Home ဆောင်းပါး လောကဓံတရားကို ကြံ့ကြံံ့ခံသူ (သို့မဟုတ်) အလွတ်သတင်းထောက်ကိုပါကြီး ဇနီး မသန္တာ

လောကဓံတရားကို ကြံ့ကြံံ့ခံသူ (သို့မဟုတ်) အလွတ်သတင်းထောက်ကိုပါကြီး ဇနီး မသန္တာ

DSC00289

ကောကော်။

“ခေါင်းထဲမှာ အမျိုးသမီးတယောက်အနေနဲ့ ခံစားချက်မျိုးမရှိခဲ့ဘူး၊ လူသားတယောက်ဆိုတဲ့ ခံစားချက်မျိုးပဲ ရှိတယ်။ အစ်မလဲရင် ပြန်ထမှာပဲ၊ လဲလို့ဆက်ပြီး ထိုင်နေရင်သာ အရှုံးသမားတဦးလို့ ယူဆတယ်။ အဲဒီခါမှာ မိန်းမ၊ ယောကျ်ား ဆိုတဲ့စိတ်နဲ့ ခွဲခြားတဲ့အမြင် အစ်မခေါင်းထဲမှာ မရှိဘူး၊ လူသားတယောက်လို သတ္တိနဲ့ ပြန်ထတယ်”

ဒါကတော့ လောကဓံတရားကို အံတုခဲ့တဲ့ မကြာခင်က မတရားဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့ ဇနီး မသန္တာ ပြောတဲ့စကားပါ။

သူ့ရဲ့ခင်ပွန်းအတွက် ပူဆွေးသောကရောက်နေပေမယ့်လည်း အမျိုးသမီးဆိုတဲ့ စိတ်နဲ့ အားငယ်မှုတွေမရှိပဲ ခင်ပွန်းသည်အမှု ဆက်လက်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ ပေါ်မူတည်ပြီး (၁၉)ချက် ကန့်ကွက်ထားကြောင်း၊ ထို့အပြင် သမ္မတနှင့် ဌာန(၉)ခုကို တင်ထားကြောင်းပြောပြပါတယ်။

“အဲဒါကတော့ မြန်မာနိုင်ငံ စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ တပ်မတော်အနေနဲ့ ရဲရဲ့ ဥပဒေမဲ့ လုပ်ရပ်ကို အားနည်းချက် တခုအနေနဲ့ပဲ ထောက်ပြတယ်။ အစ်မတို့ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ရှိတဲ့ တခြားသော နည်းဥပဒေတွေကို ဥပဒေတိုင်း မလုပ်ဘူးဆိုရင် ဥပဒေ ကို ကျူးလွန်တာပဲ။ ဒီလူကိုလည်း ထိထိရောက်ရောက် အမှားကို ထောက်ပြသင့်တယ်။ မျှတမယ်ဆိုရင် ဒီလိုလုပ်ရမယ်”

လူ့အခွင့်အရေးကော်မရှင်အနေနှင့် ဘက်လိုက်မှု၊ ဖုံးကွယ်မှုတွေ ရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

သူ့အနေဖြင့် တပ်မတော်အပေါ် အာဃာတထားခြင်းမဟုတ်ပဲ ရင်ဆိုင်ရမှာသည် အမှန်တရားနှင့် တရားမျှတမှု ဖြစ်ကြောင်း ပြောပါတယ်။

“တခြားတိုင်းရင်းသားဒေသတွေမှာ ကိုပါကြီးလိုပဲ လူမသိသူမသိ သေခဲ့ရတယ်၊ နောက် ကိုပါကြီး အတွက် ဒီလိုမျိုးမဖြစ်ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ အစ်မကြိုးစားခဲ့တာ။ အမုန်းတရားမပါဘူး၊ ဒါကြောင့် ဒီအမှုကို အောင်မြင်တဲ့အထိ ဘယ်လောက်အခက်အခဲ ရှိပါစေ၊ ပတ်ပင်တားဆီးမှု ရှိပါစေ၊ ရင်ဆိုင်မယ်၊ တရားစွဲမယ်၊ ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးသင့်အောင် အစ်မကြိုးစားမယ်” လို့ မသန္တာက အမှန်တရားအတွက် ရင်ဆိုင်မယ့် စိတ်ဓာတ်နဲ့ ကြွေးကြော်ပါတယ်။

နိုင်ငံရေးအကျဉ်းသူဖြစ်ခဲ့ခြင်း

မသန္တာဟာ ၈၈ ကာလ ကျောင်းသားသမဂ္ဂမှာ ပါဝင်ခဲ့ပြီး အာဏာသိမ်းတဲ့အချိန် ပြည်ပြေးကြေညာခံခဲ့ရသူဖြစ်ပါတယ်။ သူမဟာ NLD ပါတီကို ၈၈ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး ပါတီဝင်အနေနဲ့ပင် ထောင်ကျခဲ့ပါတယ်။ ၈၈ မှာ အချုပ်ခံရပြီး ၂၀၀၇ ခုနှစ်မှာတော့ နိုင်ငံတော် အကြည်အညိုပျက်မှုနဲ့  ထောင်ဒဏ် တသက်တကျွန်းကျခံခဲ့ရပါတယ်။

သူဟာ ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးကို ဝေဖန်တဲ့ ဆောင်းပါးတပုဒ်ကို ရေးမိတဲ့အတွက် ဖမ်းဆီးခံရပြီး ခင်ပွန်းသည်ကိုလည်း ပြည်ပြေးအဖြစ် ကြေညာခြင်းခံရပါတယ်။

ထောင်ကျစဉ်မှာတော့ အခက်အခဲတွေ ရှိခဲ့သလို ချို့ချို့တဲ့တဲ့ နေခဲ့ရတယ်လို့သူက ပြောပြပါတယ်။  “ကျမကလေး၊ မိသားစုတွေ တကွဲတပြားဖြစ်ခဲ့ရတယ်၊ ကျမမှာ မောင်နှမတွေလဲမရှိတော့ အဖေတယောက်ထဲပဲကျန်ခဲ့တယ်၊ အစ်မထောင်ထဲမှာပဲ အဖေကလေဖြတ်တယ်၊ ဆွေမျိုးတွေက နိုင်ငံရေးလောကထဲက မဟုတ်ကြတော့ ကြောက်လို့ အဖေကို မကြည့်ပဲ ဒီတိုင်းထားတယ်။ ပတ်ဝန်းကျင်ကပဲ ကြည့်ရှုပေးရတယ်။ အဖေလေဖြတ်ချိန်မှာ ကျမမှာ ထောင်ဝင်စာမရှိခဲ့ပါဘူး။ ထောင်ထဲမှာ တိုက်ပိတ်ခံရတယ်၊ ဒီလိုဘဝကို ရင်ဆိုင်တယ်၊ ပြန်ထွက်လာတဲ့အခါမှာ နိုင်ငံရေးကို ခြေချပစ်ခဲ့တာပဲ”

အမျိုးသမီးကွန်ယက် ဖွဲ့စည်းခဲ့ခြင်း

“အစ်မတို့ တသက်တကျွန်းနဲ့ ထောင်ကျခဲ့သူတွေတောင် ပြန်ထွက်လာတာပဲ၊ အပြင်ရောက်တဲ့အခါ လုံးဝမပြောင်းဘူး၊ ဒါကြောင့် တခုခုလုပ်မှ ရတော့မယ်ဆိုပြီး အစ်မတို့အဖွဲ့အနေနဲ့က အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေရယ်၊ ဟိုအရင်တုန်းက နိုင်ငံရေးအကျဉ်းလွတ်မြောက်ရေး ဝတ်ပြုဆုတောင်းတဲ့ အမျိုးသမီးတွေရယ် စုပြီး အမျိုးသမီးလေး အဖွဲ့ကို စပြီး တည်ထောင်ခဲ့ကြတယ်” လို့ အမျိုးသမီးကွန်ယက် စတင်တည်ထောင်ဖြစ်ခဲ့ပုံကို ပြောပြပါတယ်။

နိုင်ငံတကာက မြန်မာနိုင်ကို ဒီမိုကရေစီနိုင်ငံဟု အသိအမှတ်ပြုကြသော်လည်း တကယ်တမ်း မြန်မာနိုင်ငံသည် ဒီမိုကရေစီမရသေးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဒွန်တွဲနေကြောင်း မြင်တဲ့အတွက် သူမတို့အဖွဲ့ကို ဒီမိုကရေစီနှင့် အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ယက်ဟု ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ပြောပါတယ်။

“ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့နေရာမှာ အမျိုးသမီးတွေ ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ရေးကိုလည်း အစ်မတို့ တစိုက်မတ်မတ် ယုံကြည်တယ်”

ဒီမိုကရေစီနှင့် အမျိုးသမီး ငြိမ်းချမ်းရေးကွန်ယက်တွင် စစ်မှန်သော ဒီမိုကရေစီရရှိရေး၊ ပြည်တွင်းငြိမ်းရေးကို အတူတကွ ဖော်ဆောင်ရေး၊ အမျိုးသမီးများပါဝင် ပူးတွဲလုပ်ဆောင်ရေး၊လူ့အခွင့်အရေး ကာကွယ်စောင့်စောင့်ရှောက်ရေး၊ နည်းမျိုးစုံနှင့် အကြမ်းဖက်ခံရသော အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ရေး ဆိုပြီး ရည်ရွယ်ဖွဲ့စည်းထားတယ်လို့ သူက ပြောပြပါတယ်။

“အစ်မတို့ လယ်သမားအရေးကိုလည်း လုပ်ဆောင်ပေးတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ခေါင်းစဉ်အောက်ကနေပြီး ကိုယ်ပိုင်ဆိုင်တဲ့ လယ်ယာမြေပေါ်မှာ မတရားသိမ်းပိုက်ခံရတာဟာ လူ့အခွင်အရေး ချိုးဖောက်ခံရမှုပဲ၊ အဲဒီဒေသမှာ အမျိုးသမီးတွေရဲ့ ဘဝထူထောင်နိုင်ဖို့ ၊ အမျိုးသမီးတွေ လယ်သိမ်းယာသိမ်းခံရပြီး မြို့ပြရွေ့လာတဲ့အခါမှာ မတရားခိုင်းစေခြင်းခံရတာ၊ ရောင်းစားခံရတာ၊ မတရားခံရတာကအစ အကြမ်းဖက်ခံရတာအဆုံး တွေ့နေရတယ်”

ဒီမိုကရေစီနှင့် အမျိုးသမီးငြိမ်းချမ်းရေးဆုချီးမြှင့်ခံရခြင်း

ဒီမိုကရေစီနှင့် အမျိုးသမီးငြိမ်းချမ်းရေးကွန်ယက်အဖွဲ့သည် အဓိက ကျေးလက်ဒေသကို အခြေခံပြီး အကျဉ်းထောင်မှ လွတ်မြောက်လာသော အမျိုးသမီးများ ကော်မတီဝင်တွေထဲတွင် ဘွဲ့အတတ်ပညာ ရှိသော်လည်း ထောင်ထဲမှာ အချိန်ကြာခဲ့သော် အမျိုးသမီးများတွေမှာမူ အတတ်ပညာနည်းပါးကြောင်း သူမက ပြောပါတယ်။

“တကယ်တမ်းကျတော့ အစ်မတို့အဖွဲ့ကို မဲပေးတာတောင် မသိဘူး၊ အစ်မတို့ကိုယ်တိုင်လည်း အစ်မတို့အဖွဲ့ကို မဲမပေးခဲ့ဘူး။သိလည်း မသိခဲ့ဘူး။ ဆုရတော့မှသာ UNDP က အကြောင်းကြားလာမှ အစ်မတို့သိတာပါ။ Thinking outside the box ဆိုတဲ့ ဆုနာမည်ကို သိတာ။ ဘောင်တခုထဲကနေ ထိုးထွက်ပြီး အမြင်သစ်တခုကို ထိုးဖောက်မယ့် အမျိုးသမီးတွေအတွက်ပေါ့နော်၊ အဲဒါကို ညွန်းဆိုခြင်း ဖြစ်တယ်” လို့ ဆုရရှိခဲ့ပုံကို ပြောပါတယ်။

၎င်းဆုသည် သူမတို့အဖွဲ့နာမည်နှင့် လိုက်သလို ဆုကိုလည်း ကြိုက်နှစ်သက်ကြောင်း ဂုဏ်ယူစွာနဲ့ ပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာကို မကွဲပြားဘူး။ ဘောင်တခုအောက်ကို ရောက်နေတယ်။ ယဉ်ကျေးမှုကို အစ်မတို့လက်ခံတယ်၊ သူလူမျိုးနဲ့သူပဲ၊ တချို့ ထုံးတမ်းစဉ်လာတွေကျတော့ ယဉ်ကျေးမှုလည်း မဟုတ်ဘူး၊ ကိုးကွယ်မှုလည်း မဟုတ်ပဲနဲ့ ကျဉ်းကြပ်တဲ့ စည်းကမ်းတွေ ဖြစ်တယ်။ အဲဒီထဲက အမျိုးသမီးတွေက ဖောက်မထွက်တတ်ကြဘူး၊ အစ်မတို့အဖွဲ့မှာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံပါတယ်။ ဒေသတခုကို အခြေမခံပဲနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်နေပါတယ်”

မသန္တာဟာ သူမရဲ့ ခင်ပွန်းသည်အမှုအတွက် သေမှုသေခင်းအတွက်သော်၎င်း၊ အလောင်းဖော်ရန် သော်၎င်း လုပ်ဆောင်မှုတွင် သုံးကြိမ်တိုင်တိုင် ရှိခဲ့ပြီဖြစ်ပါတယ်။ သို့သော် အမျိုးသမီး ကွန်ယက်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ပုံမှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ အမျိုးသားရှိစဉ်အခါတွင်လည်း သူမအတွက် ကွာခြားမှုမရှိသလောက်ပါဟု ပြောပါတယ်။

“အခုတော့ အမျိုးသားမရှိတော့ သားသမီးတွေအပေါ်မှာ တာဝန်မကျေမှာစိုးတယ်။ အမျိုးသားရှိစဉ်တုန်းက သားသမီးတွေကို တနေ့တခါစကားမပြောရလည်း ကိစ္စမရှိဘူး၊ ဒါပေမဲ့ ခုချိန်မှာတော့ အမြဲတမ်း စကားပြောဖြစ်တယ်။ တာဝန်မဟုတ်ပေမဲ့ ချစ်ခြင်းမေတ္တာအနေနဲ့ လုပ်ဆောင်ဖြစ်ပါတယ်”

သူမအတွက် အဓိကစိန်ခေါ်မှုမှာ ခင်ပွန်းသည် အမှုမပြီးမချင်း ရင်ဆိုင်ရန်ဖြစ်ကြောင်းနှင့် အမျိုးသမီးကွန်ယက်အနေနှင့် နိုင်ငံတနိုင်ငံ၏ စနစ်တခုပြောင်းလဲဖို့သည် အဓိကတာဝန်ဖြစ်ကြောင်း သူဆက်လက်လုပ်ဆောင်မည့် အကြောင်းများကို ခိုင်မာစွာ ပြောပြခဲ့ပါတယ်။

Related Articles