Home ဆောင်းပါးသတင်းဆောင်းပါး လူမျိုးရေးခရောင်းလမ်းထဲမှာ ငြိမ်းချမ်းရေးကို ရှာဖွေနေသူ

လူမျိုးရေးခရောင်းလမ်းထဲမှာ ငြိမ်းချမ်းရေးကို ရှာဖွေနေသူ

သန့်ရှင်းထွန်း။ ။

ခန်းမငယ်ထဲ ထိုင်နေကြသူများထဲမှ ရင်းနှီးသလိုလိုရှိသည့် ရွယ်တူအမျိုးသမီးငယ်ကို ‘မခိုင်’ က စူးစိုက်စွာ ကြည့်နေခဲ့သည်မှာ နာရီဝက်ခန့်ကြာနေပြီဖြစ်သည်။ စိတ်ထဲအစဖော်မရသော်လည်း ရင်းရင်းနှီးနှီး သိနေသူဟုခံစားနေရကြောင်း ‘မခိုင်’ က ဆိုသည်။ မည်သည့်နေရာ၊ မည်သည့်အကြောင်းပေါ်တွင် မူတည်၍ ရင်းနှီးခဲ့သည်ကိုဖြင့် ‘မခိုင်’ က သေချာမမှတ်မိတော့။ ရင်းနှီး ခင်မင်ခဲ့ရသော သူငယ်ချင်း တစ်ဦးဦးနှင့်  ရုပ်ချင်းဆင်တူနေခြင်း ဖြစ်မည်ဟုလည်း စိတ်ထဲတွေးဖြစ်ခဲ့သည်ဟု မခိုင် ကပြော သည်။

ခနကြာတော့ အမျိုးသမီးငယ်က ထိုင်ခုံကထ၍ ‘မခိုင်’ရှိရာနေရာသို့ တည့်တည့်လာပြီး လက်ညှိုးထိုးကာ ‘နင် မခိုင်မဟုတ်လား’ ဟု မေးမြန်းခဲ့သည်။ ထိုအခါမှ ‘မခိုင်’မှာ ငယ်စဉ်တည်းက ကျောင်းအတူတက်ခဲ့သော ငယ်သူငယ်ချင်း ‘အိမူ’ကို သေချာမမှတ်မိခဲ့ဟု မခိုင်က ပြန်ပြောပြသည်။

ထိုနေ့က အဖြစ်အပျက်က တမြို့တည်းတွင် အတူနေထိုင်ကြသည့် မူလတန်းအရွယ်မှ ဆယ်တန်းထိ ကျောင်းနေဖက် သူငယ်ချင်းများအကြား ဆယ်နှစ်အတွင်း ပထမဆုံးအကြိမ်နှုတ်ဆက်ခဲ့ကြခြင်းဖြစ်သည်။ ကျောင်းနေဖက် သူငယ်ချင်းနှစ်ဦးအကြား မခေါ်မပြောဖြစ်ခဲ့တာက ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့် မဟုတ်ခဲ့။ သူတို့ကိုဝေးကွာစေခဲ့သည့် အဓိက အကြောင်းရင်းမှာ လွန်ခဲ့သော ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခကြောင့်ဖြစ်သည်။

‘မခိုင်’မှာ ရခိုင်ဖြစ်ပြီး ‘အိမူ’မှာ မူဆလင်ဖြစ်ကာ ရခိုင်ပြည်နယ် သံတွဲမြို့တွင် နေထိုင်ကြသူများ ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ဆယ်နှစ် ၂၀၁၂ က ရခိုင်အမျိုးသမီးငယ်တဦး မုဒိန်းကျင့် သတ်ဖြတ်ခံခဲ့ရသည်မှ အစပြုပြီး လူမျိုးရေးပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်။ ရခိုင်ပြည်နယ်၏ မြို့အတော်များများတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် ၂၀၁၃ အရောက်တွင် သဲဖြူဖြူသောင်ခုံများနှင့်လှပသည့် ကမ်းခြေမြို့လေးဖြစ်သည့် သံတွဲဆီသို့လည်း ကူးစက်ရောက်ရှိလာခဲ့သည်။ ထိုအချိန်မှစတင်ကာ သူငယ်ချင်းနှစ်ယောက်အကြား အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

‘မခိုင်’နှင့် ‘အိမူ’တို့ သူငယ်ချင်းနှစ်ဦးကို ပြန်လည်၍ ချစ်ခင်ရင်းနှီးမှုရရှိအောင် ပြုလုပ်ခဲ့သူမှာ ရခိုင်ပြည်ရှိ လူမျိုးစုများအားလုံး သဟဇာတဖြစ်ရေးအတွက် စကားဝိုင်းကို စီစဉ်ခဲ့သူ သံတွဲမြို့က မဆောင်းနှင်းဝေ ဖြစ်သည်။

နှာတံသွယ်သွယ်၊  အသားလတ်လတ်၊ မျက်ခုံးထင်းထင်း နှင့် အသက် ၃၃ နှစ်အရွယ် မဆောင်းနှင်းဝေသည် ကမန်တိုင်းရင်းသူတစ်ဦး ဖြစ်ပြီး ရခိုင်ပြည်အတွင်းရှိ လူမျိုးစုများ သဟဇာတဖြစ်ရေးအတွက် ဆောင်ရွက်နေသူတစ်ဦးဖြစ်သည်။ ကမန်တိုင်းရင်းသားမှာ ရခိုင်တိုင်းရင်းသားထဲက မျိုးနွယ်စုတစ်ခုဖြစ်ပြီး အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသူများဖြစ်သည်။

မဆောင်းနှင်းဝေပုံ

“ကျမရဲ့ စကားဝိုင်းထဲကို ရောက်လာတဲ့အချိန်မှာ  ဟိုး….ငယ်ငယ်တုန်းက ကျောင်းနေဖက် သူငယ်ချင်းတွေ ပါလာတယ်။ ဒါပေမယ့် သူတို့က ၂၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်းမှာ ကျတော့ တစ်ယောက်နဲ့တစ်ယောက်ကို အခေါ်အပြောမရှိဘူး။ ကျမစီစဉ်တဲ့ စကားဝိုင်းကပဲ သူတို့တွေ ပြန်ပြီးတော့ ချစ်ခင်ရင်းနှီးမှု ပြန်ရသွားကြတယ်”ဟု မဆောင်းနှင်းဝေ က ‘မခိုင်’နှင့် ‘အိမူ’တို့ကို ဥပမာပေး၍ ပြောသည်။

မဆောင်းနှင်းဝေသည် ‘မိမိမြို့ရွာတိုးတက်ဖို့အတွက် အမျိုးသမီးတွေအနေနဲ့ ဘယ်လိုခြေလှမ်းတွေကို စတင်လှမ်းမလဲ’ ဆိုသည့် စကားဝိုင်းခေါင်းစဉ်များကို မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးစေခဲ့သည်ဟု ပြောပြသည်။ အဆိုပါ စကားဝိုင်းမှစ၍  တစ်ဦးနှင့်တစ်ဦး အချိတ်အဆက် ပြုလုပ်ကာ လူမျိုးစုများအကြား ဆက်သွယ်မှုများ ပြန်လည် ရရှိခဲ့သည်ဟု ဆိုသည်။

“အချိန်ပိုင်းသာကြာတဲ့ စကားဝိုင်းလေးက ဆယ်နှစ်လောက် မခေါ်မပြောဖြစ်သွားခဲ့တဲ့ သူငယ်ချင်း နှစ်ယောက်ကို ပြန်လည် ပေါင်းစည်းပေးလိုက်တာပဲ။ ဒီလိုလုပ်ပေးတဲ့ မဆောင်းနှင်းဝေကို အရမ်းကျေးဇူးတင်မိတယ်” ဟု မခိုင် ကပြောသည်။

မဆောင်းနှင်းဝေ အနေဖြင့် လူမျိုးစုများ သဟဇာတဖြစ်ရေးအတွက် ဆောင်ရွက်ရန် စိတ်ကူးရရှိခဲ့ခြင်းမှာ ကမန်တက္ကသိုလ်ကျောင်း သားများ တောင်ကုတ်တက္ကသိုလ်နှင့် စစ်တွေတက္ကသိုလ်ကို တက်ခွင့်မရသည့် အခြေနေက စတင်ခဲ့သည်ဟု ပြောသည်။ ၂၀၁၂ ခုနှစ် ရခိုင်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာဝင်များသည် တောင်ကုတ်တက္ကသိုလ်နှင့် စစ်တွေတက္ကသိုလ်သို့ ကျောင်း တက်ခွင့် ကန့်သတ်ခံခဲ့ရပြီး အဝေးသင်စနစ်ကိုသာ အစိုးရအဆက်ဆက်က ခွင့်ပြုခဲ့သည်။

“ကမန်တွေ အနေနဲ့ တောင်ကုတ်တက္ကသိုလ်မှာ သွားရောက်တက်ရောက်ခွင့် မရှိဘူး။ အဲဒီဟာကိုကျမတို့ ဘေးက ဘယ်လိုမျိုးကူညီလို့ ရမလဲပေါ့။ နောက်တစ်ခုကျလို့ရှိရင် စစ်တွေမှာရှိတဲ့ ကမန်တွေအနေနဲ့လည်း ဘော်လန်ဒီယာဆရာတွေနဲ့ သင်နေရတယ်ပေါ့နော်။ အခုလက်ရှိ အနေအထားထိလည်း သင်နေရတာရှိတယ်။ အဲဒီအတွက်ကော ကျမတို့ ဘယ်လို ထိုးဖောက်လို့ ရမလဲဆိုတဲ့ ပုံစံတွေနဲ့ လုပ်ခဲ့တယ်ပေါ့”ဟု မဆောင်းနှင်းဝေ၏ ခြေလှမ်းအစကို ပြောပြသည်။

ထို့နောက် မဆောင်းနှင်းဝေသည် ၂၀၁၈ ခုနှစ်တွင် “ဖြူစင်သော တွဲလက်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့” ကို ဖွဲ့စည်းခဲ့ပြီး လူမှုသဟဇာတဖြစ်ရေးနှင့် လူမှုကူညီရေး လုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ဖြစ်ခဲ့ကြောင်း ပြောသည်။

ထိုသို့ လုပ်ဆောင်ရာတွင် မဆောင်းနှင်းဝေ ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများမှာ အမျိုးသမီးအချင်းချင်း နာမည်ပျက်အောင် တိုက်ခိုက်ခံရခြင်းနှင့် လူအများ သံသယဖြစ်စေမည့် အကြောင်းအရာများကို ပြော၍တိုက်ခိုက်ခြင်းများကို ကြုံတွေ့ခဲ့ရကြောင်း ဆိုသည်။ သို့သော်လည်း မဆောင်းနှင်းဝေ အနေဖြင့် တိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရန်နှင့် ရင်ဆိုင်ကျော်လွှားရန် သင်တန်းတစ်ချို့ကို တက်ရောက်ခဲ့ရကြောင်း ပြောသည်။

“အစပိုင်းကကျတော့ လူမှုပတ်ဝန်းကျင်မှာ တိုက်ခိုက်တာတွေ ဆိုရင်တော့ ပြန်ပြောဖြစ်တယ်။ နောက်ပိုင်းကျတော့ ကျမကလေ ကိုယ့်ရဲ့စိတ်ကိုကိုယ် အကောင်းဆုံး ဘယ်လိုပြင်ဆင်မလဲ။ နောက်ထပ် လူမှုအတွေးအခေါ်နဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်ဖြစ်တယ်။ ကိုယ့်ကိုဘယ်လိုပဲ တိုက်ခိုက်လာလာ ကျမက Reply မပြန်တော့ဘူး။ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်တယ်” ဟု အခက်ခဲများအား ဖြေရှင်းခဲ့ပုံကို ပြောသည်။

ထို့သို့ လုပ်ဆောင်ပြီးနောက်တွင် မဆောင်းနှင်းဝေကို အထောက်အကူ‌ပေးမည့် ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးစု အားလုံးက လူငယ်များ ပါဝင်လာခဲ့ကြောင်း ဆက်ပြောသည်။

မဆောင်းနှင်းဝေ၏ လှုပ်ရှားမှုသည် ရန်ပုံငွေ ရယူဆောင်ရွက်နေခြင်း မဟုတ်ဘဲ ကိုယ်တတ်နိုင်သည့်ဘက်က ဆောင်ရွက်ပေး နေခြင်းဖြစ်သည့်အတွက် ကူညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန်မှာ အခက်ခဲရှိနေသေးသည် ၎င်းကပြောသည်။

သို့သော်လည်း မဆောင်းနှင်းဝေသည် ရခိုင်ပြည်နယ်အတွင်းက အိုင်ဒီပီစခန်းများနှင့်  ကျေးရွာများတွင် ဦးဆောင်နေသော မူဆလင် အမျိုးသမီးများနှင့် ချိတ်ဆက်၍ ဥပဒေကြောင်းအရ ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဥပဒေအထောက်အကူပြု အဖွဲ့များနှင့် ချိတ်ဆက်၍ ကူညီဆောင်ရွက် ပေးနေကြောင်း ပြောပြသည်။

“မူဆလင်အိုင်ဒီပီကမ့်တွေမှာဆိုလို့ရှိရင်လည်း ကမ့်တွေမှာ ဦးဆောင်နေတဲ့ အမျိုးသမီးတွေနဲ့ ဆက်သွယ်ပြီးလို့ရှိရင် အမျိုးသမီး တွေအတွက် အခက်အခဲတွေ ဖြစ်လာလို့ရှိရင် ကျမကမှတဆင့် ဆက်သွယ်ပြီးတော့ အကူညီပေးလို့ ရတာတွေကို ကူညီပေး တယ်”ဟု ဆိုသည်။

ထို့အပြင် မဆောင်းနှင်းဝေက ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးစုများအားလုံး စည်းလုံးညီညွှတ်မှုနှင့် သဟဇာတဖြစ်ရေး လှုပ်ရှားမှုအပြင် မူဆလင်အမျိုးသမီးငယ်များကိုလည်း တခြားလူမျိုးနွယ်စုများနည်းတူ ရှေ့ထွက်စေချင်သည်ဟု ပြောသည်။ သို့သော်လည်း မူဆလင်အမျိုးသမီးငယ်များ ရှေ့ထွက်ရန် ဆွဲခေါ်ရမည့်အလုပ်မှာ စိန်ခေါ်မှုကြီးမားသည် ဟုဆိုသည်။

ထို့သို့ မူဆလင်အမျိုးသမီးငယ်များ ရှေ့ထွက်ရေးအတွက် စိန်ခေါ်မှုကြီးမှာ ဘာသာတရားအရ လွှမ်းမိုးမှုရှိနေခြင်းဖြစ်ကြောင်း ပြောပြသည်။ အဆိုပါ စိန်ခေါ်မှုကို ခေတ်ပညာတတ် မူဆလင်အမျိုးသမီးငယ်များက တွန်းထုတ်ပါက ကျော်ဖြတ်သွားနိုင်မည်ဟု မဆောင်းနှင်းဝေ က သူ၏အမြင်ကို ပြောသည်။

“မူဆလင်အမျိုးသမီးတွေကြားမှာ ခေါင်းဆောင်နိုင်စွမ်း၊ ပြောနိုင်စွမ်းရှိတဲ့ လူတွေလိုအပ်နေတယ်။ အဲလိုအမျိုး သမီးငယ်တွေ ရှေ့ရောက်လာဖို့ဆိုရင် သူတို့ရဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ကျမတို့ စကားပြောဖို့လိုလာတယ်။ ကျေးရွာလူကြီးတွေနဲ့ ဆွေးနွေးဖို့ လိုအပ်တယ်။ အဲဒီမူဆလင်အမျိုးသမီးငယ်တွေနဲ့ ကျမတို့ စကားများများ ပြောဖို့လိုအပ်တယ်”ဟု ဆိုသည်။

မဆောင်းနှင်းဝေ၏ လူမှုသဟဇာတဖြစ်ရေး လှုပ်ရှားမှုသည် မြန်မာနိုင်ငံတွင် စစ်အာဏာမသိမ်းခင်က လွတ်လပ်စွာ ဆောင်ရွက်နိုင်ခဲ့သော်လည်း အာဏာသိမ်းမှုနောက်ပိုင်းတွင် လွတ်လပ်မှုမရှိတော့ကြောင်း ဆက်ပြောသည်။

ယခု ၂၀၂၂ ခုနှစ်တွင် မဆောင်းနှင်းဝေ အနေဖြင့် လူမျိုးစုအားလုံးရှိ လူငယ်အားကိုယူ၍ စကားပြောပွဲများ၊ လူငယ်ရေးရာ ကိစ္စရပ်များ၊ အမျိုးသမီးများ(အထူးသဖြင့် မူဆလင်အမျိုးသမီးများ)၏ လွတ်လပ်စွာ ပညာသင်ခွင့်ရရှိရေးတို့ကို ဆောင်ရွက် သွားမည်ဟု ပြောသည်။

ပတ်ဝန်းကျင်နှင့် ဆက်သွယ်ခွင့်မရှိခြင်း၊ ပညာဆက်လက်သင်ကြားရန် မိဘများ၏ ကန့်သတ်ခြင်းများ ကြုံတွေ့နေရသည့် မူဆလင် အမျိုးသမီးငယ်များမှာလည်း သူများနည်းတူ ရှေ့ထွက်ဖို့ လိုအပ်နေပြီဟု ထောက်ပြသည်။

ပဋိပက္ခများနှင့် ထိလွယ်၊ ရှလွယ်သော ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော လူမျိုးနွယ်စုအားလုံး စည်းလုံးညီညွှတ်စွာ ရှေ့ဆက်နေ ထိုင်ရေးအတွက် မိမိတတ်နိုင်သည့်ဘက်က ဆောင်ရွက်ပေးနေသော မဆောင်းနှင်းဝေက မိမိလုပ်ချင် စိတ်ရှိသော်လည်း အတိုက် အခိုက်များ၍ ရှေ့ဆက်လုပ်ချင်စိတ်  ပျောက်နေသူများကို ယခုကဲ့သို့ အားပေးစကား ပြောသည်။

“လုံးဝစိတ်ဓာတ်မကျဘဲနဲ့ ရေတစ်ခုထဲမှာမျောနေရင်တောင်မှ ကိုယ့်ရဲ့ဖက်တွယ်ရာ သစ်ကိုင်းလေးတစ်ကိုင်းပဲဖြစ်ဖြစ် ရလို့ရှိရင် ရအောင်ဆွဲငင်ပြီးတော့ ကြိုးစားကြပါလို့ အားပေးချင်ပါတယ်။”ဟု ပြောသည်။

Author:

Related Articles