Home ဆောင်းပါး နွေဦးပန်းပွင့်တို့ရဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့ ထောင်တွင်းနေ့စွဲများ

နွေဦးပန်းပွင့်တို့ရဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့ ထောင်တွင်းနေ့စွဲများ

ခင်ဘုန်းမို့။ ။

အင်းစိန်ထောင်ရဲ့ ထောင်ဗူးဝမှာ သပြေပန်းကိုင်ထားတဲ့ အမျိုးသမီးကြီးတွေ၊ စကားပြောသံတွေ၊ အော်ဟစ်နှုတ်ဆက်သံ တွေနဲ့အတူ မျှော်လင့်ချက်အပြည့်နဲ့ စောင့်ကြိုနေတဲ့ လူအုပ်ကြီးကိုတွေ့လိုက်ရတဲ့အခါမှာ မဟန်သူ(အမည်လွဲ) တစ် ယောက် အပြည့်အဝ ဝမ်းသာစိတ်နဲ့အတူ ပြင်ပလေကို တဝကြီးရှူသွင်းလိုက်ပါတယ်။ မဟန်သူအတွက် ဒါဟာ ရက်ပေါင်း ၁၅၀ ကျော်အကြာမှ ပြန်လည်ရှူသွင်းရတဲ့ ပြင်ပလေလည်းဖြစ်ပါတယ်။

ပြန်လွတ်မယ်လို့ အမည်စာရင်းပါပေမယ့် အမှန်တကယ်လွတ်မယ်ဆိုတာကို မယုံနိုင်သေးဘဲ အဆောင်ရွေ့မယ်ဆိုတဲ့ အထင်နဲ့သာ ပစ္စည်းတွေကိုထုတ်ပိုးနေခဲ့တာပါ။ ထောင်ပြင်ပကို လက်တွေ့ရောက်တဲ့အခါမှသာ အမှန်တကယ် ထောင်က လွတ်ခဲ့ကြောင်း စိတ်ချနိုင်ပါတော့တယ်။ မဟန်သူလွတ်မယ်ဆိုတာကို အိမ်ကကြိုမသိတဲ့အတွက် လာမကြိုနိုင်ခဲ့ဘဲ ပရဟိတကားနဲ့သာ အိမ်ကိုပြန်ခဲ့ပါတော့တယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း အသက်ပေးလိုက်ရတဲ့အတွက် ဘယ်တော့မှအိမ်ပြန်မရောက်နိုင်တော့တဲ့ အမျိုးသမီး သူရဲကောင်းတွေရှိသလို၊ မတရားဖမ်းဆီးခံရကာ အကျဉ်းထောင်အတွင်း ခက်ခဲတဲ့နေ့ရက်တွေကို ကြံကြံခံရင်ဆိုင်ရင် အိမ်ပြန်နိုင်ခဲ့တဲ့အမျိုးသမီးတွေလည်း ရှိပါတယ်။

စစ်ကောင်စီက နိုင်ငံရေးနဲ့ဆက်နွယ်သော ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ ၁,၃၁၆ဦး၊ တရားရင်ဆိုင်နေရသူ ၄,၃၂၀ ဦးကို အောက်တိုဘာ ၁၈ ရက်၊ ၁၉ရက်တွေမှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီအထဲမှာ မဟန်သူလည်းပါဝင်ခဲ့ပါတယ်။

မဟန်သူဟာ မတ် ၃ က တာမွေသပိတ်စစ်ကြောင်းဖြိုခွင်းခံရစဉ်မှာ ဖမ်းဆီးခံရပြီးတော့မတ်လ ၂၄ မှာ ပြန်လွတ်လာ ခဲ့ပါတယ်။ အဲ့ဒီနောက် မေလမှာဒုတိယအကြိမ်ထပ်မံအဖမ်းခံခဲ့ရပါတယ်။ ရွှေပြည်သာစစ်ကြောရေးမှာ ၇ ရက် အကြာ ရိုက်နှက်စစ်ဆေးမှုတွေကိုခံခဲ့ရပါတယ်။

စစ်ကြောရေးကိုစရောက်တဲ့နေ့ထဲက ရိုက်နှက်တာ၊ လက်မောင်းကိုကျဉ်စက်နဲ့တို့တာ၊ ကျောပြင်ကိုရိုက်တာ၊ ခြေထောက် တွေ နဲ့ကန်တာ၊ပါးကိုဓားနဲ့ကပ်ထားပြီး မဖြေရင်သတ်ပစ်မယ်လို့ခြိမ်းခြောက်တာ အပြင်ရိုင်းစိုင်းတဲ့စကားလုံးတွေသုံးပြီး စိတ်ပိုင်းဆိုင်ရာကိုပါထိခိုက်အောင်နည်းမျိုးစုံသုံးပြီး စစ်ဆေးတယ်လို့ မဟန်သူကပြောပြပါတယ်။

စစ်နေသူတွေဟာ ကျောင်းနံရံမှာဒေါင်းအလံတွေစိုက်မယ်ပေါ့ဆိုကာ နားအူအောင်အော်တာ၊ ကျောင်းသားခေါင်းဆောင် တွေရဲ့မိန့်ခွန်းတွေ ကြွေးကြော်သံတွေကို စပီကာနဲ့ဖွင့်ထားပြီး ကျောင်းသားသီချင်းတွေ၊ မူဝါဒတွေ ကြွေးကြော်သံတွေကို အတင်းဆိုခိုင်းတယ်လို့ မဟန်သူကဖွင့်ဟပါတယ်။

“ ရဲမေတွေက ည၆နာရီကျော်ရင်မရှိတော့ဘူးလို့သိရတယ်။ အဲ့ညကဆိုလာခေါ်တာ ည(၁၁)နာရီလောက်လို့ သိရတယ်။ အဲ့အချိန်မှာ စစ်သားတွေကပဲလာခေါ်ပြီး မျက်လုံးအဝတ်စီး၊လက်ထိပ်ခတ်တယ်။ အသားယူပြီးလက်ကို အတင်းဆွဲတယ်။ တက်တူးစစ်မယ်ဆိုပြီးပြောတော့ တက်တူးမရှိကြောင်းပြောတာမရဘူး။ ရဲမေရှိတဲ့အချိန်မှာစစ်ဖို့နဲ့ စစ်တဲ့အချိန်မှမျက်လုံး မစီးဖို့ လက်ထိပ်မခတ်ဖို့ပြောတော့ မရဘူးဆိုပြီး ရင်ဘတ်ကအဝတ်စကိုဆွဲတာ ကြယ်သီးတွေအကုန်ပြုတ်တာကို အခန်း ပြန်ရောက်မှသိတယ်။ နွေဦးတော်လှန်ရေးတက်တူးကို ရင်ဘတ်မှာရှာချင်တာလို့ပြောတယ်”လို့ မဟန်သူကပြောပါတယ်။

စစ်ကြောရေးမှာ စစ်သားတွေအရက်မူးနေတဲ့အတွက်လည်း လုံခြုံရေးအရလည်းလုံးဝအဆင်မပြေခဲ့ပါဘူး။

Photo – Ye Thiha

အင်းစိန်ထောင်ရောက်တဲ့အခါမှာတော့ စစ်ကြောရေးကနှိပ်စက်တဲ့ ဒဏ်တွေကြောင့် အရိုးတွေနာတာ၊ လမ်းလျှောက်မရ တာ၊ စစ်ကြောရေးမှာ မစားနိုင်တာတွေကြောင့် အစာအိမ်ရောဂါရတာ၊ သွေးပေါင်တွေကျပြီး ဆေးသွင်းရတာတွေ စိတ်ကျန်းမာရေးဆရာဝန်နဲ့ Counseling လုပ်ပြီးစိတ်ငြိမ်ဆေး၊အိပ်ဆေးတွေသောက်မှ အိပ်ပျော်တဲ့အခြေအနေနဲ့ ရင် ဆိုင်ခဲ့ရပါတယ်။

စိတ်ဖိစီးမှုဒဏ်တွေကြောင့် ဓမ္မတာမလာတဲ့အတွက် ဆေးထိုးပြီးဓမ္မတာပေါ်အောင်လုပ်ခဲ့ရပါသေးတယ်။ မဟန်သူတို့ကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးဖို့ စာရင်းကောက်ပေမယ့် ဆေးမထိုးသပိတ်မှာပါဝင်ခဲ့ပါတယ်။

“ စိတ်ဓာတ်ကျချိန်တွေနဲ့ အိမ်လွမ်းတဲ့အချိန်တွေမှာ အချင်းချင်းဖေးမအားပေးစကားပြောကြတာမျိုး၊ သီချင်းဆို၊စာဖတ်၊ ဘုရားတရားလုပ်၊ အပြင်ကသူတွေအတွက် ဆုတောင်းပေးတာမျိုးလေးတွေလုပ်ဖြစ်ကြတယ်”လို့ မဟန်သူကဆိုပါတယ်။

အကျဉ်းထောင်အတွင်းရှိနေစဉ်မှာ သတင်းစာဖတ်ရပေမယ့် စစ်ကောင်စီဘက်ကိုအသားပေးရေးတဲ့စာတွေပဲဖတ်ရ သိရပြီး အပြင်အခြေအနေကို သတင်းအမှောင်ချခံထားရပါတယ်။

ကိုဗစ်ရောဂါဆိုးရွားနေချိန် ရုံးမထုတ်ရတဲ့အခြေအနေတွေမှာ အပြင်ကအကြောင်းတွေသိဖို့ ပိုခက်ခဲခဲ့ပါတယ်။

“ အထဲရောက်နေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာအဆင်မပြေတဲ့အချိန်မှာ တော်တော်များများက စိတ်ဓာတ်ကျကြတယ်။ သတင်းမကြားရတော့ပိုဆိုးတယ်”လို့ မဟန်သူကပြောပါတယ်။

ဒီလို အခက်အခဲတွေကိုရင်ဆိုင်ဖြတ်သန်းရင်း စစ်ကောင်စီ လွှတ်ပေးတဲ့အထဲ မဟန်သူ ပါဝင်ခဲ့တာပါ။

အောက်တိုဘာ ၁၉ ရက်နေ့က အကျဉ်းထောင်တွေကနေ အိမ်ပြန်ရသူတွေထဲမှာ မရွှန်းရွှန်း(အမည်လွှဲ) တစ်ယောက် လည်းပါဝင်ခဲ့ပါတယ်။ သူက ဧပြီလတုန်းက သပိတ်စစ်ကြောင်းဖြိုခွဲခံရစဉ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

“ ပုန်းနေရင်းကနေထွက်ပြီး အဖမ်းခံလိုက်တာပါ။ပုန်းတဲ့အိမ်ထဲဝင်ရှာပြီး ဖျက်စီးမှာစိုးလို့ပါ။ အတူတူပုန်းတဲ့ သူငယ်ချင်း တွေလွတ်ခဲ့ပါတယ်”လို့မရွှန်းရွှန်းက အဖမ်းခံရစဉ်ကအဖြစ်အပျက်ကိုပြောပါတယ်။

ဖမ်းဆီးခံရစဉ်က စစ်သားတွေရဲ့ နှုတ်ပိုင်းဆိုင်ရာ စော်ကားပြောဆိုမှုတွေကို ခံခဲ့ရပါသေးတယ်။ အဲ့ဒီနောက် ပုဒ်မ ၅၀၅(က)နဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်ခံခဲ့ရပါတယ်။

အင်းစိန်ထောင်ရောက်တဲ့အခါမှာလည်း အိမ်ကထောင်ဝင်စာကို ၁၅ရက်တစ်ခါ လာပို့ပေးပေမယ့် အိမ်နဲ့ဆက်သွယ်ဖို့ အိမ်ကိုစာပို့တဲ့အခါမှာ တစ်လမှတစ်စောင်ပဲပို့ရတဲ့အပြင် အိမ်ကိုတစ်လလောက်ကျမှာ စာရောက်တယ်လို့ မရွှန်းရွှန်းက ပြောပါတယ်။ ဇူလိုင်လမှာတော့ ထောင်တွင်းမှာ အကျဉ်းသားတော်တော်များများ ကိုဗစ်ရောဂါဆိုးဆိုးဝါးဝါး ကူးစက် ခံခဲ့ရပါတယ်။

“ အကုန်အနံ့ပျောက်၊ အရသာပျောက်ဖြစ်ကုန်တာ အချင်းချင်းအိမ်ကပို့တဲ့ဆေးတွေ မျှသောက်လို့သာ သက်သာ သွားကြတာပါ။ ညဘက်တွေဆိုအယောက် ၃၀လောက်တပြိုင်တည်း အပူရှိန်တွေတက်ပြီးဖျားကြ၊ ကျန်တဲ့သူတွေက ရေပတ်တွေတိုက် ကူလုပ်ပေးလို့သာ သက်သာသွားကြတာ”လို့ မရွှန်းရွှန်းကပြောပြပါတယ်။

အကျဉ်းထောင်အတွင်းမှာ စိတ်ဖိစီးမှုကြောင့် ဓမ္မတာထိမ်သွားတဲ့အမျိုးသမီးတွေအများကြီးရှိပြီး ကိုယ်တိုင်လည်း အဲ့ဒီအထဲမှာပါဝင်ခဲ့ပါတယ်။

ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးဖို့ လာတိုက်တွန်းပေမယ့် မရွှန်းရွှန်းအပါအဝင် အများစုကမိမိဆန္ဒအလျောက် မထိုး ခဲ့ကြပါဘူး။

အကျဉ်းသူတွေအချင်းချင်း တစ်ယောက်ကိုတစ်ယောက်ဖေးမကာ အစားအသောက်၊ အဝတ်အထည်ကအစ မျှဝေပြီး နေထိုင်ခဲ့ကြပါတယ်။

“ စိတ်ဓာတ်ကျတဲ့အချိန်ဆို ကိုယ့်ကိုကိုအားပေးဖြစ်တာက ကျဆုံးသွားတဲ့ လူငယ်တွေထက်စာရင် ငါဟာအသက်ရှင် သေးတယ်။ငါအသက်ရှင်သရွေ့ လုပ်ချင်တာတွေလုပ်ခွင့်ရှိသေးတယ်။ ငါ့မိဘ၊ ငါ့ချစ်တဲ့သူတွေနဲ့ တွေ့ခွင့်ရှိသေးတယ် အားတင်းထားရမယ်လို့ အမြဲအားပေးတယ်” လို့ မရွှန်းရွှန်းကဆိုပါတယ်။

မရွှန်းရွှန်းတစ်ယောက် ကိုယ်တိုင်ပြန်လွတ်ခဲ့ပေမယ့် ကျန်ခဲ့ရသူတွေအတွက် စိတ်မကောင်းနိုင်ခဲ့ပါဘူး။

Photo – Ye Thiha

မဟန်သူနဲ့ မရွှန်းရွှန်းတို့နည်းတူ အကျဉ်းထောင်တွင်းမှာခက်ခဲတဲ့အချိန်တွေကို ကြံ့ကြံ့ခံရင်း ပြန်လည်လွတ်မြောက်လာခဲ့ သူကတော့ မဝေ(အမည်လွှဲ)ပါ။ မေလက တာမွေမြို့နယ်ကကျောင်းတွေမှာ စတစ်ကာ ကပ်အပြီး လှည့်ကင်းတွေနဲ့တွေ့ တာကြောင့် အဖမ်းခံခဲ့ရတာပါ။

ဖမ်းမိမိချင်းတုန်းက အရိုက်ခံခဲ့ရတဲ့အပြင် အဖမ်းခံရပြီးကားပေါ်ရောက်တဲ့အခါမှာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကိုယ်ထိ လက်ရောက်မဟုတ်ပေမယ့် နှုတ်နဲ့ပြောဆိုတာကိုခံခဲ့ရပါတယ်။

“ ပါးဆယ်ချက်အရိုက်ခံမလား။ တခါနမ်းမလားလို့လဲမေးတယ်။ အိမ်ထောင်မရှိဘူးဆိုတော့လည်း တပ်သားတွေနဲ့ ပေးစား မယ်ဆိုပြီးလဲပြောတယ်”လို့ မဝေကပြန်ပြောပြပါတယ်။

အဲ့ဒီနောက် ရဲစခန်းကနေ ရွှေပြည်သာစစ်ကြောရေးကို ပို့ခံခဲ့ပါတယ်။

“ရွှေပြည်သာကိုပို့ပေးတဲ့ ရဲတွေက ပစ်သတ်လိုက်ရမှာ၊ အလုပ်ရှုပ်တယ် လိုက်ပို့နေရတာ၊ ဟိုရောက်ရင်နင်တော့ အစော် ကားခံရမယ်တွေပြောတယ်” လို့မဝေက သူကြုံတွေ့ခဲ့ရတာကိုပြောပြပါတယ်။

အင်းစိန်ထောင်ရောက်ပြီး တစ်လအကြာမှ ရုံးထုတ်ရင်းရှေ့နေနဲ့တွေ့မှ အိမ်နဲ့အဆက်အသွယ်ရခဲ့ပါတယ်။ ထောင်ထဲ ကနေအိမ်ကိုစာရေးခဲ့ပေမယ့် ဇွန်လကပို့တဲ့စာတွေ ပြန်လွတ်ချိန်ထိအိမ်ကိုမရောက်ခဲ့ပါဘူး။

အကျဉ်းထောင်ထဲမှာ ကိုဗစ်ဖြစ်သူတွေကို အရမ်းအပူကြီးမှ ခွဲထုတ်ပြီး ထောင်ဆေးရုံပို့တာ၊ဆေးခန်းပြလဲ သေချာစမ်းသပ် တာမလုပ်ဘဲ ဆေးပဲပေးတယ်လို့ မဝေကဆိုပါတယ်။

အမျိုးသမီးအများစုက ဓမ္မတာမမှန်တဲ့ကိစ္စတွေကြုံရကာ လစဉ်သုံးပစ္စည်းကိုအိမ်တွေကပို့တာသာများပြီး ထောင်က လစဉ် သုံးပစ္စည်းပေးတယ်လို့ ဆိုပေမယ့် ထွက်လာတဲ့အထိ တစ်ခါပေးတာပဲကြုံလိုက်တယ်လို့မဝေကဆိုပါတယ်။

“ အိမ်ကိုလွမ်းလို့ စာလာလို့တစ်ယောက်ငိုပြီဆို အကုန်ဝိုင်းချော့ကြပြီးရင် အကုန်လုံးငိုကြရော၊ စိတ်ဓာတ်ကျရင် ငါတို့ နိုင်မှာ နိုင်တော့မှာဆိုပြီး အားတင်းခဲ့တယ်၊မျက်ရည်တော့ကျမိတာပေါ့”လို့ မဝေကဖွင့်ဟပါတယ်။

ဒီလိုအားတင်းရင်းနဲ့ အိမ်ပြန်ရမယ့်နေရက်ကို ရောက်ခဲ့ပါတယ်။

လက်ရှိမှာ ပြန်လွတ်လာသူတွေဟာ အခက်အခဲပေါင်းမျိုးစုံကိုရင်ဆိုင်ရင်း အိမ်ပြန်ရောက်ခဲ့ပေမယ့် အပြည့်အဝလုံခြုံမှု တော့မရှိသေးပါဘူး။ ပြန်လွတ်သူတွေကို ပြန်ဖမ်းတာတွေရှိနေတဲ့အတွက် စိုးတထိတ်ထိတ်နဲ့နေထိုင်ရဆဲပါ။

လွတ်မြောက်ပြီး ပြန်လည်ဖမ်းဆီးခံရသူ တစ်ရာကျော်ရှိပြီး တိမ်းရှောင်နေရသူတွေလည်းရှိတယ်လို့ နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကထုတ်ပြန်ထားပါတယ်။

“ လွတ်ပြီးပြန်ဖမ်းနေတယ်ဆိုတော့ မိသားစုရော ကိုယ်ရောအမြဲစိတ်ပူနေရတယ်”လို့မရွှန်းရွှန်းကဆိုပါတယ်။

ဒါ့အပြင် ကြုံတွေခဲ့ရတဲ့အခြေအနေတွေကြောင့်လည်း ပြန်လည်လွတ်မြောက်လာသူ အမျိုးသမီးတွေမှာ စိတ်ဒဏ်ရာ အနာတရတွေ ထင်ကျန်ခဲ့ပါပြီ။

တက်တူးရှာဖို့ ကြယ်သီးပြုတ်တဲ့အထိ အဝတ်ကိုဆွဲပြီးရှာတာ၊ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေ၊ တစ်ယောက်ထဲထားချိန်မှာ လုံခြုံရေးအဆင်မပြေခဲ့ရတဲ့အချိန်တွေကို ဘယ်တော့မှ မေ့လို့ရမှာဟုတ်သလို အခုချိန်အထိပြန်တွေးမိတိုင်းနာကျင်နေရပြီး အခုထိအိပ်ဆေးသောက်မှအိပ်ပျော်တယ်လို့ မဟန်သူကဆိုပါတယ်။

“ အဖမ်းခံရတုန်းကပြေးခဲ့ရတဲ့ အဖြစ်အပျက်က ထောင်ထဲရောက်တာ တော်တော်ကြာတဲ့အထိ အိပ်မက်ဆိုးမက်ပြီး လန့်နေတုန်းပဲ၊ အခုလည်းနှလုံးအားတိုးဆေးသောက်နေရပါတယ်”လို့မရွှန်းရွှန်းကဆိုပါတယ်။

ဒီလိုတွေနှိပ်စက်ခံခဲ့ရပေမယ့် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တာကြောင့် ဖမ်းဆီးနှိပ်စက်ခံရပြီး ပြန်လည်လွတ်မြောက် လာတဲ့အမျိုးသမီးတွေရဲ့ စစ်အာဏာရှင်ကိုတွန်းလှန်လိုစိတ်တွေကတော့ နည်းနည်းလေးမှ မလျော့ပါသွားပါဘူး။

“ စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ပွဲဖြစ်တာကြောင့် အချိန်ယူပြီးတိုက်ပွဲဝင်နေရမယ်။ လမ်းတဝက် လက်လျော့လို့ မဖြစ်ဘူး” လို့ မဟန်သူကတက်ကြွစွာဆိုပါတယ်။

မဝေကလည်း “အာဏာရှင်မပြုတ်သရွေ့ကတော့ ရသလိုတတ်နိုင်သလို ဆက်တိုက်သွားမှာပဲ”လို့ဆိုပါတော့တယ်။

Related Articles