Home ဆောင်းပါး အဆုံးထိတိုက်ပွဲဝင်သွားမယ့် တောင်ကြီးက CDM အမျိုးသမီးဝန်ထမ်းတွေ

အဆုံးထိတိုက်ပွဲဝင်သွားမယ့် တောင်ကြီးက CDM အမျိုးသမီးဝန်ထမ်းတွေ

Honest Information (HI)
“ ပစ္စည်းသိမ်းဆိုလို့ သိမ်းလိုက်ရတာသွားနေစရာနေရာမရှိဘူး။ မထွက်ခိုင်းဘူးလို့ထင်ထားတာ သိမ်းဖို့လာပြောတော့ ပစ္စည်းတွေဘာတွေသိမ်းဖို့ ကားတွေကိုသာငှားလာတာ ဘယ်သွားရမှန်းမသိဘူး ”

ထိုစကားဆိုသူကတော့ တောင်ကြီးမြို့နယ်ရှိ အမျိုးသမီးနှင့်ကလေးဆေးရုံမှာ အထွေထွေဝန်ထမ်းအဖြစ် ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင်‌ခဲ့တဲ့ ဒေါ်မြဦးပဲ ဖြစ်ပါတယ်။

မတ်လ ၁၄ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ဒေါ်မြဦးတို့၏ နေထိုင်ရာဝန်ထမ်းအိမ်ရာမှာ အရပ်ဝတ်နဲ့လူတစ်ဦးက CDM ဝင်ထားတဲ့ဝန်ထမ်းတွေ ၁၅ရက်နေ့ နောက်ဆုံးထားပြီး ဝန်ထမ်းအိမ်ရာကနေ ဆင်းပေးဖို့ စာလာကပ်သွားပါတယ်။ ဘယ် ကနေ စာလာကပ်သွားမှန်း မသိပေမဲ့ ဒေါ်မြဦး ထိုစာကိုတွေ့တွေ့ချင်းမှာ လန့်ဖြန့်နေခဲ့ပါတယ်။

“ အရင်ကမထွက်ခိုင်းဘူးလို့ထင်ထားတာ။ မောင်းထုတ်မယ် ဆင်းပေးရမယ်လို့ မထင်ထားခဲ့ဘူး။ မမျှော်လင့်ထားခဲ့ဘူး” လို့ သူကပြောပါတယ်။

ဒေါ်မြဦးအပါအဝင် အမျိုးသမီးနှင့်ကလေးဆေးရုံ ဝန်ထမ်းအိမ်ရာမှာနေတဲ့ ဝန်ထမ်းအများစုဟာ ဒီနေရာမှာပဲ မွေးဖွား ကြီးပြင်းလာကြတဲ့သူ တွေဖြစ်ကြပြီး မိဘလက်ထက်ကနေ သားသမီးလက်ထက်ထိ တာဝန်ကို လက်ဆင့်ကမ်း ထမ်း ဆောင်ခဲ့ကြသူတွေ ဖြစ်တဲ့ အတွက်ကြောင့် ထိုအိမ်ရာလေးကိုသာ သံယောဇဉ်တွယ်ပြီး အားကိုးနေရတာပါ။

“ ချက်ချင်းထွက်ပေးရမယ်ဆိုတော့ ကြောက်ကြောက်နဲ့ ပြာကုန်ကြတယ်။ နေစရာအိမ်လည်းမရှိဘူး။ အပြင်မှာနေစရာမရှိ ဘူး။ ဒုက္ခရောက်တယ်” လို့ ဒေါ်မြဦးကဆိုပါတယ်။

သူ့မိဘတွေ ဝန်ထမ်းဘဝတည်းက ဒီအိမ်ရာမှာနေထိုင်ခဲ့ပြီး သူလည်း ဒီမှာမွေး၊ ဒီမှာပဲကြီးပြင်းပြီး မိဘအမွေဆက်ခံကာ ဝန်ထမ်းလုပ်နေတာကြောင့် ထွက်သွားရမယ်ဆိုရင် ဘယ်နေရာကို ပြောင်းရွှေ့နေထိုင်ရမယ်ဆိုတာကို မတွေးတတ်အောင် ဖြစ်နေပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းမှုကို ဖီဆန်ဖို့ တနိုင်ငံလုံးမှာရှိတဲ့ ဝန်ထမ်းများစွာက အကြမ်းမဖက်အာဏာ ဆန့်ကျင်ရေး(CDM) လှုပ်ရှားမူလုပ်တဲ့အထဲ တောင်ကြီးမြို့မိခင်နှင့်ကလေးဆေးရုံက ဝန်ထမ်းတွေအပါအဝင် ဒေါ်မြဦး တို့ လည်း ပါဝင်ခဲ့တာပါ။

အကြမ်းမဖက်အာဏာဆန့်ကျင်‌ရေး(CDM) လှုပ်ရှားမှုမှာ တောင်ကြီးမိခင်နှင့်ကလေးဆေးရုံက ဆရာ၊ ဆရာမတွေနဲ့ အထွေထွေဝန်ထမ်းများအပါအဝင် အယောက် ၁၈၀ ကျော်ရှိတယ်လို့ဆိုပါတယ်။ ထိုဆေးရုံမှာ အထွေထွေဝန်ထမ်း ၆၀ ကျော်ရှိပြီး ၅၀ ကျော် CDM ဝင်ခဲ့ပါတယ်။

“ ကိုယ်တင်ထားမြှောက်တဲ့အစိုးရကိုပဲ ပြန်လိုချင်တယ်။ အရင်အစိုးရက ကျန်းမာရေးဘက်ကို ကြည့်ပေးတာများတယ်။ ကိုဗစ်ဖြစ်တုန်းကာလတုန်းက ထောက်ပံ့ကြေးတွေရတယ် ။ နှစ်လစာဆို ပြီးတော့လည်း ထုတ်ပေးတယ်။ စစ်အာဏာရှင် စနစ်ကိုမလိုလားဘူး။ ဒီစနစ်အောက်မှာ အလုပ်လည်းမလုပ်ချင်လို့ CDM လုပ်ဖို့ ဆုံးဖြတ်ခဲ့တာ”လို့ ဒေါ်မြဦးကဆိုပါတယ်။

ဒီလိုရဲရင့်တဲ့အတွက်လည်း တစ်ဖက်မှာ ဒုက္ခတွေပင်လယ်ဝေခဲ့ရပါတယ်။ ဒေါ်မြဦးတို့ မိသားစု ၆ ဦးဟာ ၁၄ ရက်နေ့မှာပဲ ဝန်ထမ်းအိမ်ရာကနေ ဆင်းလာခဲ့ရတာပါ။ တခြားမိသားစုဝန်ထမ်း အိမ်ထောင်ငါးစုနဲ့ပေါင်းပြီး တစ်လ နှစ်သိန်းပေးရတဲ့ အိမ်ကို လချင်းပေးနေဖို့ ငှားခဲ့တာပါ။

“ အိမ်ကနေဆင်းလာရတော့ ငိုယိုကြတယ်။ ကလေးတွေရော လူကြီးတွေရော အယောက် ၂၀နဲ့ အိမ်တစ်လ နှစ်သိန်းကို တောင်လချုပ်မပေးနိုင်ဘူး။ လချင်းပေးပြီးနေရတယ်။ ဒီလစာတော့ပေးပြီးပြီ။ နောက်လအတွက် ဘယ်နားသွားယူပြီး ပေးရ မှန်းမသိဘူး” လို့ ဒေါ်မြဦးကညည်းပါတယ်။

အထွေထွေဝန်ထမ်းဖြစ်တဲ့အတွက် ငွေကြေးစုထားခြင်းလည်းမရှိ၊ CDM လှုပ်ရှားမူတွင်လည်း ပါဝင်တာကြောင့် လစာ လည်း ကြိုထုတ်ထားခြင်းမရှိသလို သုံးဖို့ ငွေကြေးအခက်အခဲရှိနေပြီး “ သူများနားက ချေးထားရတယ်။ စားဖို့ သောက်ဖို့ အတွက်ချေးရတယ်။ စားဖို့တောင်အနိုင်နိုင် နေဖို့ဆိုရင်တော့ ပိုဆိုးတာပေါ့”ဟု ဒေါ်မြဦးက ဆိုပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်တာကြောင့် ဒေါ်မြဦးနှင့်အတူ ဝန်ထမ်းအိမ်ရာကနေ နှင်ချခံရတဲ့အထဲ ဒေါ်ထားလိူင်လည်း ပါဝင် ပါတယ်။

သူက ၁၄ ရက်နေ့မှာ ဒေါ်မြဦးတို့နဲ့အတူ မိခင်နှင့် ကလေးဆေးရုံ ဝန်ထမ်းအိမ်ရာကနေ ၈ လသားအရွယ် ကလေးကိုချီပြီး အထုတ်အပိုးတွေနဲ့ ဆင်းလာခဲ့ပါတယ်။ ဝန်ထမ်းအိမ်ရာကနေ နှင်ထုတ်မယ်ဆိုတာ ကြိုတင်မသိထားတာကြောင့် ဘယ်မှာ သွားနေရမယ်ဆိုတာ ကြိုတွေးထားခြင်းမရှိခဲ့ပါဘူး။

“ ဘယ်မှာ သွားနေရမယ်ဆိုတာ မသိတော့ လမ်းပျောက်တာပေါ့။ ထင်လည်း မထင်ထားခဲ့ဘူး” လို့ သူကဆိုပါတယ်။

ယခု နေစရာအိမ်တွေ့ခဲ့ပေမဲ့ တစ်ယောက်တည်း မငှားနိုင်တာကြောင့် တခြားဝန်ထမ်းတွေနဲ့ ငှားနေရတယ်လို့ သူကဆို ပါတယ်။ အဲ့ဒီလို ဌားနေရတာကြောင့်လည်း သူ့အတွက် ပိုပြီး စိုးရိမ်မှုတွေ ရှိလာပါတယ်။

“ အစုလိုက်အိမ်ဌားပြီးနေရင်လည်း ဖမ်းရလွယ်ပြန်တယ်။ မနေရင်လည်း အိမ်လခလည်း ပိုပေးရတယ် မတတ်နိုင်ဘူး” လို့ ဒေါ်ထားလိူင်ကဆိုပါတယ်။

အိမ်လခအတွက်လည်း “နောက်လအတွက် အိမ်ဌားခပေးနိုင်မယ်လို့လည်းမသေချာဘူး” လို့ သူကဆိုပါတယ်။

ဒါ့အပြင် ဒေါ်ထားလိူင်က ၈ လသားကလေးငယ်ကို နို့တိုက်ကျွေးနိုင်ဖို့ နို့ရည်မထွက်တဲ့အတွက် ကလေးကိုဖြည့်စွက် အစားအစာကျွေးရတာကြောင့် စားရိတ်ကပိုကုန်ပါတယ် ။ လစာလည်း ကြိုထုတ်ထားခြင်းမရှိတာကြောင့် ကလေးအတွက် ဖြည့်စွက် အစားအစာဝယ်ဖို့တောင် အခက်အခဲ ရှိလာပါတယ်။

“ ကလေးရဲ့အစားအစာဝယ်ဖို့ ကိုယ်ဘာသာကိုယ် ဝယ်ဖို့ပိုက်ဆံမရှိဘူး။ ကလေးဝမ်းလည်းလျှောတော့ ဆေးရုံသွားဖို့ အခက်အခဲရှိတယ်” လို့သူကဆိုပါတယ်။

မကြာမီရက်ပိုင်းက CDMဝင်တဲ့ ဝန်ထမ်းတွေကို ကူညီထောက်ပံ့တဲ့ ပြည်သူတွေက ငွေအချို့နှင့် ဆန်၊ဆီ လာရောက် ထောက်ပံ့ပေးတာကြောင့် အဆင်ပြေသလို သုံးနေရကြောင်းလည်း သူကဆိုပါတယ်။

“ ရုံးပြန်တက် ရုံးပြန်မတက်ရင်ထောင်ချမယ်။ ခြိမ်းခြောက်တဲ့အထိ ဖုန်းဆက်ပြီးပြောလာတာလည်းရှိတယ်” လို့လည်း ဒေါ်ထားလိူင်က ဆိုပါတယ်။

CDM ဝန်ထမ်းများကို လိုက်ပါကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးက CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆေးရုံဝန်းထမ်းအများစုမှာ စားရေးသောက်ရေး နေထိုင်ရေး အခက်အခဲအပြင် လုံခြုံမူမရှိသောနေရာမှာ နေနေရသောကြောင့် စိတ်ပူပန်ပြီး သောက ရောက်နေကြရတယ်လို့ဆိုပါတယ်။

“ CDMဝန်ထမ်းကို ကူညီတဲ့နေရာမှာ တချို့အလှုရှင်တွေက ဓာတ်ပုံတွေဘာတွေ တောင်းတာတွေရှိတာကြောင့် ဓာတ်ပုံ ရိုက်လိုက်ခြင်းအားဖြင့်လည်း ဒီဝန်ထမ်းတွေရဲ့လုံခြုံရေးအတွက်ကအာမခံမရှိနိုင်ဘူးအဆင်မပြေဘူး”လို့လည်း ဆိုပါတယ်။

CDM ဝန်ထမ်းတွေသာမက ကူညီပေးနေတဲ့လူတွေကိုလည်း ဖမ်းမယ်လို့ ကြေညာထားတဲ့အတွက် “ ကူညီတဲ့အခါမှာ ရောက်သင့်မရောက်နိုင်ဘူး ။ ကိုယ်ကြောင့် CDM ဝန်ထမ်းများ ဒုက္ခရောက်မှာကို မလိုလားဘူး”လို့ သူက ဆက်ဆိုပါတယ်။

CDM ဝန်ထမ်းတွေအပေါ် အမျိုးမျိုးခြိမ်းခြောက် ဝန်ထမ်းအိမ်ရာကနေ နှင်းထုတ်မောင်းထုတ်နေတာတွေကလည်း “ နိူင်း ယှဉ်စရာမရှိတော့ဘူး ။ လူ့အခွင့်အရေးချိုးဖောက်ခံရတယ် ။ အကုန်လုံးကခံနေရတယ်” လို့သူကဆိုပါတယ်။

အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက စစ်ပွဲဖြစ်စေ ဒီလိုအရေးအခင်းတွေမှာ “ ပထမဆုံးနှင့် အများဆုံး ထိခိုက် နစ်နာသူတွေသည် မိခင်ကလေးဖြစ်တယ်။ ကျန်တဲ့သူတွေကို ဘာမှမထိခိုက်ဘူးလို့တော့မဆိုလိုဘူး။ ဘာမှမသိသေးတဲ့ ကလေးငယ်ကိုတောင်မှ ပစ်သတ်ခံရတယ်ဆို‌တော့ စားစရာမရှိဘူးဆိုတဲ့ကိစ္စက ဘာမှမဟုတ်တော့ဘူး။ အခုက လူသတ် တဲ့အထိတောင် ဖြစ်လာပြီဆိုတော့ ပြောစရာစကားတောင် မရှိတော့ဘူး ဘာမှရစရာမရှိတော့ဘူး” လို့ ဆိုပါတယ်။

မိခင်နှင့်ကလေးဆေးရုံမှာ အထွေထွေဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး CDMတွင် ရဲရင့်စွာ ပါဝင်ခဲ့တဲ့ ဒေါ်မြဦးက တော့ ဘယ်လိုအခက်အခဲတွေ တွေ့နေပါစေ အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ ယခုလို ဆိုပါတယ်။

“ နေစရာမရှိခဲ့ပေမယ့် အလုပ်ပြန်ဝင်ဖို့စိတ်ကူးမရှိခဲ့ဘူး နေဖို့စားဖို့ မရှိခဲ့ရင်တောင် အဆုံးထိဝင်သွားမယ်လို့ ဆုံးဖြတ် ထား တယ် ။ ဒီတော်လှန်ရေးမနိုင်ခဲ့ရင်တောင် အလုပ်ထွက်တဲ့ထိလုပ်သွားမယ် အလုပ်မရှိရင် ဘယ်လိုအခက်အခဲတွေ ကြုံလာ နိုင်တယ်ဆိုတာ ကြိုသိပေမယ့် အဆုံးထိဝင်သွားမယ် လုပ်သွားမယ်။”

( ဆောင်းပါးတွင်ပါဝင်သောအမည်များကို ဖြေဆိုသူများ၏ လုံခြုံရေးအရ နာမည်လွှဲများဖြင့်ဖော်ပြထားပါသည်။)

Related Articles