အခြေအနေမှာ ရေရှားပါးပြတ်လပ်တဲ့ဒဏ်နဲ့ နောက် ဆက်တွဲ ရောဂါဝေဒနာတွေကိုပါ ခံစားနေကြရပါတယ်။

ဒေါ်မူတို့ဒေသကလည်း  မိုးအကုန်ဆောင်းရာသီနဲ့ နွေကာလတို့မှာ ရေတွင်းရေကန်တွေခန်းခြောက်ပြီး ရေရှားပါးပြတ်လပ် တာ ကြုံရလေ့ရှိပါတယ်။

” မနှစ်ကဆို စစ်ကြောင်းထိုးလို့ပြေးရတာ ရေတောင်မသောက်ရဘူး။ ဒီနွေလည်း မီးကမရှိ ရေကမရနဲ့ ရေချိုးစရာတောင်မရှိ ဘူး။” လို့ ဒေါ်မူက ပြောတယ်။

နွေရာသီဆို ရေရှားကြပေမယ့် စက်ရေတွင်းတွေရှိကြတဲ့ ရွာတွေက ရေလုံလောက်ပြီး ရေမရတဲ့ကျေးရွာတွေကို ပြန်လည် မျှ‌ဝေနေကြဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကြောင်းထိုးလို့ ထွက်ပြေးတဲ့အချိန်တွေမှာရွာတွေနဲ့ ဝေးဝေးပြေးရတဲ့အတွက် ရေရဖို့ မလွယ်ကူတော့ဘူးလို့ ဆိုတယ်။

” တိုက်ပွဲတွေဖြစ်နေတော့ ရေရှားလည်း အရင်ကလိုရေလှူတာတွေ မရှိတော့ဘူး၊ ကိုယ့်ရွာနီးချုပ်စပ်ကပဲ ရေရှိတဲ့ ရွာအချင်း ချင်းကပဲ ကူညီနိုင်တော့တယ်။”လို့ ဒေါ်မူကပြောတယ်။

အမျိုးသမီးတွေဆိုလည်း ပင်ပင်ပန်းပန်းခပ်လာရတဲ့ရေကို ချွေတာရတဲ့အတွက် နေ့စဉ်ရေချိုးဖို့တောင် မနည်းသုံးစွဲနေရပြီး စစ်ကြောင့်ပြေးလွှားရတဲ့ အချိန်မျိုးဆို အရမ်းဒုက္ခရောက်ရတယ်လို့ ဒေါ်မူက ပြောပါတယ်။

” ဓမ္မတာချိန် တစ်ကိုယ်ရေသန့်ရှင်းရေးလည်း သေချာမလုပ်နိုင်ကြပါဘူး။ စစ်ကြောင်းထိုးလို့ပြေးနေရတဲ့အချိန်ဆိုတော့ အသက်အန္တရာယ်လုံခြုံဖို့က အရေးကြီးတော့ ‌‌နေစရာရပြီးမှရေချိုးဖို့လုပ်ရတယ်။” လို့ ဒေါ်မူကဆိုတယ်။

ရေရှားပါးတဲ့အတွက် ရှိတဲ့ရေကိုသုံးစွဲကြတဲ့အခါ မသန့်ရှင်းတဲ့ရေကြောင့် အရေပြားယားနာတွေက ကလေး၊လူကြီး၊အမျိုးသား အမျိုးသမီးတွေမှာ ဖြစ်ပွားကြပါတယ်။

” လူကြီးတွေတောင် အရေပြားတွေခြောက်ပြီး ယားနာဖြစ်နေတာ ကလေးတွေလည်းဖြစ်တယ်။ ရေကျောက်လို အဖုလေး တွေနဲ့ တချို့ကလေးတွေဆို ဝမ်းလျှောတာတွေတောင်ကြုံရတယ်။”လို့ ဒေါ်မူကပြောပါတယ်။

ရေရှားပါးပြီး မသန့်ရှင်းတဲ့ရေ သုံးစွဲရတာကြောင့် စစ်ကိုင်း၊ မကွေးနဲ့ ကရင်နီပြည်နယ်က ကလေးအချို့မှာ အရေပြားရောဂါကို ဆိုးဆိုးရွားရွား ခံစားနေရတာတွေလည်းရှိပါတယ်။

ရေလုံလုံလောက်လောက်မရတာကြောင့် လသားကလေးတွေကစလို့ အသက် ၁၀နှစ်ကျော်အရွယ် ကလေးကြီးတွေမှာပါ မျက်နှာ ၊ လက်၊ခြေထောက်နဲ့ ခန္ဓာကိုယ်တွေမှာ အဖုတွေ ယားနာတွေ ပေါက်ပြီး ဖျားနာတာတွေဖြစ်ပွားခဲ့ပါတယ်။

ဒေသတစ်ခုနဲ့တစ်ခု‌ ရောဂါလက္ခဏာမတူကြပေမယ့် ရေရှားပါးပြီး ရေဓာတ်ခမ်းခြောက်တာတွေကြောင့် ဖြစ်တာလို့  အညာ ဒေသစစ်ဘေးရှောင်တွေကို ကူညီသူတစ်ဦးကပြောပါတယ်။

” အညာမှာရေရှားတာက မတ်လလောက်စပြီ။ ရေရဖို့က ရေတွင်းရှိတဲ့နေရာတွေကနေသယ်ရတယ်၊ သဲချောင်းတွေကနေ တွင်းတူးယူရတယ်။” လို့ ပေါက်မြို့နယ်မှာနေထိုင်တဲ့ အသက် ၃၀ကျော်အရွယ် မဝင်းဝင်းက ပြောပါတယ်။

တပေါင်းတန်ခူးအချိန်က အပူချိန်အမြင့်ဆုံးဖြစ်ပေမယ့် အိမ်မှာအေးအေးသာသာမနေရပါဘူး။ စစ်တပ်က မကြာခဏ စစ် ကြောင်းထိုးတာ၊ နေအိမ်တွေမီးရှို့တာတွေကြောင့် နွေအပူမှာ ကလေးလူကြီး စစ်ရှောင်ရတာလည်း ရှိပါတယ်။

စစ်တပ်က စစ်ကြောင်းထိုး၊ ရွာမီးရှို့တာတွေပြုလုပ်တဲ့အတွက် နီးစပ်ရာရွာတွေနဲ့ တောစပ်တွေထဲ ရှောင်တိမ်းခိုနားနေထိုင်ကြ တဲ့အခါ လူအတွက်ရော တိရစ္ဆာန်အတွက်ပါ ရေခက်ခဲကြတယ်။

စစ်ရှောင်ရတဲ့နေရာက ရွာနဲ့ဝေးတဲ့အပြင် စစ်ကြောင်းထိုးတာတွေကြောင့် ရွာထဲရေပြန်ယူလို့လည်း မလွယ်ကူတဲ့အခြေအနေ ပါ။ ‌ရေရှိတဲ့နေရာကို အမျိုးသမီးတွေ အုပ်စုလိုက်သွားရောက်ကာ အချိန်ပေးရေခပ်ရပြီး အဲဒီအချိန်စစ်ကြောင်းနဲ့ တိုးမှာလည်း စိုးရိမ်ရတယ်။

ရေရှားပြီး ရေကောင်းရေသန့်မရတဲ့နေရာဖြစ်တဲ့အတွက် ဒေသခံတွေမှာအရေပြားရောဂါ ပွေး၊ဝဲ ရောဂါတွေ ခံစားနေရတာ တွေလည်းရှိပြီး နွေရာသီပူပြင်းတဲ့အချိန်မျိုးမှာ ရေလုံလုံလောက်လောက်မရတဲ့အတွက် သူအပါအဝင် အမျိုးသမီးအချို့မှာ တစ်ကိုယ်ရေသန့်ရှင်းရေးပြသနာတွေ၊ ဆီးကျင်တာ ဆီးအောင့်တာမျိုးတွေ ခံစားရတယ်လို့ ဆိုတယ်။

” သောက်ဖို့ရေကလည်းအနည်ထိုင်ပြီးမှသောက်ရတယ်။ အိမ်သာသွားရင်လည်းရေမသုံးနိုင်ပါဘူး။”လို့ မဝင်းဝင်းကပြော တယ်။

ရေရှားပါးမှု၊ သောက်သုံးရေမလုံလောက်မှုတွေက မြန်မာနိုင်ငံအနှံ့က ကျေးရွာအချို့မှာ ကြုံတွေ့နေရပါတယ်။ မိုးနည်းပြီး ရေတွင်းရေကန်တွေ စောစောခမ်းခြောက်တာ၊ ရေတွင်းရေကန်တူးဖော်ပေမယ့်‌ ရေချိုမရနိုင်တာ၊ အဝိစီစက်ရေတွင်း လုံလုံ လောက်လောက်မရှိတာတွေကြောင့် ကျေးရွာအချို့မှာ ဆောင်းရာသီကတည်းက ရေရှားတဲ့ဒဏ်ကို ခံရတယ်။

အပူပိုင်းဒေသတွေနဲ့ တောင်ပေါ်ဒေသကကျေးရွာတွေမှာ ရေအခက်အခဲဆုံးဖြစ်ပြီး ရေအရည်အသွေးကျတာရော ရေတွင်း ရေကန် အရေအတွက်ရော နည်းပါးတဲ့အတွက် နှစ်စဉ်ရေရှားပါးပြီး ရေလှူဒါန်းမှုတွေနဲ့ ဖြတ်သန်းရပါတယ်။

ဌာနဆိုင်ရာက ရေ‌ပေးဝေမှုတွေ ၊ရေရတဲ့မြို့နယ်ကျေးရွာတွေက ရေလာလှူဒါန်းမှုတွေရှိခဲ့ပြီး မြို့ရောကျေးရွာတွေပါ မငြိမ် မသက်ဖြစ်လာတဲ့အခါမှာတော့  အိုးမဲ့အိမ်မဲ့ဖြစ်ရ စစ်ဘေးရှောင်ရနဲ့ ရေလှူဒါန်းမှုတွေလည်း မရှိကြတော့ဘူးလို့ ဒေသခံတွေ က ပြောပါတယ်။

စစ်ကြောင့်နေအိမ်တွေကစွန့်ခွာပြီး စစ်ရှောင်နေထိုင်နေရတဲ့အခါ စားဝတ်နေရေးလိုပဲ  ရေအခက်အခဲက ကြုံရတယ်လို့ ကယားပြည်နယ်၊ ဒီးမော့ဆိုမှာနေထိုင်တဲ့ အသက် ၅၀ကျော်အရွယ်ဒေါခူးက ပြောပါတယ်။

” ရေကရှိတာလေးကိုပဲ မျှသုံးနေရတာ၊ ချက်တဲ့အခါသုံးတော့ ရေအပိုမချိုးကြဘူး ကလေးရောလူကြီးရော” လို့ ဒေါခူးက ပြောတယ်။ 

စစ်ရှောင်နေထိုင်ရတဲ့နေရာကနေ ရေရတဲ့နေရာကို တော်တော်ဝေးဝေးသွားရတဲ့အတွက် စစ်ဘေးရှောင်ကူညီသူတွေက ရေကန်တွေလုပ်ပြီး ‌ရေဖြည့်တာတွေပြုလုပ်ပေမယ့် ချက်ပြုတ်ဖို့နဲ့သောက်သုံးဖို့သာ မျှဝေသုံးစွဲကြပါတယ်။

အဲဒီအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးနေ့စဉ်မလုပ်နိုင်ဘဲ ရေချိုးဖို့အတွက်ကို ရေထွက်နေရာတွေအထိ သွားရပါတယ်။

” ရှိတဲ့ရေကိုပဲသုံးစွဲရတော့ ခန္ဓာကိုယ်ယားယံတာတွေကခဏခဏဖြစ်တယ်။ အဖုတွေပေါက်ပြီး ကုတ်တော့ အနာလေးတွေ ဖြစ်တယ်။ ဆရာမလေးတွေလာတုန်းကတော့ ဆေးတွေပေးတာလိမ်းတယ်။”လို့ ဒေါခူးက ပြောတယ်။

ပြည်သူတွေမှာ စစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုတွေကြောင့် ပင်ပန်းဆင်းရဲစွာနေထိုင်ရတဲ့အပြင် ရေအခက်အခဲကြောင့် ပိုဒုက္ခ ရောက်ကြပြီး ကရင်နီဒေသက စစ်ရှောင်စခန်းတွေကို နိုဝင်ဘာလကတည်းက ရေလှူတာတွေ ပြုလုပ်နေရတယ်လို့ ကရင်နီ ဒေသကစစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။

ကရင်နီစစ်ရှောင်စခန်းတွေမှာ သောက်သုံးရေရှားပါးပြတ်လပ်လာတဲ့အတွက် ဒေသခံတွေမှာ ရေရှိတဲ့နေရာသွားတဲ့အခါ စစ်တပ်က ထောင်ထားတဲ့ မိုင်းတွေကြောင့် အန္တရာယ်ကြုံနိုင်သလို စစ်တပ်ရဲ့ကင်းပုန်းတွေနဲ့တွေ့ပြီး အဖမ်းခံရတာတွေလည်း ရှိတယ်လို့ ဆက်ပြောတယ်။

တိုက်ပွဲနဲ့ဝေးရာရှောင်ရတဲ့အခါ ရေရှိတဲ့နေရာတွေနဲ့အလှမ်းဝေးသွားပါတယ်။ ရေရဖို့အတွက် မိုးရွာတဲ့အခါရေခံတာ၊ ချောင်း ရေ မြောင်းရေ ရှာသုံးရတာတွေပြုလုပ်ရပြီး အဲဒီအတွက်ကြောင့်လည်း အပူနာ၊အရေပြားနာတွေ ဖြစ်တာများကြတယ်လို့ စစ်ဘေးရှောင်‌အရေး ကူညီသူက ပြောတယ်။

” ရေရှားတာက နွေရောက်လာတော့ပိုဆိုးလာတယ်။ ရေကတောင်အောက်ဆို စခန်းကတောင်ပေါ်ဘက်တွေ ဖြစ်နေတော့ သယ်ရအရမ်းခက်တယ်။” လို့ သူက ဆက်ပြောတယ်။

ရေရှားပါးတဲ့ဒေသတွေမှာ သောက်သုံးရေ အလုံအလောက်မရှိတာ သန့်ရှင်းတဲ့ရေမရတဲ့အခါ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်း ခြောက်ပြီး ဝမ်းချုပ်လွယ်တာ၊ နှုတ်ခမ်းကွဲတာ၊ ပါးစပ်နဲ့အာခေါင်မှာ အပူဖုအပူနာပေါက်တာ၊ ပွေးဝဲညှင်းစတဲ့အရေပြား ရောဂါ တွေကြုံတွေ့နိုင်သလို အဓိကအနေနဲ့ စိုးရိမ်ရတာ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ဝမ်းရောဂါပိုးဖြစ်တယ်လို့ အထွေထွေရောဂါ ကုဆရာဝန်တစ်ဦးက မှတ်ချက်ပြုတယ်။  

အမျိုးသမီးတွေအနေနဲ့လည်း ရေအလုံအလောက်မရှိလို့  တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မသုံးနိုင်တဲ့အခါ ဆီးပိုးဝင်တာ၊ မိန်းမကိုယ်မှိုပိုးစွဲတာ၊ မိန်းမကိုယ်ကပ်ပါးပိုး ဝင်ရောက်နိုင်တာတွေ ကြုံရနိုင်တယ်လို့ ယင်းကဆိုတယ်။

” တစ်ကိုယ်ရေသန့်ရှင်းမှုမှာဆိုရင် လုံလောက်စွာရေနဲ့ဆေးကြောရခြင်းမရှိလို့ မိန်းမကိုယ်ပိုးဝင်နိုင်တယ်။ နောက် ဘယ် လောက်ထိအောင် ဆိုးနိုင်တယ်ဆို မိန်းမကိုယ်ပိုးဝင်တယ်ဆိုရင် သားအိမ်ထဲထိပိုးဝင်သွားနိုင်တယ်။” လို့ သူက ဆက်ပြော တယ်။

ကယားပြည်နယ်က ယခင်ကတည်းက ရေရှားပါးတဲ့ ဒေသဖြစ်တဲ့အတွက် နွေရာသီဆို ရေအခက်အခဲက နှစ်စဉ်လို ကြုံတွေ့ နေရတာဖြစ်ပြီး အခုလိုစစ်ရှောင်နေရတဲ့အချိန် နယ်မြေကျဉ်းကျဉ်းလေးမှာ လူပေါင်းမြောက်များစွာ စုဝေးနေထိုင်ရတဲ့ အတွက် ရေရှားပါးမှုဒဏ်ကို ဆိုးရွားစွာရင်ဆိုင်နေရတာလို့ ကရင်နီဒေသမှာ စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်နေတဲ့ Clean Yangon အဖွဲ့မှ မသဉ္ဇာအေးက ပြောပါတယ်။

ကြုံနေရတဲ့ရေအခက်အခဲကို ဒေသခံတွေကလည်း ကိုယ်တိုင်ရေရှာဖွေကြိုးစားရသလို အလှူရှင်အဖွဲ့အစည်းတွေကိုလည်း အားကိုးမှီခိုနေရကြပါတယ်။ အဖွဲ့အစည်းတွေက ရေသယ်ကားတွေနဲ့ ရေထွက်ရှိရာက သယ်ဆောင်ပြီး စစ်ရှောင်တွေအတွက် ဖြန့်ဖြူးပေးတာတွေ လုပ်ပေးနေရပါတယ်။

ရေရှားပါးတာကြောင့် ကလေးသာမက လူကြီးတွေပါ ရေမသုံးရတဲ့အတွက် အရေပြားရောဂါတွေ ခံစားနေရတာတွေလည်း တွေ့ရပြီး ဒေသခံတွေက ခက်ခက်ခဲခဲ ရှာဖွေခပ်ယူလာရတဲ့ရေကို ထမင်းဟင်းချက်ဖို့ အဓိကထားသုံးနေရတဲ့အတွက် တစ်ကိုယ်ရေ သန့်ရှင်းမှုအပိုင်း အားနည်းတာတွေရှိတယ်လို့ဆက်ပြောတယ်။

” တစ်ချို့ဆို တစ်ပတ်နေမှ ရေတစ်ခါချိုးရတာတွေရှိတယ်။ ဒီဒေသမှာက ကြိုးစားပမ်းစားရလာတဲ့ရေကို ချိုးရေအတွက် မသုံး နိုင်ကြဘူး။” လို့ မသဉ္ဇာအေးက ပြောပါတယ်။

ဒီအတွက်ကြောင့် အမျိုးသမီးတွေမှာလည်း ယားယံမှုတွေ တစ်ကိုယ်ရေမသန့်ရှင်းမှုတွေကြောင့်  အရေပြားရောဂါဝေဒနာတွေ ခံစားနေကြရတယ်လို့ ဆိုတယ်။

ကရင်နီဒေသရေရှားပါးမှုကို ကူညီဖို့ ရေအလှူကမ်ပိန်းတစ်ခုကို Clean Yangonက လုပ်ဆောင်ခဲ့ပြီး ကမ်ပိန်းကရတဲ့ ငွေကြေး နဲ့ ရေကားဝယ်ယူကာ စစ်ရှောင်စခန်းတွေဆီလှည့်ပတ်လို့ တစ်နေ့လေးခေါက်နှုန်းနဲ့ ဖြန့်ဖြူးပေးလျက်ရှိပေမယ့် ရေရှည်‌ ပေးနိုင်ဖို့ဆို ကုန်ကျစရိတ်တွေရှိတာကြောင့် ပါဝင်ကူညီကြပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ယခင်ကတည်းက ရေရှားပါးတာကြုံရပြီး လက်ရှိလည်း စစ်ကြောင့်ပါ ပူပန်နေရတဲ့ဒေသတွေက ပြည်သူတွေမှာတော့ ရေ အခက်အခဲကြုံပေမယ့် မငြီးတွားနိုင်ပါဘူး။

ဒေါ်မူမူလည်း အညာလေပူပူမှာ  အေးအေးလူလူနေချင်ပေမယ့်  ဘယ်နေ့စစ်ကြောင်းထိုးတာခံရမလဲ ဘယ်နေ့တိုက်ပွဲတွေ ဖြစ်မလဲဆိုတာတွေးပူရင်း မီးလာတဲ့အချိန်ပေးတဲ့ စက်ရေတွင်းမှာ ရေခပ်ဖို့ သွားရဦးမယ်လို့ ဆိုပါတော့တယ်။

Author:

Related Articles