Home ဆောင်းပါး တစ်ပါးသူအတွက် အလှဆင်ပေးမဲ့ မသန်စွမ်းသူ လက်တစ်စုံ

တစ်ပါးသူအတွက် အလှဆင်ပေးမဲ့ မသန်စွမ်းသူ လက်တစ်စုံ

Htoi Ningli

‘မခေါဝင်း’ ဟာ သူရဲ့တိုတောင်းလှတဲ့ဘဝလေးမှာ တခြားသူတွေထက်ပိုပြီး ဒုက္ခတွေ၊ အခက်ခဲတွေကို ရင်ဆိုင်ခဲ့ ရပါတယ်။ မွေးပြီးလို့မကြာခင်မှာပဲ သူ့ဘဝက ကံဆိုးမိုးမှောင်ကျခဲ့ရပါတယ်။

ငယ်စဉ်ကတည်းက တောင်ပေါ်ဒေသမှာ ကြီးပြင်းနေထိုင်ခဲ့ရတဲ့ ‘မခေါဝင်း’ ဟာ သူ့အသက်တစ်နှစ်ခွဲအရွယ်မှာ အပြင်းဖျားရာကနေ ဆေးထိုးမှားပြီးတော့ ဘယ်ဘက်ခြေထောက်မှာ ပိုလီယိုရောဂါစွဲပြီး မသန်စွမ်းဖြစ်ခဲ့ရပါ တယ်။

တခြားကလေးတွေ မတ်တပ်ရပ်စ၊ လမ်းလျှောက်တတ်စအရွယ်မှာ ‘မခေါဝင်း’ ဟာ ထိုင်ရာက ထရောက်ဖို့ မိသား စု၊ ညီအစ်ကို၊ မောင်နှမတွေရဲ့ အကူအညီကို ရယူခဲ့ရပါတယ်။ သူသိတတ်စအရွယ်မှာတော့ ဒီလိုမသန်စွမ်းဖြစ်နေ တာဟာ သူတစ်ယောက်တည်းရှိတယ်ထင်ပြီး အားငယ်ခဲ့ရတယ်လို့ မခေါဝင်း ကပြောပါတယ်။

“ကျွန်မငယ်ငယ်တုန်းက ဒီမသန်စွမ်းဆိုတာကို ကိုယ့်အပြင် တစ်ခြားသူတွေကို မ‌မြင်ဖူးဘူး။ ဒီနိုင်ငံ၊ ဒီမြို့ထဲမှာ ငါ တစ်ယောက်ထဲရှိတာလားဆိုပြီး ထင်မိတယ်”လို့ သူကဆိုပါတယ်။

တောင်ပေါ်ဒေသမှာ နေထိုင်ပြီး ကျောင်းစာကို ဦးစားမပေးတဲ့ အသိုင်းဝိုင်းကြားထဲမှာ နေလာရတဲ့ သူတို့ မိသားစု ဟာ ခြေတဖက်မသန်စွမ်းဖြစ်နေတဲ့ ‘မခေါဝင်း’ကို ကျောင်းမတက်ဘဲ အိမ်မှာပဲနေဖို့ မိဘတွေက တွန်းအားပေးခဲ့ တယ်လို့ ပြောပြပါတယ်။

ဒါပေမယ့် ပညာကိုချစ်မြတ်နိုးတဲ့ ‘မခေါဝင်း’ ကတော့ မောင်နှမတွေရဲ့ ချစ်ခင်ဖေးမမှုနဲ့အတူ ကျောင်းကို မရမက တက်ခဲ့ပါတယ်။

ကျောင်းတက်ချိန်မှာ မသန်စွမ်းဖြစ်တဲ့ သူမရဲ့လှုပ်ရှားသွားလာမှုကို ပတ်ဝန်းကျင်တချို့က ဟာသလုပ်တဲ့ အကြည့် တွေကို အကြိမ်ကြိမ်ခံလာရတဲ့အတွက် နောက်ပိုင်းမှာ ရှက်ကြောက်ပြီးတော့ လူကြားထဲ သွားလာဖို့၊ လူရှေ့ထွက် ဖို့ မဝံ့မရဲဖြစ်ခဲ့ရတယ်လို့ ‘မခေါဝင်း’ က ပြောပြပါတယ်။

“အသိုက်အဝန်းကြားမှာ သွားလာဖို့ကြတော့ အားငယ်တယ်။ ဘာလို့လဲဆိုတော့ အကြည့်တွေကို ကျွန်မ မခံစားနိုင် ဘူး”လို့ သူ့ရဲ့ခံစားချက်ကို ရင်ဖွင့်ပါတယ်။

ငယ်စဉ်နေထိုင်ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်ရဲ့ဒဏ်ကို ခံခဲ့ရတဲ့သူမဟာ အခုဆိုရင် မြစ်ကြီးနားမြို့ကို ပြောင်းရွှေ့နေ ထိုင်ခဲ့ပြီး လက်ရှိသူနေထိုင်နေတဲ့ ပတ်ဝန်းကျင်ဟာ သူ့အတွက် သဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်တခုလို့ ‘မခေါ ဝင်း’ က ပြောပြပါတယ်။

“အခုကျွန်မနေတဲ့ပတ်ဝန်းကျင်က လူတွေ၊ မိတ်ဆွေအပေါင်းအသင်း အားလုံးက ကျွန်မအခြေအနေကိုသိတော့ အားလုံး ဝိုင်းဝန်းပံ့ပိုးကြတယ်။ တစ်ခုခုဆိုလည်းဖေးမကြတော့ ကျွန်မ ဒီပတ်ဝန်းကျင်မှာနေရတာ အရမ်း‌ကျေနပ် မိပါတယ်”လို့ ပတ်ဝန်းကျင်အနေအထားကို ပြောပါတယ်။

အသက် ၃၀ စွန်းစွန်းအရွယ် မခေါဝင်းဟာ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်မှာ မိသားစုဝင် ၄ ဦးနဲ့အတူ နေမကောင်း တဲ့မိခင်ကို ပြုစုစောင့်ရှောက်ရင်း နေထိုင်နေတာဖြစ်ပါတယ်။

မသန်စွမ်းဖြစ်ပေမယ့် ‘မခေါဝင်း’ဟာ စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်ပြီးတော့ တကိုယ်ရည်သန့်ရှင်းရေး၊ ထမင်းချက်၊ အဝတ်လျှော်စတဲ့ အလုပ်တွေကို ၉ နှစ်အရွယ်ကတည်းက လုပ်နိုင်ခဲ့သူဖြစ်တယ်လို့ အစ်မဖြစ်သူက ဆိုပါတယ်။

ဖခင်ဆုံးသွားတဲ့နောက်ပိုင်း မိသားစုစားဝတ်နေရေး အခက်ခဲတွေကို ရင်ဆိုင်ခဲ့ရပြီး အရွယ်ရောက်လာတဲ့ အချိန် မှာတော့ အလုပ်တခုခုရဖို့ ကြိုးစားခဲ့ပေမယ့် သူ့အတွက် ခက်ခဲခဲ့တယ်လို့ ပြောပါတယ်။

“အလုပ်လုပ်ချင်လို့ သွားပြောရင်တောင် မင်းကခြေထောက်မကောင်းဘူးဆိုတော့ ငါတို့နင့်ကိုဘယ်လိုခိုင်းရမလဲ” ဆိုတဲ့အထိ အလုပ်ရှင်တွေရဲ့ ပြောဆိုမှုတွေကို ခံခဲ့ရတယ်လို့ မခေါဝင်းက ပြောပြပါတယ်။

ဒါပေမယ့် တနင်္ဂနွေနေ့တရက်မှာ ဝတ်ပြုဆုတောင်းဖို့ ဘုရားကျောင်းသွားတဲ့အခါမှာတော့ သူ့အတွက် အပြောင်း အလဲတစ်ခု ဖြစ်လာပါတော့တယ်။

အဲဒါကတော့ ရန်ကုန်မြို့မှာ မသန်စွမ်းတွေအတွက် လက်မှုပညာသင်ကြားပေးတဲ့ သင်တန်းကို တက်ရောက်ခွင့်ရ ခဲ့တာ ဖြစ်ပါတယ်။

ရပ်ကွက်ထဲတောင် နှံ့အောင်မသွားဖူးတဲ့ ‘မခေါဝင်း’အဖို့ ရန်ကုန်မြို့ကို သွားဖို့က ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ ပေမယ့် ကြိုးစားရမယ်ဆိုတဲ့အသိက သူ့ရဲ့ စိန်ခေါ်မှုကို အနိုင်ရရှိခဲ့ပါတယ်။

မခေါဝင်းတစ်ယောက် ရန်ကုန်ကို ရောက်ခဲ့ခြင်းဟာ လက်မှုပညာအပြင် သူ့ရဲ့အသိအမြင် စိတ်နှလုံးကိုပါ လမ်းဖွင့် ပေးခဲ့တယ်လို့ သူက ပြောပါတယ်။

“အဲ့ကိုရောက်တဲ့အချိန် အရမ်းအံ့ဩသွားခဲ့တယ်။ ရော့! မသန်စွမ်းက ငါတစ်ယောက်တည်းမဟုတ်ပါလား။ အော် လူလူချင်းဆိုပေမယ့် ဘုရားက မတူညီတဲ့အရာတွေကို ဖန်ဆင်းထားပါလားဆိုပြီး အားတက်ခဲ့တယ်။” လို့ ဆိုပါ တယ်။

သူကြုံတွေ့လိုက်ရတဲ့ ခြေလှမ်းတစ်လှမ်းမှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှု၊ လူလူချင်း တန်ဖိုးထားတတ်မှုတွေကို ပိုသိခဲ့ရပြီး ဘယ်လိုကြိုးစား ရှေ့ဆက်ရမယ်ဆိုတဲ့ အသိတွေကလည်း တပြိုင်တည်း ဝင်လာခဲ့တယ်လို့ သူကပြော ပြပါတယ်။

ဝါသနာပါတာနဲ့ ပါရမီပါတာ မတူတဲ့အတွက်ကြောင့် ဝါသနာပါတဲ့ စက်ချုပ်အလုပ်ကိုလုပ်ရင်း နောက်ဆုံးမှာတော့ အမှန်တကယ် ပါရမီပါတဲ့ လုပ်ငန်းကိုစတင်ဖို့ အကြောင်းပြုလာပါတော့တယ်။ အဲ့တာက စီးကွင့်ထိုး ပုစဉ်းခေါင်း ကြယ်သီးထုတ်လုပ်ခြင်း ဖြစ်တယ်။

ပုစဉ်းခေါင်း ကြယ်သီးဆိုတာကတော့ ရင်ဖုံး၊ ရင်စေ့ ချုပ်ထည်အင်္ကျီတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုတဲ့ ပိတ်စတွေနဲ့ ပုံစံအမျိုးမျိုး ဖန်တီးထုတ်လုပ်နိုင်တဲ့ ကြယ်သီးတစ်မျိုးဖြစ်ပါတယ်။

မခေါဝင်းဟာ ဒီပုစဉ်းခေါင်းကြယ်သီးထုတ်လုပ်တဲ့ လက်မှုပညာကို ရန်ကုန်မှာ အလုပ်ဝင်လုပ်ရင်းနဲ့ တတ်မြောက် လာခဲ့တာဖြစ်ပြီး သူမအတွက်တော့ ဒီပုစဉ်းခေါင်းကြယ်သီးထိုး‌တာဟာ ငယ်ငယ်ကတည်းက ကျောင်းတက်ဖို့ အရေး စံပယ်ပန်းသီပြီး ရောင်းခဲ့ရတဲ့သူမို့ အပ်ချည်ကို ကျွမ်းကျွမ်းကျင်ကျင် ထိုးတတ်နေတာပါ။

၂၀၁၂ ခုနှစ် မြစ်ကြီးနားမှာ လုပ်ငန်းစတင်ခဲ့ချိန်အခါမှာတော့ မခေါဝင်းအဖို့ ဈေးကွက်ထိုးဖောက်နိုင်ဖို့ အရမ်းခက် ခဲပေမယ့် စေတနာထားပြီး အကောင်းဆုံးလုပ်ပေးတာကြောင့် နောက်ပိုင်းမှာ ကြော်ငြာစရာတောင်မလိုဘဲ လုပ် ငန်းလည်ပတ်လာနိုင်ခဲ့တယ်။

အဲ့ချိန်ခါက ပုစဉ်းခေါင်းကြယ်သီးမျိုးဟာ ဗမာအင်္ကျီတွေမှာသာ သုံးကြတာများတဲ့အတွက် မြစ်ကြီးနားလို နေရာ မှာ ဈေးကွက်ထိုးဖောက်ဖို့ ခက်ခဲခဲ့တယ်လို့ သူက ပြောပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ကချင်ထည် တွေမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီးတော့ လူတွေအပ်တဲ့ အထည်တွေလည်း အများကြီးရ လာခဲ့ပါပြီ။

အခုဆိုရင် သူမဟာ တစ်အိမ်လုံးရဲ့ စားဝတ်နေရေးကို တာဝန်ယူဖြေရှင်းပေးနိုင်တဲ့သူ ဖြစ်နေပါပြီ။ သူမဟာအခုလို အမှီအခိုကင်းကင်းနဲ့ မိသားစု၊ ပတ်ဝန်းကျင်ကို အကျိုးပြုလာနိုင်တဲ့အတွက်ကြောင့် ကိုယ့်ကိုကိုယ်လည်း အမြဲ ဂုဏ်ယူမိကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။

မခေါဝင်း ပုစဉ်းခေါင်းကြယ်သီးလုပ်တဲ့အချိန်က သူ့လို ပုစဉ်းခေါင်းကြယ်သီးမျိုးစုံလုပ်နိုင်သူမှာ အလွန်ရှားခဲ့ပါ တယ်။ မြစ်ကြီးနားမှာရှိတဲ့ ဆိုင်အားလုံးနီးပါးက သူ့ဆီမှာပဲ အလုပ်အပ်ကြတယ်လို့ အထည်ဆိုင်ရှင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“သူနဲ့အလုပ်လုပ်တာ အရမ်းစိတ်ကျေနပ်ရတယ်။ လိုချင်တဲ့နေ့ကို အမြဲရအောင်လုပ်ပေးတယ်။ ပြင်စရာတွေရှိ လာရင်လဲ အမြဲအပြုံးမပျက်လုပ်ပေးတယ်။”

ဒါ့အပြင် သူမဆီသင်တန်းတက်ခဲ့ပြီး လက်ရှိ ၇ နှစ်အတိုင်းအတာထိ မခေါဝင်းနဲ့အတူ အလုပ်တွဲလုပ်ခဲ့တဲ့ သာမန် အမျိုးသမီးသင်တန်းသူ ဒင့်ဂျာကလည်း မခေါဝင်းနဲ့ဆက်ဆံရတာ အရမ်းခွန်အားရကြောင်း ပြောပြပါတယ်။

“သူ့ဆီလာတဲ့ သင်တန်းသူအားလုံးကို အမြဲဖော်ဖော်ရွေရွေ ဆက်ဆံပေးတယ်။ သင်တန်းပြီးရင်ပြီးရောဆိုပြီး ဘယ်တော့မှ မလုပ်ဘူး။ အလုပ်တွေလုပ်တတ်လာအောင် ဆွဲခေါ်ပေးတယ်။ နေ့ကော ညပါ မနားမနေ အလုပ်ကြိုး စားတဲ့ သူ့ကိုကြည့်ပြီး ကိုယ်လည်းအရမ်းကြိုးစားချင်စိတ် ပြင်းပြလာတယ်” လို့ ပြောပါတယ်။

လူတိုင်းကို စေတနာပါပါလုပ်ပေးတတ်သူမို့ အပ်ထည်မနိုင်တော့လောက်အောင် ဖြစ်ခဲ့တာဟာ အခုဆိုရင် သူ့လုပ် ငန်း လည်ပတ်နေတာဟာ ဆယ်စုနှစ်တခုထိ ရှိလာပါပြီ။

ကိုယ်တိုင် မသန်စွမ်းဖြစ်ခဲ့ရတဲ့ မခေါဝင်းဟာ သူမရဲ့အိပ်မက်တစ်ခုဖြစ်တဲ့ မသန်းစွမ်းနဲ့ သာမန် အမျိုးသမီးလေး တွေကို ပုစဉ်းကြယ်သီးထိုးတဲ့ ပညာကို လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကနေ သင်ကြားပေးလာတာ အခုဆိုရင် သင်တန်းသူ ၈၀ ကျော်ထဲမှာ သန်စွမ်းသူ တွေကိုပါ သင်ပြပေးနိုင်ခဲ့ပြီလို့ မခေါဝင်းက ပြောပါတယ်။

“တတ်နိုင်ကြတဲ့သူတွေက သင်တန်းကြေးပေးကြသလို မတတ်နိုင်တဲ့သူတွေကို အခမဲ့သင်ပေးပါတယ်”လို့ မခေါ ဝင်းက ရိုးရိုးရှင်းရှင်း ပြောပါတယ်။

မခေါဝင်း သင်ပေးလိုက်တဲ့ သင်တန်းသူတွေထဲက အများစုဟာ ကိုယ်ပိုင်လုပ်ငန်းတွေကိုတောင် စတင်နေကြပြီ လို့ ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ မခေါဝင်းက ပြောပါတယ်။

“သင်တန်းသူတော်တော်များများ လက်တွေ့လုပ်စားနေကြပြီ။ တချို့မသန်စွမ်းသူတွေဆိုရင် မိသားစုကို အဲ့လက်မှု ပညာလေးနဲ့ ထောက်ပံ့နေသူတွေ ရှိနေပါပြီ” လို့ မခေါဝင်းက ပြောပါတယ်။

နောက်ပြီး အခုလိုခက်ခဲတဲ့ကာလတွေမှာလည်း မသန်စွမ်းအမျိုးသမီးတွေ အလုပ်နဲ့လက်နဲ့ မပြတ်ရလေအောင် နည်းမျိုးစုံနဲ့လက်တွဲခေါ် ထုတ်ကုန်လေးတွေ ထုတ်ခိုင်းပြီး ဆိုင်ကြီးတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ပေးနေတာ ဖြစ်ပါ တယ်။

မိဘတွေဆင်းရဲပြီး ငယ်စဉ်ကတည်းက မသန်စွမ်းဖြစ်ခဲ့ရတဲ့ မခေါဝင်းကတော့ တခြားသူတွေကို အခုလို အားပေး စကားပြောပါတယ်။

“ငါမသန်စွမ်းဖြစ်နေပါလား၊ လူကြားထဲမရောက်တော့ဘူး၊ ဒီဘ၀တော့လူဖြစ်ရှုံးပြီ စသဖြင့် လူမသန်စွမ်းတာ ထက် စိတ်မသန်စွမ်းတာကပိုပြီး ကိုယ့်ဘ၀တက်လမ်းကို တံတိုင်းကြီးခြားသလို ဖြစ်စေတာကြောင့် စိတ်ဓာတ် မကျပါနဲ့။ မပျင်းရိကြပါနဲ့”

Author:

Related Articles