Home ဆောင်းပါး ဖိနှိပ်ခံထားရပေမယ့် ကျိုးကြေမသွားတဲ့တော်လှန်ရေးစိတ်ဓါတ်နဲ့ ကျောင်းသားလူငယ်တွေ

ဖိနှိပ်ခံထားရပေမယ့် ကျိုးကြေမသွားတဲ့တော်လှန်ရေးစိတ်ဓါတ်နဲ့ ကျောင်းသားလူငယ်တွေ

ရှင်ငြိမ်း။ ။

စစ်တပ်က အာဏာသိမ်းထားတာ တစ်နှစ်နီးပါးရှိလာသည့်တိုင်အောင် အာဏာရှင်တော်လှန်ရေးအရှိန်ဟာ လျော့ကျ မသွားဘဲ အရှိန်မြင့်လာတာနဲ့အတူ အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီးမှုတွေကလည်း ခပ်စိပ်စိပ်ရှိလာခဲ့ပါတယ်။

စစ်အာဏာသိမ်းလိုက်တဲ့ဖေဖော်ဝါရီ ၁ ရက်မှ ဇန်နဝါရီ ၁၄ ရက်အထိ ဖမ်းဆီးခံထားရသူပေါင်း ၈,၆၀၃ ယောက်ရှိနေပြီး ၁,၃၈၇ ယောက်ကျဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့မှတ်တမ်းတွေက ထောက်ပြနေပါတယ်။

ဒီထဲမှာ စစ်အာဏာရှင်ရဲ့ ပစ်မှတ်ထားဖမ်းဆီးခံနေရသူတွေကတော့ ကျောင်းသားလူငယ်တွေပဲဖြစ်တယ်။ ဒါကလည်း နွေဦးတော်လှန်ရေးကို ဦးဆောင်ခဲ့သူတွေက ကျောင်းသားလူငယ်တွေဖြစ်နေတာကြောင့်ပါ။

စစ်အာဏာရှင်တွေ ဆုတော်ငွေထုတ်ကာ မြေလှန်ရှာနေတဲ့ ဒေါက်တာတေဇဆန်းဆိုရင် ဆရာဝန်တစ်ယောက်ဖြစ်တဲ့ အပြင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မန္တလေးခရိုင်ရဲ့ ဥက္ကဋ္ဌတစ်ယောက်လည်းဖြစ်တယ်။

ဒေါက်တာတေဇဆန်းဟာ စစ်အာဏာသိမ်းပြီး ၅ ရက်မြောက်နေ့မှာ မန္တလေးမြို့မှကျောင်းသားလူငယ်လေးတွေကို ဦးဆောင်ကာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့တော်လှန်ရေးသပိတ်စစ်ကြောင်း စတင်ခဲ့သူဖြစ်ပါတယ်။

သူဟာ နွေဦးတော်လှန်ရေးဆိုတဲ့လူထုလှုပ်ရှားမှုကြီးဖြစ်လာဖို့ လှုံ့ဆော်ခဲ့သူဖြစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ သူ့ကိုဖမ်းမိ ပါက ငွေကျပ် သိန်းတစ်ရာပေးမယ်လို့ ကြေညာထားခံထားရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ပါ အမှုဖွင့် ခဲ့ပါတယ်။

လက်ရှိအချိန်အထိ ဒေါက်တာတေဇဆန်းကို မဖမ်းမိသေးပေမယ့် သူရဲ့နေအိမ်၊ ရပ်ရွာတွေနဲ့ သူခိုလှုံခဲ့တဲ့နေရာတွေကို တော့ စစ်တပ်က အကြိမ်များစွာပိုက်စိပ်တိုက်ရှာဖွေနေဆဲဖြစ်တယ်။

အာဏာရှင်တော်လှန်ရေးမှာ ဦးဆောင်မှုပြုတဲ့ကျောင်းသားလူငယ်တွေကို စစ်အာဏာရှင်တွေက နိုင်ငံရေးသမားဆိုတာ ထက် ကျောင်းသားဖြစ်လို့ဆိုတဲ့အငြိုးနဲ့ပိုမိုဖိနှိပ်ဖမ်းဆီးနေတာဖြစ်နေတာလို့ နိုင်ငံရေးအကျဉ်းသူဟောင်းက ရှင်းပြပါတယ်။

စစ်အာဏာသိမ်းထားတဲ့ ၁၁ လတာအတွင်းမှာ ဗကသကျောင်းသားသမဂ္ဂအဖွဲ့ဝင်ပေါင်း ၃၈ ယောက်အကျဉ်းကျနေပြီး ဒီထဲမှာ ၂၄ ယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေဆဲပါလို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ဒီအချက်အလက်ဟာ လက်လှမ်းမီသရွေ့ကောက်ယူထားတဲ့အချက်အလက်တွေဖြစ်ပြီး ကျန်တဲ့ဖမ်းဆီးခံထားရတဲ့သူတွေနဲ့ စစ်ကြောရေးရောက်နေသူတွေ၊ ကျဆုံးသွားသူတွေရဲ့အချက်အလက်တွေမရသေးလို့ ဖမ်းဆီးကျဆုံးစာရင်းက ယခုထက် ပိုများနိုင်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဥက္ကဌ ကိုမင်းဟန်ထက်က ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၉ ရက်၊ ညနေပိုင်းကပဲ စစ်အာဏာရှင်တွေဟာ ဘာလက်နက်မှမပါတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ မဆုရည်လင်း(ခ) မလင်းလင်းကို အရပ်ဝတ်တွေနဲ့ အမျိုးသားတွေက လူအများထိုင်နေတဲ့ လ္ဘက်ရည်ဆိုင်ထဲမှာ သေနတ်နဲ့ထောက်ကာ ဖမ်းဆီးခေါ်သွားခဲ့တယ်။

သူဟာ ဖမ်းဆီးခံရချိန်မှာ ပြန်လည်ခုခံဖို့မပြောနဲ့ သူရဲ့ပုံမှန်အလုပ်တွေဖြစ်တဲ့ သပိတ်စစ်ကြောင်းထွက်တာ၊ အစုအဖွဲ့တွေနဲ့ စကားပြောတာတွေတောင် ခွင့်ယူထားရတဲ့အထိ မကျန်းမမာဖြစ်နေတဲ့အချိန်ပါ။

မလင်းလင်းဟာ ညနေပိုင်းသပိတ်စစ်ကြောင်းတစ်ခုထွက်ဖို့စီစဉ်နေတဲ့အချိန်မှာ သတင်းထောက် ကိုဖိုးသားနဲ့အတူ လ္ဘက် ရည်ဆိုင်ထဲမှာရှိနေစဉ် အရပ်ဝတ်နဲ့သေနတ်ကိုယ်စီကိုင်ထားတဲ့အမျိုးသားတွေက ဖမ်းဆီးခေါ်သွားခဲ့တာ ဖြစ်တယ်။

အသက် ၂၂ နှစ်အရွယ်မလင်းလင်းဟာ ဓါတုဗဒ၊ တတိယနှစ်ကျောင်းသူတစ်ယောက်ဖြစ်ပြီး ရန်ကုန်သပိတ်စစ်ကြောင်း တွေကို ဦးဆောင်နေတဲ့သူဖြစ်တယ်။ နောက်သူဟာ ယခင်ကတည်းက အကြမ်းမဖက်လှုပ်ရှားမှုအတော်များများမှာ ပါဝင် ခဲ့သူ တစ်ယောက်ပါ။

ဒါ့အပြင် သူဟာသပိတ်စစ်ကြောင်းတွေ ကြမ်းကြမ်းတမ်းတမ်းဖြိုခွဲခံနေရတဲ့အချိန်မှာတောင် ပြောက်ကျားသပိတ်တွေ ထွက် နိုင်အောင် လုပ်နိုင်စွမ်းရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

photo credit – တကသကျောင်းသားဟောင်းများအင်အားစု

အခုလိုတွေကြောင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဥက္ကဌ ကိုမင်းဟန်ထက်ကတော့ “မလင်းလင်းက အခုအချိန်ထိ လမ်းတွေပေါ်မှာ ဆက်လက်တော်လှန်နေဆဲ ဟစ်ကြွေးနေဆဲအမျိုးသမီးခေါင်းဆောင်တွေထဲက တစ်ယောက်ပါပဲ”လို့ မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် မလင်းလင်းဟာ ရန်ကုန်၊ မန္တလေး၊ မုံရွာစတဲ့မြို့ကြီးတွေမှာရှိတဲ့အမျိုးသမီးခေါင်းဆောင်တွေနဲ့ဖွဲ့စည်းထားတဲ့ အမျိုးသမီးမဟာမိတ်အင်အားစု(WAB)ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လို့ ရန်ကုန်အမျိုးသမီးသပိတ်စစ်ကြောင်းတွေကို ဦးဆောင်နေရတဲ့သူပါ။

အမျိုးသမီးမဟာမိတ်အင်အားစု(WAB)မှာ မလင်းလင်းပြောထားတဲ့တော်လှန်ရေးအပေါ်သူရဲ့ခံယူချက်ကတော့ ပြည်သူ တွေကို လွတ်လပ်ပြီး တရားမျှတတဲ့ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို အရောက်ပို့ပေးချင်တဲ့ဆန္ဒရှိနေပါတယ်။

“နောက် တိုးတက်တဲ့ နိုင်ငံတော်သစ်တစ်ရပ်ဆီ သွားတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် တံတားခင်းကြမ်းတစ်ချပ်အနေနဲ့ ပေး ဆပ်ထားပါတယ်။ အဲ့အတွက်ဒီနွေဦးတော်လှန်ရေးမှာ ကျနော်စွမ်းနိုင်သရွေ့ ကျရာနေရာကနေ တတ်စွမ်းသရွေ့ပါဝင် လှုပ်ရှားနေဦးမှာဖြစ်တယ်”လို့ သူ့ခံယူချက်ကို ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။

အလားတူ စက်တင်ဘာ ၁၉ ရက်၊ ညနေပိုင်းမှာလည်း စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)ဥက္ကဌ မအေးနန္ဒာစိုးကိုလည်း အရပ်ဝတ်တွေနဲ့ အသွင်ယူထားတဲ့အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဖမ်းဆီးခဲ့ပါတယ်။

မအေးနန္ဒာစိုးဟာ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ စတုတ္ထနှစ်ကျောင်းသူတစ်ယောက်ဖြစ်ပြီး အာဏာသိမ်းပြီးလို့ ၆ ရက် မြောက်နေ့ကစလို့ စစ်ကိုင်းပညာရေးတက္ကသိုလ်သပိတ်စစ်ကြောင်းကို ဦးဆောင်နေသူလည်း ဖြစ်တယ်။

မအေးနန္ဒာစိုးနည်းတူ နိုဝင်ဘာ ၂၂ ရက်မှာလည်း မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)မှ ဥက္ကဋ္ဌဟောင်း မသဲစုနိုင်ကို အကြမ်းဖက်စစ်တပ်က သေနတ်ပစ်ဖောက်ခြိမ်းခြောက်၊ ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။

မသဲစုနိုင်ဟာ ယခင်က မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)မှ ဥက္ကဋ္ဌတစ်ယောက်ဖြစ်ပေ မယ့် အဲဒီကနေ ထွက်လိုက်ပြီးနောက် ကျောင်းဆရာမအလုပ်နဲ့ အေးချမ်းစွာနေထိုင်နေသူဖြစ်ပါတယ်။ 

ဒါပေမယ့် သူဟာ ကျောင်းဆရာမတစ်ယောက်အနေနဲ့ အကြမ်းမဖက်အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု(CDM)လုပ်ခဲ့တဲ့ အတွက် စစ်တပ်က PDF အမျိုးသမီးခေါင်းဆောင်လို့စွပ်စွဲကာ ဖမ်းဆီးသွားတာဖြစ်တယ်လို့ မသဲစုနိုင်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၁၄ ရက်၊ ညနေပိုင်းမှာလည်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့မသဉ္ဇာဇော်၊ မဝတ်ရည်အောင်နဲ့ ကျောင်းသားလေးယောက်ကို ကျောင်းသားသမဂ္ဂတွေဖြစ်လို့ဆိုတဲ့စွဲချက်နဲ့ သူနေထိုင်ရာ(save house)မှာ အင်အားအလုံးအရင်းနဲ့ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဥက္ကဌ ကိုမင်းဟန်ထက်က“ အဲ့နေ့က အမျိုးသမီး နှစ်ယောက်၊ အမျိုးသားလေး ယောက်။ အဓိကဖမ်းတာက သမဂ္ဂအမှုဆောင်တွေဖြစ်နေတယ်ဆိုတဲ့စွဲချက်နဲ့ပါ။ မသဉ္ဇာဇော်ကိုတော့ မြောက်ဥက္ကလာ စစ်ခုံရုံးကနေ ထောင်ဒဏ် ၁၃ နှစ်ချထားတယ်။ မဝတ်ရည်အောင်က ရုံးထုတ်နေတုန်းပဲရှိသေးတယ်”လို့ ရှင်းပြပါတယ်။

ဓါတုဗေဒ တတိယနှစ်ကျောင်းသူ မသဉ္ဇာဇော်က ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်ဖြစ်ပြီး မဝတ်ရည်အောင် ကတော့ ရုက္ခဗေဒ၊ တတိယနှစ်ကျောင်းသူဖြစ်သလို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ အမှုဆောင်အဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်ပါတယ်။

မသဉ္ဇာဇော်ကတော့ ပြီးခဲ့တဲ့ဒီဇင်ဘာ ၈ ရက်က ရာဇသတ်ကြီးပုဒ်မ ၅၀၅ – ကနဲ့ ထောင်ဒဏ် ၃ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ – ခ(က)နဲ့ထောင်ဒဏ် ၁၀ စုစုပေါင်းထောင်ဒဏ် ၁၃ နှစ်ချမှတ်ခဲ့ရပြီး မဝတ်ရည်အောင်ကတော့ တရားရင်ဆိုင် နေရဆဲဖြစ်တယ်။

ဒါပေမယ့် မဝတ်ရည်အောင်ဟာ လေဖျန်းသွားတဲ့အတွက် ပြီးခဲ့တဲ့ရုံးချိန်းမှာ မတက်ရောက်နိုင်ဘဲ လက်ရှိမှာအင်းစိန်ထောင် ဆေးရုံမှာဆေးကုသမှု ခံယူနေရပါတယ်။

photo credit – တကသကျောင်းသားဟောင်းများအင်အားစု

ကိုမင်းဟန်ထက်က “သူရဲ့အခြေအနေက ပြင်ပဆေးကုသဆောင်ကို ပု့ိဖို့လိုတယ်။ လက်ရှိအထိတော့ အပြင်ဆေးကုသခွင့် မရသေးဘူး။ ရုံးပိတ်ရက်တွေခံနေတော့ အကြောင်းကြားလို့မရဘူး။ လောဆယ်တော့ ထောင်ထဲမှာပဲဆက်ကုရမှာပေါ့”လို့ ပြောပါတယ်။

မဝတ်ရည်အောင် အခုလိုဖြစ်တာနဲ့ပတ်သက်ပြီး အကျဉ်းထောင်တာဝန်ရှိသူတွေက မိသားစုထံအကြောင်းကြားတာမရှိတဲ့ အတွက် ဆေးရုံတက်ပြီး ၆ ရက်လောက်ကြာမှ ရှေ့နေတွေရဲ့ပြောပြချက်အရ မိသားစုဝင်တွေ သိရှိရတာဖြစ်တယ်။

အသက် ၂၁ နှစ်သာရှိသေးတဲ့မဝတ်ရည်အောင်ဟာ နိုင်ငံရေးထက် ပရဟိတအလုပ်တွေ ဝါသနာပါသူဖြစ်တာကြောင့် ကိုဗစ်ကာလတွေမှာ ရောဂါအခြေအနေဆိုးတဲ့ဒေသတွေကို သွားရောက်ကူညီပေးခဲ့ပါတယ်။

သူဟာ အလွန်ကူညီတတ်တာကြောင့် လူချစ်လူခင်များတဲ့ကျောင်းသူတစ်ယောက်ဖြစ်တယ်။ ဒါမဲ့ စစ်တပ်က အာဏာ သိမ်းပြီး နောက်မှာတော့ ပြည်သူတွေဖိနှိပ်ခံရမယ့်အနေအထားကို တွေးပူတဲ့အတွက် တော်လှန်ရေးထဲမှာပါရင်း အခုလို ဖမ်းဆီးခံခဲ့ရတာပါ။

အမျိုးသမီးတွေအပေါ်မှာ အခုလိုအကြမ်းဖက်ဖမ်းဆီးတာက ပြင်းထန်တဲ့ပြစ်မှုဖြစ်သလို ဘယ်လိုမှလက်ခံလို့ မရတဲ့လုပ်ရပ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

“ လူတစ်ယောက်ကို အကြောင်းတရားမရှိဘဲ ဘယ်သူ့ကိုမှ မတရားဖမ်းဆီးပိုင်ခွင့်မရှိသလို နှိပ်စက်ညှင်းပန်းပိုင်ခွင့်လည်း မရှိဘူး။ မြန်မာနိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသားတောင်လုပ်ခွင့်မရှိဘူး။ ဘာကြောင့်လဲဆိုတော့ လူသားဖြစ်တယ်။ ဒါပေမယ့် ကျောင်းသားကိစ္စကျတော့ လူ့အခွင့်အရေးချိုးဖောက်ရုံသာမကဘဲ မုန်းတီးမှုကိုအခြေခံတဲ့ရာဇဝတ်မှုအထိကျူး လွန်လာ တာဖြစ်တယ်”လို့ သူက ရှင်းပြပါတယ်။

မသဲစုနိုင်ဆိုရင် သူကိုလာရောက်ဖမ်းဆီးစဉ်က စစ်တပ်ရဲ့အကြမ်းဖက်ရိုက်နှက်မှုဒဏ်ကြောင့် ခြေထောက်တဖက်ကျိုးသွား ခဲ့ပြီး ထောင်ထဲမှာလည်း ဆေးကုသခွင့်မရဘူးလို့ မသဲစုနိုင်ရဲ့လုပ်ဖော်ကိုင်ဘက်တချို့က ပြောပြပါတယ်။

စစ်တပ်က အဲ့လိုအကြမ်းဖက်ရိုက်နှက်ဖမ်းဆီးရုံသာမက မိသားစုဝင်တွေရဲ့ဖုန်းအားလုံးကိုလည်း သိမ်းယူသွားတဲ့အပြင် မသဲစုနိုင်ရဲ့မိဘနှစ်ပါးကိုလည်း ဖမ်းဆီးခဲ့တာဖြစ်တယ်။

မသဲစုနိုင်ကိုတော့ ဖမ်းဆီးသွားတဲ့နေ့ကစလို့ ယနေ့အထိ ဘယ်နေရာကိုဖမ်းခေါ်သွားပြီး ဘယ်မှာချုပ်ထားမှန်းသတင်း အစ အနပင် မရကြသေးပါဘူး။

အဲ့လိုပဲ သမဂ္ဂအဖွဲ့ဝင် မလင်းလင်းလည်း ဖမ်းဆီးခံရတဲ့နေ့မှာပဲ မြို့နယ်စခန်းကနေစစ်ဆေးပြီး စစ်ကြောရေးကိုပို့လိုက် တယ်လို့ပြောပေမယ့် ဘယ်စစ်ကြောရေးကို ပို့လိုက်မှန်း အခုထိသေချာမသိရသေးပါဘူး။

ဒါ့အပြင် မလင်းလင်းဟာ စစ်ကြောရေးစခန်းမှာ ကြမ်းကြမ်းတမ်းတမ်းနှိပ်စက်ညှင်းပန်းခံနေရတယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဥက္ကဌ ကိုမင်းဟန်ထက်က ပြောပါတယ်။

“ မလင်းလင်းတို့ကို စစ်မေးတဲ့အခါမှာ ကြမ်းကြမ်းတမ်းတမ်းနှိပ်စက်ညှင်းပန်းတဲ့ကိစ္စမျိုးတွေရှိပါတယ်။ ဝါယာကြိုးတွေနဲ့ ရိုက်နှက်ခံရတာတွေရှိတယ်”လို့ အကြမ်းဖျဉ်းသိထားကြောင်း သူက ဆိုပါတယ်။

အလားတူ စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ မအေးနန္ဒာစိုးလည်း နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့စစ် ကြောရေးတွေထဲက တစ်ခုဖြစ်တဲ့မန္တလေး၊ နန်းတွင်းစစ်ကြောရေးမှာ နှိပ်စက်ညှင်းပန်းခံရမှုတွေရှိနေတယ်လို့ မအေးနန္ဒာစိုး ရဲ့သူငယ်ချင်းဖြစ်သူက ပြောပြပါတယ်။

“သူ့ကိုဖမ်းသွားတာကြာပြီ။ ထောင်လည်း မရောက်သေးဘူး။ ဘာလို့ဆို နန်းတွင်းစစ်ကြောရေးထဲမှာ သူနေမကောင်း နေတာ ဆေးကုသခွင့်မရဘူးလို့ ကျနော်တို့ ပြန်ကြားတယ်။ သူ့အတွက် ကျနော်တို့လည်း အရမ်းစိုးရိမ်နေပါတယ်”လို့ ပြောပါတယ်။

” အဖိနှိပ်ခံလူတန်းစားတွေဖြစ်တဲ့ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားတွေဘက်က ခွပ်ဒေါင်းအလံကိုကိုင်ပြီး ဖောက် ပြန်တဲ့ အုပ်ချုပ်သူလူတန်းစားကိုတော်လှန်သွားမှာဖြစ်တယ်”လို့ မအေးနန္ဒာစိုးက ကြွေးကြော်သံထုတ်ကာ စစ်အာဏာရှင် စနစ်ကို အစဉ်မပြတ်ဆန့်ကျင်တော်လှန်နေတဲ့သူပါ။

photo credit – တကသကျောင်းသားဟောင်းများအင်အားစု

အခုလိုအကြမ်းဖက်စစ်တပ်ရဲ့လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ကျောင်းသူတွေရဲ့အသက်အန္တရာယ်ထိခိုက်မှာကို မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဘက်ရဲဘော်တွေက အလွန်အမင်းစိုးရိမ်ပူပန်နေကြပါတယ်။

ခုခံဖို့လက်နက်တစ်ခုတောင်မရှိတဲ့ကျောင်းသူတွေကို အခုလိုအင်အားအလွန်အကျွံသုံးကာ သေနတ်ပစ်ဖောက် ရိုက်နှက် ဖမ်းဆီးနေတာက လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး အမျိုးသမီးတွေအပေါ်မှာအကြမ်းဖက်တာတွေဖြစ်လို့ အမျိုးသမီး အရေး တက်ကြွလှုပ်ရှားသူတွေကလည်း ဒီလုပ်ရပ်အပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြပါတယ်။ 

အာဏာရှင်တော်လှန်ရေးဟာ အမျိုးသမီးတွေအတွက် ပိုပြီးစွန့်စားရသလို အန္တရာယ်များမယ်မှန်းသိပေမယ့် တော်လှန်ရေး အတွက် တွေဝေနောက်ဆုတ်သွားတာမရှိဘဲ လမ်းမတွေထက်မှာ ယနေ့တိုင်အာဏာရှင်တော်လှန်နေတဲ့အသံတွေ ကျယ် ကျယ်လောင်လောင်ကြားနေရဆဲဖြစ်တယ်။

စစ်အာဏာရှင်တွေဟာ ကျောင်းသားတွေအပေါ်မှာဘယ်လောက်အထိအငြိုးထားနေလဲဆိုရင် ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုအောင်ဘုန်းကျော်ကို ဖမ်းသွားပြီး ၂၄ နာရီမပြည့်မီမှာ သေဆုံးသွားပြီဆိုတဲ့သတင်းက သက်သေခံလျှက်ရှိတယ်။

စစ်တပ်က ကိုအောင်ဘုန်းကျော်ရဲ့မိသားစုဝင်တွေကို အလောင်းကြည့်ခွင့်မပေးသလို ဓါတ်ပုံရိုက်ခွင့်မပေးခဲ့ဘူးလို့ အဲ့ဒီနာ ရေးကို ရောက်ခဲ့တဲ့သူတယောက်က ပြောပြပါတယ်။

ဒါ့အပြင် မန္တလေးသပိတ် ခေါင်းဆောင်ကိုမြတ်သူ အပါအဝင် သမဂ္ဂလူငယ်တွေကို စစ်ကြောရေးမှာ စအိုထဲဝါးလုံးထိုးထည့် နှိပ်စက်ထားတဲ့အပြင် တခြားလိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားခံရတာတွေရှိနေတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က ဒီဇင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ကတော့ သူတို့ကိုဆန့်ကျင်တော်လှန်နေသူတွေကို ယောကျာ်း၊ မိန်းမ၊ ကလေး၊ လူကြီးမခွဲဘဲ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်တာ၊ မတရားဖမ်းဆီးထောင်ချတာစတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေတာ ဖြစ်တယ်။

စစ်အာဏာရှင်ရဲ့အကြမ်းဖက်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေကို နိုင်ငံသားတိုင်း အနည်းနဲ့အများဆိုသလို ခံစားနေရတယ်ဆိုပေမယ့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေအနေနဲ့ ပြင်းထန်ရက်စက်တဲ့ အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကြုံတွေ့နေကြရတာ ဖြစ်တယ်။

ဒါပေမယ့် အခုလိုချိုးချေခံလိုက်ရလို့ ကျောင်းသားတွေရဲ့သွေးတွေဟာ မြေပြင်မှာရဲရဲနီနေပါစေ။ သူတို့ရဲ့အာဏာရှင်ကို တော်လှန်ရဲတဲ့ စိတ်ဓါတ်တွေက ဘယ်တော့ဆိတ်သုန်းမသွားဘူးဆိုတာ လက်ရှိနွေဦးတော်လှန်ရေးမှာ ဦးဆောင်တော် လှန်နေတဲ့ ကျောင်းသားတွေရဲ့လှုပ်ရှားမှုတွေက သက်သေခံလျှက်ရှိနေပါတယ်။

Author:

Related Articles