Home ဆောင်းပါး “တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဘေး၊ ကပ်ဘေး ကင်းပြီး ငြိမ်းချမ်းစေချင်တယ်”

“တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဘေး၊ ကပ်ဘေး ကင်းပြီး ငြိမ်းချမ်းစေချင်တယ်”

Honest Information (HI)

တစိမ့်စိမ့်နဲ့ ရွာနေတဲ့မိုးကြောင့် ကောင်းကင်တစ်ခုလုံး အုံ့ဆိုင်းမှုံမှိုင်းနေပြီး ချင်းပြည်နယ်ရဲ့အေးမြတဲ့ရာသီဥတုကို လွန်ကဲ စွာ ပံ့ပိုးလို့နေပါတယ်။ ဒီအအေးဒဏ်ဟာ တာလပါတ်အမိုးတွေယာယီဆောက်လုပ်ထားတဲ့ တဲသာသာအိမ်လေးအောက် က စစ်ရှောင်တွေရဲ့အပူမီးကို လွှမ်းသွားနိုင်ပါ့မလားဆိုတာကလည်း တွေးဆစရာပါပဲ။

ဒီတာလပါတ်အမိုးလေးအောက်မှာ နေနေရတဲ့စစ်ရှောင်တွေဟာ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ထဲမှာ စစ်တပ် နဲ့ ရက္ခိုင်တပ်မတော်(AA)ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေ ဖြစ်တယ်။

ရခိုင်စစ်မီး ပလက်ဝကို စတင်ကူးစက်လာတာက ၂၀၁၅ ခုနှစ်မှာ တိုက်ပွဲဟိုတစ၊ ဒီတစဖြစ်လာရမှ ၂၀၁၈ အကုန် ၂၀၁၉ အကူးမှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ပြီး ရွာလုံးကျွတ်ထွက်ပြေးရတဲ့ ကျေးရွာပေါင်း ၁၀ ရွာထက် မနည်းရှိခဲ့ပါတယ်။

ပလက်ဝမှာ စစ်တပ်နဲ့ AA တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို သံသယနဲ့ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံခဲ့ရတာတွေလည်း ရှိခဲ့တယ်။

ဒီလိုအခြေအနေတွေကြောင့် ၂၀၁၅ ကနေ ၂၀၂၁ အထိပြေးလာတဲ့စစ်ရှောင်အရေအတွက်ဟာ တိုးမသွားသလို လျော့ လည်း မသွားဘဲ ပလက်ဝစစ်စခန်း ၁၃ ခုမှာ စစ်ရှောင်ဦးရေ ၅,၅၀၀ ကျော်၊ ဆမီးစစ်ရှောင်စခန်းမှာ ငါးခုမှာ သုံးထောင် ကျော်နဲ့ စိမ့်စမ်းနဲ့မီးဇာစခန်းတွေမှာ စစ်ရှောင်နှစ်ထောင်ကျော်ဟာ ယနေ့တိုင် ခိုလှုံနေကြဆဲ ဖြစ်တယ်။

ပလက်ဝမြို့နယ်မှာ လူဦးရေ တစ်သိန်းကျော်နေထိုင်ပြီး မြို့ပေါ်ရပ်ကွက် လေးခု၊ ကျေးရွာပေါင်း ၄၀၀ ကျော် ရှိတဲ့အနက် ဝက်မ၊ ဆားဝ၊ ကြက်မအိုင်၊ ရွှေချောင်း၊ သင်းပုန်း၊ ကင်းဝ ၊ နန်းချောင်းဝ၊ ဘောင်းဝ၊ ကူးဝ၊ မိတ်စာဝ၊ ပြိုင်းတောင်၊ ပြိုင်းဝ၊ ပြိုင်တိန်၊ ငမြင့်သောင်နဲ့ ပျဉ်ဝကျေးရွာသားတွေဟာ တိုက်ပွဲကြောင့် စစ်ရှောင်နေရတဲ့ရွာတွေပဲ ဖြစ်တယ်။

စစ်ပွဲဟာ ကိုဗစ်ဒုတိယလှိုင်းစတင်ခဲ့တဲ့ ၂၀၂၀ အောက်တိုဘာလကတည်းက ရပ်ဆိုင်းသွားတာကြောင့် စစ်ရှောင်တွေ အနေနဲ့ နေရင်းရပ်ရွာပြန်ပြီး စားသောက်နေထိုင်ဖို့မျှော်လင့်ချက်တွေ ရှိခဲ့ကြတယ်။

ဒါပေမယ့် ၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းလိုက်တော့ သူတို့နေရပ်ပြန်ဖို့ စိတ်ကူးတွေဟာ သဲထဲရေသွန်ဖြစ် သွားရတဲ့အပြင် ထောက်ပံ့မှုတွေကလည်း လုံးဝရပ်ဆိုင်းလုနီးပါးဖြစ်သွားရတဲ့အတွက် စားဝတ်နေရေးဟာ ယခင်ထက် ပိုခက်ခဲသွားရပြီး တခြားစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။

စားသောက်နေထိုင်ဖို့ ခက်လာလို့ နေရင်းရပ်ရွာပြန်ပြီး လုပ်ကိုင်စားသောက်ဖို့ကလည်း ငွေကြေးနဲ့ တခြားလိုအပ်ချက်တွေ လည်း ရှိနေသေးတာကြောင့် လက်ရှိရှိနေတဲ့ စစ်ရှောင်တွေဟာ မပြန်နိုင်တော့ဘဲ စခန်းထဲမှာ မလုံမခြုံ၊ ထောက်ပံ့မှု မလောက်မငနဲ့ ဆက်နေကြရတယ်။

ပလက်ဝစစ်ရှောင်အရေးကူညီပေးနေသူတစ်ယောက်က “စစ်တပ်က ပြန်ဖို့ ပြောလာပေမယ့် ဒါပေမယ့် သူတို့လူ့အခွင့် အရေးနဲ့ အညီ ပြန်ခွင့်ရမှာမဟုတ်ဘူး။ နောက်စားဝတ်နေရေး၊ အလုပ်အကိုင်၊ လုံခြုံမှု ဒီသုံးခုက သူတို့ပြန်ဖို့အတွက် စိန်ခေါ်မှု ဖြစ်နေတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ရှောင်တွေရဲ့ပိုပြီးဒုက္ခရောက်ရတယ်”လို့ ရှင်းပြပါတယ်။

စစ်ရှောင်တွေဟာ စခန်းထဲမှာ ဝါးတိုင်၊ ဝါးအခင်း၊ ဝါးထရံကို တာလပါတ်နဲ့မိုးထားတဲ့ တဲသာသာအိမ်လေးနဲ့ ဖြစ်သလို နေထိုင်ရတဲ့အတွက် နွေမှာဆို ပူတဲ့ဒဏ်၊ မိုးမှာဆို မိုးယိုနဲ့ ဆောင်းမှာဆို အအေးဒဏ်တွေကိုလွန်လွန်ကဲကဲခံစားရတယ်။

ပလက်ဝစစ်ရှောင်စခန်းတစ်ခုမှာခိုလှုံနေတာ နှစ်နှစ်ကျော်ပြီဖြစ်တဲ့ ဒေါ်သန်းရွှေက“အရင်ကတော့ ကျမတို့ကို ကူညီမယ့်သူ ရှိတော့ စားသောက်နေထိုင်ရေးက အခုလောက်မခက်ဘူးပေါ့။ခုကသုံးစရာ ငွေလည်းမရှိဘူး။ အလုပ်လည်း မရှိ၊ အလှူရှင် တွေကလည်း အရင်လိုမလာကြတော့ အစစအရာရာခက်သွားတာပေါ့”လို့ ပြောပြပါတယ်။

ဒေါ်သန်းရွှေတို့ သားအမိသုံးယောက်အပါအဝင် စစ်ရှောင်တွေဟာ အဝတ်အစားကအစ ဆန်ကအဆုံး အလှူရှင်တွေ အပေါ်မှီခိုရင်း ဒီတာလပါတ်အမိုးတဲလေးတွေ အောက်မှာနေလာတာ သုံးနှစ်နီးပါးရှိနေပါပြီ။

အခင်းဖြစ်တဲ့နေ့က ဒေါ်သန်းရွှေရဲ့အမျိုးသားတောထဲသွားနေချိန်မှာ သူတို့ရွာအနားကို လက်နက်ကြီးတွေကျလာတဲ့ အ တွက် သားသမီးနှစ်ယောက်လက်စွဲကာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဘေးလွတ်ရာပြေးကြရတယ်။ တိုက်ပွဲခဏရပ်နား ချိန်မှာ ခင်ပွန်းသည်ရှာမတွေ့ဘဲ ဆုံးပါးသွားတဲ့သတင်းသာ ကြားသိခဲ့ရတယ်။

ဒီနောက်မှာတော့ ဒေါ်သန်းရွှေတို့သားအမိဟာ ကျေးရွာခံတွေနဲ့အတူ အိုးအိမ်တွေစွန့်ကာ ကူညီရေးအဖွဲ့တွေရဲ့ခေါ် ဆောင်မှုနဲ့ ပလက်ဝမြို့ပေါ်ရှိ စစ်ရှောင်စခန်းကို ရောက်လာခဲ့တယ်။ ဒီစခန်းကိုရောက်ဖို့ သူတို့ဟာ မိုင်ပေါင်းများစွာ လမ်းလျှောက်လာရသလို လှေစီးပြီးမှလည်းလာကြရတယ်။

တိုက်ပွဲကနေ လွတ်လာခဲ့တဲ့ ဒေါ်ရွှေသန်းတို့သားအမိတွေ စခန်းထဲမှာ အငတ်ဘေးထပ်မံရင်ဆိုင်ရပြန်ပါတယ်။ စခန်းမှာ ထောက်ပံ့မှုက လုံလောက်အောင်မရတဲ့ကြားထဲ ရိက္ခာတွေ ကြားဖြတ်လုခံရတာလည်း ရှိသလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဆန်ပြတ်လပ်မှုနဲ့လည်း မကြာခဏကြုံကြရတယ်။

စစ်ရှောင်တွေ ဒီလိုဖြစ်လာတော့ NLDအစိုးရရဲ့အကူအညီနဲ့ ဝန်ကြီးဦးစိုးထက်က ဦးဆောင်ကာ ပလက်ဝကို ဆန်အိတ် တွေ အချိန်မီရောက်အောင်၊ ရိက္ခာပြတ်လပ်တာမျိုးမဖြစ်အောင် လုပ်ပေးခဲ့တဲ့အတွက် အနည်းငယ်အဆင်ပြေမှုရခဲ့ကြ တယ်။

စစ်တပ်ဟာ အာဏာသိမ်းမှုနဲ့အတူ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကိုပါ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အထဲမှာ ဝန်ကြီး ဦးစိုးထက် လည်း ပါဝင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်း စစ်ရှောင်တွေကိုကူညီပေးနေတဲ့အဖွဲ့တွေနဲ့ သူတို့ကိုအမြဲတမ်း ထောက်ပံ့ပေးနေတဲ့ အလှူရှင်တွေပါ တိမ်းရှောင်နေရတာကြောင့် ကြားထဲက စစ်ရှောင်တွေဟာ ကူကယ်ရာမဲ့ဖြစ်သွားရတယ်။

အာဏာသိမ်းယူထားတဲ့စစ်တပ်ကလည်း စစ်ရှောင်တွေအရေးထက် တိုက်ခိုက်ရေးကိုသာဦးစားပေးနေတာကြောင့် စစ် ရှောင်တွေဟာ တစ်ပူပေါ် တစ်ပူဆင့်ပြီး ဒုက္ခရောက်ရပြန်ပါတယ်။

ဒေါ်သန်းရွှေက “ထောက်ပံ့မှုက အရင်လိုအများကြီးမရှိတော့ဘူး။ တဖွဲ့ထဲဆိုတော့ မလောက်ဘူး။ ကိုဗစ်ကြောင့်လည်း နေ့စားအလုပ်တွေမရနိုင်ဘူး။ တောထဲသွားရင်လည်း မိုင်းတွေနဲ့ဆိုတော့ ကျမတို့မှာမလူးသာ မလှုပ်သာအခြေအနေပါ”လို့ သူတို့ရဲ့ လက်ရှိအခြေအနေကို ရှင်းပြပါတယ်။

လက်ရှိမှာ ပလက်ဝစစ်ရှောင်တွေရဲ့စားဖို့အတွက်ကို ကုလသမဂ္ဂ၏ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)တခုထဲကသာ ကူညီနေ တာမို့ လုံလောက်မှုမရှိဘဲ အသေးသုံးတွေအတွက် အပိုဝင်ငွေတွေလည်း လိုအပ်လို့နေပါသေးတယ်။

လက်ရှိမှာတော့ စစ်ရှောင်တွေရဲ့စားသောက်ရေးကို WFP က ၂၀၂၁ ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ဆန်၊ ဆီ၊ ဆား၊ ပဲ အပြင် ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေအတွက် အဟာရမှုန့်တွေကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

ဒါတွေက စားဖို့အတွက်သာရမှာဖြစ်ပြီး ကျန်တဲ့အသေးသုံးကိစ္စတွေဖြစ်တဲ့ ဆပ်ပြာကအစ အမျိုးသမီးလစဉ်သုံးတွေအဆုံး ဝယ်သုံးရမှာဖြစ်တာမို့ နေ့စားအလုပ်တွေမရတဲ့အခါ အပိုဝင်ရဖို့အတွက် မိုင်းမကြောက်၊ ဘာမကြောက်နဲ့ တောထဲ မျှစ်ရှာ ဖားကောက်သွားလုပ်နေကြရတယ်။

ဆမီးစစ်ရှောင်စခန်းမှာ နှစ်နှစ်ကျော်ကြာခိုလှုံနေရတဲ့ ဒေါ်အိအိခိုင်ကတော့ “ဆန်က ထမင်းပဲချက်လို့ရတော့ တောထဲ ရှာ လို့ဖွေလို့ရရင် ဟင်းနဲ့စားရတာပေါ့။ ရှာလို့မရရင်တော့ ဆန်ပြုတ်ပြုတ်သောက်တာများတယ်။ ဆန်လည်း ချွေတာရင်းပေါ့။ အိမ်လည်းမပြန်နိုင်သေးဘူးဆိုတော့ ဘယ်တော့များမှ ဒီလိုအခြေအနေဆိုးကနေ လွတ်မလဲမသိပါဘူး”လို့ ဆိုပါတယ်။

ဒေါ်အိခိုင်တို့မိသားစုလေးယောက်ဟာ ၂၀၁၈ ဒီဇင်ဘာကတည်းက တိမ်းရှောင်လာသူတွေဖြစ်ပြီး သူ့အမျိုးသားနဲ့ သား ငယ်ဟာ လက်နက်ကြီးကျရောက်ပေါက်ကွဲစဉ်က ကျည်စထိမှန်ပြီး လမ်းမလျှောက်နိုင်တာကြောင့် ဒေါ်အိခိုင်က ရှာဖွေ ကျွေးနေရပါတယ်။

သူရဲ့သားငယ် ၁၀ နှစ်သားလေးကတော့ လက်မှာကျည်စမှန်သွားလို့ လက်သန်းလေးဖြတ်ထောက်ထားရသလို လက် နက်သံကြားတိုင်း ‘ကြောက်တယ်..ကြောက်တယ်’ နဲ့ အော်ဟစ်ပြေးလွှားတတ်တဲ့အထိ စိတ်ဒဏ်ရာရနေတဲ့သူပါ။

“လက်ရှိအရေးပေါ်လိုတာကတော့ တဲတွေပြန်ပြင်ဖို့ပဲ။ တချို့စခန်းတွေတော့ ပြင်ပြီးပြီ။ ကျမတို့စခန်းမှာတော့ လာမလုပ် သေးဘူး။ အရင်ကဝန်ကြီးရှိတုန်းက အခုလိုအချိန်ဆိုအားလုံးအတူတူလုပ်ပေးတာ။ အခုတော့ အရင်လိုလည်း အလှူရှင် တွေမရှိတော့ ရတဲ့နေရာရပြီး မရတဲ့နေရာတွေလည်း မရကြဘူးပေါ့”လို့ ဒေါ်အိအိခိုင်က ရှင်းပြတယ်။

ဒီယာယီတဲအိမ်တွေကို ဝန်ကြီးဦးစိုးထက်က လူကယ်ပြန်ဝန်ကြီးဌာနဲ့ပူးပေါင်းပြီး စစ်ရှောင်တွေအတွက် ဆောက်လုပ်ပေး ခဲ့တာဖြစ်ပါတယ်။ တချို့အဆောင်တွေဆိုရင် လက်စမသတ်နိုင်သေးသလို ရေမရသေးတဲ့အဆောင်တချို့ရှိနေပါတယ်။

ပလက်ဝနယ်သားဖြစ်တဲ့ ချင်းပြည်နယ်၊ စည်ပင်ဝန်ကြီး ဦးစိုးထက်ဟာ ပလက်ဝစစ်ရှောင်တွေ အဆင်ပြေပြေနေနိုင်ဖို့ အတွက် ရည်ရွယ်ကာ သောက်သုံးရေနဲ့ အိမ်သာတွေလည်း ဆောက်လုပ်ပေးတဲ့အပြင် အပိုဝင်ငွေရအောင် ဝါးနဲ့လုပ်တဲ့ လူသုံးပစ္စည်းလေးတွေထုတ်ပြီး ဝင်ငွေရ အောင်လုပ်ပေးခဲ့ပါသေးတယ်။

ပလက်ဝစစ်ရှောင်များအရေးကူညီပေးနေသူကတော့ “အဓိကတော့ အဆောင်တွေ ပြန်လည်ပြုပြင်ဖို့အတွက် အလှူရှင်တွေ အများကြီးလိုအပ်နေတယ်။ ခက်တာက လှူတဲ့သူတွေလည်းဖမ်း၊ ကူတဲ့သူလည်းဖမ်းဆိုတော့ လှူချင်တောင် မလှူရဲတဲ့ အခြေအနေလေ။ သူတို့မလုပ်နိုင်ရင် မဖမ်းနဲ့ပေါ့”လို့ ဆိုပါတယ်။

ဒါတွေကြောင့် ကူညီပေးနေတဲ့အဖွဲ့အစည်းတွေအနေနဲ့လည်း ယခင်နှစ်ကအလှူငွေ ရှာဖွေရတာ အဆင်ပြေမှုရှိခဲ့ပေမယ့် စစ်အုပ်ချုပ်ရေးအောက်မှာ အလှူငွေရှာရတာ တစ်နေ့ထက် တစ်နေ့ပိုခက်ခဲလာတယ်လို့လည်း ညီးတွားနေကြပါတယ်။

လက်ရှိ ပလက်ဝမှာတိုက်ပွဲမရှိတော့ပေမယ့် နှစ်ဖက်လက်နက်ကိုင်တပ်တွေက ဆုတ်သွားတာမရှိဘဲ ကုန်းလမ်း၊ ရေလမ်း တလျှောက် တောင်ကုန်းတွေမှာ တပ်စွဲနေထိုင်နေကြသေးတဲ့အတွက် ဒေသခံတွေအနေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို လည်း စိုးရိမ်နေကြပါတယ်။

တကယ်လို့ တိုက်ပွဲတွေပြန်ဖြစ်မယ်ဆိုရင် သူတို့ကျေးရွာတွေရောက်သွားပြီးမှ တခါပြန်စစ်ပြေးလာဖို့က မလွယ်သလို နောက်တကြိမ် ဒီစခန်းမှာ ပြန်လည်နေခွင့်ရပါ့မလားဆိုတာကလည်း သူတို့အတွက် စိန်ခေါ်မှုကြီးဖြစ်နေပါတယ်။

ဒါ့အပြင် အခုလိုရွာအနီးနားမှာ တပ်စခန်းတွေရှိနေသေးတာက အမျိုးသမီးတွေအတွက် မလုံမခြုံဖြစ်စေပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတာမျိုးတွေလည်း ရှိလာမှာ စိုးရိမ်ပူပန်လို့နေပါတယ်။

ပလက်ဝမြို့ပေါ်မှာ စစ်ရှောင်စခန်းတခုမှာခိုလှုံနေတဲ့ ဒေါ်ဒေါင်းယန်ကတော့ “ ကျမတို့ ရွာကိုတအားပြန်ချင်ပြီ။ ဘယ်တော့ ပြန်ရမလဲမသိဘူး။ ပြန်တော့ မပြန်ရဲသေးဘူး။အိမ်လည်း တခေါက်မှမပြန်တော့ ရှိသေးရဲ့လားမသိဘူူး”လို့ ညီးညီးညူညူ ပြောပါတယ်။

ဒေါ်ဒေါင်းယန်ကတော့ ပလက်ဝစစ်ရှောင်စခန်းတခုမှာ ၂၀၁၅ ကတည်းကရောက်ရှိနေတာဖြစ်တယ်။ သူတို့ရွာထဲမှာပဲ ပစ်ခတ်မှုဖြစ်တာကြောင့် မိသားစုရှစ်ယောက်လုံး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာကြတာဖြစ်တယ်။

တိုက်ပွဲတွေပါးသွားတော့ ဒေါ်ဒေါင်းယန်အမျိုးသားက ပစ္စည်းတချို့ပြန်သွားယူအပြီး တောင်ယာသွားကြည့်စဉ် လမ်းမှာ လက်နက်ကိုင်တွေနဲ့တွေ့လို့ ပြန်ပြေးလာခဲ့ရပြန်ပါတယ်။

ဒေါ်ဒေါင်းယန်အမျိုးသားဦးကျော်မြင့်က “ ကျနော်တို့ပြေးလာပြီး လေးလလောက်ကြာတော့ အိမ်ပြန်သွားတာ။ ဘာမှမရှိ တော့ဘူး။ ဝက်တွေ၊ ဆန်တွေ။ ကျန်ခဲ့တဲ့ငွေလည်း မရှိတော့ဘူး။ ပစ္စည်းတွေလည်းဖျက်ဆီးထားတယ်။ နောက်ဆောင်ဆို ပြိုကျနေပြီ” လို့ သူမြင်ခဲ့ရတဲ့အခြေအနေကို ပြန်ပြောပြပါတယ်။

တိုက်ပွဲတွေမရှိတော့လို့ စစ်တပ်က ပြန်လို့ရတယ်။ ပြန်ပို့ပေးမယ်ဆိုရင်တောင် သူတို့နေရပ်ပြန်လို့ အဆင်မပြေနိုင်သေးပါ ဘူး။ အကြောင်းကတော့ ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ စစ်ရှောင်လာတာလည်း သုံးနှစ်နီးပါးရှိပြီမို့ ရွာမှာကျန်ခဲ့တဲ့သူတို့ရဲ့တောင်ယာတွေဟာ စိုက်ပျိုးလို့မရအောင် ပျက်စီးကုန် ပြီဖြစ်လို့ တောင်ယာ စိုက်ပျိုးရေးလုပ်နိုင်အောင် ပံ့ပိုးပေးမှုတွေပေးရမှာပါ။

ဒါ့အပြင် လက်ရှိစစ်ရှောင်စခန်းတွေမှာ ကိုဗစ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးပစ္စည်းတွေ လုံလောက်အောင် မရတာတွေ ကြောင့် ကိုဗစ်ပိုးကူးစက်ခံထားရတဲ့ လူနာတွေလည်းရှိလာပါတယ်။

ဒေါ်ဒေါင်းယန်က “စစ်ရှောင်တွေကျန်းမာရေးကို တစ်ပတ်တစ်ခါလာစစ်ပေးတာရှိတယ်။ ဒါမယ့် အခုစစ်ရှောင်စခန်းနှစ်ခုမှာ ပိုး ကူးခံရသူရှိလာတယ်။ နှာခေါင်းစည်းကလည်း တအိမ်မှာ ကိုးခု၊ ၁၀ ခုလောက်ပဲရတာ။ ဒီတော့ လူတွေက ကိုဗစ်ကို ကြောက်ရကောင်းမှန်းမသိတော့ ကူးကုန်တာပေါ့”လို့ ရှင်းပြပါတယ်။

ယခင် NLD အစိုးရလက်ထက်မှာ ပလက်ဝဒေသမှာ ကိုဗစ်ကြောင့်သေဆုံးသူမရှိခဲ့ပါဘူး။ အခုစစ်အုပ်ချုပ်မှုအောက်မှာ ကိုဗစ်နဲ့သေဆုံးတာ ခြောက်ယောက်ရှိနေပြီး စစ်ရှောင်စခန်းနှစ်ခုမှာ ကိုဗစ်ကူးစက်ခံရတဲ့လူနာ နှစ်ယောက်ရှိနေပါတယ်။ လက်ရှိမှာ ကိုဗစ်ဖြစ်နေတဲ့ စစ်ရှောင်စခန်းတွေကိုတော့ အဝင်အထွက်ကန့်သတ်ထားပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဒေါ်သန်းရွှေက“စစ်ဖြစ်တော့လို့ ငြိမ်းချမ်းမယ်လို့ မှတ်တာ။ စစ်မရှိတော့ပေမယ့်လည်း တစ် ရက်မှ ငြိမ်းငြိမ်းချမ်းချမ်းမနေရဘူး။ ဒီမှာလည်းအဆင်မပြေ၊ အိမ်လည်းပြန်မရလို့ ဒုက္ခအရမ်းရောက်ရတယ်”လို့ မြည်တွန် တောက်တီးနေပါတယ်။

ပလက်ဝပြည်သူတွေအနေနဲ့ကတော့ AAကို ပလက်ဝနယ်မြေမှာ ခြေကုပ်မယူဘဲ ရခိုင်ပြည်နယ်မှာပဲ အခြေချစေချင် ကြောင်း အမည်မဖော်လိုတဲ့ ပလက်ဝမြို့ခံတစ်ယောက်က ပြောပါတယ်။

“ ရခိုင်နဲ့ ချင်းအတူယှဉ်တွဲနေထိုင်တာက အရင်ကရော၊ အခုရော၊ နောက်ကာလမှာရော ပြဿနာ မဟုတ်ဘူး။ အဓိကက စစ်ပွဲခေါ်သွင်းလာတာကမှ ပြဿနာ”လို့ သူက ရှင်းပြပါတယ်။

ဒေါ်ဒေါင်းယန်ကလည်း သူရဲ့ဆန္ဒကို အခုလိုပဲ ထုတ်ဖော်ပြောတယ်။

“ ပလက်ဝကို အရင်လိုငြိမ်းချမ်းစေချင်ပြီ။ ကျမတို့ဒေသမှမဟုတ်ဘူး။ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဘေး၊ ကပ်ဘေး ကင်းပြီး ငြိမ်းချမ်းစေချင်တာ ”

Related Articles