Home ဆောင်းပါး ကုန်ဈေးနူန်းဒဏ် အလူးအလဲခံနေရတဲ့ အိမ်ထောင်ရှင်မတွေ

ကုန်ဈေးနူန်းဒဏ် အလူးအလဲခံနေရတဲ့ အိမ်ထောင်ရှင်မတွေ

မိုးမိုး။ ။
ပုံမှန်ဝယ်နေကျ စားအုန်းဆီ တစ်ဆယ်သားကို ၂၀၀ ကနေ ၃၅၀ လို့ ဈေးသည်က ပြောလိုက်တဲ့အချိန်မှာ မငယ်လေးတစ် ယောက် ထိတ်လန့်သွားပြီး ကျန်တဲ့ အသား၊ ငါးတွေရဲ့ ဈေးတွေကို ဆက်မမေးရဲလောက်အောင် ဖြစ်သွားပါတော့တယ်။

ပျဉ်းမနားမြို့နယ်မှာ နေထိုင်တဲ့ အိမ်ရှင်မတစ်ဦးဖြစ်သူ မငယ်လေးက “ အိမ်မှာစားတဲ့သူက လေးယောက် ဝင်ငွေက အမတစ်ယောက်ပဲရှိတာ။ အဲ့တော့ ၁၀၀၊ ၂၀၀ တက်လည်း အမတို့အတွက် အရမ်းသိသာတယ်။ ဈေးလိုက်တဲ့နေ့ဆိုရင် လည်း ဈေးထဲပေါပေါလောလောပဲလိုက်ရွေးပြီးဝယ်ရတာ” လို့ ဆိုပါတယ်။

အသက် ၄၂ နှစ်အရွယ် မငယ်လေးဟာ စတိုးဆိုင်မှာ သန့်ရှင်းရေးဝန်ထမ်းအဖြစ်လုပ်ကိုင်နေတာ သုံးနှစ်ကျော်ပြီ ဖြစ်ပြီး တစ်လကိုလစာ ၁၂၀,၀၀၀ နဲ့ ရက်မှန်ကြေးသုံးသောင်းပေါင်းပါက တစ်လ ကျပ် ၁၅၀,၀၀၀ ရပါတယ်။ မငယ်လေးမှာ အသက် ၁၀ နှစ်အရွယ်နဲ့ ၈နှစ်အရွယ်ကလေးနှစ်ယောက်ရှိပြီး ယောက်ျားဖြစ်သူမှာကျပမ်းလုပ်ကိုင်သူဖြစ်ပါတယ်။

အမျိုးသားဖြစ်သူက ကိုဗစ်ပထမလိူင်းထဲက အလုပ်မယ်မယ်ရရမရှိတော့တဲ့အတွက် မငယ်လေးအလုပ်သွားချိန် ကလေး တွေနဲ့ အိမ်စောင့်တာဝန်ယူထားခဲ့တာပဲဖြစ်ပါတယ်။

“ အရင်က နှစ်ယောက်လုပ်စာနဲ့ဆိုတော့ ဒီလောက်မကြပ်ဘူး။ ကိုဗစ်ငြိမ်ရင် အလုပ်ပြန်ရတော့မယ်ဆိုပြီး တွေးနေတုန်းရှိ သေးတယ်။ နိုင်ငံရေးကထဖြစ်တယ်။ စီးပွားရေးက ကြပ်ပြီးရင်းကြပ်ပဲပေါ့” လို့ သက်ပြင်းချသံနဲ့အတူ မငယ်လေးကပြော ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနူန်းတွေကလည်း တက်လာတာကြောင့် အိမ်ရှင်မတွေရဲ့ ညည်းတွားသံကို မကြာခဏဆိုသလို ကြားနေရပါတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ မိသားစုဝင်တွေ အတွက်တော့ နေ့တိုင်းမပါမဖြစ်စားနေတဲ့ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်နဲ့ဆီ ဈေးနှုန်းမြင့်တက်လာတာကြောင့် အိမ်ရှင်မတွေရဲ့ ညည်းတွားသံ ပိုပြီးကျယ်လောင်လာပါတယ်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ရဲ့ သက်ရောက်မှုကို ပြည်သူတွေတစ်နှစ်နီးပါး ခါးစီးခံနေရတဲ့အချိန်မှာပဲ တပ်မတော် အာ ဏာသိမ်းလိုက်တဲ့အတွက် ပြည်သူတွေဟာ စီးပွားရေးကြပ်တည်းမှုဒဏ်ကို ထပ်မံရင်ဆိုင်နေရတာဖြစ်ပါတယ်။

နိုင်ငံရေးအခြေအနေကြောင့် ပြည်ပရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်မှုနည်းပါးသွားသလို ဘဏ်တွေလည်း ပိတ်နေတဲ့အတွက် ရပ်ဆိုင်းထားရတဲ့ လုပ်ငန်းတွေ အများအပြား ရှိနေပါတယ်။ ပြည်သူတွေမှာလည်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါး လာပြီး အလုပ်လက်မဲ့ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေနဲ့ကြုံတွေ့နေရပါတယ်။

အာဏာသိမ်းပြီး တစ်ပတ်အတွင်းမှာ ကုန်ဈေးနှုန်းတွေ မတည်မငြိမ်ဖြစ်လာပြီး အမေရိကန်ဒေါ်လာဈေးနဲ့ ရွှေဈေးဟာ စံချိန်တင်မြင့်တက်လာခဲ့ပါတယ်။ တခြားသော ကုန်ပစ္စည်းဈေးနှုန်းတွေဟာလည်း တရိပ်ရိပ်ဆိုသလို မြင့်တက်နေတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၄ ရက်အတွင်း ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်)မှာ ဆန်အကြမ်းတစ်အိတ်ကို ၁,၀၀၀ ကျပ်နဲ့ အချောတစ်အိတ်ကို ၁,၅၀၀ ဝန်းကျင်မြင့်တက်ခဲ့ပြီး လက်လီဈေးကွက်မှာ တစ်အိတ်ကို ကျပ် ၃,၀၀၀ ကနေ ၄,၀၀၀ ကြား မြင့်တက်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တာဝန်ရှိသူကပြောပါတယ်။

အဲဒီရက်တွေမှာ ကုန်စည်ဒိုင်များမှာ ဆန်ဝယ်တဲ့ လူဦးရေများတဲ့အတွက် ဆန်ဈေးတက်ခဲ့ပေမယ့် နောက်ပိုင်းရက်တွေမှာ ဆန်ဈေးကျပြီး ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေပြီလို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင်ဒုတိယဥက္ကဌ ဦးမင်းသိန်းက ပြော ပါတယ်။

ဒါပေမယ့် “ လက်လီဈေးတွေမြင့်တယ်ဆိုတာက ဒိုင်ကနေအိတ်၅၀၀ကနေ ၂,၀၀၀ လောက်ထိဝယ်တာ။ လက်လီဈေး ကွက်မှာ မှေးရောင်းကြတာဖြစ်တဲ့အတွက် ရပ်ကွက်တွေထဲမှာ အခုလိုဈေးတွေမြင့်နေတာပါ။ ဒီလိုအခြေအနေမျိုးမှာ ဒါ တွေကို လိုက်ထိန်းချုပ်ဖို့ဆိုတာကလည်း ခက်ခဲတဲ့အနေအထားရှိတယ်” လို့ ဦးမင်းသိန်းက ရှင်းပြပါတယ်။

ဒါ့အပြင် စားသုံးဆီနဲ့အခြား အခြေခံစားကုန်တွေ၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေကလည်း လက်လီဈေးကွက်မှာ ဈေးမြင့် တက်နေပါတယ်။ ဘယ်ပစ္စည်းမဆို ကုန်စည်ဒိုင်မှာ ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်သာရှိပေမယ့်လည်း လက်လီ ဈေးကွက်ထဲရောက်လာတာနဲ့ ပိုပြီးမြင့်တဲ့ဈေးဖြစ်သွားတာဟာ အိမ်ရှင်မတွေကို တိုက်ရိုက်ထိခိုက်မှုရှိစေပါတယ်။

လှိုင်သာယာမြို့နယ်က အိမ်ရှင်မတစ်ဦးဖြစ်သူ အသက်၅၀အရွယ် ဒေါ်အေးငြိမ်းသူက “အိမ်ငှားခ မတက်ပေမယ့် မရှိမဖြစ် ဆန်နဲ့ဆီဈေးတက်တာ။ ဒီလိုကာလမျိုးကြီးမှာ အလုပ်တွေကမရှိပါဘူးဆို ဝယ်စားရတာတွေက အကုန်ဈေးကြီးနေတော့ လကုန်ရင်တောင် အိမ်လခပေးနိုင်ပါ့မလားပူနေရတယ်” လို့ ညည်းပါတယ်။

ဒေါ်အေးငြိမ်းသူရဲ့ သမီးအကြီးဆုံးက စစ်အာမသိမ်းခင်ထိ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ပြီး တစ်လကို ပုံမှန်တစ်သိန်း ကျော် ပြန်အပ်နိုင်ပါတယ်။ အသက် ၁၈နှစ်အရွယ်ရှိတဲ့သားငယ်က ဆိုင်ကယ်ကယ်ရီဆွဲတဲ့အတွက် ပုံမှန်ဝင်ငွေရှိနေတာ ဖြစ်ပါတယ် ။

အာဏာသိမ်းပြီး စက်ရုံတွေက ပုံမှန်လုပ်ငန်းမလည်ပတ်နိုင်တဲ့အတွက် သမီးအကြီးမှာ လူလျော့တဲ့အထဲပါခဲ့ပြီး နိုင်ငံရေး အခြေအနေကြောင့် သားငယ်ဖြစ်သူမှာလည်း ကယ်ရီပုံမှန်မဆွဲနိုင်တော့တဲ့အတွက် ဒေါ်အေးငြိမ်းသူတစ်ယောက် ထမင်းနပ်မှန် ဖို့တောင် မနည်းရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

လတ်တလောဈေးကွက်ထဲမှာ ဆန်အကြမ်းတစ်ပြည်ကို ၁,၂၀၀ ကနေ ၁,၅၀၀ထိတက်ပြီး၊ စားအုန်းဆီမှာ တစ်ဆယ်သား ကို ၃၀၀ ကနေ ၄၀၀ အထိ မြင့်တက်နေတာဖြစ်ပါတယ်။

နေပြည်တော် ဇဗ္မူသီရိမြို့နယ်အတွင်းမှ ကုန်စုံဆိုင်တစ်ဦးဖြစ်သူ ဒေါ်အေးအေးနွယ်က “တက်ဈေးနဲ့ယူရတော့ ပြန်ရောင်း တော့လည်း တက်ဈေးနဲ့ရောင်းရတာပေါ့။ အခုတက်တဲ့ စားဆီဈေးဆိုရင် ကြားတောင်မကြားဖူးဘူး” လို့ ပြောပါတယ်။

စားအုန်းဆီ တပိသာကို ၂,၀၀၀ ကနေ အခု ၃,၅၀၀၊ ဆန်တစ်ပြည်ကို ၅၀၀ ထိမြင့်တက်ပြီးရောင်းရတဲ့ အချိန်ဖြစ်နေတဲ့ အတွက် စားဆီဆိုရင် တစ်ဆယ်သားပြည့်အောင်တောင် ဝယ်မစားနိုင်တဲ့မိသားစုဝင်တွေ ရှိနေတယ်လို့လည်း ဒေါ်အေး အေးနွယ်က ဆိုပါတယ်။

ရပ်ကွက်အတွင်းကို ကားနဲ့တစ်ပတ်နှစ်ကြိမ် လှည့်လည်ရောင်းချနေတဲ့ ဒေါ်အေးသန်းကလည်း ဈေးရောင်းရတာ အရင်လို ရောင်းမကောင်းကြောင်းနဲ့ ဝယ်ရတဲ့ဈေးနှုန်းတွေလည်း မြင့်လာတယ်လို့ ပြောပြပါတယ်။

“ ကိုယ်က အပတ်စဉ်ရောင်းနေကြဆိုတော့ ရပ်ကွက်ထဲက အမြဲတမ်းဝယ်နေကျသူတွေကိုသိတယ်လေ။ ကိုဗစ်ကာလ တုန်းက မှေးပြီးရောင်းလို့ရသေးတယ်။ အခု နိုင်ငံရေးမငြိမ်တော့မှ မဝယ်စားနိုင်တဲ့ သူတွေတော်တော်လေးများလာတယ်” လို့ ဒေါ်အေးသန်းက ပြောပြပါတယ်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းမှ အသက် ၃၂ နှစ်အရွယ် အိမ်ရှင်မတစ်ဦးဖြစ်သူ မပြည့်ပြည့်ကလည်း “ဈေး တွေက အကုန်တက်နေတော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေ စားဖို့ဆိုတာမစားနိုင်တော့ဘူး။ ပဲဆီအစစ် တပိသာ ၈,၀၀၀ ကျော်တယ်လေ။ အဲ့တော့ စပ်ဆီလောက်ပဲစားနိုင်တယ်” လို့ ပြောပါတယ်။

အွန်လိုင်းကနေ ကုန်ပစ္စည်းမျိုးစုံကိုရောင်းချတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ မပြည့်ပြည့်ဟာ အခုချိန်မှာ အင်တာနက် အခက် အခဲကြောင့်ရော၊ ငွေပေးချေမှုစနစ်ပါ ခက်ခဲနေတဲ့အတွက် စစ်အာဏာသိမ်းပြီးတည်းက အလုပ်နားထားရတာ ဖြစ်ပါ တယ်။

ဒီလို စီးပွားရေးကြပ်တည်းနေတဲ့ အခြေအနေက ဘယ်လောက်ထိ ဆက်သွားဦးမယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မခန့် မှန်းနိုင်တဲ့ အခြေအနေပါ။

အလုပ်လက်မဲ့ဖြစ်တာတွေ စားဝတ်နေရေးကြပ်တည်းတာတွေရဲ့ နောက်ဆက်တွဲအဖြစ် မိသားစုအိမ်တွင်းပြဿနာတွေ ဖြစ်လာတဲ့ အထိရှိတယ်လို့ အိမ်ရှင်မတွေက ဆိုကြပါတယ်။

“ စီးပွားရေးအဆင်မပြေတော့ လင်မယားချင်း ရန်သတ်တာ တောက်လျောက်ပဲ။ အရင်ဆို ပြန်လာရင် အနည်းဆုံးတော့ ၂,၀၀၀ ပေးတယ်။ အခုက မပေးတစ်ရက် ပေးတစ်ရက်။ ဒီလိုအချိန်မျိုးမှာ ပုံမှန်မရဘူးဆိုတာ အမနားလည်ပါတယ်။ ဒါ ပေမယ့် ပေးတဲ့ရက်ကျတော့လည်း သူ့အရက်ဖိုး ၅၀၀ ရအောင် ပြန်တောင်းတယ်။ အဲ့တော့ ဒေါသတွေထွက် ရန်တွေဖြစ် သူသေ ကိုယ်သေချတာပဲ” လို့ ပျဉ်းမနားမြို့ကွက်သစ်နေ အိမ်ရှင်မတစ်ဦးဖြစ်သူ မခင်ချိုက ဆိုပါတယ်။

မခင်ချိုရဲ့အမျိုးသားက ဆိုင်ကယ်အစုတ်တစ်စီးနဲ့ ရပ်ကွက်ထဲလှည့်ပြီး လျှပ်စစ်ပစ္စည်း အဟောင်းဝယ်တဲ့ အလုပ်လုပ်ကိုင် တာဖြစ်ပါတယ်။ အရင်နှစ်တွေကဆို တစ်ရက်ကို ဝင်ငွေ နှစ်သောင်းကျော်အထိရတဲ့ ရက်တွေ ရှိတယ်လို့လည်း မခင်ချိုက ဆိုပါတယ်။

ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက “ ကုန်ဈေးနှုန်းကတက်တယ်။ တဖက်ကလည်းဝင်ငွေမရှိတဲ့ အပြင် စက်ရုံလုပ်ငန်းတွေပိတ်တယ်။ အသွားအလာတွေပါ ကန့်သတ်ထားတော့ သူတို့အတွက် ဝင်ငွေကသုညဖြစ်နေ တာပေါ့နော်။ ဒီမှာက ထောက်ပံ့တဲ့အစီအစဉ်မရှိဘူး။ ဒီလိုအခြေအနေဆိုတော့ မိအေးနှစ်ခါနာသလိုပေါ့။ ကုန်ဈေးနှုန်းက လည်းတက်တယ်။ ဝင်ငွေကလည်း မရှိဘူး။ ဒီလို အခြေအနေက မိခင်နဲ့ကလေးတွေအတွက် ပိုပြီး ထိခိုက်မှုရှိနေတာပေါ့” လို့ ပြောပါတယ်။

လက်ရှိ ကုန်ဈေးနှုန်းတွေက နိုင်ငံရေးအခြေအနေ ပုံမှန်ပြန်ဖြစ်လာပါက အခြေခံစားသောက်ကုန် ဈေးနူန်းတွေ ပုံမှန်ပြန်ဖြစ် လာနိုင်တယ်လို့လည်း ဒေါက်တာစိုးထွန်းက ခန့်မှန်းပါတယ်။

“ ကုန်ဈေးနှုန်းတက်တယ်ဆိုပေမယ့် ဆန်ဆိုရင် ပြည်တွင်းကထွက်တယ်။ မူရင်းဆန်စပါးထွက်တဲ့ဒေသမှာကျတော့ ဈေးကကျတယ်။ လက်လီပြန်ရောင်းတဲ့ အိမ်ရှင်မတွေ ဝယ်တဲ့နေရာမှာတော့ ဈေးကတက်နေတာပေါ့။ သယ်ယူပို့ဆောင်မှု တွေပါတယ်။ ဒီလိုကုန်ဈေးနှုန်းတွေတက်တာက လူတွေရဲ့ရိုက်ခတ်မှုဖြစ်ပါတယ်။ အဲ့တော့ ပြည်သူတွေရဲ့ စားဝတ်နေ ရေးကို ထိခိုက်လာတယ်” လို့ ဒေါက်တာစိုးထွန်းက ဆက်ပြောပါတယ်။

လတ်တလောမှာတော့ နိုင်ငံရေးမတည်မငြိမ်မှုတွေရှိနေတဲ့အတွက် ကုန်ဈေးနူန်းတွေတက် ဝင်ငွေလည်းရပ်နေရတဲ့ အခြေ ခံ ပြည်သူတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ ဒီလိုမတည်မငြိမ်ဖြစ်မှုတွေ အဆုံးသတ်ပြီး အလုပ်အကိုင် အခွင့် အလမ်းတွေပြန်ရကာ ကုန်ဈေးနူန်းတွေ ပြန်လည်ကျဆင်းဖို့က အိမ်ရှင်မတွေရဲ့ အလိုအပ်ဆုံးဆန္ဒပါပဲ။

မငယ်လေးကတော့ “ ဒီကာလမှာ အသားစားဖို့နေသာသာ ထမင်းနှပ်မှန်ဖို့ မနည်းလုပ်ယူနေရအချိန်ဖြစ်တဲ့အတွက် ဒီနိုင်ငံ ရေးရော ကိုဗစ်ရောမြန်မြန်ပြီးစေချင်နေပါပြီ။ ကလေးတွေကိုလည်း ဟင်းကောင်းကောင်းနဲ့ ထမင်းကျွေးချင်လှပြီ” လို့ လေသံခပ်ပျော့ပျော့နဲ့ ဆိုပါတော့တယ်။

Related Articles