Home ဆောင်းပါး ရန်အောင်မြေတိုက်ပွဲရှောင်စခန်းက ပဲ့ကိုင်ရှင်မလေး

ရန်အောင်မြေတိုက်ပွဲရှောင်စခန်းက ပဲ့ကိုင်ရှင်မလေး

သန့်ရှင်းထွန်း။ ။

စစ်အာဏာသိမ်းမှုကြောင့် ဘဝလုံခြုံမှုမရှိတော့၍ မွေးရပ်မြေသို့ ပြန်လာခဲ့သော်လည်း သူနေထိုင်ခဲ့သော ကျေးရွာမှာ လူနေအိမ်များမရှိတော့ဘဲ ခွေးအူသံများ၊ ငှက်အော်သံများနှင့် ဖုန်ဆိုးတောပင်များဖြင့် တောကြီးတစ်ခုသဖွယ် လူသူ ကင်း မဲ့နေလေသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် တစ်လခန့်အကြာတွင် ဘဝလုံခြုံမှုအတွက် ရန်ကုန်မြို့မှ မိမိ နေရပ်ဖြစ်သော ရခိုင်ပြည်နယ်မြောက်ပိုင်း၊ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာသို့ ပြန်လာခဲ့သည်မှာ မှားသွားပြီဟု မဦးနွဲ့ရီစိတ်က တွေးတောမိခဲ့သည်။

“ ရန်ကုန်ကပြန်လာတော့ ရွာကိုတန်းသွားတာ ရွာမှာက အိမ်တွေ၊ လူတွေမရှိလည်းမရှိတော့ဘူး။ သစ်ပင်တွေနဲ့ တောကြီး တစ်ခုလိုဖြစ်နေပြီးတော့ ကိုယ်နေခဲ့တဲ့ အိမ်နေရာကိုတောင် မမှတ်မိတော့ဘူး။”ဟု သူက ဆိုသည်။

သူက အသက် ၂၇ နှစ်အရွယ် မဦးနွဲ့ရီဖြစ်ပြီး လက်ရှိတွင် ဘူးသီးတောင်မြို့ ရန်အောင်မြေ တိုက်ပွဲရှောင်စခန်းတွင် ဖွင့် လှစ်ထားသော အပ်ချုပ်သင်တန်း၏ တစ်ဦးတည်းသော နည်းပြဆရာမဖြစ်သည်။

အသားဖြူဖြူ၊ ကိုယ်လုံးကိုယ်ပေါက်ထွားထွားနှင့် စကားပြောလျှင် အမြဲရယ်မောပြောတတ်သော မဦးနွဲ့ရီကို အပ်ချုပ် သင်တန်းသူများက ချစ်ခင်လေးစားကြသည်။ သူမတွင် အပ်ချုပ်သင်တန်းသူအမျိုးသမီးငယ် ၁၄ ဦးရှိပြီး ၁၄ ဦးစလုံးကို တစ်ဦးတည်းက သင်တန်းပြပေးနေခြင်းဖြစ်၍ ပုံမှန်ထက် ပို၍ပင်ပန်းသည်ဟု မဦးနွဲ့ရီကဆိုသည်။

“ တစ်ယောက်တည်းဆိုတော့ သတ္တိမွေးရတယ်။ သင်တန်းသူ ၁၄ ဦးဆိုတာက တော်ရုံဆရာမတွေက လက်ခံမှာ မဟုတ် ဘူး။ ကျမကတော့ သူတို့တွေကို တတ်စေချင်တဲ့စိတ်ရှိတာကြောင့် ပင်ပန်းရင်လည်း ကိုယ်တတ်သလောက်ကို အကုန် သင်ပေးနေတာပါ”ဟု မဦးနွဲ့ရီက ပြောသည်။

ပုံမှန်အနေအထားမှာပင် အလုပ်အကိုင်ရှားပါးမှုပြသနာရှိနေသည့် ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် ရခိုင်တပ်မတော် (AA) တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ခိုလှုံနေရသော အမျိုးသမီးငယ်များ အတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးမှာ ပို၍ခက်ခဲနေပေသည်။

အဆိုပါ အခက်အခဲကို ဖြေရှင်းရန်အတွက် ဘူးသီးတောင်မြို့ ရန်အောင်မြေတိုက်ပွဲရှောင်စခန်းတွင် အပ်ချုပ်သင်တန်း တစ်ခုကို ဇူလိုင် ၆ ရက်စ၍ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်သည်။

“ ခုလိုသင်တန်းတက်ရဖို့အတွက် မျှော်လင့်နေခဲ့တာကြာပါပြီ။ ဆရာမသင်ပေးတာကို ဂရုတစိုက်လေ့လာပြီးတော့ အသေ အချာ သင်ယူသွားမှာဖြစ်ပါတယ်”ဟု အပ်ချုပ်သင်တန်း တက်ရောက်ခွင့်ရရှိခဲ့သူ အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

အပ်ချုပ်သင်တန်းနည်းပြဆရာမ မဦးနွဲ့ရီသည် ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာဇာတိဖြစ်ပြီး ရွာမှာနေစဉ်ကာ လအတွင်းကပင် စက်ချုပ်ပညာကို သင်ယူတတ်မြောက်ခဲ့သည်။ ၂၀၁၂ ခုနှစ်က ရခိုင်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်ပြီး နောက် မိသားစုစားဝတ်နေရေးအဆင်မပြေဖြစ်ကာ အလုပ်အကိုင်ပေါများသည့် ရန်ကုန်မြို့သို့ မိသားစုလိုက်ပြောင်း ရွေ့ ခဲ့သည်။

သူသည် ရန်ကုန်မြို့ရှိ ဖိနပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး နေအိမ်တွင်လည်း အထည်ချုပ်ရန် အော်ဒါများ လက်ခံခဲ့ သည်ဟုဆိုသည်။

“ တတ်သည့်ပညာ မနေသာဆိုသလိုပဲ ဖိနပ်စက်ရုံမှာအလုပ်လုပ်ပြီး အိမ်ပြန်လာရောက်တဲ့အခါ အော်ဒါ လက်ခံထားတဲ့ အထည်တွေကို ချုပ်ပေးခဲ့တယ်”ဟု မဦးနွဲ့ရီက ပြောပြသည်။

ထိုသို့ ကိုယ့်အလုပ်နှင့်ကိုယ် ၁၀ စုနှစ်တစ်ခုကျော် နေသားကျနေချိန်မှာပင် ဘဝမလုံခြုံမှုက ပေါ်ပေါက်လာခဲ့သည်။

“ အာဏာသိမ်းလိုက်လို့ ကိုယ်လုပ်နေတဲ့စက်ရုံကို မသွားရဲတော့ဘဲ ရခိုင်ကိုပြန်လာခဲ့တာပါ၊ ကျမလုပ်တဲ့စက်ရုံက မပိတ် ဘူး ” ဟု ရန်ကုန်မှ ပြန်လာခဲ့ရသည့် အကြောင်းကို ပြောပြသည်။

ဘဝလုံခြုံမှုရရှိရန် မိမိ၏မွေးရာဇာတိမြေသို့ ပြန်လာခဲ့သော်လည်း သူနေထိုင်ခဲ့သော ကျေးရွာမှာ နေအိမ်မရှိတော့ဘဲ ဘူး သီးတောင်မြို့ရှိ မြတောင်တိုက်ပွဲရှောင်စခန်း၌သာ ခိုလှုံနေခဲ့ရသည်။

မဦးနွဲ့ရီ၏ ဇာတိကျေးရွာဖြစ်သော ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာသည်ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လ လယ်ပိုင်းက စစ်တပ်နှင့် ရခိုင်တပ်တော်(AA)တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တစ်ရွာလုံး မီးလောင်ဆုံးရှုံးခဲ့သည်။ နွားရုံတောင်ကျေးရွာတွင် လူနေအိမ် ၁၇၀ ခန့်နေထိုင်ခဲ့ကြသည်ဟု အဆိုပါကျေးရွာများမှ ထွက်ပြေးလာခဲ့ရသူများက ပြော သည်။

မွေးရပ်မြေ နွားရုံတောင်ကျေးရွာကို ခြေမချနိုင်ခဲ့သော မဦးနွဲ့ရီမှာ မြတောင်တိုက်ပွဲရှောင်စခန်းတွင် ခိုလှုံရင်း စက်ချုပ်သင် တန်းပေးရန် အခွင့်အလမ်းပေါ်လာခဲ့ခြင်းဖြစ်သည်။

“ စက်ချုပ်သင်တန်းဖွင့်လှစ်ထားတဲ့ ရန်အောင်မြေဆရာတော်က ကမ်းလှမ်းခဲ့တာပါ။ ကျမကိုယ်တိုင်ကလည်း တိုက်ပွဲ ရှောင်စခန်းက အမျိုးသမီးလေးတွေကို ဖြစ်စေချင်တယ်။ ဘယ်လောက်ပဲပင်ပန်းပါစေ ကျမစိတ်ရှည်လက်ရှည် သင်ပေး သွားပါမယ်” ဟု သူက ပြောသည်။

အပ်ချုပ်သင်တန်းတွင် သင်တန်းသူအမျိုးသမီးငယ် ၁၄ ဦးရှိပြီး သင်တန်းကာလမှာ လေးလဖြစ်သည်။ သင်တန်းချိန်မှာ တစ်ပတ်လျှင် ၆ ရက်ဖြစ်ပြီး နံနက် ၉ နာရီမှ ညနေ ၅ နာရီထိသင်ကြားပေးသည်။

ရန်အောင်မြေကျောင်းတိုက် ဆရာတော်ဉီးဣန္ဒဝံသက “ ဒီကအမျိုးသမီးလေးတွေအတွက် သက်မွေးပညာတစ်ခုကို တတ် ကျွမ်းသွားအောင် သင်တန်းကိုစီစဉ်လိုက်တာပါ။ တစ်သုတ်ပြီးတစ်သုတ် သင်တန်းကတော့ ဖွင့်ပေးနေမှာဖြစ်ပါတယ်”ဟု မိန့်သည်။

အပ်ချုပ်သင်တန်းနည်းပြဆရာမ မဦးနွဲ့ရီသည် စိတ်ရှည်လက်ရှည်ဖြင့် သင်ကြားပြသပေးပြီး သင်တန်းသူများအပေါ် အမြဲ တန်းမေတ္တာတရားဖြင့် သင်ကြားပေးသည်ဟု သင်တန်းသူများက ပြောသည်။

“ အချိန်မှန်တယ်။ စေတနာထားပြီး စိတ်ရှည်တယ်။ လူကများတော့ ဆရာမလည်း တော်တော်ပင်ပန်းတယ်။ အဲလိုဆရာမ ပင်ပန်းတာကို ပင်ပန်းရကျိုးနပ်အောင် သမီးတို့က စည်းကမ်းတကျလိုက်နာသင်ကြားပေးတယ်။ တစ်ရက်တစ်လေ သင်တန်းမှာ ဈာန်ဝင်နေလို့ ထမင်းစားဖို့တောင် မေ့ကုန်ကြတယ်” သင်တန်းသူတစ်ဦးက ပြောပြသည်။

မဦးနွဲ့ရီသည် အပ်ချုပ်သင်တန်းကို အခကြေးငွေတစ်ဝက်ဖြင့် သင်ကြားပေးနေခြင်းဖြစ်ပြီး အခကြေးငွေလုံးဝမယူဘဲ သင်ကြားပေးချင်သော်လည်း သူ့နောက်တွင်ရှိနေသော မိသားစုများ၏ စားဝတ်နေရေးကို ငဲ့ကွက်ရသေးသည့် အတွက် ကြောင့်သာ အခကြေးငွေ တစ်ဝက်၊ စေတနာတစ်ဝက်ဖြင့် သင်နေရခြင်းဖြစ်သည်ဟုဆိုသည်။

“ ထမင်းက ကျမနေတဲ့ တိုက်ပွဲရှောင်စခန်းက လာပို့တယ်။ စခန်းတာဝန်ရှိသူတွေကတော့ ဒီမှာရှိတဲ့ မိသားစု တစ်စုဆီမှာ အပ်ပေးတယ်။ ဒါပေမယ့် အကုန်လုံးက ဒုက္ခရောက်နေကြသူတွေဆိုတော့ အိမ်ကထမင်းပဲမှာစားတယ်။ သင်တန်းသူတွေ လည်း ကိုယ့်အိမ်ကိုယ်ပြန်စားကြတယ်”ဟု မဦးနွဲ့ရီက ပြောသည်။

မဦးနွဲ့ရီသည် သင်တန်းပြ၍ ပြန်ရောက်ချိန်တွင်လည်း အပိုဝင်ငွေရရှိအောင် အထည်များကိုလက်ခံပြီး ညဘက်တွင် အပ်ချုပ်နေခဲ့သည်ဟု သူ၏ မိခင်က ပြောပြသည်။

“ ရန်ကုန်မှာနေတုန်းကလည်း နေ့လည်ဖက်မှာ စက်ရုံသွားတယ်။ ညဘက်မှာ အပ်ချုပ်တယ်။ အခုလည်း နေ့လည် ဘက်မှာ သင်တန်းပြတယ်။ ညဘက်မှာ အပ်ချုပ်တယ်။ အဒေါ်တို့ မိသားစုအတွက်တော့ အားကိုးရတဲ့သမီးလေးပါ”ဟု မိခင်ဖြစ်သူက ဆိုသည်။

အခက်အခဲနှင့် ပဋိပက္ခများကို ရှောင်ရှား၍ အသက်မွေးဝမ်းကျောင်းအတွက် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွေ့ နေထိုင်ခဲ့ရသော်လည်း ရောက်သည့်နေရာတွင် အလုပ်ကို သူများထက်ကြိုးစားနေခဲ့သော မဦးနွဲ့ရီအတွက် အခွင့်အလမ်း များက တစ်ခုမဟုတ်တစ်ခုရှိနေသည်။

အဆိုပါ အခွင့်အလမ်းများက စေတနာ၊ မေတ္တာနှင့် ခွန်အားစိုက်ထုတ်မှုကြောင့် ရရှိလာသောအခွင့်အလမ်းများ ဖြစ်ပြီး ကိုယ်တတ်ထားသည့် အတတ်ပညာများကို နည်း၊များမဟူ ဖြန့်ဝေသင်ကြားပေးမည်ဆိုပါက အများအတွက်လည်း ကောင်းကျိုးရသလို ကိုယ့်အတွက်လည်း မနစ်နာဟု ခံယူထားကြောင်း သူ၏ ခံယူချက်ကို ပြောပြသည်။

ရန်အောင်မြေတိုက်ပွဲရှောင်စခန်းရှိ အပ်ချုပ်သင်တန်းတွင် သင်တန်းတက်ရောက်နေသည့်သင်တန်းသူ အမျိုးသမီးငယ် များကမူ မဦးနွဲ့ရီကို သူတို့၏ ‘ပဲ့ကိုင်ရှင်မလေး’ဟု တင်စားခေါ်ဝေါ်ကြလေသည်။

Related Articles