Home ဆောင်းပါး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် လားဟူဓမ္မကျောင်းသူများ စစ်သင်တန်းတက်နေရသလား

ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် လားဟူဓမ္မကျောင်းသူများ စစ်သင်တန်းတက်နေရသလား

UWSA မှ မိုင်းပေါက်ဒေသမှ လားဟူနှစ်ခြင်းခရစ်ယာဉ်ကျောင်းကို ဖျက်ဆီးနေပုံ

နန်းဆိုင်နွမ်။                  ။

“ အဖမ်းခံထားရတဲ့ ဓမ္မကျောင်းသူတွေဟာ တရုတ်ပြည်မနဲ့နီးတဲ့တနေရာမှာ စစ်သင်တန်းတက်ပြီး လေ့ကျင့်နေရ တယ်”

လားဟူအမျိုးသားဖွံ့ဖြိုးရေးပါတီ ဥက္ကဌဒေါ်အေးသီတာမြင့်က ထိုသို့ပြောကြားခဲ့ပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ တွင်  “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ(၂)အတွင်း “ ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP က လား ဟူခရစ်ယာန်ကျမ်းစာကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၄၁)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းနှင့် ယခုအချိန်အထိ ကျောင်းသူ(၂၀)ဦးမှာ ပြန်မလွှတ်လာသေးသဖြင့် စိတ်ပူစိုးရိမ်နေကြကြောင်း ဆက်ပြောသည်။

ဖမ်းဆီးခံထားရသည့် ဓမ္မကျောင်းသူများသည် “ဝ” နယ်မြေအထူးဒေသ(၂)တွင် နေထိုင်သည့်သူများဖြစ်ကြသည်။

ထိုကျောင်းသူများသည် ဟိုတောင်းလားဟူကျမ်းစာကျောင်းတွင် ဓမ္မကျမ်းစာသင်ကြားနေကြပြီး ကျောင်းပြီးချိန် တွင် ဓမ္မအမှုတော်ဆောင်များဖြစ်လာမည့် သူများလည်းဖြစ်သည်။

ဖမ်းဆီးခံရထားသည့် ဓမ္မကျောင်းသူများသည် အသက်(၁၃)နှစ်မှ အသက်(၁၈)နှစ် အရွယ်သာရှိကြသေးပြီး  အ သက်အရွယ်ငယ်သေးသည့်သူများဖြစ်သည့်အတွက် လားဟူအမျိုးသမီးများက အထူးစိုးရိမ်နေကြသည်။

“ ကျောင်းသူတွေက ငယ်ကြသေးတယ်။ သူတို့တွေတော်တော်ကြောက်နေကြမယ်။ ဘယ်လိုအခြေအနေတွေ ကြုံ တွေ့နေရသလဲဆိုတာ သတင်းအစအနလည်း မရဘူး။ သူတို့လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်” ဟု ဒေါ်အေးသီ တာမြင့်က ဆိုသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းတွင် “UWSA” မှ ဖမ်းဆီးသွားသည့် ဓမ္မကျောင်းသား၊ ကျောင်းသူများထဲမှ ယောက်ျားလေးများက နည်းအမျိုးမျိုးဖြင့် ပြန်လည်ထွက်ပြေးလာနိုင်ခဲ့သော်လည်း မိန်းကလေးငယ်များမှာ ပြန် လည်မရောက်ရှိလာသေးသဖြင့် မည်သည့်ပုံစံဖြင့် ပြန်ရောက်လာမည်ကို နေ့စဉ်နှင့်အမျှ စောင့်မျှော်ပူပန်နေရ ကြောင်း သူမက ရှင်းပြသည်။

“ ဓမ္မကျောင်းသားတွေကတော့ သူ့နည်းသူ့ဟန်နဲ့ ထွက်ပြေးလာကြပြီး ပြန်လွှတ်လာတယ်။ ဓမ္မကျောင်းသူတွေက တော့ ဘယ်လိုပြန်ထွက်ပြေးလာမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့စောင့်နေရတယ်”

ဓမ္မကျောင်းသားများကို အဓမ္မခေါ်ဆောင်သွားခြင်းမှာ “ဝ” နယ်မြေတွင် မကြာမီပြုလုပ်မည့် နှစ်(၃၀)ပြည့် အထိမ်း အမှတ်ပွဲအတွက် လုပ်အားပေးရန် ခေါ်ဆောင်သွားရခြင်းဖြစ်သည်ဟုလည်း သိရသည်။

မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့ အဓမ္မခေါ်ဆောင်သွားခြင်းသည် အမျိုးသမီးများ၏ လုံခြုံရေးကို ခြိမ်းခြောက်နေခြင်း သာဖြစ်သည်ဟု လားဟူအမျိုးသမီးများက ပြောသည်။

ဖမ်းဆီးထားခြင်းခံရသည့် ဓမ္မကျောင်းသူများကို ပြန်လွှတ်ပေးရန်  လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ လားဟူအမျိုး သားဖွံ့ဖြိုးတိုးတက်ရေးပါတီ(LNDP)၊ လားဟူဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်၊ လားဟူအမျိုးသမီးအဖွဲ့နှင့် လားဟူစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့တို့က “UWSP” ဌာနချုပ်နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့တို့ကို စာပို့တောင်းဆိုထားသော်လည်း တစုံတရာ ထူးခြားမှု မရှိခဲ့ပေ။

“ ကျမတို့ ပန်ဆန်းဌာနချုပ်အထိ စာပို့ထားတာတောင် ကျမတို့ဆီကို ဘာမှပြန်ဖြေရှင်းလာတာ မရှိဘူး” ဟု ဒေါ် အေးသီတာမြင့်က စိုးရိမ်စိတ်ဖြင့် ပြောပြသည်။

ဓမ္မကျောင်းသား၊ ကျောင်းသူများကို “UWSP” အနေဖြင့် အဓမ္မဖမ်းဆီးခြင်းကို မသိကြောင်း၊ ဧပြီလတွင် ကျင်းပ မည့် ငြိမ်းချမ်းရေးပွဲတော် နှစ်(၃၀)ပြည့်ပွဲတွင်  “ဝ” ပြည်နယ်မှ တိုင်းရင်းသားအားလုံး ပါဝင်နိုင်ရန်နှင့် ပွဲတော်တွင် အကပဒေသာများနှင့် ဧည့်ခံကြိုဆိုရေးကို ကူညီလုပ်ဆောင်ရန်၊ နယ်ပယ်အသီးသီးမှ လူမျိုးဘာသာမရွေး ခေါ်ယူ လေ့ကျင့်မှုများရှိကြောင်း “UWSP” လားရှိုးဆက်ဆံရေးရုံးမှ ဒုတိယတာဝန်ခံ ဦးညီရမ်းက ပြောသည်။

စက်တင်ဘာလတွင်လည်း လားဟူနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်အောက်ရှိ မိုင်းပေါက်ဒေသ ဘုရားကျောင်း (၅၂) ကျောင်းကို UWSP က ချိတ်ပိတ်လိုက်ပြီး ယင်းတို့အနက် (၃)ကျောင်းကို ဖြိုချခဲ့သည်။ ခရစ်ယာန်ဘာသာဝင် အမှတ်လက္ခဏာကိုလည်း ဖျက်ဆီးကာ ဟိုတောင်းလားဟူ ကျမ်းစာသင်ကျောင်းကို ပိတ်လိုက်သည်။

နောက်ပိုင်းတွင်“ဝ”ဘက်မှ ဖျက်ဆီးခဲ့သည့် ဘုရားကျောင်းများကို ပြန်လည်ပြုပြင်ပေးခဲ့သော်လည်း ဟိုတောင်းဓမ္မ ကျောင်းကိုတော့ လက်ရှိတွင် “UWSP” ရဲစခန်းဖွင့်လှစ်ထားကြောင်း လားဟူနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်၊ အထွေ ထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော်ဒေါက်တာလာဇရုက ပြောပြသည်။

“ အခုဓမ္မကျောင်းကလည်း ပိတ်ထားခံရတယ်။ ရဲစခန်းအဖြစ် အသုံးပြုနေတယ်လို့ ပြောပါတယ်။ ဒီလိုကိစ္စတွေ ဖြစ်လာမယ်လို့ မမျှော်လင့်ဘူး”  ဟု သိက္ခာတော်ရဆရာတော်ဒေါက်တာလာဇရုက ဆက်ပြောသည်။

ဓမ္မကျောင်းသား၊ ကျောင်းသူလေးများ စာသင်နေချိန်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ဓမ္မသင်တန်းသူများ ပြန်မ ရောက်လာသေးကြောင်း၊ ဓမ္မကျောင်းသူများဖြစ်သဖြင့် စစ်သင်တန်းတက်နေရသည်ကို ပျော်ရွှင်မည်မဟုတ် ကြောင်း ဆရာတော်ဒေါက်တာလာဇရုက ဆိုသည်။

“ဓမ္မကျောင်းသူတွေ စစ်သင်တန်းတက်နေရတာ သိရတော့ ကျွန်တော်စိတ်မချမ်းသာဘူး။ စိတ်လည်းမကောင်းဘူး။ ဒီလို လုပ်မယ်လို့ မမျှော်လင့်ဘူး။  သူတို့တွေ ကြောက်နေကြမယ်လို့ ကျွန်တော်ထင်တယ်” ဟုလည်း သူက ဆိုပြန် သည်။

ထိုကဲ့သို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် လားဟူအမျိုးသမီးအတွက်သာမက “ဝ” ဒေသတွင်နေ ထိုင်သည့် အမျိုးသမီးများအားလုံးအတွက်ပါ မလုံခြုံကြောင်း လားဟူအမျိုးသမီးအဖွဲ့ (LWO) က ဆိုပါသည်။

“  အဖမ်းမခံရသေးတဲ့အမျိုးသမီးတွေကိုလည်း ဘယ်အချိန်မှာလာဖမ်းမလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ ဖြစ်နေရပါ တယ်။ ဘယ်ချိန်မှာလာဖမ်းမလဲ၊ ဘယ်ချိန်မှာလာခေါ်မလဲဆိုတာ သူတို့လက်ထဲမှာပဲ ရှိပါတယ်။ လုပ်ချင်တိုင်းလုပ် လို့ ရတယ်ဆိုတဲ့သဘောပါ” ဟု ဒေါ်အေးသီတာမြင့်က ပြောသည်။

ဓမ္မကျောင်းသူများကို အဓမ္မခေါ်ဆောင်သွားခြင်းသည် လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် လည်း စိန်ခေါ်မှုဖြစ်သလို အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုများနှင့် ဘာသာရေးအဓိကရုဏ်းအထိပါ ဆက်ဖြစ် စေနိုင်သည်ဟု လားဟူအမျိုးသားဖွံ့ဖြိုးရေးပါတီက ပြောဆိုလိုက်သည်။

“ ကျောင်းသူတွေကို အမြန်ပြန်လွှတ်ပေးဖို့ ဆက်တောင်းဆိုသွားမယ်။ နိုင်ငံတကာအဆင့်အထိ တင်ပြသွားမယ်။ ဒါဟာအမျိုးသမီးတွေကို သားကောင်အနေနဲ့လုပ်တာ။ လူမျိုးစုငယ်တွေကိုအနိုင်ကျင့်တာဖြစ်ပါတယ်” ဟု ဒေါ်အေး သီတာမြင့်က မှတ်ချက်ပြုလိုက်သည်။

 

Related Articles