Home ဆောင်းပါး ကိုဗစ်၊ ယတြာနဲ့ဆေးမြီးတို

ကိုဗစ်၊ ယတြာနဲ့ဆေးမြီးတို

မိုးမိုး။ ။

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်ထဲက ရဲနွဲ့ကျေးရွာမှာရှိတဲ့ သောက်ရေကန်ထဲကရေဟာ ကိုဗစ်ပျောက်ကင်းတယ်လို့ ယုံကြည်သူအများအပြားရှိပါတယ်။ တချို့ကဆို အောက်ဆီဂျင်ကျနေတဲ့လူနာတောင် အဲ့ဒီရေကိုသောက်ရင် သက်သာ လာတယ်လို့ မှားယွင်းတဲ့သတင်းအချက်အလက်ကိုချဲ့ကားပြီး Facebook ပေါ်မှာရေးသားကြပါတယ်။

သိပ္ပံနည်းကျအထောက်အထားတွေမရှိဘဲ ယုံကြည်မှုနဲ့တဆင့်စကားတွေကြား ကိုဗစ်ပျောက်တယ်ဆိုတဲ့အဲ့ဒီရေကို ရန်ကုန်တိုင်းထဲကတင်မကဘဲ မော်လမြိုင်၊ နေပြည်တော်၊ ပဲခူးနဲ့ ဧရာဝတီ စတဲ့ဒေသက လူတွေပါ လာခပ်ကြတာ တစ်ရက်ကို လူထောင်နဲ့ချီရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ တတိယလှိုင်းရဲ့ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေကြရပြီး ကူးစက်လူနာသစ်တွေ့ရှိမှုနှုန်းနဲ့ သေဆုံးသူ စံချိန်တင်မြင့်တက်လာခဲ့တဲ့နောက် ဆေးရုံဆေးခန်းသွားဖို့အတွက် အခွင့်အရေးကလည်း အနည်းငယ် သာရှိတဲ့အတွက် လူတွေဟာကူရာကယ်ရာမဲ့ခဲ့ကြပြီး ကိုဗစ်ပျောက်ကင်းဖို့အတွက် ယတြာနဲ့ဆေးမြီးတိုတွေကို အားထား လာကြပါတယ်။ အန္တရာယ်များလှတဲ့ ဒီနည်းလမ်းတွေဟာ နိုင်ငံအနှံ့မှာ အလျှိုလျှို ထွက်ပေါ်လာခဲ့ပါတယ်။

ရန်ကုန်၊ သုံးခွမြို့နယ်ထဲကရေကန်အဖြစ်အပျက်လိုပဲ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာလည်း ဇူလိုင်လအတွင်းက ဒေသခံ တချို့ဟာ ကိုဗစ်ဘေးကနေလွတ်မြောက်ဖို့အတွက် ဇူလိုင်လအတွင်း ယတြာချေတဲ့အနေနဲ့ အဝတ်ထုတ်တွေကို ရေထဲပစ်ခဲ့ကြပါသေးတယ်။ စစ်တွေအပါအဝင် ရခိုင်ပြည်နယ်ဟာ ကိုဗစ်ဒုတိယလှိုင်းတုန်းက ရောဂါဒဏ်ကို အပြင်းအထန် ခံစားခဲ့ကြရတဲ့ ဒေသဖြစ်ပါတယ်။

ကိုဗစ်ကြောင့် တစ်အိမ်တစ်ယောက်သေမယ်လို့ ဆရာတော်တပါးက အိမ်မက်မက်တဲ့အတွက် ယတြာချေရမယ်ဆိုတဲ့ ကောလာဟလတွေထွက်ခဲ့ပြီးတဲ့နောက် ဒေသခံအချို့ကလိုက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင်ဒေသအလိုက် ခြံရှေ့ဖယောင်းတိုင်ထွန်းတာတွေ၊ ဆားနဲ့ပျားရည်ကိုအိမ်အဝင်ခြံအပေါက်ဝမှာချထားတာ စတဲ့ ဗေဒင်ယတြာနည်းတွေနဲ့လည်း ကိုဗစ်ကိုကာကွယ်ဖို့ပြင်ဆင်ကြပါတယ်။

ဗေဒင်ယတြာနည်းတွေနဲ့ ကိုဗစ်ကိုကာကွယ်သလို နောက်ထပ်တစ်နည်းကတော့ ဆေးမြီးတိုနဲ့ကိုဗစ်ကိုကာကွယ်ကြဖို့ ကြိုးစားကြတာပါ။

“ဒီရောဂါကြီးနဲ့ မသေချင်သေးလို့ ချင်း(ဂျင်း)ပြုတ်ရည်သောက်တယ်။ ကြက်သွန်စိမ်းကိုက်စားတယ်။ သူများပြောတဲ့ တခြားနည်းတွေလည်း အကုန်လိုက်လုပ်တယ်’’ လို့ ရာသီတုပ်ကွေးဖြစ်လို့ အနံ့ပျောက်နေတဲ့ အသက် ၃၀ ကျော်အရွယ် မစန္ဒာက သူသောက်နေတဲ့ ဆေးမြီးတိုတွေ အပေါ် ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်တာပါ။

ရာသီတုပ်ကွေးသာ ဖြစ်တယ်လို့ သူ့ကိုယ်သူ ခံယူထားတဲ့ မစန္ဒာဟာ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ထဲက ကျေးရွာလေးတစ်ရွာကဖြစ်ပြီး သူတို့ရွာမှာလည်းသူ့လိုပဲ ဖျားပြီးတဲ့နောက် အနံ့ပျောက်သူတွေရှိကြပါတယ်။ ကိုယ်လက်တွေ နာကျင်ကိုက်ခဲတာ၊ အသက်ရှုမဝတာ၊ အစားအသောက်ပျက်တာ၊ ဝမ်းလျောတာ၊ အန်တာ အစရှိတဲ့ ရောဂါ လက္ခာဏာတွေဟာ ကိုဗစ်လူနာတွေ ခံစားရသလို အလားတူပဲ ဖြစ်နေကြတာပါ။

ဒီလို ရောဂါလက္ခဏာတွေဖြစ်နေပေမယ့်လည်း ကိုဗစ်ပိုးရှိမရှိ တိကျတဲ့ အဖြေရဖို့ စစ်ဆေးတာမျိုးမလုပ်နိုင်ဘဲ သူတို့လက်လှမ်းမှီတဲ့ မီးဖိုချောင်ထဲက ပစ္စည်းတွေကိုသာ ဆေးအဖြစ် သောက်သုံးနေကြတာပါ။

မြို့ပေါ်တက်ပြီး ဆေးရုံဆေးခန်းတွေမှာ ကုသမှု ခံယူကျဖို့နေသာသာ သောက်ဆေးဝယ်သောက်ဖို့တောင် ဆေးဆိုင်မှာ ဆေးစုံစုံလင်လင်မရှိတဲ့အတွက် ကြားဖူးနားဝရှိတဲ့ ဆေးမြီးတိုတွေနဲ့ Facebook ပေါ်ကပြောတဲ့ နည်းတွေကိုသာ လိုက်လုပ်ကြရတာ ဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ ဆေးမြီးတိုတွေဟာ အမျိုးအစားစုံလင်လှပြီး တမာရွက်(သို့)လောက်သေရွက်ပြုတ်ရည်၊ ချင်း(ဂျင်း)ပြုတ်ရည်၊ ပင်စိမ်းရွက်ပြုတ်၊ ဗီးစပ်ရွက်ပြုတ်၊ ကြက်သွန်အစိမ်းကိုရေမဆေးဘဲ အလုံးလိုက်ကိုက်စားတာ၊ ထုံးနဲ့ လျှက်ဆားကိုရောမွှေပြီးရှုတာ၊ နံနွှင်း မှိုင်းခံတာ၊ ဆားငွေ့ (ဒါမှမဟုတ်)ရေနွေးငွေ့ရှုတာ အစရှိတဲ့ နည်းမျိုးစုံကို အသုံးပြုပြီး ကုသနေကြတာ ဖြစ်ပါတယ်။

“အနံ့မရလို့ ကိုဗစ်ဖြစ်မယ်ဆို တစ်ရွာလုံး ကိုဗစ်ဖြစ်နေပြီ။ အကုန်လုံး ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကုနေကြတာပဲ” လို့ မစန္ဒာက ပြောပါတယ်။

မစန္ဒာတို့လိုပဲ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာပါ ရာသီတုပ်ကွေးဖြစ်တဲ့သူတွေရော၊ ကိုဗစ်ပိုး ကူးစက်ခံထားရတဲ့ ပြည်သူ တွေဟာ ဗမာ့နည်း၊ ဗမာ့ဟန်နဲ့ ဆေးမြီးတိုကို အားကိုးပြီး အိမ်ထဲမှာပဲ ကုသနေကြတာ ဖြစ်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ထဲက နန်းခမ်းမူကလည်း မစန္ဒာတို့လိုပဲဆေးမြီးတိုနဲ့ Facebook ပေါ်ကနည်းတွေကို အားကိုးတဲ့သူဖြစ်ပါတယ်။

“ဖျားတဲ့သူတွေရှိတယ်။ သူတို့တွေလည်း ရေနွေးငွေ့ရှုတယ်၊ ကြက်သွန်စားတယ်၊ ချင်း(ဂျင်း)ပြုတ်ရည်သောက်တယ်။ ဒီနည်း တွေနဲ့ပဲ ကုနေကြတာပဲလေ”လို့ နန်းခမ်းမူကပြောပါတယ်။

အလားတူဆိုသလို ပဲခူးတိုင်း၊ အုတ်တွင်းမြို့က မနီနီမြင့်တို့အိမ်မှာလည်း မိသားစုခြောက်ယောက်မှာ အိမ်ရှိလူကုန်ဖျား နေကြတာပါ။ တအိမ်လုံး အနံ့ပျောက်ကြသလို ဘေးပတ်ဝန်းကျင်အိမ်က ဖျားကြတဲ့ မိသားစုဝင်တွေလည်း အနံ့ပျောက် နေကြပါ တယ်။

“တစ်အိမ်လုံးဖျားတာ၊ ဘယ်သူမှ အနံ့မရကြဘူး။ အင်္ဂလိပ်ဆေးလည်းသောက်တယ်။ ချင်းပြုတ်ရည်တို့ ပင်စိမ်းရွက်ရည်တို့ လည်းသောက်တယ်။ ဆေးနည်း အစုံလိုက်လုပ်ရတာပဲ” လို့ ပဲခူးတိုင်း၊ အုတ်တွင်းမြို့မှ မနီနီမြင့်က ဆိုပါတယ်။

ကိုဗစ်တတိယလှိုင်းမှာ ပိုးကူးစက်ခံရသူတွေဟာ ကူရာကယ်ရာမဲ့တဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်နေတဲ့အတွက် ကိုယ်ယုံကြည်ရာကို အားကိုးပြီး ကုသနေကြတာလည်းရှိပါတယ်။

ဆေးပညာရှင်တွေကတော့ ကိုဗစ်ကို ယတြာနဲ့ဆေးမြီးတိုတွေနဲ့ ခုခံကာကွယ်တာကိုအားမပေးကြပါဘူး။ ကန်ရေသောက်လို့ ကိုဗစ်ပျောက်တယ်ဆိုတာ မဖြစ်နိုင်သလို ချင်း(ဂျင်း)ပြုတ်ရည်သောက်တာ၊ ကြက်သွန်စိမ်းကိုက်စားတာ၊ ပင်စိမ်းရည် သောက်တာတွေကလည်း ကိုဗစ်ရောဂါကို ပျောက်တယ်ဆိုတာ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူးလို့ မုံရွာမြို့မှ ပြည်သူ့ ကျန်းမာရေး ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ထွန်းလင်းအောင်ကဆိုပါတယ်။

“သိပ္ပံနည်းအရ ပြောရရင် ဒီလောက်ခိုင်မာလှပါပြီဆိုတဲ့ သိပ္ပံနည်းဆေးပညာတောင်မှ အခုချိန်ထိဒီရောဂါကို လေ့လာ ဆဲပဲဖြစ်တယ်” လို့ ဒေါက်တာထွန်းလင်း အောင်က ဆက်ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဖြစ်တဲ့ WHO ကလည်း ကြက်သွန်၊ ဆားရေ၊ အရက်၊ ငရုတ်ကောင်း၊ ကွမ်းရွက် အစရှိတဲ့ အရာတွေကိုအသုံးပြုပြီး ကိုဗစ်ကိုကုသနေတာတွေကို သတိပေးထားပါတယ်။ အဆိုပါနည်းလမ်းတွေဟာ ကိုဗစ်-၁၉ ရောဂါကိုကာကွယ်ကုသနိုင်ကြောင်း တိကျတဲ့အထောက်အထားတွေမရှိသေးဘူးလို့လည်းထုတ်ပြန်ထားပါတယ်။

ကိုဗစ်နဲ့ ရာသီတုပ်ကွေးဖြစ်တဲ့ ပုံစံဟာတူနေတာ ဖြစ်တဲ့အတွက် တိကျတဲ့ အဖြေသိရဖို့အတွက် ဆေးစစ်ကြည့်သင့်ကြောင်းနဲ့ ကိုဗစ်ဖြစ်နေတဲ့ လူနာမှာ ချောင်းဆိုးနေရင် ချောင်းဆိုးသက်သာတဲ့ဆေးပေးရပြီး၊ ဝမ်းလျောနေရင် ဝမ်းလျောတာ ပျောက် တဲ့ဆေးပေးရကြောင်း ဒီလိုဆေးတွေ ပေးတာဟာ ကိုဗစ်ကိုတွန်းလှန်တာ မဟုတ်ဘဲ နောက်ဆက်တွဲပြဿနာတွေ ဆက် မဖြစ်အောင်ထိန်းတဲ့သဘောသာ ဖြစ်တယ်လို့ ဒေါက်တာထွန်းလင်းအောင်က ရှင်းပြပါတယ်။

“ဗိုင်းရပ်တွေကိုသတ်တဲ့ ပိုးသတ်ဆေးတွေ ပေးတော့မယ်ဆိုရင်တောင်မှ ဒီလူနာရဲ့ အသက်ကိုကြည့်ရတယ်။ လူနာမှာ ရောဂါအခံ ရှိလား၊ အသည်းကရော လုပ်ဆောင်မှု ကောင်းရဲ့လား၊ ကျောက်ကပ်ကရော လုပ်ဆောင်မှု ရှိရဲ့လား၊ ဒါတွေ မေးပြီးမှ ပေးလို့ရတယ်”လို့ အထက်ပါ ဆရာဝန်ကဆိုပါတယ်။

အဲ့ဒီလို ဆေးမြီးတိုတွေ သောက်တဲ့သူတွေက တစ်မျိုး၊ ဆရာဝန်လမ်းညွှန်ချက်မပါဘဲ ဆေးသောက်တဲ့သူတွေကတစ်ဖုံ ဒါ့အပြင် ယုံကြည်ရာတွေ လုပ်ဆောင်ပြီး ကိုဗစ်ကို ဒေသအလိုက် နည်းမျိုးစုံနဲ့ ကာကွယ်နေကြတာတွေ လည်း ရှိပါတယ်။

ကျန်းမာရေးဝန်းကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သြဂုတ် ၁၀ ရက်နေ့အထိ စာရင်းများအရ ကိုဗစ်ကူးစက်ခံရသူ ဓာတ်ခွဲ အတည်ပြု လူနာ သုံးသိန်းခွဲနီးပါးနဲ့ သေဆုံးသူ တစ်သောင်းနှစ်ထောင်ကျော်ရှိပြီဖြစ်ပါတယ်။ မှတ်တမ်းတင်ဖို့ လက်လှမ်းမမှီတဲ့ စာရင်းတွေကြောင့် ကူးစက်သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများကောင်းများမှာပါ။

အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီရဲ့လက်အောက်မှာ မြန်မာနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ ဖရိုဖရဲ ဖြစ်ခဲ့ရပါတယ်။ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဆေးရုံတွေနဲ့ ကိုဗစ်ကုသရေး စင်တာတွေဟာ ရောဂါကူးစက်သူတွေကို အကန့်အသတ်နဲ့သာလက်ခံကုသပေးနိုင်ခဲ့ပါတယ်။

မြေပြင်အခြေအနေမှာ ကိုဗစ်ပိုး ကူးစက်ခံရသော်လည်း ဆေးရုံဆေးခန်း မသွားဘဲ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အိမ်ထဲမှာပဲ ကုသမှု ပြုလုပ်နေတဲ့ လူနာများစွာလည်းရှိနေပါသေးတယ်။

ကိုဗစ်ပိုးအမှန်တကယ် ကူးစက်ခံရပြီဆို ဆရာဝန်နဲ့လက်လှမ်းမမှီတဲ့ ပြည်သူတွေအဖို့တော့ အခြားသူတွေပျောက်တယ်ဆိုတဲ့ ဆေးတွေကို လိုက်သောက်နေကြတဲ့နည်း၊ အန္တရာယ်များလှတဲ့ ကိုဗစ်ကို ယတြာနဲ့ဆေးမြီးတိုတွေနဲ့ကာကွယ်တဲ့နည်းတွေကို အသုံးပြုနေကြဆဲဖြစ်ပါတယ်။

Related Articles