Home ဆောင်းပါး မတရားမှုတွေ ကိုယ့်အိမ်တံခါးကို ဘယ်အချိန်လာခေါက်မလဲ (သို့မဟုတ်) “Justice For Victoria”

မတရားမှုတွေ ကိုယ့်အိမ်တံခါးကို ဘယ်အချိန်လာခေါက်မလဲ (သို့မဟုတ်) “Justice For Victoria”

“Justice For Victoria” ဆိုတဲ့ လှုပ်ရှားမှုဟာ ပြည်သူလူထုကို  တုန်လှုပ်စေတဲ့ လှုပ်ရှားမှုဖြစ်လာခဲ့ပါပြီ။

ဒီလှုပ်ရှားမှုဟာ အသက်(၃)နှစ် မပြည့်သေးတဲ့ သမီးငယ်ဗစ်တိုးရီးယား သက်ငယ်မုဒိမ်းမှုဖြစ်ပြီးတဲ့နောက် “တရား မျှတရေး”  ဖော်ဆောင်တဲ့လှုပ်ရှားမှုပါ။

ဒီအမှုကို လူအများစိတ်ဝင်စားလာကြပြီး  လူမှုကွန်ရက်စာမျက်နှာပေါ်မှာသာမက တိုင်းနဲ့ပြည်နယ်တွေမှာလည်း ထောင်နဲ့ချီတဲ့လူထုဆန္ဒပြပွဲတွေပြုလုပ်လာကြပါတယ်။

ဒီဆန္ဒပြမှုတွေကို လေ့လာကြည့်ရင် ဗစ်တိုးရီးယားလေးရင်ဆိုင်ရတဲ့ သက်ငယ်မုဒိမ်းလို မုဒိမ်းမှုတွေ ပပျောက်ပြီး “တရားမျှတမှု” ဖော်ဆောင်ပေးဖို့ဆိုတဲ့ လိုလားချက်တွေကို တွေ့ရပါတယ်။

ဗစ်တိုးရီးယားဟာ နေပြည်တော်လိုမြို့ကြီးက ကလေးတဦးချင်းကို အနီးကပ်စောင့်ကြည့်ပေးတဲ့ “Wisdom Hill” ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းမှာ တက်နေတဲ့ ကလေးငယ်တဦးပါ။

လွန်ခဲ့တဲ့ မေလ(၁၆)ရက်က ဗစ်တိုရီးယားဟာ ကျောင်းကနေ အိမ်ပြန်ရောက်ပြီး ဆီးသွားစဉ်မှာ “နာတယ်” ဆိုပြီး မိခင်ကို ပြန်ပြောပြရာကနေ ဆေးရုံကိုခေါ်သွားရာမှ သမီးငယ်ရဲ့ မိန်းမကိုယ်တွင်း ထိုးသွင်းဒဏ်ရာ ရှိနေတယ်ဆို တာ သိခဲ့ရတာဖြစ်ပါတယ်။

ဒီလို ထိုးသွင်းဒဏ်ရာတွေ့ရှိမှု တလကျော်ကြာခဲ့ပြီးတဲ့နောက် ဇူလိုင်(၄)ရက်နေ့မှာ သက်ငယ်မုဒိမ်းမှု တရားခံဟာ  “Wisdom Hill”  ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာကျော်ရဲ့ယာဉ်မောင်း အောင်ကျော်မျိုး(ခ) အောင်ကြီးလို့ ရဲတပ် ဖွဲ့က ဇူလိုင်(၄)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အခုလို တရားစွဲဆိုလိုက်တဲ့အောင်ကြီးဟာ လွန်ခဲ့တဲ့မေလ (၃၀)ရက်မှာ ဇဗ္ဗူသီရိမြို့နယ်၊ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်း သိမ်းစစ်ဆေးပြီးနောက် မှုခင်းရဲတပ်ဖွဲ့ (CID) က အမှုကိုလွှဲပြောင်းရယူကာ ခိုင်လုံသော အထောက်အထားမရှိတဲ့ အတွက် ဇွန်(၂၄)ရက်က ပြန်လွှတ်ပေးခဲ့သူဖြစ်ပါတယ်။

ဒါကြောင့်လည်း အခုတဖန်ပြန်ပြီး တရားခံလို့ စွတ်စွဲခံထားရတဲ့ အောင်ကြီးဟာ တကယ်ပဲ တရားခံဟုတ်ရဲ့လား ဆိုတာကို ပြည်သူ အများက သံသယရှိနေကြတာပါ။

ဗစ်တိုးရီးယားလေးက “ ကိုကိုလုပ်တာ။ ဆရာမနှင်းနုတောင် ကိုကို့ကိုဆူသေးတယ်” လို့ အကြိမ်ကြိမ် ထုတ်ဖော် ပြောပေမယ့် အမှုစဖြစ်စဉ်က ကလေးစကားကို ရဲတပ်ဖွဲ့ဝင်တွေက အလေးမထားခဲ့သလို ဖြစ်နေတဲ့အပေါ်မှာလည်း ပြည်သူတွေက ပိုပြီးပွဲဆူလာတာကို တွေ့မြင်ရပါတယ်။

“ ဥပဒေမှာ ကလေးစကားကို အတည်ယူလို့ မရဘူးဆိုတာ မဟုတ်ပါဘူး။ ကလေးကို မေးခွန်းတခုမေးတဲ့အခါမှာ ကောင်းမွန်စွာ ဖြေဆိုတယ်ဆိုရင် သူ့စကားကို ယုံလို့ရပါတယ်။  အတည်ယူလို့ရပါတယ်” လို့ တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်ကပြောပါတယ်။

အသက်(၃)နှစ်မပြည့်သေးတဲ့ကလေးကို သူစိမ်းများရှေ့တွင် စစ်ဆေးမေးမြန်းမှုလုပ်တာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ဘူးလို့လည်း ရှေ့နေဦးကြီးမြင့်က ပြောဆိုလိုက်ပါတယ်။

ဗစ်တိုးရီးယားအမှုအပေါ် စစ်ဆေးချက်တွေနဲ့ ပတ်သက်ပြီး ရှေ့နေဦးကြီးမြင့်က “အမှုစစ်တဲ့ရဲတွေရဲ့ ပျက်ကွက်မှု က အဓိကပါ။ လူတန်းစီပြရမယ်။ တန်းစီးပြပြီး ကလေးကို လက်ညှိုးထိုးခိုင်းတာလုပ်ရမယ်။ အဲဒါလည်း သူတို့ ပျက်ကွက်မှု..၊ နောက်တခါက ကလေးကို သူတို့ကြောက်ရတဲ့ ဆရာမတွေရှေ့မှာ သူစိမ်းတွေရှေ့မှာ စစ်ဆေးခြင်း အဲဒါလည်း ဥပဒေနဲ့မညီဘူး။ ရဲတွေက ဥပဒေမညီတာကို လုပ်တယ်” လို့ ဝေဖန်ထောက်ပြလိုက်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းခံရတဲ့ အသက်မပြည့်သေးတဲ့ ဗစ်တိုးရီးယားအမှုဟာ တကယ်တမ်း ခက်ခဲနေတာ မဟုတ်ကြောင်း၊ တရားခံထွက်ပြေးနေခြင်းလည်း မဟုတ်ကြောင်း၊ ကလေးရဲ့ ထွက်ဆို၊ ပြောဆိုချက်တွေကို အလေးပေးသင့်ကြောင်းလည်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှု တနှစ်ထက်တနှစ် ရာခိုင်နှုန်းပိုများလာပြီး နေ့စဉ်နဲ့အမျှ အရွယ်မရောက် သေးတဲ့ ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေကို  တွေ့မြင်ရပါတယ်။

၂၀၁၇ ခုနှစ်မှ ၂၀၁၉  ခုနှစ်၊ ဇွန်လအထိ  ဖြစ်ပွားခဲ့တဲ့ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုတွေကို ကြည့်ရင် ၂၀၁၇ ခု နှစ်မှာ သက်ငယ်မုဒိမ်းမှု ၆၃.၈၄ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၆၄.၉၃ ရာခိုင်နှုန်းနှင့် ၂၀၁၉  ခုနှစ်၊ ဇွန်လအထိ (၆၇.၉၈) ရာခိုင်နှုန်းအထိ တိုးလာတာကို တွေ့ရပါတယ်။

“ သက်ငယ်မုဒိမ်းက ကိုယ့်အိမ်တံခါးကို ဘယ်အချိန်လာခေါက်မလဲ” ဆိုတဲ့စိုးရိမ်မှုကတော့ မိခင်တယောက်ဖြစ်တဲ့ နန်းဇင်နွယ်ကို အစဉ်အမြဲခြိမ်းခြောက်နေပါတယ်။

ဒီ “ဗစ်တိုရီးယား” အမှုကို မှန်မှန်ကန်ကန် မရှင်းနိုင်သရွေ့၊ သက်ငယ်မုဒိမ်းမှုတွေကို ထိရောက်စွာ အရေးမယူ နိုင်သရွေ့တော့၊ မိခင်တယောက်အနေနဲ့ စိတ်သောကတွေနဲ့ ရှင်သန်နေရဦးမယ်လို့ မန္တလေးမြို့က နန်းဇင်နွယ်က ပြောလိုက်ပါတယ်။

အခု ဗစ်တိုးရီးယားကြုံတွေ့ရတဲ့ သက်ငယ်မုဒိမ်းမှုဟာ  ငွေကြေးပြည့်စုံသူတွေထားတဲ့ ကလေးငယ်တွေအတွက် စိတ်ချရတဲ့ပုဂ္ဂလိကကျောင်းမှာဖြစ်ပွားတာကြောင့်  မိဘတွေက ပိုပြီးတော့ တုန်လှုပ်နေပါတယ်။

မကြာခဏသက်ငယ်မုဒိမ်းမှုကို ကြားရပေမယ့် ပုဂ္ဂလိကကျောင်းတက်နေတဲ့ သမီးငယ်လေး ဗစ်တိုးရီးယားအမှု ကြောင့်  “ကျမတို့လို ကလေးမိခင်တွေအတွက်က ရတက်မအေးစရာတွေဖြစ်နေပါပြီ” လို့ အမျိုးသမီးရေးတက် ကြွလှုပ်ရှားသူ  မခင်လေးက ပြောပါတယ်။

သက်ငယ်မုဒိမ်းမှုက အရင်ကလည်း စိုးရိမ်မှုတွေရှိပေမယ့် အခုက ပိုစိုးရိမ်စရာဖြစ်နေပြီး မူကြိုကျောင်းတွေမှာ လုံခြုံမှုအားနည်းတဲ့အပြင် ပြဿနာတခုဖြစ်တဲ့အခါ လိုအပ်တဲ့ဆောင်ရွက်မှုတွေ နှောင့်နှေးကြန့်ကြာတာတွေ ကြောင့် မိခင်တွေအတွက် ပိုပြီးစိုးရိမ်စရာ ဖြစ်လာကြောင်း မခင်လေးက ဝေဖန်ထောက်ပြလိုက်ပါတယ်။

ယခုနောက်ပိုင်းတွေမှာ ကလေးငယ်တွေ ပညာသင်ကြားတဲ့ကျောင်းတွေမှာ ဖြစ်ပွားတဲ့ သက်ငယ်မုဒိမ်းတွေ၊ လိင် ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေက တိုင်ကြားမှုတွေ များလာတယ်လို့လည်း အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူများ က ပြောဆိုလိုက်ပါတယ်။

ပုဂ္ဂလိကကျောင်းမှာဖြစ်တဲ့ သက်ငယ်မုဒိမ်းမှုကို ကြည့်ခြင်းအားဖြင့် ကလေးငယ်တွေအတွက် အန္တရာယ်ဟာ နေရာ တိုင်းမှာ ရှိနေတယ်ဆိုတာ သတိပေးလိုက်တာလည်းဖြစ်ပါတယ်။

“ ဘယ်နေရာမဆို ကျမတို့က အန္တရာယ်ရှိနိုင်တယ်။ ဘယ်နေရာမှာထားထား သတိထား၊ လုံခြုံရေးသတိ အမြဲရှိရ မယ်ဆိုတာ ကျမတို့ကို နှိုးဆော်ပေးနေပါတယ်” လို့ မခင်လေးက ဆိုပါတယ်။

ကိုယ်ပိုင်ကျောင်းတွေက အစိုးရကျောင်းတွေထက် ငွေကြေးပိုပေးဆောင်ရသဖြင့် ပိုပြီးဝန်ဆောင်မှု အားကောင်းရ မှာ ဖြစ်တယ်လို့လည်း မခင်လေးက ထောက်ပြပါတယ်။

“ဗစ်တိုးရီးယား”ဖြစ်စဉ်ကို စုံစမ်းနိုင်ရန် မူကြိုကျောင်းထံမှ  စီစီတီဗွီမှတ်တမ်းကို တောင်းကြည့်တဲ့အခါ စီစီတီဗွီ မှတ်တမ်းကလည်း  တရက်စာ အပြည့်အစုံ မရခဲ့ဘူးလို့ဆိုပါတယ်။

ဒါကြောင့်လည်း စီစီတီဗွီဟာ တကယ်ပြဿနာဖြစ်လာရင် ဖြေရှင်းနိုင်တဲ့အထောက်အထားတခု ဟုတ်မဟုတ် ဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ဗစ်တိုးရီးယားအမှုကိစ္စဟာ  အနုပညာရှင်တွေအပါအဝင် မြန်မာတနိုင်ငံလုံးမှ ပြည်သူတွေ စိတ်ဝင်စားနေကြသလို  အမှုမှန်ပေါ်ပေါက်ဖို့လည်း သက်ဆိုင်ရာကို တိုက်တွန်းနေကြပါတယ်။

လူတယောက်ရဲ့ လုပ်ခလစာနဲ့ မလုံလောက်တဲ့အတွက်  မိဘနှစ်ဦးစလုံး အလုပ်လုပ်ရပြီး၊ မိမိတို့ ရင်သွေးငယ်တွေကို ကလေးထိန်းငှားတာ၊ မူကြိုကျောင်းမှာ သွားထားတာတွေ မလွဲသာမရှောင်သာ ပြုလုပ်ကြ ရပါတယ်။

သက်ငယ်မုဒိမ်းတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာတွေ၊ သတင်းဝက်ဆိုဒ်တွေမှာ မကြာခဏဖတ်ရတိုင်း မိခင်တယောက်အနေနဲ့ မိမိကလေးငယ်တွေအတွက် ရင်မအေးရကြောင်း ကယားပြည်နယ်မှ နော်နိုရင်းကလည်း ရင်ဖွင့်ပါတယ်။

“ မွေးထားတာကလည်း သမီးလေးတွေ၊ ကိုယ်တိုင်က အလုပ်လုပ်နေတယ်ဆိုတော့ ပိုပြီးတော့ ရင်ပူရတယ်” လို့ နော်နိုရင်းက ဆိုပါတယ်။

သမီးမွေးထားတဲ့ဖခင်တွေအနေနဲ့လည်း သမီးငယ်ဗစ်တိုရီးယားကိစ္စ ဖြစ်လာပြီးနောက်ပိုင်း မိမိတို့သမီးငယ်တွေ အတွက် စိတ်ပူမှုတွေ တိုးလာတာတွေ့မြင်ရပါတယ်။

“ အခုခေတ်က သားမွေးရင် မူးယစ်ဆေးသုံးမှာ ကြောက်ရသလို သမီးမွေးရင် သက်ငယ်မုဒိမ်းဖြစ်မှာ ကြောက်နေ တယ်”  လို့ သမီးဖခင်တဦးဖြစ်တဲ့ ရန်ကုန်က ကိုအာကာက ပြောပါတယ်။

မိမိသမီးကို အကြမ်းဖက်အနိုင်ကျင့်မခံရအောင် အရင်ကထက်ပိုပြီး ဂရုစိုက်သလို မိမိကိုယ်အင်္ဂါကို တပါးသူလာ မကိုင်အောင် ရှောင်ရန်ကစပြီး သင်ကြားရမယ်လို့ ကိုအာကာက ဆိုပါတယ်။

“သမီးကို စိုးရိမ်သလို ကိုယ့်သားလည်း မုဒိမ်းကောင် မဖြစ်အောင် ကာကွယ်သွန်သင်ရဦးမယ်” လို့ နန်းဇင်နွယ်က  ပြောလိုက်ပါတယ်။

နေ့စဉ်ရက်ဆက် သက်ငယ်မုဒိမ်းမှုတွေကို ကြားရလို့ တုန်လှုပ်နေရတဲ့အပြင် အခုအခါ စိုးရိမ်မှတ် ရေချိန် ပိုမြင့်လာ ကြောင်းလည်း နန်းဇင်နွယ်က မှတ်ချက်ပြုလိုက်ပါတယ်။

ယခုနောက်ပိုင်း သက်ငယ်အချင်းချင်း ကျူးလွန်တဲ့ မုဒိမ်းမှုတွေ ရှိလာသဖြင့် ကလေးငယ်တွေအတွက် လိင်မှု ဆိုင်ရာ အသိပညာပေးမှုတွေ မလုပ်ထားပါက ပိုပြီးအန္တရာယ်ကြီးလာနိုင်ကြောင်းလည်း မခင်လေးက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

“ ကျမတို့မသင်ပေးဘဲလည်း လူ့သဘာဝအရ အရွယ်ရောက်လာရင် ဒီလိုကိစ္စတွေ စိတ်ဝင်စားမှုရှိလာပြီး သူတို့ ဘာသာစူးစမ်းပြီး လုပ်တာထက်စာရင် ကျမတို့လူကြီးတွေကနေ ဆောင်ရန်၊ ရှောင်ရန်  သိသင့်တာတွေ သင်ပေးဖို့ ကတော့ အချိန်က နောက်တောင်ကျနေပြီ” လို့ မခင်လေးက မှတ်ချက်ပြုလိုက်ပါတယ်။

ဗစ်တိုးရီးယားအမှုမှာ ဆေးစစ်ချက်ဖြစ်တဲ့  DNA စစ်ဆေးမှုနဲ့ပတ်သက်ပြီး လွဲမှားနေတာကိုလည်း  ပြည်သူများက ကျေနပ်မှုမရှိတာကို တွေ့ရပါတယ်။

မုဒိမ်းမှုဆိုတာ မိန်းမကိုယ်အင်္ဂါကို ထိုးသွင်းလိုက်တာနဲ့တပြိုင်နက် မုဒိမ်းမှုမြောက်ကြောင်း၊ DNA စစ်ဆေးချက်က စိတ်မချရကြောင်းလည်း ဝေဖန်ထောက်ပြမှုတွေက ရှိပါတယ်။

“ မိန်းမကိုယ်ထဲကို ယောကျ်ားကိုယ်က ထိုးဝင်မိရင် တပြိုင်နက် မုဒိမ်းမှုမြောက်ပါတယ်။ DNA ဘာညာက တလွှဲ တွေ လျှောက်လုပ်နေတာပါ။  DNA က ဘယ်လောက် စိတ်ချရလဲ။ မြန်မာပြည်က DNA ကြောင့် အပြစ်ပေးတဲ့ အမှု တွေ ဘယ်နှစ်မှုများရှိခဲ့လို့လဲ” လို့ ရှေ့နေဦးကြီးမြင့်က ဆိုပြန်ပါတယ်။

လက်ရှိသက်ဆိုင်ရာ အာဏာပိုင်တွေ၊ ရဲအရာရှိတွေရဲ့ စစ်ဆေးဆောင်ရွက်ချက်တွေကို ပြည်သူအများက  ယုံကြည် မှုမရှိတဲ့အတွက် ဇူလိုင်(၆)ရက်နေ့မှာ မြန်မာနိုင်ငံ၊ နေရာအချို့မှာ ထောင်ချီသော ပြည်သူများ လမ်းပေါ်သို့ ထွက်ပြီး ဆန္ဒပြကြနေကြပြီဖြစ်ပါတယ်။

လက်ရှိအမှုစီစစ်ရေးနဲ့ပတ်သက်ပြီး ဦးကြီးမြင့်က “ ဗစ်တိုးရီးယားကလေးကို မုဒိမ်းကျင့်တာတင် မဟုတ်ဘူး၊ တိုင်း ပြည်တခုလုံးကို မုဒိမ်းကျင့်လိုက်တာပဲ” လို့မှတ်ချက်ပြုလိုက်ပါတယ်။

ထောင်ချီသော ပြည်သူတွေ လမ်းပေါ်ထွက်လာတဲ့ “Justice For Victoria”  လှုပ်ရှားမှုဟာ မြန်မာပြည်ရဲ့ တရား စီရင်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေတဲ့ လှုပ်ရှားမှုတခု ဖြစ်လာပါပြီ။ မိခင်ဖခင်များ အားတက်သရော ပါဝင်လာတဲ့ ဒီလှုပ်ရှားမှုကြီးဟာ မြန်မာပြည်ရဲ့ အနာဂတ်ကို ဘယ်လောက်ပြောင်းလဲနိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ကြရဦးမှာဖြစ်ပါတယ်။

နန်းဆိုင်နွမ်

Author:

Related Articles