Home ဆောင်းပါး ကင်ဆာဝေဒနာရှင်ကလေးငယ်တွေအတွက် အားပေးလက်တစ်စုံ

ကင်ဆာဝေဒနာရှင်ကလေးငယ်တွေအတွက် အားပေးလက်တစ်စုံ

ဒေဝီ။ ။

အရောင်အသွေးစုံလင်တဲ့ အမျိုးစုံသော လက်မှုပစ္စည်းတွေခင်းကျင်းထားတဲ့ ဈေးရောင်းပွဲတော်လေးမှာ ဈေးဆိုင်ခန်းလေး တစ်ခုကို လူတစ်ချို့က စိတ်ဝင်တစားနဲ့ ကြည့်ရှု့ဝယ်ယူနေကြပါတယ်။

ချည်ထိုးအရုပ်၊ခေါင်းစည်းကွင်း၊ dream catcher နဲ့ချည်ထည်အင်္ကျီတွေကို ရိုးရှင်းစွာခင်းကျင်းထားတဲ့ ဈေးဆိုင်ခန်းလေး မှာ လာရောက်ကြည့်ရှု့ဝယ်ယူသူတွေကိုလည်း လက်မှုပစ္စည်းလေးတွေနောက်ခံအကြောင်းအရာကို အမျိုးသမီးတစ်ဦးက မမောမပန်းနဲ့ ရှင်းပြနေပါတယ်။

ယင်းလက်မှုပစ္စည်းလေးတွေရောင်းချနေတဲ့ ဈေးဆိုင်ခန်းလေးက Sharing Our Strength ဖြစ်ပြီး ရရှိလာတဲ့ငွေကြေးကို ကင်ဆာရောဂါခံစားနေရတဲ့ကလေးတွေကို ထောက်ပံ့ဖို့နဲ့ သူတို့ရဲ့မိခင်တွေအတွက် ဝင်ငွေရလမ်းတစ်ခုဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ထားတာပါ။

ကလေးကင်ဆာလူနာတွေကို ထောက်ပံ့ကူညီနေတဲ့ Sharing Our Strength ကို ဦးဆောင်သူကတော့ ဒေါ်နွယ်နီခိုင်ပါ။

ဒေါ်နွယ်နီခိုင်က ရန်ကုန်ကလေးဆေးရုံကြီး World Child Cancer(ကမ္ဘာ့ကလေးကင်ဆာအဖွဲ့)မှာ Finance Manager အဖြစ်ဆောင်ရွက်နေရင်း သွေးနဲ့ကင်ဆာဌာနမှာ တက်ရောက်ကုသနေတဲ့ ကလေးတွေနဲ့ သူတို့ရဲ့မိခင်တွေကို ကူညီပေး နေသူဖြစ်ပါတယ်။

ဒေါ်နွယ်နီခိုင်က ၂၀၁၀ ကတည်းက ရန်ကုန်ကလေးဆေးရုံကြီးက ကင်ဆာရောဂါခံစားနေရတဲ့ ကလေးတွေအတွက် သွေးလှူဒါန်းရှာဖွေပေးတဲ့ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်ခဲ့တယ်။

၂၀၁၄ မှာကမ္ဘာ့ကလေးကင်ဆာအဖွဲ့ရဲ့ ဘဏ္ဍာရေးမန်နေဂျာအဖြစ် တာဝန်ယူလုပ်ဆောင်နေစဉ် သွေးနဲ့ကင်ဆာဝေဒနာ သည်ကလေးတွေရဲ့မိဘတွေမှာ ချို့တဲ့နွမ်းပါးသူတွေများပြီး ထမင်းဟင်းတစ်ပွဲ စားဖို့တောင်အနိုင်နိုင် ဖြစ်နေတာကိုတွေ့ ရတယ်။

အဲ့ဒီအခါ သူတို့တွေအတွက် ဘယ်လိုနည်းလမ်းနဲ့ကူညီနိုင်မလဲစဉ်းစားရင်း သူနဲ့အလှူရှင်အချို့ရဲ့ လှူဒါန်းမှုနဲ့ Food for Children အဖြစ် မနက် ၊နေ့လည် ၊ ညစာကို သွေးနဲ့ကင်ဆာဝေဒနာသည် ကလေးတွေနဲ့ လူနာရှင်တွေအတွက် နေ့စဉ် အဟာရ ကျွေးမွေးခဲ့တယ်။

ဒီလိုနဲ့ ကိုဗစ်ကာလရောက်တဲ့အခါ သူ့အလုပ်လည်း Work From Home အဖြစ်လုပ်ကိုင်ရတဲ့အတွက် အိမ်မှာ နေထိုင်ရင်း ဝါသနာပါတဲ့ လက်မှုပညာလေးတွေ ကိုလုပ်ဖြစ်ခဲ့တယ်။

ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်တွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းတစ်ချို့ ရပ်နားရတဲ့အချိန်မှာ သွေးနဲ့ကင်ဆာ ဌာနဌာနမှာကုသနေတဲ့ ကလေးတွေရဲ့မိဘတွေမှာလည်း အလုပ်မရှိတော့တာ စားဝတ်နေရေး အခက်အခဲဖြစ်တာတွေ ကြုံရပါတယ်။

နဂိုကမှ ရောဂါကုသဖို့ စားရိတ်ထောင်းနေရတဲ့အချိန် စားဝတ်နေရေးအခက်အခဲပါ ကြုံလာရတော့ ကလေးမိခင်တွေက ဒေါ်နွယ်နီခိုင်ကို ဆေးကုသဖို့အတွက်ရော စားဝတ်နေရေးအတွက်ပါ အကူအညီတောင်း လာကြတယ်။

သွေးနဲ့ကင်ဆာဝေဒနာသည်လေးတွေရဲ့ မိဘတွေမှာ ဆေးကုသစရိတ်ရော စားဝတ်နေရေးပါခက်ခဲ ကျပ်တည်းလို့ အကူ အညီတောင်းတဲ့အခါ ငွေကြေးပေးတာထက် ကလေးမိခင်တွေ လက်မှုပညာနဲ့ ဝင်ငွေရှာဖွေနိုင်အောင် ကြိုးပမ်းလုပ် ဆောင်ခဲ့တယ်။

” အဓိကကတော့ အမေတွေကိုကူညီချင်တယ်။ သူတို့မှာ ဆေးကုသဖို့အခက်အခဲအပြင် ရပ်တည်ဖို့အခက်အခဲတွေဖြစ် လာတာ “လို့ ဒေါ်နွယ်နီခိုင်ကပြောပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ ကုသနေတဲ့ ကင်ဆာရောဂါသည်ကလေးတွေမှာလည်း ဆေးရုံက အခမဲ့ခွဲစိတ်ကုသပေးတယ် ဆိုပေ မယ့် ဆေးဝါးစရိတ်၊ စားသောက်ဖို့စရိတ်နဲ့ အခြားဆေးကုသစရိတ် ကုန်ကျတဲ့အတွက် အချို့မိသားစုတွေမှာ ငွေကြေး မတတ်နိုင်တော့တာ၊ ရှိသမျှပေါင်နှံရောင်းချလို့ ဆေးကုစရိတ်သုံးစွဲရတဲ့မိခင်တွေလည်း အများအပြားရှိပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အကူအညီတောင်းလာတဲ့သူတွေကို တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရစေဖို့ ဆပ်ပြာရည် လုပ်နည်းသင်ပေးပြီး ပြန်လည်ရောင်းချဖို့ စီစဉ်ပေးခဲ့ပေမယ့်လည်း သိပ်မတွင်ကျယ်ခဲ့။

ဆပ်ပြာလုပ်နည်းအပြင် သူတတ်ကျွမ်းတဲ့ ချည်ထိုးပန်းထိုးလက်မှုပညာကို စိတ်ပါဝင်စားပြီးငွေရေးကြေးရေး အခက်အခဲဖြစ် နေတဲ့ သွေးနဲ့ကင်ဆာဝေဒနာသည် ကလေးတွေရဲ့ မိခင်တွေကို သင်ပေးခဲ့တယ်။

ကလေးမိခင်တွေကို သင်ကြားပေးသလို သူကိုယ်တိုင်လည်း လက်မှုထည်လေးတွေဖန်တီးပြီးရလာတဲ့ လက်မှုပစ္စည်းတွေ ကို Sharing Our Strength အမည်နဲ့ အွန်လိုင်းကနေရောင်းချလို့ ဝင်ငွေရှာခဲ့တယ်။

ချည်ထိုးအရုပ်၊ခေါင်းစီး၊ကလစ်၊တို့အပြင် လက်ဆွဲခြင်းတောင်း၊ အမရပူရချည်ထည်၊ဆီးချိုသွေးချို ဝေဒနာရှင် တွေစားသုံး လို့ရတဲ့ အစားအသောက်အချို့ကိုပါ ရောင်းချပြီး အမျိုးသမီးတွေဦးဆောင်လုပ်ကိုင်တဲ့ လက်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ သူမလက်ရာ( She creates¬)လက်မှုပစ္စည်းအရောင်းဆိုင်နဲ့ သံရုံးတွေ အဖွဲ့အစည်းတွေက ပြုလုပ်တဲ့ ဈေးရောင်းပွဲတော် တွေမှာလည်း ပါဝင်ရောင်းချတယ်လို့ဆိုတယ်။

ရရှိလာတဲ့ငွေကြေးအမြတ်ကိုတော့ ကလေးကင်ဆာဝေဒနာရှင်တွေအတွက် အပြည့်အဝထောက်ပံနိုင်စေဖို့သာ အသုံး ပြုပြီး အကူညီတောင်းတဲ့သူတွေထဲက အရေးတကြီးလိုအပ်တဲ့ကလေးတွေကို ဦးစားပေးကာ ငွေကြေးအပြည့်ဖြစ်စေ တစ်စိတ်တစ်ပိုင်းဖြစ်စေ မျှဝေကူညီပေးတယ်လို့ဆက်ပြောတယ်။

” နေ့စဉ်ကြုံနေရတဲ့ လူနာတွေရဲ့ အခက်အခဲကိုကူညီတဲ့သဘောပဲ၊ ဘယ်သူကိုပဲ ဘယ်ရောဂါကိုပဲ လှူမယ်ဆိုတာတော့ မရှိဘူး၊လိုအပ်တဲ့ပေါ်မူတည်ပြီးအရေးကြီးတဲ့သူကို ဦးစားပေးတယ်”လို့ ဒေါ်နွယ်နီခိုင်က ပြောပါတယ်။

Sharing Our Strength က ကင်ဆာဝေဒနာရှင်က‌လေးတွေကို ထောက်ပံ့ရာတစ်ခုဖြစ်တဲ့အတွက်စိတ်အား ထက်သန်စွာ နဲ့ပိုမိုအားပေးခဲ့ကြပြီး လက်မှုထုတ်ကုန်ဖြစ်တော့ တခါတရံဝယ်လိုအားကို လိုက်မမီတာမျိုးကြုံရတယ်လို့ ဆက်ပြောတယ်။

” ကိုယ့်လက်လိုက်မလုပ်နိုင်တာ၊ ဝန်ထမ်းတွေခေါ်ပြီး လုပ်ရ‌အောင်လည်း ကိုယ့်စီးပွားရေးကမကြီးကျယ်ဘူး၊ ကိုယ်ရဲ့ တစ်ပိုင်တစ်နိုင်အားလေးနဲ့ လုပ်နေပါတယ်”လို့ဆိုတယ်။

ဒါ့အပြင်ကင်ဆာရောဂါက ရေရှည်ကုသရတဲ့အတွက် ဆေးကုသစရိတ် စားဝတ်နေရေးစရိတ်တွေ လိုအပ်ခက်ခဲတာ မှန်ပေ မယ့် အချို့မိဘတွေကအလှူငွေကိုပဲ မှီခိုတာမျိုးလည်းကြုံရပြီး လှူဒါန်းမှုကိုပဲမျှော်မှန်းတာထက် ကိုယ်တိုင်လည်း ကြိုးစား စေချင်တယ်လို့ဆိုတယ်။

” ကင်ဆာခရီးကြမ်းက တစ်လနဲ့မပြီးသွားဘူး ။ နှစ်ချီသွားတဲ့အတွက် ဒီကလေးတွေဒီမိဘတွေရဲ့အကြောသိနေပြီ။ ကိုယ့် လည်း ကြိုးစား အမလည်းထောက်ပေးမယ်”လို့ဒေါ်နွယ်နီခိုင်က‌ဆိုတယ်။

ဒေါ်နွယ်နီခိုင်က ကင်ဆာဝေဒနာရှင်က‌လေးတွေနဲ့ သူတို့မိခင်တွေဘဝရပ်တည်ရေးအတွက် လက်မှုပစ္စည်းဖန်တီး ရောင်းချ ပြီး ရန်ပုံငွေရှာဖွေတာအပြင် ကလေးတွေမှာဖြစ်ပွားတဲ့ ကင်ဆာရောဂါနဲ့ပတ်သက်လို့ လူတိုင်းနားလည်စေဖို့ အသိပညာ‌‌ ပေးလုပ်ငန်းတွေလည်း လုပ်ဆောင်ချင်တယ်လို့ဆက်ပြောတယ်။

မြန်မာနိုင်ငံမှာ ကင်ဆာရောဂါဖြစ်ပွားတဲ့ ကလေးအရေအတွက်ကများနေကာ ကင်ဆာက စောလျင်စွာသိပြီး စနစ်တကျ ကုသရင် ကလေးတွေမှာပျောက်ကင်းဖို့ ရာခိုင်နှုန်းများတဲ့အတွက် ဒီအကြောင်းအရာတွေကို လူထုကြားမှာ ပျံ့နှံ့စေဖို့ လုပ် ဆောင်စေချင်တယ်လို့ဆိုတယ်။

” အများစုက ကင်ဆာလက္ခဏာမှန်းမသိတာ၊ ဖြစ်တဲ့အခါလည်း ဆေးမြီးတိုတွေနဲ့ကုသနေတော့ ရောဂါအခြေအနေက ပိုဆိုးလာပြီး လက္ခဏာစောစောသာသိရင် ပိုအခွင့်အလမ်း ရှိနိုင်တယ်။ ကလေးကင်ဆာတွေက ကုသအောင်မြင်တဲ့သူတွေ လည်း အများကြီးရှိပါတယ် “လို့ဒေါ်နွယ်နီခိုင်ကပြောတယ်။

ကလေးကင်ဆာလူနာတွေကို ထောက်ပံ့ကူညီနေတဲ့ Sharing Our Strength ကို ကင်ဆာကုသမှု အောင်မြင်ထားတဲ့ ကလေးတွေရဲ့မိခင်သုံးဦးနဲ့ စတင်ခဲ့ပေမယ့် လက်ရှိမှာဒေါ်နွယ်နီခိုင်နဲ့ ကလေးမိခင်တစ်ဦးတို့က ဆက်လက်လုပ်ဆောင် နေပြီး လက်မှုပစ္စည်းတွေလည်း ထပ်ဖန်တီးသွားဖို့ရှိတယ်လို့ ဆိုတယ်။

ဒါ့အပြင် Sharing Our Strength စကတည်းက ကင်ဆာဝေဒနာသည်ကလေးတွေရဲ့ မိခင်တွေ ဘဝရပ်တည်ရေးအတွက် ရည်ရွယ်တာဖြစ်တာကြောင့် ကင်ဆာရောဂါခံစားနေရတဲ့ အခြားကလေးတွေရဲ့ မိခင်တွေကိုလည်း ပါဝင်သင်ကြား ပေးချင် တယ်လို့ဆက်ပြောတယ်။

” လက်မှုပညာကလည်း စိတ်ဝင်စားမှရတာကိုး၊ အမဘက်ကတော့ လမ်းဖွင့်ပေးထားတယ်။ လာပါ၊ သင်ချင်တယ် ဆိုရင် အချိန်မရွေးလာပါပေါ့၊ တစ်ချို့တွေကျတော့လည်းသင်ချင်တယ်၊ ကလေးဆေးရုံတက်နေရတော့ အချိန်မပေးနိုင်တာရှိ တယ်” လို့ဆက်ပြောတယ်။

သူလုပ်ဆောင်နေတဲ့ Food for Children နဲ့ Sharing Our Strength အတွက် အလုပ်တွေ ပိုလုပ်နိုင်ဖို့ရည်မှန်းထားသလို သူတို့ဖန်တီးထားတဲ့ လက်မှုပစ္စည်းတွေကိုလည်း ပိုမိုအားပေးစေချင်ပြီး ဒီလိုမှာသာ သွေးနဲ့ကင်ဆာ ဝေဒနာခံစားနေရတဲ့ ကလေးတွေနဲ့ သူတို့မိခင်တွေကို ကူညီနိုင်မှာဖြစ်တယ်လို့ဆိုတယ်။

သူ့အနေနဲ့လည်း ပုံမှန်ဝင်ငွေရတဲ့ အလုပ်တာဝန်အပြင် တဖက်မှာလည်း ရန်ပုံငွေရှာဖွေတဲ့လုပ်ငန်းနဲ့ တစ်ခါတစ်ရံ ပင်ပန်း ပေမယ့် နိုင်သလောက် လုပ်ဆောင်မျှဝေသွားမှာဖြစ်ပြီး အကူအညီရယူသူတွေအနေနဲ့လည်း ကိုယ်အဆင်ပြေတဲ့အချိန် အခြားခက်ခဲသူတွေကို လက်ဆင့်ကမ်း ကူညီစေချင်တယ်လို့ဆိုတယ်။

” အရမ်းကြီးအလုပ်လုပ်ခဲ့ရပြီးမှပေးနိုင်တာ၊ မေမေတို့လည်း တစ်နေ့နေ့တချိန်ချိန်မှာ ကိုယ့်လိုပဲခက်ခဲတဲ့သူကို မျှဝေပေး ခြင်းအားဖြင့် ဝေမျှခြင်းခရီးစဉ်ကို ဆက်ပေးပါလို့လည်း တောင်းဆိုပါတယ် “လို့ဒေါ်နွယ်နီခိုင်က ပြောပါတယ်။

Author:

Related Articles