Home ဆောင်းပါး တာဝန်မဲ့သူများကိုယ်စား တာဝန်ယူစောင့်ရှောက်သူ ဒေါ်ငြိမ်းမဟော်

တာဝန်မဲ့သူများကိုယ်စား တာဝန်ယူစောင့်ရှောက်သူ ဒေါ်ငြိမ်းမဟော်

Photo: http://www.clipartkid.com

ပိုးဝါ – ရန်ကုန် ။      ။

“ကလေးအဖေအနားမှာမရှိပဲနဲ့ ကိုယ်ဝန်ဆောင်ဘဝကို ဖြတ်သန်းခဲ့ဖူးတယ် ။ ဒါကြောင့် အစ်မရှေ့မှာ ဒုက္ခ ရောက်နေတဲ့ ကိုယ်ဝန်ဆောင်တွေကို ကျော်မသွားနိုင်ဘူး။ မကူညီပဲ မျက်စိမှိတ်မသွားနိုင်ဘူး ” လို့ ကလေး မွေးဖွားဖို့ အခက်အခဲဖြစ်နေတဲ့ အမျိုးသမီးတွေကို ကူညီပေးနေတဲ့ ဒေါ်ငြိမ်းမဟော်က ပြောပါတယ်။

သူမက အကြောင်းအမျိုးမျိုးကြောင့် ကလေးမွေးဖွားဖို့ အခက်အခဲဖြစ်နေတဲ့ အမျိုးသမီးတွေကို ကလေးမွေး ဖွားနိုင်ဖို့ ကူညီပေးနေသူဖြစ်ပြီး သူမကိုယ်တိုင်ကလည်း သမီးလေးတစ်ယောက်နဲ့ မိခင်တဦးတည်းစောင့် ရှောက်သူ (Single Mother) တစ်ယောက်ပါ ။
သူမဟာ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ အကြောင်းကြောင့်ကြောင့် ကလေးရဲ့ဖခင်နဲ့ ဝေးကွားနေခဲ့ပြီး သမီး ငယ်အား တစ်ယောက်တည်းမွေးဖွားခဲ့ရတာပါ ။

‘‘အစ်မကိုယ်တိုင်ကလည်း ကိုယ်ဝန်ခုနစ်လလောက်မှာ အမျိုးသားနဲ့ခွဲနေသလိုဖြစ်ခဲ့တယ်။ ကိုယ်ဝန်နေ့စေ့ လစေ့အချိန်မှာ ယောကျ်ားရဲ့အားပေးမှုက လိုအပ်တယ်။ ဒါပေမဲ့ ဒါတွေကို မရခဲ့ဘဲ ကိုယ့်တစ်ယောက်တည်း အားနဲ့ ကလေးမွေးခဲ့ရတဲ့အတွက် ကိုယ့်လိုအခက်အခဲဖြစ်နေတဲ့ မိန်းကလေးတွေကို ကိုယ်ချင်းစာလို့ ကိုယ့်ကို အမှုပတ်နိုင်တယ်လို့ သိပေမယ့် ကူညီပေးနေတာပါ’’ လို့ ဆိုပါတယ်။ ဒါကြောင့် သူမတည်ငြိမ်တဲ့အခြေအနေတစ်ခုရောက်တဲ့အချိန်မှာ ယခုလို အမျိုးသမီးတွေကို ကူညီဖို့ စဉ်းစား ဖြစ်ခဲ့တယ်လို့ ဒေါ်ငြိမ်းမဟော်က ပြောပါတယ် ။

မိမိရဲ့ ချစ်သူနဲ့ မတော်တဆမှားယွင်းမိခြင်းကြောင့် ကိုယ်ဝန်ရရှိလာပြီး ယင်းကိုယ်ဝန်အပေါ်တွင် တာဝန်ယူမှု မရှိခြင်းကြောင့် မိခင်တစ်ယောက်တည်းကလေးမွေးဖွားဖို့ ခက်ခဲနေခြင်းနဲ့ အကြောင်းကြောင်းကြောင့် ကလေး မွေးဖို့ခက်ခဲနေတဲ့ အမျိုးသမီးတွေကို ၂၀၁၅ ခုနှစ်၊ နှစ်ဆန်းပိုင်းကစပြီး စတင်ကူညီပေးခဲ့ပါတယ် ။

ထိုသို့ စတင်ကူညီသည့်အချိန်မှ လက်ရှိအချိန်ထိ အမျိုးသမီး (၇၀)ကျော်ကို ကလေးမွေးဖွားဖို့ ကူညီပြီး ဖြစ်ပါ တယ်။
‘‘မြန်မာ့လူအသိုင်းအဝိုင်းမှာ တာဝန်ယူမှုမရှိတဲ့ ကိုယ်ဝန်တွေကို မွေးဖွားဖို့ဆိုတာ အရမ်းကို ခက်ခဲကြပါတယ်။ ဒုက္ခတွေလည်း အရမ်းရောက်ကြတယ်။ ခိုကိုးရာမဲ့ကြတယ်။ အခက်အခဲကြားက ကလေးတွေရှင်သန်ခွင့်ရ အောင် ကူညီတာပါ ’ လို့ ဒေါ်ငြိမ်းမဟော်က ပြောပါတယ် ။

သူမရဲ့ သူငယ်ချင်းတစ်ယောက်က ချစ်သူနှင့် မတော်တဆမှားယွင်းကာ ရရှိလာတဲ့ ကိုယ်ဝန်အပေါ်တွင် တာဝန်ယူမှု မရှိခဲ့တာကို ကလေးမွေးဖွားနိုင်အောင် ကူညီပေးခဲ့ရာမှ အခုလို့ အချိန်ပြည့်ကူညီဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ယင်းသို့ ကလေးမွေးဖွားရန် အခက်အခဲဖြစ်နေတဲ့ အမျိုးသမီးတွေ အကူအညီတောင်းခံလာပါက တိတ်တဆိတ် မီးဖွားနိုင်ရေးအတွက် နေရာထိုင်ခင်းမှအစ မီးဖွားပြီးစီးတဲ့အချိန်အထိ ကူညီဆောင်ရွက်ပေးတယ်လို့ ဆိုပါ တယ်။ ကလေးမွေးဖွားဖို့ အကူအညီတောင်းခံတဲ့အမျိုးသမီးတွေက သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှန်မှန်ကန်ကန်ပြောပြဖို့ လိုအပ်သလို့ နိုင်ငံသားစိစစ်ရေးကတ်ပြားလည်း ပါရှိရန်လိုအပ်ပါတယ်။

ထိုသို့ ပြောဆိုထားတဲ့ ကိုယ်ရေးအချက်အလက်များကို အပြင်သို့ရောက်မသွားအောင် ထိန်းသိမ်းထားတယ်လို့ ဒေါ်ငြိမ်းမဟော်က ပြောပါတယ်။

လက်ရှိအချိန်အထိ အမျိုးသမီး (၇၀)ကျော်ကို ကလေးမွေးဖွားရန် ကူညီပြီးဖြစ်ကာ အဓိကအားဖြင့် မိမိရဲ့ ဝင်ငွေရဲ့ သုံးပုံတစ်ပုံကို အသုံးပြုပြီး အလှူရှင်တစ်ချို့ရဲ့ လှူဒါန်းမှုများကို ကလေးမွေးဖွားမည့် မိန်းကလေးထံ သို့တိုက်ရိုက်လှူဒါန်းပေးတယ်လို့ ဒေါ်ငြိမ်းမဟော်က ပြောပါတယ် ။ အစိုးရပိုင်ဆေးရုံများတွင် ကလေးမွေးဖွားပါက မွေးဖွားစရိတ် ပျမ်းမျှကျပ်နှစ်သိန်းခန့် ကုန်ကျပြီး မမွေးဖွားမီ ကာလနှင့် မွေးဖွားပြီးကာလ စုစုပေါင်းကြည့်ရှုစောင့်ရှောက်စရိတ်မှာ ပျမ်းမျှ ကျပ်ငါးသိန်းနီးပါး ကုန်ကျတယ်လို့ ဒေါ်ငြိမ်းမဟော်က ပြောပါတယ် ။

ယင်းသို့ ကလေးတိတ်တဆိတ်မွေးဖွားနိုင်ရန် အေးချမ်းသည့် တောင်ပေါ်မြို့လေးတစ်မြို့တွင် အိမ်တစ်လုံး ငှားရမ်းကာ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို စုပေါင်းနေထိုင်စေပြီး အဆိုပါမြို့၏ဆေးရုံတွင်ပင် ကလေး မွေးဖွားစေသကဲ့သို့ ရန်ကုန်တွင်မွေးဖွားလိုသည့် အမျိုးသမီးများအတွက်လည်း တိုက်ခန်းတစ်ခန်းဌားရမ်းပြီး ဆေးရုံကြီးတွင် မွေးဖွားနိုင်ရန် ကူညီပေးတယ်လို့ ဒေါ်ငြိမ်းမဟော်က ပြောပါတယ်။

“ဆေးရုံဆေးခန်းတွေက အစ်မကို သိသွားပြီဖြစ်တဲ့အတွက် ကလေးမွေးဖွားဖို့အတွက်အဆင်ပြေသွားပြီ။ အရင်ကဆိုရင်တော့ အခက်အခဲရှိတယ်” လို့ ဒေါ်ငြိမ်းမဟော်က ပြောသည်။

ထိုသို့ အကူအညီများပေးနေသော်လည်း အိမ်ထောင်ရှိသည့်အမျိုးသမီးများနှင့် မိသားစုမ ှထောက်ပံ့နိုင်သည့် အမျိုးသမီးများမှ လာရောက်အကူအညီတောင်းတာတွေကိုတော့ အကူအညီမပေးဘူးလို့ ဆိုပါတယ်။

ထိုသို့ တိတ်တဆိတ်ကလေး မွေးဖွားတဲ့ အမျိုးသမီးတွေက ကလေးတွေကို မွေးဖွားပြီး အပ်နှံထားခဲ့တာ များတယ်လို့ သိရပါတယ်။ အဆိုပါကလေးတွေကို စီးပွားရေးပြေလည်ပြီး ကလေးမွေးစားချင်သည့် မိသားစုများ လက်ထဲသို့ စာချုပ်စာတမ်းနှင့် မွေးစားရန်ထည့်ပေးတယ်လို့ ပြောပါတယ်။

“ကလေးတွေကို လက်မှတ်ထိုးပြီးယူထားတယ်။ မွေးစားမဲ့မိသားစုရှိရင်လည်းပေးတယ်။ တချို့ကလေးတွေကို ဘုန်းကြီးကျောင်းတွေမှာ အပ်တယ်”လို့ ဒေါ်ငြိမ်းမဟော်က ပြောပါတယ် ။

ကလေးမိခင်အများစုမှာ မိမိတို့ရဲ့ စားဝတ်နေရေးနှင့် ဘဝရှေ့ရေးအတွက် ကလေးငယ်များကို မွေးဖွားပြီး ထားရစ်ခဲ့သူ ပိုများတယ်လို့ ဆိုပါတယ် ။
ကလေးအသုံးအဆောင်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးသုံးပစ္စည်းများ လာရောက်လှူဒါန်းမှုများကို လက်ခံ ပေးနေပြီး ငွေကြေးလှူဒါန်းလိုသည့်အလှူရှင်များအနေဖြင့်လည်း လှူဒါန်းနိုင်တယ်လို့ ပြောပါတယ် ။

“အရင်ကတော့ ငွေကြေးလှူဒါန်းတာကို လက်မခံဘူး။ အခုတော့ မွေးဖွားဖို့အကူအညီတောင်းတဲ့သူတွေ များလာတဲ့အတွက် ငွေကြေးလှူဒါန်းတာကိုလည်း လက်ခံနေပါပြီ ” လို့ ဒေါ်ငြိမ်းမဟော်က ပြောပါတယ် ။

ယင်းသို့ အကူအညီများလက်ခံခြင်းအပြင် သန်လျင်သဘာဝတရားရိပ်သာမှ ကျောင်းထိုင်ဆရာတော်မှလည်း လစဉ်ထောက်ပံ့ကြေးပေးသွားမယ်လို့ ဆိုပါတယ်။

ကလေးမွေးဖွားဖို့အကူအညီလိုအပ်တဲ့ အမျိုးသမီးများအနေဖြင့် For Mommy (ကလေးများအတွက် အစားအ သောက်ချက်ပြုတ်နည်း) လူမှုကွန်ရက်စာမျက်နှာနှင့် ဖုန်းနံပါတ် ၀၉-၇၇၇၄၃၈၁၆၁ သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့ ပြောပါတယ် ။ အဆိုပါ လူမူကွန်ရက်စာမျက်နှာတွင် မွေးကင်းစကလေးငယ်တွေရဲ့ ဓါတ်ပုံတွေနဲ့ အလှူရှင်တွေ လှူဒါန်းထား တာတွေကို မှတ်တမ်းတင်ထားပါတယ် ။

Related Articles